အတောင်စုံ၍ အသိုက်ကိုစွန့်ခွာခြင်း
Vol. 12 Ch. 166
ဖုန့်မိသားစုမှာ စီးပွားရေးလုပ်ငန်းတိုးချဲ့ခြင်းတွေသာမက မိသားစုတွင်းဖြစ်ပျက်နေသည့် အခြားအရေးကြီးကိစ္စနှစ်ခုလည်း ရှိနေသေး၏။
ပထမတစ်ခုကတော့ ဖုန့်ကျန်းရှန်တစ်ယောက် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုချိုးဖျက်ရန် ဂူအောင်းကျင့်ကြံတော့မည့်အကြောင်းပင်။
သူက ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်သို့ရောက်လုဆဲဆဲအခြေအနေဖြစ်ပြီး ထိုအဆင့်သို့အရောက်တက်လှမ်းကာ အခြေကျသည့်အခါမှ လေလံပွဲမှာရလာခဲ့သော ဒြပ်စင်အားတိုးဆေးကိုသုံးကာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုတက်လှမ်းရန် စီစဥ်ထားခြင်းဖြစ်သည်။
လချီကြာမြင့်ဦးမှာဖြစ်သော်လည်း ကျင့်ကြံသူများအတွက်တော့ ကြာသည့်အချိန်ဟုမဆိုသာ။
ဖုန့်မိသားစုအတွက် ဖုန့်ချန်းအပြင် အခြားသောဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးရရှိရန် အခွင့်အရေးတစ်ခုဖြစ်၏။
ဖုန့်ကျန်းရှန်သာ အောင်အောင်မြင်မြင်ချိုးဖျက်နိုင်ခဲ့လျှင် ဖုန့်မိသားစုအတွက်တော့ စွမ်းအားပိုမိုကြီးထွားစေဖို့ အထောက်အကူကောင်းတစ်ခုပါပေ။
ဖုန့်ချန်းအပေါ်သာ လုံးလုံးလျားလျားမီခိုနေစရာမလိုတော့ဘဲ ဖုန့်ချန်းမရှိတော့ရင်တောင် အရှေ့ပိုင်းစီရင်စုတစ်ခုလုံးတွင် အင်အားအကြီးဆုံးဟူသောဂုဏ်ပုဒ်ကို ဆက်ထိန်းထားနိုင်ချေရှိလာမည်ဖြစ်သည်။
ဖုန့်ချန်းသည် အခြားမဟာအကြီးအကဲများကိုလည်း ဆေးလုံးများပေးမည်ဟုကတိကဝတ်ပြုကာ ယခုအချိန်အတွင်းမှာ ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်ကို ရောက်အောင်တက်ထားဖို့ တွန်းအားပေးထားလေသည်။
မိသားစုအရေးကိစ္စများကို ကြည့်ကြပ်ပေးရန် အခြားမိသားစုအကြီးအကဲများလည်း ရှိနေသေးသည်ဖြစ်၍ မဟာအကြီးအကဲများအားလုံးသည် ကျင့်ကြံဆင့်တိုးမြှင့်ဖို့အတွက် ဖုန့်ကျန်းရှန်နှင့်အတူ ဂူအောင်းကျင့်ကြံဖို့ဝင်ရောက်သွားကြတော့၏။
နောက်ထပ် အရေးကြီးအဖြစ်အပျက်တစ်ခုကတော့ အေးခဲမြူခိုးဂိုဏ်းထံမှ ကမ်းလှမ်းခံထားရသော ဖုန့်မေနှင့်ဖုန့်ရှောင်ယုတို့၏ ဆုံးဖြတ်ချက်ပင်။
ဖုန့်မေထိုအကြောင်းကို သူမ၏မွေးစားဖခင်အားပြောပြသော် သူမအတွက် တအံ့တသြဖြင့်ပျော်ရွှင်ပေးသော်ငြား လက်ခံဖို့ ဒါမှမဟုတ် ငြင်းဆိုဖို့တော့ တစ်ခုမှမတိုက်တွန်းပေ။
သူမ၏ဘဝတိုးတက်ရေးကို ဂရုမစိုက်ခြင်းမဟုတ်သော်ငြား ဆုံးဖြတ်ချက်ကိုတော့ လွတ်လွတ်လပ်လပ်သာချစေချင်သောကြောင့်ပင်။ ဂိုဏ်းသို့ဝင်ရောက်ခြင်းက သေချာပေါက်အဆင်ပြေမည်ဖြစ်သော်ငြား ဖုန့်မိသားစုကလည်း အရင်လိုမဟုတ်တော့ဘဲ ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်တွေကို သေချာထောက်ပံ့ပေးနိုင်နေပြီဖြစ်၏။
မည်သို့ပင်ဆိုစေ အနာဂတ်တွင်နောင်တမရစေဖို့ရာ ဆုံးဖြတ်ချက်ကိုတော့ သူမစိတ်တိုင်းကျသာချမှတ်စေချင်သည်။
"ဆိုတော့ မင်းတို့နှစ်ယောက်ဆုံးဖြတ်ပြီးကြပြီလား"
ဖုန့်ချန်းမေးလိုက်သည်။ ဖုန့်မေနှင့်ဖုန့်ရှောင်ယုမှာ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီးဟန်ဖြင့် ဖုန့်ချန်းနားသို့ချဥ်းကပ်လာကြသည်။
ဖုန့်ရှောင်ယုကအရင်ပြောလာသည်။ "ကျွန်မကတော့ အေးခဲမြူခိုးဂိုဏ်းကိုဝင်ရောက်ဖို့ ဆုံးဖြတ်ထားပါတယ်" သူမအသံမှာ စိတ်ပိုင်းဖြတ်မှုဖြင့် တိကျပြတ်သားလျက်။ "ဒီဆုံးဖြတ်ချက်က ကျွန်မကိုအသိအမြင်ပိုကျယ်စေဖို့ အထောက်အကူပြုမယ်လို့ယုံကြည်ပါတယ် နောက်ပြီး အေးခဲမြူခိုးဂိုဏ်းက ဒီအတွက် အသင့်တော်ဆုံးရွေးချယ်မှုပါပဲ ကျွန်မဒီ့ထက်ပိုသန်မာချင်ပြီး အနာဂတ်မှာ ဖုန့်မိသားစုကို ဒီ့ထက်ပိုအကူအညီတွေပေးချင်ပါတယ်"
မိမိအသားကျနေသော မိသားစုအိမ်တော်မှထွက်ခွာခြင်းသည် ထင်သလောက်တော့လွယ်ကူမည်မဟုတ်မှန်း ဖုန့်ရှောင်ယုသိပါသည်။ သို့သော် ပိုမိုသန်မာအားကောင်းဖို့ဆိုလျှင် အပြင်လောကကိုခြေလှမ်းကြည့်ဖို့ လိုအပ်သည်မဟုတ်လော။
ဂိုဏ်းအဖွဲ့သားများကြားတွင် သူမလည်းနောက်ကျမကျန်ခဲ့လိုသည်ဖြစ်၍ လောက၏အကောင်းဆုံးဂိုဏ်းဂဏများထဲမှတစ်ခုဖြစ်သော အေးခဲမြူခိုးဂိုဏ်းက သူမကိုကေင်းကောင်းအကူအညီပေးနိုင်ဖို့ မျှော်လင့်ပါသည်။
ဖုန့်ချန်းလည်း တွေးတွေးဆဆဖြင့်ခေါင်းညိတ်လိုက်သည်။ သူမ၏တိုးတက်မြင့်မားလိုစိတ်ကို သူအသိအမှတ်ပြုပါ၏။ ထို့အပြင် အပြင်လောကကြီးအကြောင်းကိုနားလည်ရန် သူတို့အားလုံး တစ်နေ့နေ့မှာတော့ မိသားစုအသိုက်အဝန်းမှထွက်၍ ခြေဆန့်စူးစမ်းရမည်ဖြစ်ကြောင်း သူသိပါသည်။
ဒီတစ်ခုက သူမ၏ပထမဆုံးခြေလှမ်းသာရှိသေးလေသည်။
"ငါနားလည်ပါတယ် အေးခဲမြူခိုးဂိုဏ်းကလည်း စွမ်းအားကြီးဂိုဏ်းတစ်ခုပဲ မင်းကိုအတွေ့အကြုံတွေအများကြီးပေးနိုင်ပါလိမ့်မယ် ဒါပေမယ့် မင်းမှာပြန်လာစရာအိမ်ရှိတာကိုတော့ အမြဲမှတ်ထားပါ"
ဖုန့်မေသည်လည်း တည်ငြိမ်ပြတ်သားစွာဖြင့် ပြောလာသည်။ "ကျွန်မလည်း အေးခဲမြူခိုးဂိုဏ်းကိုဝင်မှာပါ" သူမကြေညာလိုက်သည်။ "ကျွန်မက ရေခဲနတ်သမီးကိုတစ်ချိန်လုံးသဘောကျခဲ့ရပြီး သူ့လိုစွမ်းအားကြီးလာချင်ပါတယ် ရေခဲနတ်သမီးရဲ့လမ်းညွှန်သင်ပြမှုနဲ့ဆိုရင် ကျွန်မကျင့်ကြံဆင့်ကို ဒီ့ထက်တိုးမြှင့်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိပါတယ်"
"နောက်ပြီး ချင်းယွင်မြို့ကအပြန်မှာ ကျွန်မတို့အတွေ့အကြုံသစ်တွေအများကြီးလိုအပ်သေးတာကို သိလိုက်ရပါတယ် ကျင့်ကြံဆင့်တိုးမြှင့်ဖို့ဆိုရင် အသိအမြင်ကျယ်ပြန့်ဖို့လိုပြီး မတူညီတဲ့အတွေ့အကြုံတွေကိုလည်း ရင်ဆိုင်ဖူးရမယ်လို့ထင်ပါတယ်"
ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။
ဖုန့်ချန်းသည် ဖုန့်မေနှင့်ဖုန့်ရှောင်ယုကို နားလည်မှုအပြည်းဖြင့်ကြည့်လိုက်ပြီး နွေးထွေးစွာပြုံးပြလာသည်။
ဒီကလေးနှစ်ယောက်ကို ဘယ်လောက်ကြာအောင်ခွဲခွာရမည်မှန်း မည်သူမှမသိနိုင်ချေ။ ဝမ်းနည်းစရာကောင်းလှသော်လည်း အတောင်များကိုဖြန့်ကျက်ဖို့အတွက် အသိုက်မှစွန့်ခွာရန်လိုအပ်သည်ကို ဖုန့်ချန်းကောင်းကောင်းနားလည်ပါသည်။
"အေးခဲမြူခိုးဂိုဏ်းမှာ မင်းတို့နှစ်ယောက်လုံးအဆင်ပြေလိမ့်မယ်လို့ ငါယုံကြည်ပါတယ်" ဖုန့်ချန်းပြောလိုက်သည်။
"မင်းတို့မှာ စိတ်ပိုင်းဖြတ်မှုလည်းခိုင်မာသလို ဂိုဏ်းချုပ်ရဲ့သင်ပြမှုအောက်မှာလေ့ကျင့်ရမှာမလို့ ဒီ့ထက်ပိုသန်မာလာမှာသေချာပါတယ်"
ဖုန့်ချန်း ဖုန့်မေနှင့်အတူပါလာပြီး စကားဝိုင်းကိုနားထောင်နေသောဖုန့်ယွင်ဘက် လှည့်မေးလိုက်သည်။ "ဖုန့်ယွင် တစ်ခုခုပြောစရာရှိလို့လား"
ဖုန့်ယွင်တစ်ယောက် တွန့်ဆုတ်ဆုတ်ဟန်ဖြင့် မတ်တပ်ရပ်လျက်ရှိသည်မှာ မဟုတ်တာတစ်ခုခုလုပ်ခဲ့သလိုလို ဒါမှမဟုတ် ကျိုးကြောင်းမသင့်သည့်ခွင့်ပြုချက်တစ်ခုခု တောင်းခံတော့မလို ထင်ရလေသည်။
အခိုက်အတန့်မျှ တိတ်ဆိတ်နေပြီးနောက် ဖုန့်ယွင်စကားစလိုက်သည်။
"အစ်ကိုကြီး ကျွန်တော်အပြင်လောကကိုခရီးထွက်ပြီး လေ့ကျင့်မလို့စဥ်းစားထားတယ်" သူကဆက်ပြောသည်။ "ဘယ်အချိန်ပြန်လာနိုင်မလဲတော့ မသေချာဘူး"
ဖုန့်ယွင်သည် တွန့်ဆုတ်ဆုတ်ဖြင့်မေးလိုက်ပြီး သူ့စိတ်ထဲတွင်လည်း ကြိုတင်ပြင်ဆင်လာသောအကြောင်းပြချက်များစွာ ပြေးလွှားလျက်ရှိသည်။ သူ့အစ်ကိုက သူ့တောင်းဆိုချက်ကို ရှင်းပြချက်ကောင်းကောင်းပေးပြီး ငြင်းပယ်လိမ့်မည်ဟုသာ သူထင်လေသည်။ သူ့တောင်းဆိုချက်က ရှေ့နှစ်ယောက်နှင့်ကွဲပြားသည်လေ။ သူတို့နှစ်ယောက်က ထွက်ခွာမည်ဆိုလျှင်တောင်မှ အေးခဲမြူခိုးဂိုဏ်း၏လက်အောက်ဝယ် လုံလုံခြုံခြုံရှိနေကြမည်ဖြစ်၏။
သူကတော့ တစ်ကိုယ်တော်ခရီးထွက်ချင်တာပင်။
"ဒါက ရုတ်တရတ်ဆန်နေမှန်းကျွန်တော်သိပါတယ်" ဖုန့်ယွင်ကမျက်လွှာချလျက် ထပ်ပြောလာသည်။ "ဒါပေမယ့် ကျွန်တော်ဒီ့ထက်ပိုကောင်းကောင်းလေ့ကျင့်ချင်ရင် အိမ်တော်အပြင်ထွက်ပြီး လှည့်လည်စွန့်စားသင့်တယ်လို့ ယုံကြည်ပါတယ်"
ဒီခရီးမှာ သူ့ဆရာသခင်နှင့်တိုင်ပင်ပြင်ဆင်ထားခြင်းပင်။ ခရီးလမ်းတစ်လျှောက်လည်း သူ့ကျင့်ကြံဆင့်ကိုတိုးမြှင့်ပေးနိုင်မည့် ရတနာများစွာ ရှာဖွေတွေ့ရှိဦးမည်ဖြစ်၏။
ဖုန့်အိမ်တော်ပတ်ဝန်းကျင်ကလည်း ကျင့်ကြံဆင့်တိုးမြှင့်ဖို့အတွက်နေရာကောင်းဖြစ်ပေမယ့် လင်းမေယုကိုအနိုင်ယူဖို့အတွက်တော့ မလုံလောက်ပေ။
ထို့ကြောင့် သူ့ဆရာသခင်၏အကြံပြုချက်အတိုင်း လှည့်လည်သွားလာကာ ပိုကြမ်းကြမ်းတမ်းတမ်းလေ့ကျင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
သူစကားခဏရပ်လိုက်ပြီး အတွေးများကိုစုစည်းကာ စကားလုံးရွေးချယ်နေမိသည်။ အစ်ကိုဖြစ်သူက သူ့ကိုတစ်ယောက်တည်းလွှတ်လိုက်ဖို့ရာ စိတ်မချဖြစ်မည်မှန်း သူသိသောကြောင့် သူ့ရည်ရွယ်ချက်အကြောင်းကို သေချာလေးရှင်းပြဖို့လိုအပ်ပေသည်။
"ကျွန်တော်ဒါကိုတွေးနေမိတာ အချိန်တစ်ခုတော့ကြာပါပြီ" ဖုန့်ယွင်က ဖုန့်ချန်းမျက်လုံးများကိုတည့်တည့်ကြည့်ရင်း ပြောလိုက်သည်။
"ဖုန့်အိမ်တော်မှာလည်း ကျွန်တော်ထိထိရောက်ရောက်တိုးတက်ခဲ့တယ်ဆိုပေမယ့် ကန့်သတ်ချက်တစ်ခုရှိနေသလို အမြဲခံစားရပါတယ် အပြင်လောကကြီးက ကျယ်ပြောလှပြီး စွမ်းအားကြီးကျင့်ကြံသူတွေ အများကြီးရှိပါတယ် ပြီးတော့ ဒီလိုလုံခြုံတဲ့ပတ်ဝန်းကျင်မျိုးမှာရှာမတွေ့နိုင်တဲ့ အတွေ့အကြုံမျိုးတွေလည်း ရှိနေပါတယ် ကျွန်တော်လိုချင်တဲ့အမြင့်တစ်နေရာထိရောက်ဖို့က ကန့်သတ်ချက်တွေအားလုံးကို တွန်းလှန်နိုင်မှဖြစ်ပါလိမ့်မယ်...."
ဖုန့်ယွင်က သူအဆင်ပြေပြေဖြစ်မည့်အကြောင်း အန္တရာယ်ရှိတဲ့နေရာတွေကို စွန့်စားပြီးစိန်မခေါ်မည့်အကြောင်းတွေကို ဆက်ပြောပြလိုက်သည်။
သို့ပေမယ့် ဖုန့်ချန်းကတော့ ဖုန့်ယွင်ဘာကြောင့် အိမ်တော်ကထွက်ခွာပြီး အပြင်လောကမှာလေ့ကျင့်ချင်သည့်အကြောင်းကို ခန့်မှန်ထားနိုင်ပြီးဖြစ်တာကြောင့် ရှည်ရှည်ဝေးဝေးရှင်းပြနေစရာ မလိုအပ်ပါပေ။
ထို့အပြင် သူ့ညီကား ထိုဆရာသခင်နှင့်အတူတူရှိနေမည်ဖြစ်သောကြောင့် သေချာပေါက် ဘေးကင်းလုံခြုံပါပေမည်။
"ငါသိပြီ" ဖုန့်ချန်းတည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်သည်။ "ဒါဆို မင်းသွားလို့ရပါတယ် ဒါပေမယ့် မင်းအနောက်မှာဖုန့်မိသားစုရှိနေတာကိုတော့ အမြဲအမှတ်ရပါ"
ဖုန့်ချန်းက မေးခွန်းများများစားစားမမေးဘဲ ချက်ချင်းခွင့်ပြုပေးလိုက်သဖြင့် ဖုန့်ယွင်ပင်အနည်းငယ်အံ့သြသွားရတော့၏။
သူတကယ်လေ့ကျင့်မည့်ပုံစံကိုဖုံးကွယ်ပြီး လှည့်စားရန်သုံးလိုက်သောစကားလုံးတွေက ဤမျှထိရောက်သွားမည်ဟု သူထင်မထားခဲ့ပါချေ။
ထိုသို့ မေးခွန်းသိပ်မထုတ်လိုက်ခြင်းကပင် သူ့အစ်ကိုကား အမှန်တရားကိုတော့ အတိုင်းအတာတစ်ခုထိသိထားပြီးလောက်ပြီဖြစ်ကြောင်း သိသာစေသည်။
ဒီလိုလွယ်လွယ်လေးနှင့်သဘောတူလိုက်ရအောင် သူ့အစ်ကိုက ဘာတွေကိုသိထားပြီး ဘယ်လိုသိသွားမှန်းလည်း သူမသိရပါ။
မည်သို့ပင်ဖြစ်စေ သူ့အစ်ကိုက သူ့ကိုယုံကြည်ပြီး တောင်းဆိုမှုကိုလည်း ခွင့်ပြုပေးခဲ့ပေပြီ။
ထို့အပြင် နောက်ဆုံးပြောလိုက်သည့်စကားသည်ကား သူဘာဒုက္ခတွေပဲကြုံနေပါစေ ဖုန့်မိသားစုကအနောက်မှာအမြဲရှိကြောင်း သတိရဖို့ပင်။
ဖုန့်ယွင်မှာ သူ့အစ်ကိုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိရတော့သည်။
"မစိုးရိမ်ပါနဲ့ ကျွန်တော်သတိရပါမယ်"