မြူခိုးချိုင့်ဝှမ်းမြို့တော်သို့ ပြန်လေပြီ
Vol. 12 Ch. 163
ကျန်သည့်ခရီးစဥ်တစ်လျှောက်လုံးမှာတော့ သူတို့မည်သည့်ပြဿနာကိုမှ မကြုံတွေ့ခဲ့ရပေ။
မုန်တိုင်းဝိဉာဥ်နန်းတော်မှ အကြီးအကဲများလည်းထပ်ရောက်မလာတော့သလို ဟိုတစ္ဆေမလေးလည်း အနောက်ကလိုက်လာခြင်းမရှိတော့ပါ။
ထိုမိန်းကလေး၏အရိပ်အယောင်ကိုများ တွေ့ရဦးမည်ပေလားဟု ဖုန့်ချန်းပတ်ဝန်းကျင်တစ်လျှောက် စူးစမ်းကြည့်ခဲ့သေးပေမယ့် မတွေ့ရပါချေ။
တကယ်ထွက်သွားတာလည်းဖြစ်နိုင်သလို အပုန်းအလျှိုကောင်းနေတာလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သူတို့ခရီးစဥ်လည်းပြီးဆုံးသွားပြီဖြစ်ပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်ကိုလည်း ဆိုက်ရောက်ခါနီးလေပြီ။
ခရီးမှပြန်လာကြသော ဖုန့်မိသားစုဝင်များ မြို့တော်ဂိတ်တံခါးများဆီသို့ ချဥ်းကပ်လာသည်နှင့် ပျော်ရွှင်မြူးထူးနေသော အောင်ပွဲအငွေ့အသက်များကို ခံစားလိုက်မိကြတော့သည်။ အရှေ့ပိုင်းစီရင်စု စုဝေးပွဲမှ သူတို့၏အောင်ပွဲသတင်းများမှာ အရပ်လေးမျက်နှာကို တောမီးသကဲ့သို့ ပျံ့နှံ့နေကြပြီဖြစ်ပြီး သူတို့ကိုကြိုဆိုရန်စောင့်ဆိုင်းနေသောလူအုပ်ကြီးမှာလည်း နည်းနည်းနောနောမဟုတ်လှပေ။ ကြိုဆိုနေကြသောလူအုပ်ကြီး၏အရှေ့ဆုံးတွင် ဝမ်ရိဖန်မှာ အရာရှိအချို့နှင့် ဒေသခံကျင့်ကြံသူအချို့ကို တစ်ဖက်တစ်ချက်ခြံရံလျက် ရပ်တည်လို့နေသည်။ သူ့အပြုံးမှာ ဖော်ရွှေသက်ဝင်လှသော်ငြား ဖုန့်ချန်းကိုမြင်လိုက်သည်နှင့် မျက်နှာထက်မှစိတ်လှုပ်ရှားမှုများကို ထိန်းမရတော့ပေ။
အရှေ့ပိုင်းစီရင်စု စုဝေးပွဲ၏ ပထမနေရာကို ဖုန့်ချန်းအမှန်တကယ်သိမ်းပိုက်ပြီးပြန်လာလောက်မည်ဟု ဝမ်ရိဖန်ထင်မထားခဲ့ပါပေ။ ယန်မိသားစုထက် ပိုကောင်းကောင်းလုပ်နိုင်လောက်မည်ဟုသာ မှတ်ယူထားခဲ့ခြင်းဖြစ်၏။
ယခုတော့ ဖုန့်ချန်းက သူ့ယူဆချက်ကိုကျော်လွန်ပြီး အရှေ့ပိုင်းစီရင်စုတစ်ခုလုံးတွင် အင်အားအကြီးဆုံးမိသားစုဟူသောဂုဏ်ပုဒ်ကို သယ်ဆောင်လာလေပြီ။ သူစိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပါ။
"မိသားစုခေါင်းဆောင်ဖုန့် ကြီးမြတ်တဲ့အောင်ပွဲအတွက် ဂုဏ်ပြုပါတယ်ခင်ဗျာ" ဝမ်ရိဖန်က လေးနက်စွာဦးညွှတ်အရိုအသေပြုလျက် နှုတ်ခွန်းဆက်သလာသည်။ ဘေးတစ်ဖက်စီမှ အရာရှိများ ကျင့်ကြံသူများကလည်း တစ်ထပ်တည်းသောရိုသေမှုကို ပေးအပ်လာကြသည်။
ဖုန့်မိသားစု၏အောင်ပွဲကြောင့် သူတို့အရင်းအမြစ်များပေါကြွယ်ဝစွာရရှိလာနိုင်ပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်၏တိုးတက်ဖွံ့ဖြိုးမှုမှာလည်း သာလွန်ဖို့သာရှိပေတာ့သည်။
"မြို့တော်သခင်ဝမ်က အရမ်းကြင်နာလွန်းနေပါပြီ အဲ့လောက်ထိယဥ်ကျေးပြဖို့ မလိုပါဘူးခင်ဗျာ"
ဖုန့်ချန်းပြောလိုက်သည်။ သူတို့ကိုဂုဏ်ပြုဖို့ လူတွေဒီလောက်အများကြီးရောက်နေကြလိမ့်မည်ဟု သူထင်မထားပါ။
ဝမ်ရိဖန်သည် ခပ်မတ်မတ်ပြန်ရပ်လိုက်ပြီး ပိုမိုသက်ဝင်လာသောအပြုံးဖြင့် စကားစသည်။
"ခေါင်းဆောင်ဖုန့်ကတော့ နှိမ့်ချပြောဆိုနေပါပြီ မြူခိုးချိုင့်ဝှမ်းမြို့တော်ဆီ ကြီးမြတ်တဲ့ဂုဏ်သရေတွေဆောင်ယူလာနိုင်တဲ့သူမှန်သမျှကို ကြိုဆိုဂုဏ်ပြုရမှာ မြို့တော်သခင်တစ်ယောက်ရဲ့တာဝန်ပါ အရှေ့ပိုင်းစီရင်စု စုဝေးပွဲက ဖုန့်ခေါင်းဆောင်တို့ရဲ့အောင်ပွဲဟာ ဖုန့်မိသားစုကိုသာမက ကျုပ်တို့မိသားစုကိုလည်း ဒီဒေသတစ်လွှား ဂုဏ်သရေမြင့်စေတာပါပဲ"
သူ့စကားသံက တည်ငြိမ်ခိုင်မာပြီး လေးစားမှုအပြည့်ဖြင့်ပင်။ စိတ်ရင်းမှလာသော ချီးကျူးဂုဏ်ပြုမှုကို မြင်သာစေ၏။
"ဒါ့အပြင် ခေါင်းဆောင်တို့မိသားစုကယူဆောင်ပေးလာတဲ့ အရင်းအမြစ်တွေနဲ့ အသိအမှတ်ပြုကျော်ကြားမှုတွေဟာ မြူခိုးချိုင့်ဝှမ်းမြို့တော်ကို ဒီ့ထက်ပိုပြီး တိုးတက်ဖွံ့ဖြိုးစေမှာ ဧကန်ပါပဲ ဒီအတွက်နဲ့ ခေါင်းဆောင်တို့အပေါ်ကို ကျုပ်တို့မြို့သူမြို့သားအားလုံး ကျေးဇူးကြွေးတင်နေရပါပြီ"
ဖုန့်ချန်းလည်း ဝမ်ရိဖန်စကားအားအသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတညိတ်ညိတ်နားထောင်နေသည်။
ဝမ်ရိဖန်သည် အားလုံးကြားလောက်သောအသံဖြင့် အော်ပြောလိုက်သည်။ "သာမန်ထက်ထူးကဲတဲ့အောင်မြင်မှုတွေကို ဆောင်ကျဥ်းလာနိုင်ခြင်းကြောင့် ကျွန်ုပ်ဝမ်ရိဖန် ကြေညာလိုက်ပါမယ် ဖုန့်မိသားစုဟာ နောက်သုံးနှစ်လုံးလုံး မြို့တော်အခွန်အခမှန်သမျှကို ပေးဆောင်စရာမလိုတော့ပါ ခေါင်းဆောင်တို့မြို့တော်အတွက်လုပ်ပေးခဲ့တာတွေနဲ့ယှဥ်ရင် ဒီလောက်ကတော့ မပြောပလောက်တဲ့ပေးဆပ်မှုပါပဲ"
အားပေးလက်ခုပ်သံများနှင့်တကွ တီးတိုးပြောဆိုသံများလည်း လူအုပ်ကြားထဲပျံ့နှံ့သွားတော့သည်။ မြူခိုးချိုင့်ဝှမ်းမြို့သူမြို့သားအပေါင်းမှာလည်း ဤချီးမြှင့်မှုကို ဖုန့်မိသားစုအတွက်ထိုက်တန်ပါပေသည်ဟုသာ မှတ်ချက်ပြုကြလေသည်။
အရှေ့ပိုင်းစီရင်စု စုဝေးပွဲတွင် ပထမနေရာယူနိုင်ခဲ့သောမိသားစုအား တော်ဝင်မိသားစု၏ ခွဲဝေချီးမြှင့်မှုမှတစ်ဆင့် မြူခိုးချို့ဝှမ်းမြို့တော်ရရှိမည့်အရင်းအမြစ်များမှာ တန်ဖိုးကြီးလှသည်လေ။ အခွန်အခမကောက်ယူခြင်းမှာ ဖုန့်မိသားစုအား သူတို့ပြန်ပေးနိုင်သမျှသော အကျိုးကျေးဇူးတစ်ရပ်ပင်။ ဖုန့်မိသားစုထံမှရသော အခွန်ပမာဏနှင့်ယှဥ်လျှင် အောင်ပွဲအတွက်ရမည့်အရင်းအမြစ်များက သိသိသာသာကို များပြားနေသည်မဟုတ်လော။
"မြို့တော်သခင်ဝမ်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဖုန့်မိသားစုလည်း ဒီ့ထက်သာလွန်ကောင်းမွန်အောင် ဆက်ကြိုးစားသွားမှာဖြစ်ပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်ရဲ့ သာယာဝပြောမှုမှာလည်း တတ်နိုင်သလောက် ပါဝင်ဖြည့်စွမ်းသွားပါဦးမယ်" ဖုန့်ချန်းက ကျေးဇူးတင်စွာဖြင့်တုံ့ပြန်သည်။
တစ်ဖက်တွင်မူ ဖုန့်ကျန်းရှန်နှင့်ဖုန့်ကျီလန်မှာ အခွန်အခကင်းလွတ်ခြင်း၏အကျိုးအမြတ်ကိုတွေးရင် ပါးစပ်ပင်မစေ့နိုင်တော့ပေ။ ဖုန့်အိမ်တော်မှာ အရင်လိုကျပ်ကျပ်တည်းတည်းရုန်းကန်နေစရာအကြောင်းမရှိတော့။ သူတို့ဝင်ငွေမှာ အခုဆယ်ဆမျှမြင့်တက်လာပြီဖြစ်ပြီး ရွေဒင်္ဂါးသိန်းသောင်းချီဝင်နေနိုင်ပြီဖြစ်၏။ အခွန်အခကင်းလွတ်ခြင်းကြောင့် သက်သာမည့်ပမာဏမှာ အမှန်ပင်ရွေဒင်္ဂါးသိန်းချီမျှရှိပေသည်။ သူတို့အိမ်တော်ဘဏ္ဍာတိုက်အတွက်တော့ သတင်းကောင်းပါပေ။
မြို့တော်တွင်းသို့ ရထားလုံးဆက်ဝင်လာသည်နှင့်အမျှ လမ်းတစ်လျှောက်မှာ မြို့မျက်နှာဖုံးလူကြီးမင်းများကလည်း ကြိုဆိုဂုဏ်ပြုစကားများ ပြောကြားလာကြလေသည်။
အနောက်တွင်လည်း မိသားစုငယ်လေးများ ဂိုဏ်းဂဏငယ်လေးများ၏ ကိုယ်စားပြုများကလည်း ဂုဏ်ပြုစကားဆိုရန် တန်းစီစောင့်ဆိုင်းနေကြတော့သည်။ စိတ်ရင်းမှန်ဖြင့်ဆိုလာကြသော ဂုဏ်ပြုချီးမြှောက်စကားတို့မှာ နာမည်ကြီးဖုန့်မိသားစုအား မျက်နှာလိုမျက်နှာရလုပ်လိုခြင်းဆန္ဒကို အနိုင်နိုင်သာဖုံးကွယ်ထားနိုင်ကြတော့၏။
ဖုန့်ချန်းကတော့ အပြုံးဖျော့ဖျော့ဖြင့်သာ ချီးကျူးဂုဏ်ပြုစကားအားလုံးကို လက်ခံလိုက်တော့သည်။ မိသားစုအတော်များများမှာလည်း ဖုန့်မိသားစုဝင်များအား ထိမ်းမြားလက်ဆက်ဖို့ကမ်းလှမ်းလာကြလေသည်။ အထူးသဖြင့် ဖုန့်ယွင်နှင့်ဖုန့်ချန်းဆီကိုပေါ့။
မိသားစုခေါင်းဆောင်ဖြစ်သော ဖုန့်ချန်းကတော့ သိသိသာသာကို အရွေးချယ်သင့်ဆုံးသတို့သားလောင်းပါပေ။ သူနှင့်သာလက်ဆက်ရလျှင် မဟာမိတ်ဆက်ဆံရေးတွေကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ပြီး ဖုန့်မိသားစုကိုလည်း ကျောထောက်နောက်ခံတစ်ခုအဖြစ် အပိုင်ရထားနိုင်မည်လေ။
တစ်ဖက်တွင်လည်း ဖုန့်ယွင်မှာ သာလွန်ထူးကဲလှသောအလားအလာနှင့် အင်ပါယာတစ်ခုလုံး၏ အမြင့်ဆုံးသောပါရမီဆင့်ကြောင့် အသိအမှတ်ပြုခံရလေသည်။ သူတက်နိုင်ခဲ့သော စွမ်းရည်စစ်ကျောက်တောင်ထက်က ပါရမီဆင့်မှာ လွန်စွာမှနာမည်ကြီးကျော်ကြားနေခဲ့ခြင်းဖြစ်၏။
နာမည်မကြီးမှသာထူးဆန်းပေဦးမည်။ တစ်ချိန်က အမြင့်ဆုံးသောစွမ်းရည်ဆင့်ကိုပိုင်ဆိုင်ခဲ့သည့် မိန်းမလှလေးမှာ သူမနှင့်မတူမတန်ဟူသောအကြောင်းပြချက်ဖြင့် သတို့သားလောင်းကိုစွန့်ပစ်ခဲ့ပြီး ထိုသတို့သားလောင်းက သူမ၏အမြင့်ဆုံးစွမ်းရည်ဆင့်မှတ်တမ်းကို သာလွန်ချိုးဖျက်သွားသည်လေ။ ကဗျာဆန်လှပါသော အလှည့်အပြောင်းတစ်ခုပင်။
ငန်းဖြူသားကိုမှစွဲမက်သော ဖားပြုပ်ဟု ဖုန့်ယွင်ကိုတစ်ချိန်ကလှောင်ပြောင်ရယ်မောခဲ့ကြသော လူများသည်လည်း သူတို့၏ရပ်တည်ချက်ကို ချက်ချင်းပြောင်းလဲလိုက်ရတော့သည်။ လျင်မြန်လှစွာပင် လင်းမေယုအား ဖုန့်ယွင်နှင့်မတူမတန်သူဟု တစ်ဖန်ပြောင်းလဲသမုတ်ကြပြန်သည်။ အခွင့်အရေးရှိတုန်း အလားအလာကောင်းလှသည့်သတို့သားလောင်းကို အသိအမှတ်မပြုနိုင်ခဲ့ဟု ဆိုကာ ဝေဖန်ပြစ်တင်လာကြသည်။
မည်သို့ပင်ဖြစ်စေ ဖုန့်ယွင်ကတော့သူတို့စကားများကို ဂရုစိုက်မနေပါဘဲ ထိမ်းမြားရန်ကမ်းလှမ်းချက်များကိုလည်း ငြင်းပယ်ခဲ့သည်ပင်။
ဖုန့်ချန်းသည်လည်း ထိမ်းမြားလက်ထပ်ခြင်းဆိုသည်မှာ ကာယကံရှင်နှစ်ဦး၏စိတ်ဆန္ဒနှင့်သာသက်ဆိုင်သည်ဟု အမြင်ရှိလေသည်။ ဖုန့်ယွင်၏ တစ်ချိန်ကအဖြစ်အပျက်မျိုး မည်သူ့ထံတွင်မှ ထပ်အဖြစ်မခံနိုင်လှပေ။
သူ့အတွက်မူ လက်ထပ်ဖို့ဆိုသည်မှာ အဝေးကြီးလိုလှပါသေး၏။ သူ့နှလုံးသားကိုဖမ်းစားနိုင်သော မိန်းကလေးဟူ၍ပင် မပေါ်ပေါက်သေးပါလေ။