← Chapters

ဖုန့်ကိုကို အနိုင်ကျင့်ခံရခြင်း

Vol. 12 Ch. 160

ဖုန့်ကိုကို အနိုင်ကျင့်ခံရခြင်း

Vol. 12 Ch. 160

ထိုသူမှာ ဖုန့်ချန်းထံမှရန်စခံလိုက်ရသော်လည်း ရှူးရှူးရှားရှားတုံ့ပြန်ခြင်းမရှိ။

သို့ပေမယ့် တစ်ဖက်လူ၏သရုပ်မှန်ကိုသိချင်လျှင် သူ့ဘက်ကလက်ဦးအောင်လှုပ်ရှားရမည်ပင်။

ဝှစ်

သာမန်မျက်စိဖြင့်မမြင်နိုင်လောက်သော အမြန်နှုန်းကိုအသုံးပြုပြီး ဖုန့်ချန်းနေရာမှပျောက်ကွယ်သွားလိုက်ကာ ထိုသူ၏အရှေ့လက်တစ်ကမ်းစာတွင်ပြန်ပေါ်လာပြီး သူမ၏မျက်နှာဖုံးပဝါစကို ဆွဲချွတ်ရန်ကြိုးစားသည်။

သို့သော် သူ့လက်များမှာ ပဝါစဆီသို့မရောက်မီ ထိုမိန်းကလေးထံမှဖမ်းချုပ်ခြင်းခံလိုက်ရလေသည်။ သူမလက်ကို သူခါချရန်ကြိုးစားသော်လည်း တစ်ဖက်လူမှာ သူထင်ထားသည်ထက် ပိုလို့သန်မာနေ၏။ သူအားသုံးပြီးရုန်းကန်ကြည့်သော်ငြား အချည်းနှီးသာပင်။

အလယ်အလတ်ဆင့် သူတော်စင်ခန္ဓာသန့်စင်ကျမ်းကို တတ်ကျွမ်းထားပြီး သူတော်စင်မိုးကြိုးခန္ဓာပိုင်ဆိုင်ထားသော ဖုန့်ချန်းသည် အဆင့်တူကျင့်ကြံသူများထက်ပင် များစွာပိုသာလွန်ပေသည်။

သူ့ဘက်က ကျင့်ကြံဆင့်ကိုထိန်းချုပ်ပြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုအသုံးပြုလျှင်တောင်မှ ဝိဉာဥ်သန္ဓေကျင့်ကြံသူများပင် သူ့ကိုရင်ဆိုင်ဖို့အခက်တွေ့ရပေဦးမည်။

သို့သော် ယခုတော့ သူ့ဘက်ကအားဘယ်လောက်ပဲထုတ်ထုတ် ချုပ်ကိုင်ထားသောတစ်ဖက်လူ၏လက်က တုတ်တုတ်မျှမလှုပ်ပေ။

(ကြည့်ရတာ ရွေးချယ်စရာမရှိတော့ဘူးပဲ။ ကောင်မလေး ဆောရီးပဲ၊ ငါအတည်ရိုက်ပြီ)

ဝုန်းးးးးးးးး

ဖုန့်ချန်းမှာ သူ၏ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို မိုင်ကုန်လွှင့်ထုတ်လိုက်ပြီး သူမ၏ ချုပ်နှောင်မှုမှ လက်ကိုရုန်းထွက်လိုက်ရတော့၏။

သူ့ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်လှသည့်ဖိအားကြောင့် သစ်တောတခုလုံးမှာ မြေပြင်ကို ပြားပြားဝပ်မတတ်ပင်ဖြစ်နေခဲ့၏။

"မထူးဆန်းတော့ပါဘူး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ယောက်က တစ်ခြားအဆင့်တူကျင့်ကြံသူအများကြီးကို ဘယ်လိုလုပ်ကိုင်တွယ်နိုင်မှာတဲ့လဲ ရှင်ကဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူပဲ"

မိန်းကလေးက တအံ့တသြမှတ်ချက်ပြုလာသည်။

တစ်ဖက်ပြိုင်ဘက်မှာ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသဖြင့် အမူအရာကသာ တအံ့တသြဖြစ်သွားသော်ငြား မျက်လုံးထဲတွင်တော့ ကြောက်စိတ်တစ်မှုန်မျှထင်ဟပ်မလာပေ။

"ဒါပေမယ့် ကျွန်မလိုမျိုး လူအရှေ့မှာ ကျင့်ကြံဆင့်ကိုဘယ်လိုလုပ်ဖုံးကွယ်နိုင်တာလဲ မဖြစ်နိုင်တာ"

မိန်းကလေးက စိတ်ရှုပ်ထွေးစွာဖြင့် ‌ရေရွတ်နေသည်။ သူ့ရှေ့က ကျင့်ကြံဆင့်အဖော်ခံလိုက်ရသည့် ဖုန့်ချန်းကိုတော့ သူမက ရှိတယ်လို့ပင် ထင်နေပုံမရသည့်အလား နည်းနည်းမှအရေးလုပ်ပုံမရ။

ဖုန့်ချန်းကတော့ ထိုမိန်းကလေးအာရုံပြောင်းသွားသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး အရှိန်အမြင့်ဆုံးသုံးကာ သူမအနားသို့ကပ်ရန်ကြိုးစားလိုက်သည်။

"မိပြီ.. မင်း ဘာတတ်နိုင်သေးလဲ မိန်းကလေး" ဖုန့်ချန်းစိတ်လှုပ်ရှားစွာ‌ အော်လိုက်မိသည်။

သို့သော် သူ့လက်က ဗလာလေထုကိုသာ ဖမ်းဆုပ်မိလေသည်။ သူ့အရှေ့ကမိန်းကလေးမှာတော့ အစအနပင်မကျန်ဘဲ ဟုတ်ခနဲပျောက်ကွယ်သွားလေပြီ။

"ဖုန့်ကိုကိုရှင့်.. ရှင်ကျွန်မကိုဖမ်းချင်ရင် ဒီ့ထက်ပိုကြိုးစားသင့်တာပေါ့"

စနောက်လိုသည့်အသံတစ်သံက သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။

(ဘယ်လိုပျောက်သွားတာလဲ)

ဖုန့်ချန်းမှာ သူ့မျက်လုံးသူပင်မယုံနိုင်ချေ။ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ရဲ့ အမြန်နှုန်းကို မိုင်ကုန်အသုံးပြုထားတာကြောင့် တစ်ယောက်ယောက်က သူ့လက်မှလွတ်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

သို့ပေမယ့် ထိုမိန်းကလေးကလွတ်အောင်ပြေးသွားခဲ့သည်။

ကြည့်ရတာတော့ တစ်ဖက်လူကို သူအကြီးအကျယ်လျှော့တွက်မိလေပြီ။

"တစ္ဆေအရိပ်လှည့်စားခြင်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန့်ချန်းကိုယ်ခွဲများစွာဖြစ်တည်လာပြီး မိန်းကလေးကိုပတ်လည်ဝိုင်းကာ ထွက်ပြေးလို့ရနိုင်မည့်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတော့၏။ ကိုယ်ခွဲများစတင်လှုပ်ရှားသည်နှင့် တောအုပ်တစ်ခုလုံးမှာ သိမ်မွေ့ဖျော့တော့သောအလင်းရောင်ဖြင့် တောက်ပစွာလွှမ်းခြုံသွားတော့သည်။ ကိုယ်ခွဲများ၏ လှုပ်ရှားမှုတိုင်းမှာ ညီညာသပ်ရပ်ကာ တိကျလှ၏။

မိန်းကလေးက သူ့ကိုပတ်လည်ဝိုင်းထားသောကိုယ်ခွဲများကို တစ်ပတ်ပတ်ကြည့်ပြီး အထင်ကြီးသွားဟန်ရှိသည်။

"ကျင့်စဥ်ကသိပ်မဆိုးဘူးပဲ" သူမက မျက်နှာဖုံးအောက်တွင် အနည်းငယ်ကောက်ကျစ်ဟန်လေးဖြင့်ပြုံးရင်းပြောလိုက်သည်။

"ဆိုတော့ ရှင့်ကိုယ်ခွဲတွေကျွန်မကိုအမိဖမ်းနိုင်မလား ကြည့်ကြသေးတာပေါ့"

ဖုန့်ချန်း၏ကိုယ်ခွဲတစ်ခုက သူမထံဦးတည်လျှောက်လာပြီး ဓားကိုဝှေ့ယမ်းလိုက်သော် မိန်းက‌လေးကကျော့ရှင်းစွာဖြင့်သာ ‌ဘေးသို့အသာရှောင်လိုက်သည်။ လှုပ်ရှားမှုများမှာသွက်လက်ပြီး ပေါ့ပါးလှလေသည်။

အခြားကိုယ်ခွဲတစ်ခုကလည် သူမကိုအမိဖမ်းဖို့ကြိုးစားပေမယ့် သူမက နေရာမှချက်ချင်းပျောက်ကွယ်သွားပြီး အခြားနေရာတွင်ပြန်ပေါ်လာပြန်သည်။ မှုန်မှိုင်းရီဝေနေသောတောနက်ထဲဝယ် ထိုမိန်းကလေးမှာ တစ္ဆေတစ်ကောင်အလား။

ဖုန့်ချန်းနှင့်သူ့ကိုယ်ခွဲများ မရပ်မနားကြိုးစားလိုက်ဖမ်းကြသော်ငြား မိန်းကလေးကတော့ ဆံခြည်တစ်မျှင်စာမျှ သီသီလေးဖြင့် လွတ်မြောက်သွားသည်ချည်းသာ။

သူမ၏လှုပ်ရှားမှုများမှာ ခန့်မှန်းရခက်ခဲပြီး ကြာတော့ သူ့ကိုသက်သက်ကစားနေသည်နှင့်ပင်တူလာတော့၏။

"ဝိုး ရှင်ကျွန်မကိုမိတော့မလို့နော်"

“အမလေး ရင်တွေတုန်လိုက်တာရှင်”

သူမကိုဖမ်းမိရန် လက်မအနည်းငယ်သာလိုလိုက်သော ဖုန့်ချန်း၏ကိုယ်ခွဲတစ်ခုကို သူမနောက်ပြောင်လိုက်သည်။

ဖုန့်ချန်းမျက်မှောင်ကြုတ်ကာ ဒေါသထွက်လာတော့၏။ သူနှင့်သူ့ကိုယ်ခွဲများ မည်မျှထိအမြန်နှုန်းမြှင့်ပြီး လမ်းတိုင်းကိုဘယ်လိုပိတ်ဖမ်းပါစေ သူမကကပ်သီးလေးလွတ်မြောက်သွားသည်ချည်းသာ။ တစ္တေတစ်ကောင်လိုပင် ဒီနားမှာပျောက်သွားလိုက် ဟိုနားမှာပြန်ပေါ်လာလိုက်နှင့် တတ်လည်းတတ်နိုင်ပါပေသည်။

တစ်ချက်တွင် ဖုန့်ချန်း၏ကိုယ်ခွဲတစ်ခုမှာ မိန်းကလေးထံခုန်ဝင်သွားပြီး အမိဖမ်းနိုင်ဖို့ သေချာသလောက်ဖြစ်သွားသည်။ ဖုန့်ချန်းက နောက်ဆုံးတော့မိပြီအထင်နှင့် တစ်ချက်ပြုံးလိုက်၏။ သို့သော် တကယ်တမ်းဖမ်းဆုပ်လိုက်သောအခါ ဗလာလေထုသက်သက်သာဖြစ်နေပြန်သည်။

မိန်းကလေး၏ရယ်သံမှာရှင်းလင်းစွာထွက်ပေါ်လာသည်။ "မိတော့မလို့ပဲ ဒါပေမယ့်မမိလိုက်ဘူး" သူမက ခပ်မြူးမြူးလေသံလေးဖြင့်ပြောလာ၏။

ဖုန့်ချန်းအံကိုကြိတ်ပြီး ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်၏ အားအင်ကုန်ကိုထုတ်သုံးတော့သည်။ ကိုယ်ခွဲများမှာလည်း ပိုလို့မြန်ကာ ဒေါသတကြီးလည်းဖြစ်လာကြသည်အထိ။

ပထမဦးဆုံးအကြိမ်အဖြစ် သူ၏ တည်ငြိမ်မှုပျောက်ဆုံးသွားပြီး စိတ်လှုပ်ရှားကာ ခံစားချက်ပြင်းထန်လာခဲ့ခြင်းပင်ဖြစ်၏။

သူ့အရှိန်အဝါကြောင့် တောအုပ်ကြီးတစ်ခုလုံး လှုပ်ခါလို့နေပြီး အရပ်ရှစ်မျက်နှာမှ သစ်ပင်များလည်းကွဲအက်ကာ သစ်ရွက်များတဖွဲဖွဲကြွေကျလျက်ရှိတော့၏။

ထိုမိန်းကလေးကတော့ တုန်လှုပ်ဟန်မရှိဘဲ ဗရုတ်သုတ်ခနိုင်လှသောပတ်ဝန်းကျင်အလယ်တွင် ခုန်ပျံကျော်လွှားလျက် ရှောင်တိမ်းနေဆဲရှိသည်။ သူမ၏သဏ္ဍာန်မှာလည်း ဝိုးတဝါးပင်။

ဖုန့်ချန်း၏ကိုယ်ခွဲများသည် တဖြည်းဖြည်းနီးကပ်လာကြပြီး စက်ဝိုင်းတစ်ခုကဲ့သို့ သူမကိုပိတ်ပင်ထားလိုက်ကြသည်။ သူမဖို့ပြေးစရာလမ်းမရှိတော့တာ သေချာလေပြီ။ "မင်း သုံးစရာလှည့်ကွက်မရှိတော့ပါဘူး" ဖုန့်ချန်းစိတ်လှုပ်ရှားစွာပြောလိုက်သည်။

ရုတ်တရတ် ဖုန့်ချန်းသူ့ကိုယ်သူသတိထားမိသွားသည်။ သူ့အရှေ့မှမိန်းကလေးကိုအမိဖမ်းဖို့ သူ့မှာ တစ်ချိန်လုံးဖုံးကွယ်ထားပါသည့်စွမ်းအင်ကုန်ကိုပင် ထုတ်သုံးနေပြီး ရှိရှိသမျှလှည့်ကွက်တွေမျိုးစုံအောင် ကြိုးစားနေမိသည်။ သူဒီလောက်အားထုတ်ပြီး မတိုက်ခိုက်တာပင် ကြာလေပြီ။

ဒီတစ်ယောက်ကိုလိုက်ရတာနှင့်ယှဥ်လျှင် အစောကထျန်းလုံချီတို့နှင့်ရင်ဆိုင်ခဲ့ရသောတိုက်ပွဲမှာ သွေးပူလေ့ကျင့်ခန်းဟုပင် မဆိုသာပေ။

All Chapters