← Chapters

အားလုံးအပေါ် ညီတူညီမျှ

Vol. 12 Ch. 165

အားလုံးအပေါ် ညီတူညီမျှ

Vol. 12 Ch. 165

မြူခိုးချိုင့်ဝှမ်းမြို့တော်တစ်ဝှမ်းသို့ မနက်ခင်းနေရောင်ခြည်၏ ရွေရောင်အသွေးလွှမ်းခြုံနေသည်မှာ အခန်းကဏ္ဍအသစ်တစ်ခုကို စတင်ဖို့အတွက် အချက်ပြနေသကဲ့သို့ပင်။ အထူးသဖြင့် ဖုန့်မိသားစုအတွက်ဖြစ်ချေ၏။

ဖုန့်ချန်းမှာ ဖုန့်အိမ်တော်သို့ပြန်ရောက်လျှင်ရောက်ချင်း အချိန်တစ်စက်မှဖြုန်းမနေတော့ဘဲ ပြောင်းလဲမှုများကို စတင်အကောင်အထည်ဖော်လာတော့သည်။ အရှေ့ပိုင်းစီရင်စု စုဝေးပွဲအတွင်း ရရှိလာသောရွှေဒင်္ဂါးရှစ်သန်းလောက်ကို အသုံးပြုပြီး မိသားစု၏ဖွံဖြိုးတိုးတက်ရေးနှင့် ကျင့်ကြံရေးပိုင်းအတွက် အရင်းအမြစ်များ ပြန်လည်ခွဲဝေပေးလိုက်သည်။ ရှားပါးဝိဉာဥ်ဆေးအမယ်များဝယ်ယူခြင်း၊ ကျွမ်းကျင်ဆေးဆရာမျာငှားရမ်းခြင်းဖြင့် ထိရောက်သည့်ရင်းနှီးမြှုပ်နှံမှုများကို စီစဥ်ပြုလုပ်ကြတော့သည်။

အကောင်းဆုံး အတော်ဆုံးသော ပါရမီရှင်များကို ဆွဲဆောင်နိုင်ဖို့အတွက် ဖုန့်ချန်းသည် ပြိုင်ဘက်ကင်းအကျိုးအမြတ်များကို ထည့်သွင်းကမ်းလှမ်းလေသည်။ အဆင့်မြင့်ဆေးအမယ်များကို အသုံးပြုနိုင်ခြင်း၊ ဆေးပညာလမ်းညွှန်ချက်များကို အသုံးပြုနိုင်ခြင်း စသည်တို့သာမက အကျိုးအမြတ်မျှဝေသည့်အစီအစဥ်များကိုလည်း ထည့်သွင်းကာ ဖိတ်မံတကပြုလေသည်။

အဆင့်မြင့်ဆေးဆရာများကိုကား ပိုပြီးဂုဏ်သရေရှိသောကမ်းလှမ်းချက်များဖြင့် ဖိတ်ခေါ်လေသည်။ နေထိုင်ရာအိမ်ပိုင်ရာပိုင်များ၊ သစ္စာရှိအခြွေအရံများနှင့် ဆေးပညာပိုင်းဆိုင်ရာသုတေသနများအတွက် ရှားပါးဆေးအမယ်များထောက်ပံ့ပေးခြင်း စသည်ဖြင့် စုံလင်လှပေ၏။

ဖုန့်မိသားစု၏ ဟုန်းဟုန်းတောက်ကျော်ကြားမှုနှင့် အကျိုးအမြတ်များလှသောကမ်းလှမ်းချက်များကြောင့် သူတို့နှင့်တွဲဖက်အလုပ်လုပ်လိုသော ပါရမီရှင်များကား မရှားလှပေ။ တကယ်တမ်းတော့ အဆင့်မြင့်ဆေးဆရာတစ်ယောက်ကိုအရကမ်းလှမ်းနိုင်ဖို့က ထိုမျှမလွယ်ကူလှပေ။ ဖော်ပြထားသောအကျိုးအမြတ်များဖြင့် ခေါ်နိုင်လျှင်လည်း အမြင့်ဆုံးမှာ အဆင့်၂‌ဆေးဆရာလောက်သာဖြစ်ပေမည်။

သို့ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ထိုထက်ပိုမြင့်သောဆေးဆရာများပါ သူတို့ဆီဝင်ရောက်အလုပ်လုပ်လိုကြလာလိမ့်မည်ဟု ဖုန့်ချန်းခန့်မှန်းမိသည်။ လက်ရှိရောက်လာသောဆေးဆရာများမှာ သူထောက်ပံ့ပေးထားသောအရင်းအမြစ်များဖြင့် အဆင့်မြန်မြန်တက်လာနိုင်ရန် အခွင့်အလမ်းများစွာရှိသည်လေ။

ထို့ကြောင့် ရေရှည်ကိုမျှော်တွေးပြီး လက်ရှိအဆင့်၁ဆေးဆရာများစွာကို ဝင်ရောက်ခွင့်ပြုထားလျှင် သူတို့မိသားစုအတွက် အကျိုးအမြတ်များလာနိုင်ပေသည်။

ဖုန့်ယွင်သည်လည်း သာလွန်ထူးကဲပြီး ထိရောက်မှုမြင့်မားလှသည့် အဆင့်၃‌‌ဆေးလုံးဖော်စပ်သန့်စင်နည်းများဖြင့် ဝင်ရောက်ကူညီထောက်ပံ့ပေးလေသည်။ ဖုန့်မိသားစုဆေးဆရာများမှာ ထိုသို့အဆင့်မြင့်ဆေးဖော်နည်းများကြောင့် ပိုလို့အားတက်လာကြပြီး ရေကုန်ရေခမ်းကြိုးစားကြလေရာ မပြတ်လပ်သောအရင်းအမြစ်များ၏အကူအညီဖြင့် လျင်မြန်စွာတိုးတက်လာကြတော့၏။

အကျိုးအမြတ်ကိုကြည့်၍ မရေမရာဖြင့်ဝင်ရောက်လာကြသောဆေးဆရာများသည်ပင် များမကြာမီ သေချာလေးစိတ်ပိုင်းဖြတ်ကာ လိုက်လံကြိုးစားလာကြသည်အား တွေ့ရလေသည်။ အကျိုးအမြတ်များကလည်း ထိုက်တန်ရုံသာမက သူတို့ဆေးပညာအရည်အချင်းများမှာလည်း အရင်ကကြိုးပမ်းသည်ထက် ပို၍ထိထိရောက်ရောက်တိုးတက်လာသည်အား တွေ့ရလေ၏။

ထို့အပြင် ဖုန့်မိသားစု၏ စည်းလုံးညီညွှတ်ပြီး နွေးထွေးသောသဘာဝကြောင့် ထပ်ဆောင်းစိတ်ကျေနပ်ရပြန်သည်။ ဖုန့်မိသားစုဝင်များက ကြင်နာတတ်ပြီး ပွင့်ပွင့်လင်းလင်းရှိကာ ဆေးဆရာများကိုလည်း ထိုက်သင့်သောလေးစားသမှုဖြင့် ပြေပြေလည်လည်ဆက်ဆံပေးကြသည်။ အသစ်ဝင်လာသောဆေးဆရာများမှာ ရက်အနည်းငယ်အတွင်းပင် ဖုန့်အိမ်တော်နှင့်ကောင်းကောင်းအသားကျသွားပြီး အပြင်လူများဟုမခံစားရတော့ပေ။

ဖုန့်မိသားစုမှာ အခြားမိသားစုများလို အထက်အောက်ဆက်ဆံရေးအလွန်အကြူးမခွဲခြားဘဲ တစ်ဦးတစ်‌ယောက်တည်းကိုပစားပေးဆက်ဆံခြင်းလည်းမရှိပါ။ နောက်ခံအသိုင်းအဝိုင်းထက် ပါဝင်ကြိုးစားမှုနှင့် အရည်အချင်းကိုသာဦးစားပေးသည်။ ထိုသို့ညီတူညီမျှရှိခြင်းမှာ ဖုန့်ချန်းကို ဖုန့်မိသားစုဝင်အားလုံး လေးစားချစ်ခင်စွာဆက်ဆံကြသော အကြောင်းရင်းများစွာထဲမှတစ်ခုပင်။

ဖုန့်မိသားစုနှင့် တိုက်ရိုက်ဆက်နွယ်သောသားစဥ်မြေးဆက်များဖြစ်စေ သို့မဟုတ် သွယ်ဝိုက်ဆက်နွယ်သောအပြင်လူများဖြစ်စေ သူကခွဲခြားနေခြင်းမရှိ။

အားလုံးကို ညီတူညီမျှသောအခွင့်အရေးပေးထားပြီး သင်ယူလေ့လာဖို့အတွက်လည်း အမြဲကြိုဆိုလမ်းဖွင့်ပေးထားလျက်ပင်။ အဆင့်မြင့်ကျင့်စဥ်များကိုပင် ဆက်ခံသူသခင်လေးများအတွက်ဟုဆိုကာ သီးသန့်ချန်လှပ်ထားခြင်းမရှိပေ။

တစ်စုံတစ်ယောက်သာ ပါရမီထူးကဲပြီး သင်ယူချင်စိတ်ပြင်းပြနေပါက ဖုန့်မိသားစုသည်ကား လက်ကမ်းကြိုဆိုလျက်ရှိပေမည်။

ဖုန့်ကျန်းဟောင်နှင့် ဖုန့်လျန်းအပါအဝင် အခြားသောဖုန့်မိသားစုဝင်တိုင်းမှာ ခေါင်းဆောင်နှင့်သခင်ငယ်လေးတို့ ညီအစ်ကိုနှင့် တန်းတူရည်တူသော အရင်းအမြစ်များ အခွင့်အလမ်းများကို ခံစားပိုင်ခွင့်ရှိပေ၏။ ကွာဟချက်ဟူ၍ မခံစားမိစေရ။

ကွာဟချက်ကိုခံစားမိဖို့နေနေသာသာ အခြားမိသားစုများတွင် ဆက်ခံသူသခင်လေးများနှင့် ဝမ်းကွဲအဆက်အနွယ်ညီအစ်ကိုတို့ကြား ခွဲခြားဆက်ဆံလေ့ရှိကြောင်းကိုတောင် သူတို့မကြားဖူးကြပါပေ။

ထို‌ကြောင့် အခြားသူများက သူတို့ကို ဆက်ခံသူသခင်လေးများနှင့်တန်းတူဆက်ဆံခံရပါစေ့မည်ဟုသော ကတိကဝတ်တို့ဖြင့် ကမ်းလှမ်းလာလျှင် ဖုန့်ကျန်းဟောင်တို့ဝမ်းကွဲညီအစ်ကိုတစ်သိုက်မှာ အူတူတူဖြင့်ပြန်မေးရလေ့ရှိသည်။

"ဆက်ခံသူသခင်လေးတွေနဲ့ ဝမ်းကွဲတွေကြား ခွဲခြားဆက်ဆံတယ်ဆိုတာက ရှိသေးတာလား" ဖုန့်ကျန်းဟောင်က မသိနားမလည်စွာ ခေါင်းကုတ်လျက် မေးလိုက်သည်။ စွမ်းရည်စစ်ကျောက်တောင်၁၃ဆင့်ထိတက်ရောက်ထားနိုင်သော ဖုန့်ကျန်းဟောင်ကို လာရောက်ကမ်းလှမ်းသောမိသားစုများမှာ ဖုန့်ယွင်ထက်ပင်ပိုများနေသေးသည်လေ။

ဖုန့်ချန်း၏ ညီအစ်ကိုရင်းဖြစ်သော တိုက်ရိုက်ဆက်ခံသူဖုန့်ယွင်ထက် ဖုန့်ကျန်းဟောင်ကိုဆွဲဆောင်ရသည်မှာ ပိုလွယ်ကူပေမည်ဟု သူတို့တွက်ထားကြသောကြောင့်ပင်။

ထို့ကြောင့် အများစုမှာ ဖုန့်ကျန်းဟောင်အား ဆက်ခံသူများနှင့်တန်းတူနေထိုင်ရပါစေ့မည်၊ တန်းတူအခွင့်အရေးရပါစေ့မည် စသည့်ကမ်းလှမ်းချက်များကိုထည့်သွင်းလာရာ ဖုန့်ကျန်းဟောင်မှာ ခေါင်းသာရှုပ်ရတော့လေသည်။

ဖုန့်ကျန်းဟောင်အားကမ်းလှမ်းလာသူ မိသားစုခေါင်းဆောင်မှာ ဖြောင့်မတ်သောကိုယ်ဟန်အနေအထားဖြင့်ရပ်နေရင်း ဂုဏ်ယူသောအပြုံးတစ်ခုဖြင့် ဖုန့်ကျန်းဟောင်၏မေးခွန်းအား စတင်ရှင်းပြလာသည်။

"သေချာပေါက် ခွဲခြားဆက်ဆံမှုရှိတာပေါ့ခင်ဗျာ အရင်းအမြစ်ခွဲဝေမှုလည်းပိုရသလို အဆင့်မြင့်ဓားသိုင်းကျင့်စဥ်တွေကိုလည်း ဦးစားပေးချီးမြှင့်ခံရတတ်ပါတယ် နောက်ပြီး ဂိုဏ်းတွေဆီကကမ်းလှမ်းမှုရှိလာရင်လည်း သူတို့ကိုထိပ်ဆုံးကဦးစားပေးကြတာပေါ့"

"ဒီမိသားစုမှာ အပြင်လူတစ်ယောက်အနေနဲ့ မောင်ရင်ဟာ ကိုယ်တကယ်ထိုက်တန်တဲ့အရာတွေကို အမြဲလက်လွှတ်ဆုံးရှုံးနေခဲ့ရမှာပါပဲ ဒါပေမယ့်" မိသားစုခေါင်းဆောင်၏အပြုံးဟာ ပိုမိုနက်ရှိုင်းလာသည်။ "ဦးတို့မိသားစုကိုဝင်ရောက်မယ်ဆိုရင်တော့ ဆက်ခံသူတွေနဲ့ညီတူညီမျှအခွင့်အရေးရဖို့ အာမခံပါတယ်"

"ကျင့်ကြံရေးအတွက် အကောင်းဆုံးအရင်းအမြစ်တွေကိုလည်း လက်ခံရရှိမှာဖြစ်ပြီး အဆင့်မြင့်ဆေးလုံးတွေ စွမ်းအားကြီးဓားသိုင်းကျင့်စဥ်တွေနဲ့ မှော်ရတနာတွေပါ ပါဝင်ပါတယ် ဦးတို့ဓားသိုင်းကျင့်စဥ်စာကြည့်တိုက်က မောင်ရင့်အတွက်ဆို အမြဲတံခါးဖွင့်ထားမှာပါ ဘယ်လောက်အဆင့်မြင့်တဲ့ကျင့်စဥ်ပဲဖြစ်ဖြစ် ခွဲတမ်းဆိုတာလည်းမရှိသလို ကန့်သတ်ချက်ဆိုတာလည်း မရှိစေရပါဘူး"

ထိုမိသားစုခေါင်းဆောင်မှာ သူ့ကမ်းလှမ်းချက်ဟာ ငြင်းပယ်နိုင်စရာမရှိဟု အပိုင်တွက်ထားသည်။ ဖုန့်ကျန်းဟောင်ဟာ ဝမ်းကွဲအဆက်အနွယ်တစ်ယောက်ဖြစ်တာကြောင့် ဖုန့်မိသားစုမှာ အမြဲမျက်နှာငယ်အပစ်ပယ်ခံရလောက်မည်ဟု သူယူဆထားကာ တန်းတူညီမျှအခွင့်အရေးကိုသာပေးမည်ဆိုလျှင် ထိုပါရမီရှင်ဟာ သူ့လက်ထဲသို့သေချာပေါက်သက်ဆင်းလာလိမ့်မည်ဟုသာ ယုံကြည်ထားလေ၏။

ဖုန့်ကျန်းဟောင်ကမူ ဟန်မ‌ဆောင်နိုင်တော့ဘဲ ရယ်သွမ်းသွေးလိုက်မိသည်။ သူ၏ပေါ့ပေါ့ပါးပါးအမူအရာကြောင့် ထိုမိသားစုခေါင်းဆောင်ပင် ကြောင်သွားရ၏။ "တိုက်ရိုက်ဆက်ခံသူ? ဝမ်းကွဲအဆက်အနွယ်? ခင်ဗျားဘာတွေပြောနေမှန်း ကျုပ်နားမလည်ဘူး နောက်ပြီး ဖုန့်မိသားစုမှာလည်း ဘာကန့်သတ်ချက်မှမရှိဘူး ကျုပ်အပါအဝင်အားလုံးက တူညီတဲ့အခွင့်အရေးတွေပဲရတာ"

ဖုန့်ကျန်းဟောင်၏တုံ့ပြန်ချက်ကြောင့် ထိုမိသားစုခေါင်းဆောင်၏ ဂုဏ်ယူစွာရှင်းလင်းပြောပြနေသောအမူအရာမှာ ပျက်ပြားသွားရသည်။ သူ့မျက်နှာထက် ကြောင်တောင်တောင်ဖြင့်လုပ်ယူထားရသော အပြုံးတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။ ဖုန့်မိသားစုက မိသားစုဝင်များကိုဘယ်လိုဆက်ဆံသလဲ သူသေချာမသိလိုက်ဘဲ မှားယွင်းတွက်ချက်မိသွားခြင်းပင်။

ပုံမှန်အားဖြင့် ဝမ်းကွဲအဆက်အနွယ်တွေကို ဆက်ခံသူတွေထက်ပိုပြီးအားမကြီးစေဖို့ ဖိနှိပ်ချုပ်ကိုင်ထားကြတာများတတ်သည်။

ဝမ်းကွဲအဆက်အနွယ်တစ်ဦးက ဆက်ခံသူထက်ပိုလို့အင်အားကြီးလာလျှင် မိသားစုခေါင်းဆောင်နေရာကို ရယူနိုင်စွမ်းရှိလာပေမည်။ မိသားစုခေါင်းဆောင်တိုင်းဟာ ထိုအခြေအနေမျိုးကို မရရအောင်ရှောင်ရှားတတ်ကြသည်ပင်။

ထို့အပြင် အရင်းအမြစ်များဆိုသည်မှာလည်း အကန့်အသတ်ရှိ၍ ခွဲဝေပေးသည့်အခါတွင် ကိုယ်နှင့်သွေးအနီးဆုံးညီအစ်ကိုကို အများဆုံးရအောင်ပေးရမည်မှာ သဘာဝကျပါပေသည်။

"ကမ်းလှမ်းပေးတာကိုကျေးဇူးတင်ပေမယ့် ငြင်းဆိုပါရစေ ဘယ်လိုကမ်းလှမ်းချက်ပဲလာလာ ကျွန်တော့မိသားစုကိုသစ္စာဖောက်မှာမဟုတ်ပါဘူး"

ဖုန့်ကျန်းဟောင်ကတော့ ယခုရနေသည့်အရင်းအမြစ်များထက် ပိုများသည့်ပမာဏဖြင့်ကမ်းလှမ်းလာလျှင်တောင် ဖုန့်မိသားစုကိုသစ္စာဖောက်ပြီး အခြားမိသားစုကိုပြောင်းရွှေ့ဖို့ စိတ်ကူးမရှိလှပေ။

အခြားမိသားစုများတွင် မိမိတို့မိသားစုလို တန်းတူညီမျှသောဆက်ဆံရေးမျိုးမရှိတတ်ကြောင်း ဖုန့်ကျန်းဟောင်သ‌‌ဘောပေါက်သွားရပြီးနောက် ဖုန့်ချန်းကိုပိုလို့ကျေးဇူးတင်လာရတော့သည်။

ဖုန့်ချန်း၏တရားမျှတမှုနှင့် ညီတူညီမျှဆက်ဆံရေးက မည်သည့်အကြောင်းကြောင့်ဖြစ်စေ ယိမ်းယိုင်သွားခြင်းမရှိဘဲ နောက်မှဝင်ရောက်လာကြသောသူများပင် ဖု့န်အိမ်တော်ကို မိမိဇာတိအိမ်ကဲ့သို့ခင်တွယ်လာကြကာ အဆင်ပြေပြေ ငြိမ်းငြိမ်းချမ်းချမ်း လည်ပတ်လျက်ရှိကြတော့သည်။

ဆေးအမယ်ထောက်ပံ့မှုနှင့် ‌ဆေးလုံးထုတ်လုပ်ရေးမပြတ်လပ်စေရန် ဖုန့်ချန်းသည် ကုန်သည်အချို့နှင့်လည်းဖက်စပ်လက်တွဲထားပြီး ဆက်ဆံရေးအခြေကျအောင် တည်ဆောက်ထားသေးသည်။ ထို့အပြင် သူတို့နှင့်ပူးပေါင်းပြီး ဖုန့်မိသားစု၏ဆေးလုံးများကို ဖြန့်ချိရောင်းချကာ ဈေးကွက်လွှမ်းမိုးမှုကို ပိုလို့တိုးချဲ့လာ၏။

ယန်၊ လျိုနှင့် ကျန်းမိသားစုတို့ထံမှာ သိမ်းယူထားသောလုပ်ငန်းများကိုလည်း ထပ်မံတိုးချဲ့ပြီး ရရှိလာသောအရင်းအမြစ်များကို မိသားစု၏စီးပွားရေးအခြေခိုင်ရန် နေရာတကျအသုံးပြုသည်။ မြူခိုးချိုင့်ဝှမ်းမြို့တော်၏ဈေးကွက်ကို ၇၀ရာခိုင်နှုန်းအထိချုပ်ကိုင်ထားပြီး မြို့တော်တစ်ခုလုံး၏စီးပွားရေးမှာ သူတို့လက်အောက်သို့ တိုး၍သာကျရောက်လျက်ရှိတော့၏။ တော်ဝင်မိသားစု၏သတ်မှတ်ချက်အရ မြို့တော်သခင်မှာ ဝမ်ရိဖန်ဖြစ်သော်ငြား ဖုန့်မိသားစု၏ လွှမ်းမိုးကျော်ကြားမှုကတော့ ဝမ်မိသားစုထက်များစွာသာလွန်နေလေပြီ။

ဤမျှအောင်မြင်နေသော်ငြား ဖုန့်ချန်းကတော့ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင်းမှာပဲ လှုပ်ရှားနေသည်မဟုတ်။ အနီးတစ်ဝိုက်မြို့တော်များ၏ ဈေးကွက်များကိုပါ ထိုးဖောက်ဖို့ ကုန်သည်များနှင့်ပူးပေါင်းကာ ဗျူဟာကျကျချဲ့ထွင်နေသေးသည်။ သူတို့၏လွှမ်းမိုးမှုကို တစ်နေရာတည်းတွင်သာ အခြေချထားလို့မဖြစ်။ ဤသို့ဖြင့် အရှေ့ပိုင်းစီရင်စုတစ်လွှားတွင် ဖုန့်မိသားစု၏တည်ရှိမှုကား ကြီးမားသည်ထက် ကြီးမားလာတော့၏။

All Chapters