← Chapters

တစ္ဆေမလေးလက်ထဲတွင် ကစားခံရခြင်း

Vol. 12 Ch. 161

တစ္ဆေမလေးလက်ထဲတွင် ကစားခံရခြင်း

Vol. 12 Ch. 161

ဖုန့်ချန်းမှာ အကြိတ်အနယ်စွမ်းအားပြိုင်ရသည်ကို မသိမသာပျော်ဝင်မြူးထူးလို့နေပြီး ထို ငါးရှဥ့်လိုဖမ်းရခက်သည့်မိန်းကလေးအား နောက်ဆုံးဖမ်းနိုင်တော့မယ်ဆိုတော့လည်း အလွန်အမင်းစိတ်လှုပ်ရှားလာရတော့သည်။

မိန်းကလေးက သူမထံဝိုင်းလာသောကိုယ်ခွဲများကိုတစ်လှည့် ဖုန့်ချန်းကိုတစ်လှည့်ကြည့်ပြီး အသာပြုံးလိုက်သည်။ ကိုယ်ခွဲများ သူမထံသို့ပြေးဝင်မလာခင် သူမ၏ခန္ဓာကိုယ်မှာ တံလျှပ်တစ်ခုလို ဝေဝါးလာတော့သည်။ ခဏအကြာမှာတော့ သူမခန္ဓာကိုယ်မှာ မရှိတော့ပြီ။ သူမရပ်နေခဲ့သော သဏ္ဍာန်ဖျော့ဖျော့လေးသာကျန်ရစ်ခဲ့‌တော့သည်။

"ရှင့်နောက်မှာ" အသံတိုးတိုးလေးက ဖုန့်ချန်း၏ နားအနောက်ဘက်ကပ်ရပ်မှထွက်ပေါ်လာပြီး သူ့ကိုကျီစယ်နေသကဲ့သို့ပင်။

ဖုန့်ချန်းအနောက်ကိုလှည့်လိုက်တော့ ထိုမိန်းကလေးက ခပ်လှမ်းလှမ်းမှသစ်ပင်တစ်ပင်ကို မှီရပ်လျက်ရှိနေသည်။ ဖုန့်ချန်းကို ကလေးတစ်ယောက်နှင့်ကစားသကဲ့သို့ ပြုမူဆက်ဆံနေခြင်းပင်။ ဖုန့်ချန်းမှာလည်း ထိုမိန်းကလေးနှင့် အမြန်နှုန်းတွင်ယှဥ်မရနိုင်ပါကြောင်း ဝန်ခံလိုက်ရတော့၏။

ဖုန့်ချန်းလည်း ဆက်ကစားမခံနိုင်တော့ပြီ။ "ကြည့်ရတာ ငါရှုံးတာကိုဝန်ခံရတော့မယ်နဲ့ တူပါတယ်"

ဖုန့်ချန်းခပ်တိုးတိုးရေရွတ်လိုက်သည်။ သို့သော် သူမ၏သရုပ်မှန်ကိုဖော်ထုတ်ဖို့ လက်လျှော့လိုက်သည်ဟုတော့မဆိုလို။ သူမနှင့် ဆက်ပြီးကစားမနေတော့လိုခြင်းသာဖြစ်၏။

“ဒါပေမယ့်... မင်းပြောသလိုပဲ ပြန်ပြောပါရစေ။ ငါ့လိုလူအရှေ့မှာ မင်းဘယ်သူလဲဆိုတာ ဖုံးကွယ်လို့မရပါဘူး”

"နတ်ဘုရားမျက်လုံးပွင့်စမ်း"

(မင်း ဘာတွေကိုများလျှို့ဝှက်ထားသလဲ ကြည့်လိုက်ရအောင်)

ဖုန့်ချန်း သူ့စွမ်းရည်ကိုထုတ်သုံးလိုက်သည်။ ချက်ချင်းပင် သူ၏ နက်မှောင်နေသော မျက်လုံးများက တိမ်ဖုံးနေသောညကောင်းကင်ကို ထွင်းဖောက်ကာ ထင်းလင်းလာသည့် လမင်းစန္ဒာအလား၊ ငွေရောင်အဖြစ်သို့ပြောင်းကာ တောက်ပလင်းလက်သွားတော့၏။

**************

အမည် - ??????????

ကျင့်ကြံဆင့် - ??????????

ပါရမီဆင့် - ??????????

ခန္ဓာ - ??????????

***************

"ဘာလဲဟ"

ဒီတစ်ကြိမ်မှာတော့ ဖုန့်ချန်းတည်ငြိမ်မနေနိုင်တော့ပဲ အာမေဋိတ်သံထွက်သွားရတော့သည်။ နတ်ဘုရားမျက်လုံးကိုတောင် သုံးလို့မရတော့သည်အခြေအနေမှာ သူ့အနေနှင့်တည်တည်ငြိမ်ငြိမ်နေနိုင်ရန် မဖြစ်နိုင်တော့ပြီပေ။

ယနေ့အချိန်ထိ သူ့နတ်ဘုရားမျက်လုံးမှာ တစ်ခါမှသုံးလို့မရတာမျိုး မဖြစ်ဖူးခဲ့ဘဲ ရေခဲနတ်သမီးကိုတောင်မှ ထွင်းဖောက်မြင်နိုင်ခဲ့သေးတာပင်။

သို့ပေမယ့် ဒီတစ်ယောက်နှင့်တော့ ပထမဆုံးအကြိမ်အဖြစ် သုံးလို့မရတာရှိခဲ့ပြီပဲ။

(ဘာကြောင့်ပါလိမ့်)

ဖုန့်ချန်းမှာစိတ်ရှုပ်ထွေးသွားရပြီး အကြောင်းရင်းကိုအသည်းအသန်စဥ်းစားနေရသည်။

တစ်ခဏမျှတွေးတောပြီးနောက် နတ်ဘုရားမျက်လုံးသုံးလို့မရခြင်း၏ ဖြစ်နိုင်ချေရှိလောက်သော အကြောင်းပြချက်နှစ်ခုကို သူကောက်ချက်ဆွဲနိုင်လိုက်လေပြီ။

သူ့အရှေ့ကလူမှာ သူ့ထက်ကျင့်ကြံဆင့်မြင့်နေလောက်ပြီး နတ်ဘုရားမျက်လုံးကလည်း အသုံးပြုသူထက်ကျင့်ကြံဆင့်မြင့်သောသူများကို ထွင်းဖောက်မမြင်ရနိုင်တာမျိုးဖြစ်ပေမည်။ သို့မဟုတ် သူ့ဘက်မှထွင်းဖောက်မြင်နိုင်စွမ်းမရှိအောင် သူမက မှော်ရတနာတစ်မျိုးမျိုး အသုံးပြုထားခြင်းဖြစ်ရမည်။

ပထမအကြောင်းရင်းကိုတွေးကြည့်ရလျှင် တစ်ဖက်လူမှာ ဝိဉာဥ်ခွဲဖြာကျင့်ကြံဆင့် ဒါမှမဟုတ် အဲ့ထက်ပိုမြင့်သောအဆင့်တစ်ခုခုတွင်ရှိနေရမည်ဖြစ်ပြီး သူ့လက်ကိုဖမ်းချုပ်ထားတုန်းက သူမ၏အင်အားအရ ထိုမျှတော့မဖြစ်နိုင်ပေ။

သူ့အနေနှင့် ဝိဉာဥ်သန္ဓေဆင့်ကျင့်ကြံသူတိုင်းကို ကိုင်တွယ်နိုင်လောက်ပြီဟု သူခိုင်ခိုင်မာမာယုံကြည်ထားခဲ့သည်။ စွမ်းအားကြီးပါရမီရှင်များနှင့် ယှဥ်ပြိုင်ရလျှင်ပင် သူ့ကိုဒီတစ်ယောက်ကစားသလို ကစားနိုင်မှာမဟုတ်လောက်ချေ။

သို့ပေမယ့် မိုးပြာကောင်းကင်အင်ပါယာတွင် ဝိဉာဥ်ခွဲဖြာအဆင့်ကျင့်ကြံသူ တစ်ဦးမှမရှိသောကြောင့် ဤသူမှာ တစ်ခြားဒေသကပေလား? ဒါမှမဟုတ် အမည်မသိစွမ်းအားရှင်တစ်ဦးပေလား? စဥ်းစားစရာပင်။

မှော်ရတနာတစ်ခုခုအသုံးပြုထားသည်ဆိုလျှင်လည်း နတ်ဘုရားမျက်လုံးကိုဖုံးကွယ်ဖို့အတွက်ဆိုလျှင် ထိုမှော်ရတနာမှာ အနည်းဆုံးတော့ သူတော်စင်အဆင့်ရှိရပေမည်။

ထိုအကြောင်းရင်းကိုတွေးကြည့်လိုက်လျှင် ထိုသူမှာ မုန်တိုင်းဝိဉာဥ်နန်းတော်နှင့် လားလားမှမသက်ဆိုင်သော အင်အားကြီးနောက်ခံတစ်ခုရှိရပေမည်။

မည်သို့ပင်ဖြစ်စေ ထိုပြိုင်ဘက်မှာ လွယ်လွယ်နှင့်ချိုးလို့ရနိုင်မည့်ပုံတော့ မပေါ်ပါ။

တစ်ဖက်လူက ရန်လိုသည့်ပုံမပေါ်၍သာ တော်သေးသည်ဟုဆိုရပေမည်။ မဟုတ်လျှင် ဖုန့်ချန်းတော့ ထိုမိန်းကလေးဆီမှ အကြိမ်ကြိမ်အသတ်ခံရလောက်ပြီးလေပြီ။

ကြည့်ရသ‌လောက်တော့ တစ်ဖက်လူ၏သရုပ်မှန်ကိုခန့်မှန်းဖို့ရာ အလျှော့ပေးလိုက်သင့်ပြီထင်။

ဖုန့်ချန်းဘက်မှ ဘာမှဆက်လှုပ်ရှားမလာသောအခါ မိန်းကလေးမှာအနည်းငယ်စိတ်ပျက်သွားဟန်ပင်။

"ခုကတည်းက အရှုံးပေးတော့မှာလား" သူမက နောက်ပြောင်လိုဟန်ဖြင့် မေးလာသည်။

"အင်း ကြိုးစားလည်းအရာရောက်မှာမဟုတ်တဲ့အတူတူ ရပ်လိုက်ရတာပေါ့ ပြီးတော့မင်းကြည့်ရတာလည်း သိပ်ရန်လိုတဲ့ပုံမပေါ်ဘူးလေ"

ဖုန့်ချန်းက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။

"အင်း....မဆိုးပါဘူး"

မိန်းကလေးက စိတ်ပျက်သွားဟန်ပေါက်သော်လည်း မယုတ်မလွန်သာတုံ့ပြန်လာသည်။

"ဒါဆို မင်းငါ့ဆီကဘာလိုချင်တာလဲ ပြောလို့ရမလား" ဖုန့်ချန်းမေးလိုက်သည်။

"ဘာမှမလိုချင်ပါဘူး စမ်းသပ်စရာလေးရှိလို့လာတာ ရှင်ကျော်ဖြတ်နိုင်လိုက်တယ်လို့ ပြောရမှာပေါ့"

မိန်းကလေးက မရေမရာသာဖြေရင်း ဆက်ပြောသည်။

"ဒီမှာ စမ်းသပ်ချက်ကိုကျော်ဖြတ်နိုင်လိုက်တဲ့အတွက် ဆုပေးတာ"

မိန်းကလေးကပြောရင်းဆိုရင်း လည်ဆွဲတစ်ကုံးကမ်းပေးလာသည်။ အကြည့်တစ်ချက်ဖြင့်ပင် အဖိုးတန်လည်ဆွဲတစ်ကုံးဖြစ်ကြောင်း ပြောနိုင်လောက်ပေ၏။

လှပသပ်ရပ်စွာ ထွင်းထုထားပြီး အသေးစိတ်ကျသောလက်ရာများက တန်ဖိုးမြင့်ကြောင်းဖော်ပြနေသကဲ့သို့ပင်။ ဖုန့်ချန်းထိုလည်ဆွဲကိုထိလိုက်သော် ဖြာထွက်နေသော သိမ်မွေ့သော်လည်း သိသာသော စွမ်းအင်လှိုင်းခပ်ဖျော့ဖျော့လေးကို ခံစားမိလိုက်သည်။

ထိုလည်ဆွဲက မည်သည့်ရတနာအမျိုးအစားနည်း?

မိန်းကလေးကသူ့ကို ဘာကြောင့်ပေးရသနည်း? ဖုန့်ချန်းမေးခွန်းများစွာပေါ်ပေါက်လာပြီး တစ်ဖက်လူကိုမေးတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကိုသိရှိလိုက်ရသည်။

သူမ ပျောက်ကွယ်သွားလေပြီ။

ရှင်းလင်းနေသောပတ်ဝန်းကျင်တစ်လွှားကို သူလိုက်ပတ်ရှာသည်။ သူမ၏ဖြစ်တည်မှုကိုများ အာရုံခံလို့ရနိုင်ဦးမလားဟု ကြိုးစားကြည့်သေး၏။ သို့သော် ထိုမိန်းကလေးမှာ လေထဲတွင်အငွေ့ပျံသွားသည့်အလား ရုတ်ချည်းပျောက်ကွယ်သွားပေခြင်းပင်။ အသံတစ်သံမထွက်၊ လှုပ်ရှားမှုတစ်ခုမှ မရှိလိုက်ပါပေ။ သူမ၏ အရှိန်အဝါ၊အငွေ့အသက်ကို စိုးစဉ်းမျှခံစား၍မရပါတော့ချေ။

အသာအယာဖြတ်တိုက်သွားသည့် လေတစ်ဝှေ့သာ သူ့ကိုနှုတ်ဆက်သည့်အလား ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် တောအုပ်မှာ တစ်ဖန်ပြန်ငြိမ်သက်သွားတော့၏။

ဖုန့်ချန်းမှာ ဆံပင်များထဲလက်ထိုးဖွလိုက်ရင်း သက်ပြင်းချလိုက်မိသည်။ သူ့မှာ အဖြေတစ်ခုမှရှာလို့မရလိုက်၊ မေးခွန်းများသာပိုတိုးကျန်ခဲ့တော့၏။ ထိုမိန်းကလေးမှာ မည်သူမှန်းလည်းမသိရဘဲ သူ့ကို တစ်ကြိမ်မှမကြုံဖူးသည့် လျှို့ဝှက်ဆန်းကြယ်မှုများနှင့်အတူ ချန်ထားရစ်ခဲ့တော့လေသည်။

"ဘာတွေလဲကွာ မသိတော့ဘူး။ ပြီးတော့ ငါ့ကိုလည်း ဖုန့်ကိုကိုလို့ ခေါ်သွားသေးတယ်။ ဘာတွေလားးးးးး"

All Chapters