← Chapters

ကြယ်ရောင်စဥ်တန်းလည်ဆွဲ

Vol. 12 Ch. 162

ကြယ်ရောင်စဥ်တန်းလည်ဆွဲ

Vol. 12 Ch. 162

လက်ထဲမှလည်ဆွဲသာမရှိလျှင် ထိုမိန်းကလေးကို သရဲတစ္ဆေဟုသာ ဖုန့်ချန်းမှတ်ယူမိပေလိမ့်မည်။

လှုပ်ရှားမှုများက ခြေရာကောက်လို့မရအောင်လျင်မြန်လှကာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့်အသွင်မှာလည်း သရဲခြောက်နေသည့်အလားပင်။

"ဒီလည်ဆွဲကဘာပါလိမ့်" ဖုန့်ချန်း‌ရေရွတ်ရင်း လည်ဆွဲကိုဟိုဘက်ဒီဘက်လှန်ကြည့်လိုက်သည်။ "ဖောက်မမြင်နိုင်ဘူးပဲ သာမန်လည်ဆွဲတော့မဟုတ်ဘူး"

မှော်ရတနာတွေကို ဖောက်မြင်နိုင်တဲ့စွမ်းရည်သာ သူ့မှာရှိမယ်ဆိုရင်တော့ ထိုလည်ဆွဲ၏ထူးခြားမှု သိနိုင်လောက်မည်ပင်။

ထို့အပြင် သူမှတ်မိသလောက်စဥ်းစားကြည့်ရလျှင်လည်း ဒီလိုအသွင်အပြင်နှင့်မှော်ရတနာမျိုးကို မမြင်ဖူမကြားဖူးပါချေ။

မှော်ရတနာအကဲဖြတ်ကျွမ်းကျင်သူတစ်ဦးလောက်ကို သွားပြမှ လည်ဆွဲအကြောင်းအားသိရမည့်ပုံပင်။

"နေပါဦး စနစ်ဈေးဆိုင်မှာဆိုရင်တော့ အသုံးဝင်တဲ့အချက်အလက်တစ်ခုခုရှိလောက်မယ်"

စနစ်၏အစွမ်းနှင့်ဆိုလျှင် ဘာမဆိုကိုင်တွယ်ဖြေရှင်းလို့ရနိုင်ပါသည်။ စနစ်ရမှတ်တွေအများကြီးမကုန်လောက်ဖို့တော့ မျှော်လင့်ရတာပေါ့လေ။

စနစ်ကို စိတ်တွင်းမှဆင့်ခေါ်လိုက်သော် ဖောက်ထွင်းမြင်နိုင်သောဖန်မျက်နှာပြင်တစ်ခု သူ့အရှေ့တွင်ပေါ်လာတော့၏။

သူစနစ်ဈေးဆိုင်သို့ရောက်အောင် အမြန်နေရာရွေ့လိုက်တော့၏။

အစဥ်လိုက်ပြထားသော်ပစ္စည်းများကို တစ်ခုချင်းစီလိုက်စစ်ရင်း ပစ္စည်းတစ်ခုသို့အရောက်တွင် အကြည့်ရပ်သွားတော့သည်။

"မှော်ရတနာစစ်ဆေးအကဲဖြတ်ပစ္စည်း - အဆင့်မြင့်"

မှော်ရတနာစစ်ဆေးအကဲဖြတ်ပစ္စည်း - အဆင့်မြင့် - အကျဥ်းချုပ်ဖော်ပြချက် - မှော်ရတနာများ၏ အဆင့်နှင့်စွမ်းရည်အပါအဝင် အသေးစိတ်အချက်အလက်များအားလုံးကို သိမြင်စေနိုင်သော အထူးအထောက်အကူတစ်ခု

ဈေးနှုန်း - စနစ်ရမှတ်တစ်သောင်း

အတိအကျကို သူအခုလိုအပ်နေသောပစ္စည်းပင်။

တစ်ခါသုံးသာလိုအပ်သည့် ပစ္စည်းအတွက် ဈေးနှုန်းမှာလည်း သိပ်မမြင့်သလို သိပ်လည်း‌နည်းသည်မဆိုသာလှ။

အနည်းငယ်တွ့န်ဆုတ်မိသော်ငြား ရှေ့ရက်တွေမှာရထားသောစနစ်ရမှတ်များအားကိုးနှင့် လက်ရှိရတနာအကြောင်းစူးစမ်းချင်စိတ်ကများနေသည့်အတွက် ဖုန့်ချန်းဝယ်ဖို့သာဆုံးဖြတ်လိုက်တော့၏။

သူ့စနစ်ရမှတ်များလျော့ကျသွားပြီး သေးငယ်ချောမွတ်သော သလင်းကျောက်လို ဖန်ပြားဝိုင်းကြည်ကြည်လေးတစ်ခု သူ့လက်ထဲကျလာသည်။

"မင်းက ဘယ်လိုမှော်ရတနာမျိုးလဲ ကြည့်ကြသေးတာပေါ့"

လည်ဆွဲကို ဖန်ပြားဝိုင်း၏အလင်းအောက်တွင်ချိန်ရင်း ဖုန့်ချန်းတိုးတိုးရေရွတ်လိုက်သည်။ မှော်ရတနာအကဲဖြတ်ပစ္စည်းသည် အသံခပ်တိုးတိုးဖြင့်အသက်ဝင်လာပြီး ဖန်ပြားဝိုင်းအတွင်းတွင် အက္ခရာအချို့ဝေ့ဝဲပေါ်ပေါက်လာတော့သည်။ ထို့နောက် စာကြောင်းအချို့ သူ့မျက်လုံး‌ရှေ့တွင်ပေါ်လာတော့၏။

************

ကြယ်ရောင်စဥ်တန်းလည်ဆွဲ

အဆင့် - ထိပ်တန်းသူတော်စင်အဆင့်မြင့် မှော်ရတနာ

မူလစွမ်းရည် - ရှေးဟောင်းယန္တရားများနှင့် အစီအရင်များကိုဖွင့်ရာတွင် အသုံးပြုနိုင်သောသော့တစ်ချောင်းဖြစ်သည်။ မည်သည့်ယန္တရားအမျိုးအစားတွင် အသုံးဝင်ကြောင်းကိုတော့ သတ်မှတ်ထားခြင်းမရှိပါ။

ဒုတိယစွမ်းရည် - ချီစွမ်းအင်စုပ်ယူခြင်းကို ၁၀၀ရာခိုင်နှုန်းထိမြှင့်တင်ပေးနိုင်သည်။ ကျင့်ကြံသူမှာ ပတ်ဝန်းကျင်ရှိချီစွမ်းအင်များကို လျင်မြန်အားကောင်းစွာ စုပ်ယူသန့်စင်နိုင်ပေမည်။

ဖုန့်ချန်းအသက်ရှူသံများ လှုပ်ရှားသွားရသည်။ "ထိပ်တန်းသူတော်စင်အဆင့် မှော်ရတနာဖြစ်နေတာပဲ သာမန်မဟုတ်ဘူးလို့ခံစားနေရတာ မထူးဆန်းတော့ပါဘူး"

ထိုလည်ဆွဲမှာ ထိပ်တန်းသူတော်စင်အဆင့်မှော်ရတနာဖြစ်ကြောင်းသေချာအောင် သူအချိန်တစ်ခုအထိ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးနေမိသည်။

ဒုတိယစွမ်းရည်ဖြစ်သည့် ချီစွမ်းအင်အပြည့်အဝစုပ်ယူနိုင်ခြင်းမှာ မရေမတွက်နိုင်သောကျင့်ကြံသူအများ လိုချင်တပ်မက်ကြသည့်စွမ်းရည်တစ်ခုဖြစ်လေသည်။ သော့တစ်ချောင်းအနေနှင့်ပါ အသုံးဝင်သေးသည်ဆိုတော့ သေသေကျေကျေတိုက်ခိုက်ပြီး လုကိုလုယူသင့်သည့်ပစ္စည်းပါပေ။

ထိပ်တန်းသူတော်စင်အဆင့်မှော်ရတနာကို သော့အနေဖြင့်သုံးရသည့် အစီအရင်ယန္တရားတွင် မည်သို့သောရတနာမျိုးကိုကွယ်ဝှက်ထားမည်နည်း သူလည်းသေချာမသိပါ။ အနည်းဆုံး နတ်ဘုရားအဆင့်ရတနာတစ်မျိုးသာဖြစ်ရပေမည်။ ဒီ့ထက်လည်း ပိုစွမ်းအားကြီးချင်ကြီးနေနိုင်သည်။

"ဒီလိုရတနာမျိုးကို......" ဖုန့်ချန်းမျက်လုံးများကျဥ်းမြောင်းသွားသည်။ "ဘာကြောင့်ငါ့ဆီပေးသွားရတာလဲ"

ထိုမိန်းကလေးများ ဝုန်းခနဲပြန်ပေါ်လာဦးမလား ဒါမှမဟုတ် ရတနာကိုပြန်ယူဖို့လှည့်ပြန်လာဦးမလားဟူသည့်မျှော်လင့်ချက်ဖြင့် တိတ်ဆိတ်နေသောတောအုပ်ကို သူတစ်ချက်ဝေ့ကြည့်လိုက်မိသည်။

သူထိုမိန်းကလေးကို ပိုပြီးတော့စိတ်ဝင်စားလာရသည်။ သူတော်စင်အဆင့်တောင်မှ ရိုးရိုးတန်းတန်းမဟုတ်သည့် ထိပ်တန်းအဆင့်ကို ပေးကမ်းစွန့်ကြဲသွားသော ထိုမမလေး၏နောက်ခံအဆင့်အတန်းမှာ သာမညောင်ညတော့မဖြစ်နိုင်ပေ။

အလယ်ပိုင်းဒေသမှလူဖြစ်လျှင်တောင် ထိပ်တန်းဂိုဏ်းဂဏ ဒါမှမဟုတ် ထိပ်တန်းမိသားစုတစ်ခုခုထံမှ ဖြစ်ရပေမည်။

မဟုတ်ပါလျှင် ယခုမှတွေ့ဆုံလာသောသူစိမ်းတစ်ယောက်ကို အဖိုးတန်ရတနာတစ်ခု လက်လွတ်စပယ်စွန့်ကြဲသွားနိုင်စရာအကြောင်းမရှိပါချေ။

သူ့ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ဖွင့်လိုက်ပြီး လည်ဆွဲကိုဖြတ်သန်း၍ ချီစွမ်းအင်များစမ်းသပ်လှည့်လည်ကြည့်လိုက်သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်လွှားမှ သူ့ခန္ဓာကိုယ်ထဲစီးဝင်လာသော ပြိုင်ဘက်ကင်းချီစွမ်းအင်လှိုင်းလုံးကြီးကို ခံစားမိလိုက်တော့၏။ ထိရောက်မှုကပြင်းထန်လွန်းသဖြင့် သူလန့်ဖျပ်သွားရပြီး မာရီဒျာန်များအလွန်အကျွံဖြစ်မသွားစေဖို့ အမြန်ရပ်တန့်လိုက်ရတော့သည်။

"အံ့မခန်းပါပဲလား" သူ‌တအံ့တသြရေရွတ်မိသည်။ သူ့အခန်းထဲမှာလည်ပတ်လေ့ရှိသော ချီစွမ်းအင်စုစည်းခြင်းအစီအရင်နှင့် ပုံစံတူပြီး ဒီတစ်ခုကပိုလို့ထိရောက်ကာ နေရာတကာလည်းသယ်သွားလို့ရပေသည်။ ဒီမှော်ရတနာကိုသာအသုံးပြုမည်ဆိုလျှင် သူ့ကျင့်ကြံဆင့်က ဘယ်တည်နေရာမှာမဆို ဒီ့ထပ်ပိုတိုးလာဖို့သာရှိပေတော့မည်။

(ငါ့ရဲ့ကောင်းကင်ကန့်လန့်ကာအစီအရင်ကို ဒီကြယ်ရောင်စဥ်တန်းလည်ဆွဲနဲ့များထပ်‌ပေါင်းလိုက်ရင် ကျင့်ကြံဆင့်တိုးတက်မှုကဘယ်လောက်တောင်ပိုမြန်သွားမှာလည်း သုံးဆလောက်များလား)

သူစဥ်းစားရင်း စမ်းသပ်ကြည့်ဖို့ရာမစောင့်နိုင်တော့ပါပေ။ မူလစွမ်းရည်ဖြစ်သည့် အစီအရင်သော့ကိုကား သူလည်းသေချာမသိသေးသည့်အတူတူ နောက်မှတွေးကြည့်ဖို့သာဆုံးဖြတ်လိုက်သည်။

လည်ဆွဲကိုဝတ်လိုက်ပြီး သူရထားလုံးထံသို့ပြန်လာလိုက်သည်။

"အစ်ကိုကြီး" ဖုန့်ယွင်၏ခေါ်သံထွက်လာသည်။

"ရုတ်တရတ်ကြီးဘယ်သွားတာလဲဗျ အားလုံးစိတ်ပူနေရတာ"

ဖုန့်ယွင်က ဒေါသလည်းထွက်နေဟန်ရှိကာ စိုးရိမ်တကြီးမေးလာသည်။

သူ့အစ်ကိုအလွန်သန်မာသည်ကို သိပါသော်လည်း တစ်ချက်တစ်ချက် အသက်အန္တရာယ်ဖြစ်လောက်အောင် တဇွတ်ထိုးလုပ်တာမျိုးကို မသင့်တော်ဟုသူထင်မိသည်။

ထို့အပြင် သူ့ဆရာသခင်ကလည်း ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ထက်ပိုသော ကျင့်ကြံသူတစ်ဦးအား အာရုံခံမိသည်ဆိုသောကြောင့် သူပို၍စိတ်ပူရခြင်းပင်။

ဝိဉာဥ်သန္ဓေအဆင့်ကိုတောင်မှ သူတော်တော်အချိန်ပေးကျင့်ယူပါမှရနိုင်မည်ဖြစ်ရာ ထို့ထက်ပိုသောကျင့်ကြံဆင့်ကိုတော့ အိပ်မက်ပင်မမက်နိုင်သည့်အနေအထားပင်။ မိုးပြာကောင်းကင်အင်ပါယာတစ်လွှားတွင်တော့ မကြားဖူးနိုင်သည့် ကျင့်ကြံဆင့်မျိုးပါပေ။

ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများကို သူ့အစ်ကိုလွယ်လွယ်နှင့်ကိုင်တွယ်နိုင်သည်ဆိုသော်ငြား ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကိုတော့ သူတိုက်နိုင်လိမ့်မည်ဟုမထင်။ ထို့ထက်ပိုသောကျင့်ကြံဆင့်ဖြင့်ဆိုလျှင် ပိုလို့တောင်မဖြစ်နိုင်ပေဦးမည်။

ဖုန့်ချန်းတစ်ယောက် ထိုဝိဉာဥ်ခွဲဖြာအဆင့်ကျင့်ကြံသူကိုယှဥ်တိုက်ပြီး အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါမည်လားဆိုတာကို ဆရာသခင်မင်ဟောင်ပင်သေချာမပြောနိုင်ပါချေ။

ဖုန့်ချန်းသာ ထိုဝိဉာဥ်ခွဲဖြာကျင့်ကြံသူထံမှ အသတ်ခံခဲ့ရပါလျှင် ဖုန့်ယွင်နှင့်အခြားသူများကို လွတ်မြောက်အောင်ကူညီပေးဖို့ ဆရာသခင်မင်ဟောင်အသင့်ပြင်ပြီးသားပင်။ သို့သော် ဖုန့်ချန်းအသက်ရှင်နေသေးကြောင်း သူအတည်ပြုလိုက်နိုင်ပြီး ဝိဉာဥ်ခွဲဖြာအဆင့်ကျင့်ကြံသူလည်း ထွက်ပြေးသွားပြီဆိုပါမှ အရာအားလုံးအဆင်ပြေပြီဖြစ်ကြောင်း ဖုန့်ယွင်အားအသိပေးလိုက်တော့၏။

ဖုန့်ယွင်လည်း ဖုန့်ချန်း၏လက်လွတ်စပယ်လှုပ်ရှားမှုကြောင့် စိတ်မဆိုးဘဲမနေနိုင်တော့ပါချေ။ ဖုန့်ချန်းကတော့ ဖုန့်ယွင်၏ပူပန်နေသည့်မျက်နှာထားအား သတိထားမိသည့်နှယ် ပြုံးပြရင်းသာရထားလုံနားသို့လျှောက်လှမ်းလာသည်။

"မစိုးရိမ်ပါနဲ့ စိတ်ဝင်စားစရာကောင်းတာလေးတွေ့လို့ ပြေးလိုက်သွားရုံပါ" ဖုန့်ချန်းကအပေါ်ယံသာဖြေလိုက်သည်။

"စိတ်ဝင်စားစရာတဲ့လား" ဖုန့်ယွင်မျက်မှောင်ကြုတ်သွားသည်။ "အစ်ကိုကြီး ခုနကကြောက်စရာကောင်းတဲ့အရှိန်အဝါတစ်ခု ကျွန်တော်အာရုံခံမိလိုက်သည် ဒီလောက်အင်အားကြီးတဲ့သူက..."

ဖုန့်ချန်းမည်သို့လွတ်အောင်ပြေးနိုင်ခဲ့သနည်း ဖုန့်ယွင်လည်းနားမလည်နိုင်ပါချေ။ သူ့ဆရာသခင်ကိုယ်တိုင်ကပင် ကံကိုသာပုံအပ်ထားရမည်ဖြစ်ကြောင်းသာပြောနိုင်ကာ ဖုန့်ချန်းလွတ်နိုင်မလွတ်နိုင် မပြောတတ်ခဲ့ပေ။

ဝိဉာဥ်သန္ဓေအဆင့်ထက်မြင့်သောကျင့်ကြံသူနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်ရအောင် သူ့အစ်ကိုမှာအဲ့လောက်ကြီးတဲ့ဝှက်ဖဲများရှိနေသေးသည်လား ဒါမှမဟုတ် ဒီတိုင်းကံကောင်းရုံသက်သက်ပဲလား သူလည်းမပြောတတ်တော့ပါ။

"အင်း အဲ့တစ်ယောက်ကအရမ်းစွမ်းအားကြီးတယ် နောက်ပြီး ငါ့ကိုရန်ပြုဖို့လည်းအစီအစဥ်မရှိလောက်ဘူး" သူလည်ဆွဲကိုညွှန်ပြလိုက်သည်။

"သူကငါ့ကို ဒါတောင်ပေးသွားသေးတယ်"

ဖုန့်ယွင်သည်လည်း လည်ဆွဲကိုမြင်မြင်ချင်း သာမန်မှော်ရတနာမဟုတ်မှန်းခံစားမိကာ မျက်လုံးများပြူးကျယ်သွားရသည်။ "အစ်ကိုကြီး ဒါက... နေပါဦး သူကရောဘယ်သူလဲ ဘာလို့ဒါကြီးပေးသွားတာလဲ"

"ငါလည်းအဲ့ဒါသိချင်နေတာပဲ" ဖုန့်ချန်းတွေးဆဆဖြင့်ဝန်ခံလိုက်သည်။ "ဘာပဲဖြစ်ဖြစ် စိုးရိမ်စရာကိစ္စတော့မဟုတ်ပါဘူး အိမ်ပဲပြန်ကြတာပေါ့ကွာ"

ဖုန့်ယွင်ကတော့ သူ့အစ်ကိုဘယ်နည်းဘယ်ပုံနှင့်လွတ်မြောက်လာကြောင်း ထပ်စပ်စုချင်သေးသည်။

သို့ပေမယ့် သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်အကြောင်းလည်းတွေးမိသွားသဖြင့် အသာနှုတ်ဆိတ်နေလိုက်ရတော့၏။

တစ်ချို့အရာတွေက ပြောပြတိုင်းအဆင်ပြေသည်မဟုတ်ပေ။ လျှို့ဝှက်ထားသင့်တာကို လျှို့ဝှက်ထားရပေမည်။

သူ့အစ်ကိုကလည်း သူ့လျှို့ဝှက်ချက်သူ ထိန်းသိမ်းထားချင်သေးသည်ဆိုပါလျှင် သူ့ဆုံးဖြတ်ချက်ကိုလေးစားပေးရုံသာရှိတော့သည်။ တစ်နေ့‌နေ့တစ်ချိန်ချိန်ကျလျှင်တော့ သူ့ကိုပြောပြချင်စိတ်ရှိလာဖို့ မျှော်လင့်မိပါသည်။ တကယ်တမ်းသူသိလျှင်လည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး ဆိုပေမယ့်ပေါ့။

All Chapters