← Chapters

ရန်သူအသစ်လား

Vol. 12 Ch. 159

ရန်သူအသစ်လား

Vol. 12 Ch. 159

ချွေးအေးများစီးကျနေသော ထျန်းလုံချီသည် မုန်တိုင်းဝိဉာဥ်နန်းတော်အကြီးအကဲနှစ်ဦး၏ ရုပ်အလောင်းကို တဆတ်ဆတ်တုန်ယင်လျက် ငေးကြည့်နေမိသည်။ ထိုသူများသည် ဖြိုလှဲလို့မရနိုင်သော သူ၏နောက်ဆုံးဝှက်ဖဲ နောက်ဆုံးတပ်ကူဖြစ်၏။ အခုတော့ ဖုန့်ချန်းလက်ထဲတွင် ဤမျှလွယ်လွယ်လေးအဆုံးသတ်သွားရသည်တဲ့လား?

(ငါအိပ်မက်မက်နေတာများလား)

"မ..မဟုတ်တာ ဒီ...ဒီလိုမဖြစ်နိုင်ပါဘူး" ထျန်းလုံချီက အသံတုန်တုန်ဖြင့်‌ပြောမိပြောရာပြောရင်း လဲကျနေရာမှ တွားသွား၍ထွက်ပြေးဖို့လုပ်သည်။ ဖုန့်ချန်းလည်း ထျန်းလုံချီဘက်သို့တစ်ဖန်လှည့်လာပြီး အထင်အမြင်သေးစွာစိုက်ကြည့်လိုက်သည်။

"ကျေး-ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

ထျန်းလုံချီက မျက်ရည်လည်ရွှဲဖြင့် သူ့အားထိုင်ရှိခိုးမတတ်တောင်းပန်လာသည်။ ဖုန့်ချန်းသည် ရန်သူ့သွေးများတစ်စက်စက်စီးကျနေဆဲဖြစ်သောဓားကို ကိုင်စွဲရင်း ထျန်းလုံချီအနားသို့တိုးကပ်သွားလိုက်သည်။

"မင်းကို အသက်ချမ်းသာပေးရမယ်တဲ့လား မင်းငါ့ကိုဒုက္ခပေးခဲ့တာ ဘယ်နှစ်ခေါက်ရှိနေပြီလဲ အသက်ချမ်းသာပေးဖို့ အကြောင်းပြချက်ကောင်းကောင်းလေးတစ်ခုပြောကြည့်လေ"

ထျန်းလုံချီသည် ဖုန့်ချန်းအားအကြောင်းပြချက်ပေးဖို့ စကားလုံးများကိုအရူးအမူးစဥ်းစားရတော့သည်။ "ငါမင်းကို မုန်တိုင်းဝိဉာဥ်နန်းတော်အကြောင်း သတင်းပေးနိုင်တယ် သူတို့အစီအစဥ်တွေကိုငါသိတယ် မင်းမသိသေးတဲ့ဟာတွေ"

ဖုန့်ချန်းခဏရပ်သွားပြီး ကမ်းလမ်းချက်ကိုစိတ်ဝင်စားသည့်အလား ခေါင်းကိုအသာစောင်းငဲ့လာသည်။ "သတင်းပေးနိုင်တယ်တဲ့လား"

"ဟုတ်တယ် ပေးနိုင်တယ်" ထျန်းလုံချီမှာလည်း မျှော်လင့်ချက်အမျှင်တန်းလေးတစ်ခုရလာသဖြင့် ဝမ်းသာအားရခေါင်းညိတ်ပြလာသည်။ "မုန်တိုင်းဝိဉာဥ်နန်းတော်က မင်းကိုထိုးချဖို့စီစဥ်နေတာ အဲ့ဒီထဲငါမပါဘူး သူတို့က မင်းနဲ့မင်းမိသားစုကိုပစ်မှတ်ထားပြီး နောက်ကွယ်ကနေကြံစည်နေကြတာ"

ဖုန့်ချန်း၏မျက်လုံးများကျဥ်းမြောင်းသွားကြသည်။ "ဒီအချိန်မှဒါတွေလာပြောနေလို့ဘာထူးမှာလဲ ပြီးတော့ငါကဘာလို့မင်းစကားကိုယုံရမှာလဲ"

"ငါကျိန်ပါတယ်ကွာ" ထျန်းလုံချီက မျက်ရည်အပြည့်ဖြင့် တောင်းတောင်းပန်ပန်ဆိုလာသည်။ "သူတို့ကမင်းကိုမရရအောင်ဖျက်ဆီးပစ်ကြမှာ သူတို့ရဲ့အကောင်းဆုံးလုပ်ကြံရေးသမားတွေကိုတောင် စေလွှတ်လိုက်ပြီးပြီ ဒီနှစ်ယောက်ကအစပဲရှိသေးတယ်" ထျန်းလုံချီက စိတ်အားထက်သန်စွာပြောလာသည်။ "ငါမင်းကိုအကုန်ပြောပြနိုင်-"

သူ့စကားအဆုံးမသတ်သေးခင်မှာပင် ဖုန့်ချန်း၏အုပ်မိုးထားသောဓားသွားက ထျန်းလုံချီ၏ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းကျရောက်သွားတော့၏။ "ဒီလောက်ဆိုတော်ရောပေါ့ အဲ့အမှိုက်တွေအကြောင်းနားထောင်ဖို့ ငါ့မှာအချိန်မရှိဘူး"

အမှန်ပင် ထျန်းလုံချီပေးမည့်သတင်းများကို သူစိတ်ဝင်စားစရာမရှိတော့ပါ။

ထိုသူပြောသွားသည့်စကားများမှာ အမှန်ဖြစ်စေ သူတစ်ပါးကိုအပြစ်ပုံချဖို့လုပ်ကြံပြောသည်ဖြစ်စေ သူ့အတွက်အရေးမကြီးပါ။

မည်သို့ပင်ဖြစ်စေ ထျန်းလုံချီကိုအသက်ချမ်းသာ‌ပေးစရာအကြောင်းမရှိပေ။ မုန်တိုင်းဝိဉာဥ်နန်းတော်ကိုကား အကြီးအကဲကျိုးထျန်းဟွာကိစ္စနှင့်ဖြစ်စေ ဒီတစ်ခေါက်ကိစ္စနှင့်ဖြစ်စေ လွှတ်ပေးစရာအကြောင်းကိုမရှိတော့။

သူတို့ဘက်ကအရင်စပြီး ချဥ်းကပ်လာမယ်ဆိုလျှင် ဖုန့်ချန်းအတွက်ပိုတောင်လွယ်ကူသေး၏။

ထိုအချိန်တွင် ဖုန့်ချန်းကိုယ်ခွဲများနှင့်တိုက်ခိုက်နေသူတို့မှာလည်း တစ်ယောက်ပြီးတစ်ယောက်‌ သေကျေကုန်ကြလေပြီ။

သူတို့အားလုံး၏ တစ်ခုတည်းသောမျှော်လင့်ချက်မှာလည်း ကျဆုံးသွားပြီဖြစ်ပြီး မိသားစုခေါင်းဆောင်မှာလည်း ဖုန့်ချန်းထံမှ အသတ်ခံလိုက်ရလေပြီ။ သူတို့မှာ တောင့်ခံနိုင်စွမ်းထပ်မရှိတော့ဘဲ တစ်ယောက်ပြီးတစ်‌ယောက်သာ ကျဆုံးကုန်ကျတော့လေ၏။

အချို့ကတော့ သူတို့အပေါင်းအပါများတိုက်ခိုက်နေစဥ် အလွတ်ပြေးရန်ကြံသော်လည်း ဖုန့်ချန်း၏လက်မှမလွတ်နိုင်ပေ။ ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူများအဖို့ ဖုန့်ချန်း၏ပါးနပ်လျှင်မြန်မှုမှ လွတ်အောင်ပြေးနိုင်စရာလမ်းမရှိပါချေ။

"ဟင်းဟင်း မင်းကိုလည်းအလွတ်ပေးလိမ့်မယ်ထင်နေလား"

ဖုန့်ချန်းပြောပြောဆိုဆိုဖြင့် အသာလေးထွက်ပြေးရန်ကြံရွယ်နေသည့် ပိုင်ကျန်းထံသို့ ဦးတည်လိုက်တော့သည်။

သူမှလွဲ၍ ဤနေရာတွင် အသက်ရှိသူမကျန်တော့ချေ။

"မင်းဒီ့ထက်ကြာကြာလေး သေချင်ယောင်ဆောင်လိုက်သင့်တာ" ဖုန့်ချန်းပြောရင်း ပိုင်ကျန်းထံသို့ ဖြည်းဖြည်းချင်းချဥ်းကပ်သွားလိုက်သည်။

"မ-မလုပ်ပါနဲ့ အသက်ချမ်းသာပေးပါ" ပိုင်ကျန်းမှာ ဖုန့်ချန်းရှေ့တွင်ဝပ်တွားနေရင်း အက်ကွဲနေသောအသံဖြင့် တောင်းပန်လျက်ရှိသည်။ တစ်ချိန်က မောက်မာဝင့်ကြွားခဲ့သော ပိုင်မိသားစုခေါင်းဆောင်မှာ အခုတော့ အသက်ချမ်းသာပေးရန်ဒူးထောက်တောင်းပန်နေရလေပြီ။ "ငါဖိအားပေးခံရလို့ပါခဲ့တာပါ ‌နောက်ကိုလုံးဝမဆန့်ကျင်ရဲတော့ပါဘူး" သူကတုန်တုန်ယင်ယင်ဖြင့် အသနားခံလို့နေသည်။

ဖုန့်ချန်း၏မျက်လုံးများကျဥ်းမြောင်းသွားပြီး အေးစက်ပြတ်သားစွာဆိုလာသည်။ "မင်းကိုချမ်းသာပေးရမယ်ပေါ့ ငါ့ကိုဒီလောက်အကြိမ်ကြိမ်နှောင့်ယှက်နေတာကို ခွင့်လွှတ်‌ပေးလိမ့်မယ်ထင်လား" ထို့နောက် တစ်ဖက်လူ၏အဖြေကိုမစောင့်တော့ဘဲ သူ့ဓားကိုဝင့်လိုက်သည်။

ရွှမ်း

ပိုင်ကျန်းမှာ မြေပြင်ထက်သို့ အသက်မဲ့လျက်လဲကျသွားတော့၏။ ဖုန့်ချန်းလည်း အကုန်ရှင်းလင်းပြီးသည်နှင့် ဓားကိုဓားအိမ်တွင်းသို့ပြန်သိမ်းလျက် လှည့်ထွက်လာတော့သည်။ တစ်ဖက်မှ ဖုန့်ကျန်းရှန်နှင့်ဖုန့်မိသားစုဝင်များမှာလည်း နောက်ဆုံးရန်သူအသက်မဲ့သွားကာမှ သက်မ,ချနိုင်ကြတော့လေသည်။

"မိသားစုခေါင်းဆောင်က အရမ်းစွမ်းအားကြီးတာပဲ"

"ငါတို့မိသားစုခေါင်း‌ဆောင်က အင်အားအကြီးဆုံးပဲကွ"

ဖုန့်ကျန်းဟောင်နှင့်ဖုန့်လျန်းတို့သည်လည်း မနေနိုင်တော့ပဲ ဖုန့်ချန်းကိုဝိုင်းဝန်းချီးမွမ်းမြှောက်ပင့်ကြတော့သည်။ သူတို့မိသားစုခေါင်းဆောင်ကို မီနိုင်မည့်သူမရှိဟုပင် ထင်မိကြတော့၏။

ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူ ဆယ်ဦးနီးပါးရှိပြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူငါးဦးပါဝင်သောအဖွဲ့သည်ပင် သူတို့ခေါင်းဆောင်ရှေ့တွင် ဒူးထောက်ကျရှုံးကြရလေပြီ။

ထို့ကြောင့် သူတို့တို့အမြင်တွင် ဖုန့်ချန်းသာအင်အားအကြီးဆုံးဟု သတ်မှတ်မိကြတော့သည်။

ကျန်သူများလည်း သူ့တိုချီးမွမ်းစကားကို တက်ညီလက်ညီသဘောတူကြလေသည်။ ဖုန့်ချန်းကတော့ အလောင်းများကိုကြည့်ရှင်းကာ ထိုသူတို့၏သိုလှောင်လက်စွပ်များကိုပါ ဖြုတ်ယူပြီးမှ ရထားလုံးဆီသို့ပြန်လျှောက်လာတော့၏။

"အားလုံးအဆင်ပြေရဲ့လား" ဖုန့်ချန်းမေးလိုက်သည်။

"ဘာပြဿနာမှမရှိပါဘူး ချန်းအာ" ဖုန့်ကျန်းရှန်ကပြန်ဖြေလိုက်သည်။

အရာအားလုံးအဆင်ပြေနေပြီဟု ဖုန့်ချန်းထင်နေသခိုက်တွင် စွမ်းအားကြီးတည်ရှိမှုတစ်ခုကို ဖုန့်ချန်းသတိပြုလိုက်မိတော့သည်။ မုန်တိုင်းဝိဉာဥ်မှအကြီးအကဲနှစ်ဦးပင် ယခုစွမ်းအားနှင့်ယှဥ်ရင် တက်သစ်စဟုပြောရမည့်အခြေအနေပင်။

အဝေးတစ်နေရာမှ လူပုံသဏ္ဍာန်တည်ရှိမှုတစ်ခုကို သူလှမ်းတွေ့လိုက်မိလိုက်သော် အံ့သြတကြီးဖြင့် မျက်လုံးပင်ပြူးသွားရတော့သည်။ ထိုသူမှာ ထိုနေရာတွင်အချိန်တော်တော်ကြာရှိနေခဲ့ဟန်ပေါ်ပြီး သူကတော့ တစ်ချက်လေးမှပင်သတိမထားမိခဲ့ပါပေ။

စွမ်းအားကြီးမှော်ရတနာတစ်ခုခုကိုသုံးပြီးများ တည်ရှိမှုကိုဖုံးကွယ်ထားလေသလား? ဒါမှမဟုတ် ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးကိုယ်တိုင်ပါ သတိမထားမိလောက်အောင် စွမ်းအားကြီးနေသလား သူလည်းမစဥ်းစားတတ်တော့ပါ။

မည်သို့ပင်ဖြစ်စေ သေချာပေါက် ယှဥ်ရလွယ်မည့်ပြိုင်ဘက်မျိုးတော့ဟုတ်မနေ။

"ချန်းအာ ဘာဖြစ်လို့လဲ" ဖုန့်ချန်း၏အမူအရာပြောင်းသွားသည်ကို သတိထားမိသဖြင့် ဖုန့်ကျန်းရှန်မေးလိုက်သည်။

"တစ်‌ယောက်ယောက်ရှိနေတယ်" ဖုန့်ချန်းတိုတိုတုတ်တုတ်သာဖြေလိုက်သည်။ မျက်လုံးများမှာကျဥ်းမြောင်းလျက်။ "ကျွန်တော်အခုရှင်းခဲ့တဲ့ဟာတွေထက် အတော်လေးအင်အားကြီးတယ်"

ဖုန့်ချန်း၏စကားလုံးများကြောင့် ဖုန့်မိသားစုဝင်များမှာ ကြက်သီးဖြန်းခနဲထသွားရသည်။ တစ်ဖက်ရန်သူကို ဖုန့်ချန်းကိုယ်တိုင်ပင် စွမ်းအားကြီးလှသည်ဟုမှတ်ချက်ချလိုက်ခြင်းဖြင့် ထိုသူမှာ အတော်ပင်ကြောက်စရာကောင်းလှသည်မှန်း သိနိုင်ပေသည်။

ဖုန့်ကျန်းရှန်ဘက်သို့လှည့်ပြီး ဖုန့်ချန်းသေချာမှာကြားလိုက်သည်။ "ရထားလုံးကို သေချာကာကွယ်ထားပါ ဘယ်အခြေအနေပဲရောက်ရောက် ဒီနေရာကနေထွက်မသွားလိုက်နဲ့ အဲ့လူကိုကျွန်တော်ကြည့်ရှင်းလိုက်မယ်"

"ချန်းအာ ဂရုစိုက်နော်" ဖုန့်ကျန်းရှန်သတိပေးလိုက်သည်။ သူ့အသံတွင် စိုးရိမ်မှုများအထင်းသားပါဝင်လျက်။ သို့သော် ဖုန့်ချန်း၏စီစဥ်မှုကို သူမေးခွန်းမထုတ်ရဲပါပေ။

တစ်စက္ကန့်မျှပင်တုံ့ဆိုင်းမနေတော့ဘဲ ဖုန့်ချန်းထိုလူနောက်သို့ အပြေးလိုက်သွားတော့သည်။ သူထွက်သွားသည့်နေရာတွင် လေပြင်းတစ်သုတ်ဝေ့ခနဲကျန်ရစ်ခဲ့သည်။ အဝေးတစ်နေရာမှ ထိုလူမှာ တစ်ကိုယ်လုံးကိုထုပ်ပိုးဖုံးအုပ်ထားပြီး သူ့ကိုတစ်ဖက်လူမှခြေရာခံမိသွားတာကို သတိထားမိဟန်ဖြင့် ခေါင်းကိုအသာစောင်းငဲ့လာသည်။ ထို့နောက် တစ်ချက်လေးပင်မတုံ့ဆိုင်းဘဲ ဖုန့်ချန်းနှင့်ယှဥ်နိုင်လောက်သောအမြန်နှုန်းဖြင့် ပြေးထွက်သွားလေတော့၏။

"အိုး ထွက်ပြေးသွားပြီပေါ့" ဖုန့်ချန်းတစ်ချက်ပြုံးလိုက်ပြီး သူ့မျက်လုံးများမှာ တိုက်ချင်ခိုက်ချင်စိတ်ဖြင့် တောက်ပလာ‌တော့သည်။ "ဘယ်လောက်ဝေးဝေးသွားနိုင်မလဲ ကြည့်ကြတာပေါ့" သူအရှိန်ကိုထပ်မြှင့်လိုက်ပြီး နှစ်ဦးသားကြားကအကွာအဝေးကို တဟုန်ထိုးဆွဲချုံ့ပစ်တော့သည်။

ထိုသူကလည်း အနောက်သို့တစ်ချက်လှမ်းအကဲခတ်ပြီး ဖုန့်ချန်းဘက်ကပိုနီးကပ်လာတာကို အာရုံခံမိသည့်အလား အရှိန်ပိုမြန်လာသည်။ ပြေးရင်းလိုက်ရင်း တောနက်တစ်ခုထဲသို့ပင်ရောက်ရှိသွားပြီး ထိုသူက ဖုန့်ချန်းဆက်မလိုက်နိုင်စေရန် ပိန်းပိတ်အောင်ထူထပ်သောသစ်ပင်များကြားပတ်ပြေးတာမျိုး၊ မညီမညာကြမ်းတမ်းသောမြေပြင်ပေါ်မှဖြတ်ပြေးတာမျိုး၊ စသည်ဖြင့် မျိုးစုံလှည့်စားကာ လွတ်ထွက်နိုင်အောင်ကြိုးစားသည်။ သို့သော် ဖုန့်ချန်းမှာ ထိုသူ၏တည်ရှိမှုကို တစိုက်မတ်မတ်အာရုံခံထားပြီး သူ့လှုပ်ရှားမှုများမှာလည်း အရာဝတ္ထုတို့ဖြင့် ပိတ်ပင်တားဆီးလို့မရလောက်အောင်ပေ။

"မင်းကိုယ်မင်း ငါ့ဆီကနေပုန်းနိုင်လိမ့်မယ်လို့ ထင်နေတယ်ပေါ့" ဖုန့်ချန်း၏စူးရှသောလှောင်ပြောင်သံက ဟိန်းထွက်လာသည်။

နောက်ဆုံးတော့ ထိုသူမှာ လွတ်မြောက်နိုင်စွမ်းမရှိတော့တာကို လက်ခံလိုက်ရဟန်ဖြင့် နေရာလွတ်တစ်နေရာတွင် ရပ်လိုက်ရတော့၏။ ထိုသူက ဖုန့်ချန်းဘက်သို့ ဖြည်းဖြည်းချင်းမျက်နှာချင်းဆိုင်လာသည်။ မျက်နှာကိုတော့ ပဝါစတစ်စဖြင့် အုပ်ကာထားလျက်။

"ရှင်က ထင်တာထက်ပိုမြန်တာပဲ" သာယာငြိမ့်ညောင်းသော အသံလေးတစ်သံက လေပြည်ညင်းလေးဖြတ်တိုက်သွားသကဲ့သို့ ထွက်ပေါ်လာသည်။ သို့သော် ထိုအသံနုနုလေးမှာ တင်းမာမှုတစ်စုံတစ်ရာခိုအောင်းနေသကဲ့သို့ပင်။

ဖုန့်ချန်းတုံ့ဆိုင်းသွားသည်။ ထိုအသံမှာ တစ်ဖက်လူကိုအိပ်မွေ့ချလို့ပင်ရနိုင်သည်အထိ သိမ်မွေ့လှပြီး တည်ငြိမ်အေးချမ်းမှုလည်းပါရှိ၏။ သို့သော် အသံလောက်ဖြင့် သူအရူးလုပ်မခံပါ။ သူ ဒါမှမဟုတ် သူ့မိသားစုကို ထောက်လှမ်းဖို့အတွက် ရန်သူလွှတ်လိုက်သောအထောက်တော်တစ်ဦး ဖြစ်နေနိုင်သည်ပင်။

"မင်းကဘယ်သူလဲ ဘာကြောင့် ငါ့ကိုနောက်ယောင်ခံလိုက်နေတာလဲ"

တစ်ဖက်လူကို ဓားသွားဖြင့်ချိန်ရင်း ဖုန့်ချန်းမေးလိုက်သည်။

"အစွမ်းရှိရင် ရှင့်ဘာသာ သိအောင်လုပ်ကြည့်ပါလား"

All Chapters