အခန်း (၁၆၄)
Vol. 12 Ch. 164
ဖုန့်မိသားစုရထားလုံးသည် စိတ်လှုပ်ရှားစွာလိုက်ပါလာကြသော ဗိုလ်ပါပရိတ်သတ်များကိုဦးဆောင်ရင်း ဖုန့်အိမ်တော်သို့ ဦးတည်ခရီးဆက်ခဲ့ကြတော့သည်။ သူတို့အိမ်တော်တွင်းသို့ဝင်လိုက်သည်နှင့် ပျော်ပွဲရွှင်ပွဲများစတင်လေတော့ကာ ကောင်းကင်တစ်ပြင်လုံးမှာ မီးရှူးမီးပန်းများဖြင့်ပြည့်နှက်သွားပြီး ညအချိန်ကို အပြည့်အဝထွန်းလင်းစေတော့၏။ မိသားစု၏သူရဲကောင်းများ အပြန်လမ်းကိုကြိုဆိုသည့်အနေဖြင့် ဗုံတီးသံများမှာလည်း စီစီညံကာ ပဲ့တင်ထပ်လေတော့သည်။
အိမ်တော်တွင်းတွင် ခမ်းနားကြီးကျယ်သော စားသောက်ပွဲတစ်ခုက စောင့်ကြိုလျက်ရှိလေသည်။ စားဖွယ်စုံများနှင့် သောက်စရာဝိုင်အမျိုးမျိုးကို စားပွဲကြီးထက် ပေါကြွယ်ဝစွာစီရီခင်းကျင်းထားလျက်။ မိသားစုတစ်ခုလုံး ပျော်ပွဲဆင်နွှဲဖို့ စုရုံးရောက်ရှိနေကြပြီး မျက်နှာများထက်မှာလည်း စိတ်လှုပ်ရှားမှုများ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်လွှမ်းလျက်ရှိလေသည်။
ဖုန့်ချန်းနှင့်ဖုန့်ယွင်တို့ စီးတော်မြင်းတွေထက်မှဆင်းသက်ရင်း အိမ်တော်တွင်းသို့ဝင်ရောက်လာသော် မိသားစုဝင်များမှာ သူတို့ကိုဂုဏ်ပြုဦးကြိုရန် စိတ်အားထက်သန်စွာစုရုံးလာကြတော့သည်။ စကားသံတို့မှာ ချီးမွမ်းလိုဟန်များနှင့် လေးစားသမှုတို့လွှမ်းခြုံလျက်။
"သခင်ငယ်လေးဖုန့်ယွင်ရဲ့အောင်မြင်မှုတွေက အဟုတ်ကိုအံ့မခန်းပါကလား စွမ်းရည်စစ်ကျောက်တောင်ပြိုင်ပွဲပြီးကတည်းက လူတိုင်းရဲ့နှုတ်ဖျားမှာ ဖုန့်ယွင်ဆိုတဲ့နာမည်ကိုမချနိုင်ကြတော့တာပဲ"
"ညီမလေး မေ အရှေ့ပိုင်းစီရင်စု စုဝေးပွဲမှာ ညီမလေးရဲ့စွမ်းဆောင်ရည်တွေက လုံးဝကိုပြောင်မြောက်လှတာပဲ ငါတို့မိသားစုရဲ့အနာဂတ်ကတော့ ပါရမီရှင်တွေလက်ထဲမှာ စိတ်ချရပါပြီကွယ်"
"မမရှောင်ယုက နောက်ဆုံးတွေ့ခဲ့ရတဲ့အခါကထက် အများကြီးတောင်ပိုတော်လာသေးတယ် အခုတော့မမရဲ့စွမ်းအားကို ဘယ်သူမှမေးခွန်းမထုတ်ရဲတော့ဘူး"
"အကိုလျန်းရေ အဆင့်၂အစီအရင်ဆရာဖြစ်သွားလို့ဂုဏ်ပြုပါတယ် အဆင့်၂အစီအရင်ဆရာတွေထဲမှာ အသက်အငယ်ဆုံးဖြစ်မလားပဲ ဂိုဏ်းတော်တော်များများက အစ်ကို့ကို ကမ်းလှမ်းချက်ဖိတ်စာတွေ လာပို့ထားကြပြီ"
ဖုန့်ယွင်၊ ဖုန့်လျန်း၊ ဖုန့်ရှောင်ယုနှင့် ဖုန့်မေတို့သည်လည်း ချီကျူးစကားများလက်ခံရရှိပြီး လေထုမှာ ပျော်ရွှင်ကြည်နူးမှုများဖြင့် သာယာလို့နေသည်။ သူတို့အားလုံးကလည်း ချီးကျူးစကားများကို နှိမ့်ချစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်ကြသည်။
သို့ပေမယ့် ဝေစည်နေကြသော ချီကျူးဂုဏ်ပြုသံများကြား တိတ်ဆိတ်နေသောတစ်နေရာရှိပေသည်။ ဖုန့်ကျန်းဟောင်မှာ ဘေးတစ်ဖက်တွင်ရပ်လျက်ရှိပြီး သူမှလွဲ၍ ကျန်သူအားလုံးမျက်နှာရနေကြသည်ကို ကို့ရို့ကားရားပြုံးလျက်သာကြည့်နေရလေ၏။
သူဒီ့ထက်ပိုပြီးစိတ်မရှည်နိုင်တော့ပါ။ လည်ချောင်းတစ်ချက်ရှင်းကာ ထအော်လိုက်တော့သည်။ "နေကြပါဦး ငါ့ကိုကျတော့ရော? ဘာလို့ငါ့အောင်မြင်မှုတွေကိုကျ တစ်ယောက်မှချီးကျူးမပေးကြတာလဲ"
"ဟားဟား ဘာတွေပြောနေတာလဲကျန်းဟောင်ရ ငါတို့တော့မင်းအကြောင်းမကြားမိဘူးရော"
တစ်ယောက်ကပြောလိုက်သည်။
"ဘာရယ်? ငါစွမ်းရည်စစ်ကျောက်တောင်ကို ၁၄ဆင့်ထိတက်နိုင်ခဲ့ပြီး အဆင့်၃သားရဲတစ်ကောင်ကိုရှင်းနိုင်ခဲ့တာကျ လူမသိကြဘူးပေါ့ဟုတ်လား"
ဖုန့်ကျန်းဟောင်က ဒေါသတကြီးဖြင့်မေးလိုက်သည်။
သူ့စကားများကိုကြားသော် လူအုပ်ကြီးတစ်ခုလုံး ဝါးခနဲရယ်မောကြတော့သည်။
"သေချာပေါက် မင်းသတင်းတွေက နေရာအနှံ့ ကျော်ကြားနေတာပေါ့ကွ"
"ဟုတ်ပါ့ ငါတို့မင်းကိုသက်သက်စနေကြတာပါကွာ စွမ်းရည်စစ်ကျောက်တောင်၁၄ဆင့်ထိတက်နိုင်တဲ့ စွမ်းဆောင်ရည်ကို ဘယ်သူကမကြားဘဲနေပါ့မလဲ"
"ဂုဏ်ပြုပါတယ်ကျန်းဟောင်ရေ မင်းကငါတို့မိသားစုကို ဂုဏ်ဆောင်ပေးနိုင်လိုက်တာပဲ"
......
"ရှီး မင်းတို့တကယ်ဆိုးတာပဲ ငါ့မှာထင်သလောက်နာမည်မကြီးလိုက်ဘူးမှတ်သွားတာ"
ဖုန့်ကျန်းဟောင်က နဖူးထက်မှမရှိသောချွေးစက်များကို လက်ဖြင့်သပ်ချလိုက်ပြီး ဟန်ပါပါပြန်ပြောလေသည်။
သေချာပေါက် မိသားစုဝင်တိုင်းက အရှေ့ပိုင်းစီရင်စု စုဝေးပွဲတွင်းက သူ့စွမ်းဆောင်ရည်များအကြောင်းကြားပြီးကြပြီဖြစ်ပြီး တအံ့တသြလည်းဖြစ်ခဲ့ရသည်ပင်။
ဖုန့်ကျန်းဟောင်တစ်ယောက် ဖုန့်လျန်းနှင့်ဖုန့်ရှောင်ယုထက်သာအောင်လုပ်နိုင်လိမ့်မည်ဟု သူတို့တစ်ခါမှမထင်ထားခဲ့ကြပါ။
သို့သော် သူတို့ကိုအမြဲချောက်တွန်းစနောက်လေ့ရှိသူဖြစ်တာကြောင့် ဒီတစ်ခေါက်အပီပြန်တွယ်ဖို့ တိုင်ပင်ထားကြခြင်းပင်။
စနောက်ခြင်းများလည်းပြီးဆုံးသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပျော်များကူးစက်၍ လင်းလက်တောက်ပနေတော့သည်။ ဖုန့်မိသားစုတစ်ခုလုံးစုဝေးကာ အစားအသောက်များ၊ သောက်စရာဝိုင်များ၊ တဟားဟားရယ်မောသံများဖြင့်လွှမ်းခြုံနေသော ညစာစားပွဲအား စတင်သုံးဆောင်ကြလေတော့၏။