နှုတ်ဆက်စကားဆိုပြီး ဘဝစာမျက်နှာသစ်ကိုလျှောက်လှမ်းရတော့မည်
Vol. 12 Ch. 167
ဖုန့်မိသားစုထဲတွင် နောက်ထပ်ရက်အနည်းငယ်လောက်ထိ ဆွေးမြည့်နာကျင်ဖွယ် နှုတ်ဆက်စကားဆိုသံများဖြင့်သာ ပြည့်လွှမ်းနေတော့လေသည်။ မိမိတို့ကိုယ်တိုင်ရွေးချယ်ထားပါသော ဘဝခရီးပေါ်သို့ လျှောက်လှမ်းရတော့မည့် ဖုန့်မေ၊ ဖုန့်ရှောင်ယုနှင့် ဖုန့်ယွင်တို့သုံးယောက်သားကို မိသားစုတစ်ခုလုံး နှုတ်ဆက်ရပေတော့မည်။
ဖုန့်မေနှင့်ဖုန့်ရှောင်ယုကိုမူ အေးခဲမြူခိုးဂိုဏ်းမှအကြီးအကဲများကိုယ်တိုင် တကူးတက လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်၏။ ဤတပည့်မလေးနှစ်ဦးကို သူတို့ဂိုဏ်းမှ ဘယ်လောက်ထိအလေးထားပါကြောင်း ထပ်မံဖော်ပြအတည်ပြုခြင်းပင်။ ရောက်ရှိလာကြသော ဂိုဏ်းကိုယ်စားပြုများမှာ သပ်ရပ်ကျော့ရှင်းသောဝတ်ရုံများကို သေသပ်စွာဝတ်ဆင်ထားပြီး ဖုန့်မိသားစုဝင်များစိတ်ချရစေမည့် အသွင်အပြင်တစ်ခုကို ရနိုင်သလောက်ဖော်ပြထားခဲ့ကြသည်။
တစ်ဖက်တွင်မူ ဖုန့်ယွင်မှာ စီစဥ်ထားသလို တစ်ကိုယ်တော်ခရီးထွက်ဖို့ပြင်ဆင်လေသည်။ ဖုန့်ချန်းလည်း ရက်ရက်ရောရောပင် ကလေးတွေကို ရွေဒင်္ဂါးတစ်သိန်းစီ အသီးသီးထည့်ပေးလိုက်သည်။ အတော်လေးတော့များပြားသော ပမာဏပင်။
သူတို့ဘယ်သောအခါမှပြန်တွေ့ရမည်မှန်းလည်း မသေချာသည်လေ။ ထိုပမာဏကို တစ်နှစ် သို့မဟုတ် နှစ်နှစ်စာမုန့်ဖိုးပဲဖိုးဟု မှတ်ယူနိုင်ပါသည်။
နောက်ပြီး ဖုန့်ချန်း၏လက်ရှိအခြေအနေနှင့်ဆိုလျှင် ထိုပမာဏမှာ မပြောပလောက်သည်သာ။
သူတို့သုံးဦးထွက်ခွာသွားသည်နှင့် ဖုန့်မိသားစုလည်း ပုံမှန်အတိုင်း လည်ပတ်ရပြန်ပါတော့သည်။ ဖုန့်ချန်းသည်လည်း ကလေးများထွက်ခွာသွားသည်ကိုလိုက်ကြည့်ပြီးနောက် သူ့ကျင့်ကြံရေးတွင်သာအာရုံပြန်စိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူက ဝိဉာဥ်သန္ဓေကျင့်ကြံသူများ၏ ကျင့်ကြံဆင့်ကို အထောက်အကူပြုသည်ဆိုသော အဆင့်၆ဆေးလုံးဖြစ်သည့် ဝိဉာဥ်သန္ဓေအစီအရင်ဆေးလုံးကို သောက်သုံးထား၏။
ထိုအဆင့်၆ဆေးလုံးကိုဖော်စပ်ဖို့ ဆေးဆရာကလည်း အဆင့်၆သို့ရောက်နေမှဖြစ်မည်ဖြစ်ရာ မိုးပြာကောင်းကင်အင်ပါယာတွင် လွန်စွာမှတွေ့ရရှားသော ဆေးအမျိုးအစားပင်။
ဖုန့်ချန်းကတော့ ဆေးပညာအရာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည့် ဆေးဘုရင်ကိုရှာဖွေနေစရာမလိုပါ။ သူ့မှာ စနစ်ရှိသည်လေ။
ဆေးလုံး၁၀လုံးပါ ဆေးတစ်ပုလင်းကို စနစ်ရမှတ်ငါးသောင်း ကျသင့်လေသည်။
"ပေးရတာနဲ့တော့ တန်လောက်မှာပါ"
ဖုန့်ချန်းရင်နာနာဖြင့် သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။ သူတို့ပျိုးထောင်ထားသောဆေးဆရာများ ဒီ့ထက်မြန်မြန်တိုးတက်လာကြလျှင်ကောင်းပေမည်။ ဆေးလုံးတွေကိုဝယ်ဖို့အတွက်နှင့် သူ့အဖိုးတန်စနစ်ရမှတ်လေးများကို မဖြုန်းတီးချင်တော့ပါလေ။
ဆေးလုံးရဖို့ တစ်ခုတည်းသောနည်းလမ်းက စနစ်သာဖြစ်နေပါလျှင် စိတ်ဝိဉာဥ်ခွဲထွက်ခြင်းကျင့်ကြံဆင့်ကိုချိုးဖျက်ဖို့အတွက် သူ့စနစ်ရမှတ်တွေ ဘယ်လောက်တောင်ဖြုန်းတီးရဦးမှာပါလိမ့်?
ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ ရွေးချယ်စရာများများစားစားမရှိတာကြောင့် စနစ်ရမှတ်တွေကိုသာသုံးရပေဦးမည်။
ဝိဉာဥ်သန္ဓေအစီအရင်ဆေးလုံးတွေ ဒီလောက်အများကြီးသောက်ပြီးမှတော့ ဖုန့်ချန်းအဆင့်ငယ်တစ်ခုလောက် ချိုးဖျက်နိုင်ချင်သည်။
ကောင်းကင်ကန့်လန့်ကာအစီအရင်၏ နှစ်ဆသောမြန်နှုန်းနှင့် ကြယ်ရောင်စဥ်တန်းလည်ဆွဲ၏အကူအညီဖြင့် သူတစ်လနှစ်လအတွင်း ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
"လုပ်လိုက်ကြသေးတာပေါ့"
********
ဖုန့်ချန်းနှင့် မဟာအကြီးအကဲများအားလုံး ဂူအောင်းကျင့်ကြံရေးဝင်နေကြသောကြောင့် မိသားစုတာဝန်အများစုမှာ အကြီးအကဲဝေ့၏လက်ထဲသို့သာ ပုံကျလာချေတော့၏။
သို့သော်ငြား အကြီးအကဲဝေ့မှာ အလုပ်တာဝန်အားလုံးကိုပျော်ပျော်ကြီးလက်ခံလိုက်ပါသည်။ မိသားစုမှာ အရင်ကလိုငွေရေးကြေးရေးအကြပ်အတည်းမရှိတော့သောကြောင့် သူ့တာဝန်ဆိုသည်မှာလည်း ပြဿနာကြီးကြီးမားမားမရှိဘဲ ချောမွေ့စွာလည်ပတ်နေသော လုပ်ငန်းများကို လိုက်လံကြီးကြပ်ပေးရုံသာပင်။
လွယ်ကူသည်ဆိုသော်လည်း သူပေါ့ပေါ့ဆဆတော့မလုပ်ရဲပါ။ အရာအားလုံး ပြည့်ပြည့်စုံစုံလည်ပတ်နေကြောင်း သေချာစစ်ဆေးလေ့လာပြီး အလုပ်သမားများအချောင်မခိုဖို့ကိုလည်း သေချာစောင့်ကြည့်ရသေးသည်။
ဖုန့်ချန်းက မိသားစုကို စည်းမျဥ်းစည်းကမ်းတွေအများကြီးနဲ့ ထိန်းသိမ်းထားတတ်သောသူမဟုတ်။ သို့သော် အကြမ်းတမ်းဆုံးပြစ်ဒဏ်ကိုကျခံရမည့် ပြစ်မှုမှာတော့ အဂတိလိုက်စားမှုပင်။
မိသားစုတွင်း အဂတိလိုက်စားမှုကို တစ်ခါမှတော့မကြုံဖူးသေးပေ။ သို့ပေမယ့်ဖုန့်ချန်းကတော့ အစောကတည်းကရှင်းလင်းအောင်ချမှတ်ထားလိုက်သည်။ အဂတိလိုက်စားသောသူသည် ကျင့်ကြံဆင့်များအားလုံး ဖျက်ဆီးခံရပြီး မိသားစုမှလည်း အပြီးတိုင်နှင်ထုတ်ခံရပေမည်။
အဂတိလိုက်စားမှုဆိုသည်မှာ သစ္စာဖောက်ခြင်းနှင့်အလားတူသည်ဟု ဖုန့်ချန်းကအခိုင်အမာယုံကြည်သည်။ အဂတိလိုက်စားသူကို သစ္စာဖောက်ဟုသာသဘောထားပြီး မညှာမတာဆက်ဆံသင့်ပေသည်။
မိသားစု၏ လက်ရှိကြွယ်ဝလာသောအခြေအနေအရ အကြီးအကဲဝေ့မှာ မိသားစုဝင်ငွေကို တစ်ယောက်မှအလွဲသုံးစားလုပ်မနေစေဖို့ အထူဂရုပြုစစ်ဆေးစောင့်ကြည့်ရတော့၏။
အကြီးအကဲဝေ့၏တာဝန်မှာ ဤမျှနှင့်မပြီးသေး၊ ဖုန့်မိသားစု၏အောင်ပွဲကို ဂုဏ်ပြုချီးမြှောက်ရန် လက်ဆောင်တစ်ပွေ့တစ်ပိုက်နှင့်ရောက်လာကြသော မိသားစုခေါင်းဆောင်များကိုလည်း ကြိုဆိုတွေ့ဆုံရပေဦးမည်။
အလုပ်တွေပိုရှုပ်လာသည်မှလွဲ၍ ဖုန့်မိသားစုကတော့ တစ်ရက်ပြီးတစ်ရက် ပိုလို့သာအင်အားကြီးမားလာတော့သည်။ မျိုးဆက်သစ်လူငယ်လေးများမှာလည်း အားလုံးနီးပါး အခြေတည်ထောက်ခြင်းအဆင့်သို့ရောက်ရှိပြီးကြပြီဖြစ်ပြီး အချို့ကမူ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ပင် တက်လှမ်းနိုင်ကြပြီးလေပြီ။
လူကြီးပိုင်းများကလည်း လူငယ်များနည်းတူ လုံ့လဝီရိယစိုက်ထုတ်ကြိုးစားကြပါပေသည်။ မိသားစုအရေးကိစ္စများတွင် တာဝန်မယူရသောလူကြီးများမှာ ကျင့်ကြံရေးတွင်သာအာရုံစိုက်ထားကြပြီး အကြီးအကဲဝေ့တို့မျိုးဆက်မှ ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူနှစ်ဦး ထပ်မံပေါ်ထွက်လာတော့သည်။ ထိုအထဲမှတစ်ဦးမှာ အကြီးအကဲဝေ့ကိုယ်တိုင်ပင်။
ဖုန့်မိသားစုတွင်းတွင် နှစ်လဆိုသည့်အချိန်မှာ လျင်မြန်စွာရွေ့လျားကုန်ဆုံးသွားတော့သည်။ မိသားစုဝင်များမှာ ၎င်းတို့၏စွမ်းရည်များပိုမိုထက်မြက်ပြီး ကျင့်ကြံဆင့်တိုးမြှင့်နိုင်ဖို့ကို ဦးစားပေးအားထုတ်နေကြရာ နေ့စဥ်မပြတ် ဖြည်းဖြည်းမှန်မှန်တိုးတက်လျက်ရှိကြ၏။
မိသားစု၏စီးပွားရေးလုပ်ငန်းများမှာလည်း အဆက်မပြတ်တိုးပွားလို့နေသည်။ မျိုးဆက်သစ်လူငယ်လေးများမှာလည်း သိသိသာသာ တိုးတက်လာနေကြသည်။ ဖုန့်မိသားစုတစ်ခုလုံး၏ စာမျက်နှာအသစ်လှန်လိုက်သလို ပြောင်းလဲသွားသောအင်အားမှာ ဘေးပတ်ဝန်းကျင်မိသားစုများ၏နှုတ်ဖျားတွင် ချီးမွမ်းအတုယူဖွယ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လို့နေ၏။
ကလစ်
တတိယမြောက်လ၏ ပထမဆုံးနေ့ မနက်စောစောအချိန်တွင် ဖုန့်ချန်း၏ သီးသန့်ကျင့်ကြံရေးဂူတံခါးက ကလစ်ခနဲအသံမြည်ကာ ဖြည်းညင်းစွာပွင့်ဟလာတော့သည်။
စွမ်းအင်လှိုင်းလုံးကြီးတစ်ခုသည် တံခါးအဟကြားမှတိုးထွက်ပျံ့နှံ့လို့သွားသည်။ ဝိဉာဥ်စွမ်းအင်များ၏ ဖိအားလှိုင်းများမှာ ဖုန့်အိမ်တော်တစ်ခုလုံးသို့ ဟုန်းခနဲဖြာထွက်သွားတော့၏။ အနီးတစ်ဝိုက်ရှိ အိမ်တော်အကြီးအကဲများမှာ မသိစိတ်အရ စွမ်းအင်များပြေးထွက်လာသောနေရာသို့ ဦးတည်လှည့်ကြည့်မိကြပြီး နှလုံးခုန်နှုန်းများလည်း မြင့်တက်လို့လာတော့၏။ လုံးဝကိုမှားနိုင်စရာမရှိသော အိမ်တော်သခင်၏စွမ်းအင်များပါပေ။ သူတို့မျှော်မှန်းထားသည်ထက် ပိုလို့အင်အားကြီးမားလာပြန်ပုံပေါ်လေသည်။
"စနစ် ငါ့အချက်အလက်တွေတင်ပြစမ်း"
ဖုန့်ချန်းစနစ်ကိုအမြန်ပြောလိုက်သည်။
သူမျက်လုံးရှေ့တွင် အလင်းမျက်နှာပြင်တစ်ခုပေါ်လာပြီး သူ့ကျင့်ကြံဆင့်၏အသေးစိတ်အချက်အလက်များကို တင်ပြလေတော့သည်။
**********************
[ပိုင်ရှင်၏ အချက်အလက်များ]
ပိုင်ရှင် - ဖုန့်ချန်း
အသက် - ၃၀
ကျင့်ကြံဆင့် - ဝိဉာဥ်သန္ဓေအဆင့် (အလယ်အလတ်)
ဓားသိုင်းကျင့်စဥ်များ - ဝိဉာဥ်ခွဲဖြာခုတ်ချက် (သူတော်စင်အဆင့်မြင့်ကျင့်စဥ်)၊ သူတော်စင်မိုးကြိုးခန္ဓာ (သူတော်စင်အလယ်အလတ်ဆင့်ကျင့်စဥ်)၊ ကောင်းကင်အင်ပါယာဓားသိုင်း (ကောင်းကင်အဆင့်မြင့်ကျင့်စဥ်)၊ မြေကမ္ဘာဖြိုခွဲလက်ဝါးသိုင်း (မြေကမ္ဘာအလယ်အလတ်ဆင့်)၊ အလင်းဓားသိုင်း (သေမျိုးအဆင့်မြင့်ကျင့်စဥ်)၊ သံမဏိလက်သီး (သေမျိုးအလယ်အလတ်ဆင့်)
စနစ်ရမှတ် - ၂၅၀,၀၀၀
****************************
ဟူး
ဝိဉာဥ်သန္ဓေအလယ်အလတ်ဆင့်ထိတော့ တက်လှမ်းနိုင်သွားလေပြီ။ သို့သော် သူအနည်းငယ်တော့စိတ်ပျက်မိသည်သာ။ ဝိဉာဥ်သန္ဓေနှောင်းပိုင်းအဆင့်ထိ သူချိုးဖျက်ဖို့စိတ်ကူးထားပေသည့် ကပ်သီးလေးကျရှုံးသွားရလေသည်။
မည်သို့ပင်ဖြစ်စေ ဝိဉာဥ်သန္ဓေအလယ်အလတ်ဆင့်သည်လည်း လုံလောက်ပြီဟုဆိုနိုင်သော အနေအထားပါပေ။
သို့သော် အဆင့်ငယ်နောက်တစ်ခုအထိ တက်လှမ်းနိုင်လုနီးနီးဖြစ်ခဲ့သောအခြေအနေကြောင့် လွဲချော်သွားရခြင်းအပေါ် အနည်းငယ်တော့စိတ်ပျက်မိလေသည်။
စာမေးပွဲတွင် မျှော်မှန်းထားသည်ထက်ပိုလုပ်နိုင်ခဲ့ကာ ၇၉မှတ်အထိရခဲ့ပါသော်ငြား ဂုဏ်ထူးမှတ်၈၀ကိုရဖို့ တစ်မှတ်လေးကပ်ပြုတ်သွားရခြင်းကြောင့် မချင့်မရဲဖြစ်ရသည့်ခံစားချက်မျိုးပင်။
"ဒီမှော်ရတနာက ငါထင်ထားတာထက်ပိုအသုံးဝင်တာပဲ"
ကြယ်ရောင်စဥ်တန်းလည်ဆွဲကိုကြည့်ရင်း ဖုန့်ချန်းရေရွတ်မိသည်။ ကောင်းကင်ကန့်လန့်ကာအစီအရင်နှင့်တွဲအသုံးပြုရာတွင် သူမျှော်မှန်းထားသလို ၃ဆလောက်ထိအမြန်နှုန်းမတက်နိုင်သော်ငြား နှစ်ဆခွဲလောက်ထိတော့အရှိန်တက်လေရာ အလွန်အသုံးဝင်သည်ဟုဆိုရမည့်အနေအထားပင်။
သုံးဆသာမြန်လျှင် ဖုန့်ချန်းမျှော်မှန်းထားသလို ဝိဉာဥ်သန္ဓေနှောင်းပိုင်းအဆင့်ထိ တက်နိုင်မည့်ပုံပင်။
"တူလေးရေ ပြန်လည်ကြိုဆိုပါတယ် အဆင့်ချိုးဖျက်နိုင်သွားတာကိုလည်းဂုဏ်ပြုပါတယ်ကွာ" အကြီးအကဲဝေ့က ဝမ်းသာလုံးဆို့နေသောအသံဖြင့် လာရောက်ဂုဏ်ပြုလေသည်။ ဖုန့်ချန်း၏လက်ရှိအဆင့်ကို သူမခန့်မှန်းနိုင်သော်ငြား ခံစားရသောအရှိန်အဝါအရ အရင်ထက်ပို၍စွမ်းအားကြီးလာသည်မှာအမှန်ပင်။
ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပါ အကြီးအကဲဝေ့ ကျွန်တော်မရှိတုန်း မိသားစုတွင်းအဆင်ပြေပြေရှိနေရဲ့လား"
"အားလုံးအဆင်ပြေတယ်တူလေးရေ ကလေးတွေလည်းကျင့်ကြံဆင့်တွေအမြန်တက်နေကြပြီး စီးပွားရေးတွေလည်း အကျကိုမရှိဘူး ထူးထူးထွေထွေတင်ပြစရာကိစ္စကိုရှိမနေတာ" အကြီးအကဲဝေ့က တက်ကြွစွာပြောပြလာသည်။
"ကောင်းတယ်" ဖုန့်ချန်းလည်းကျေနပ်စွာမှတ်ချက်ပြုသည်။
"ကျွန်တော်အာရုံစိုက်ဖို့လိုတဲ့ကိစ္စရော ရှိသေးလား" ဖုန့်ချန်းမေးလိုက်သည်။
"တကယ်တော့ ငါ့တူရယ်" အကြီးအကဲဝေ့ကတွေးတွေးဆဆဖြင့်ပြောလာသည်။ "မင်းအာရုံစိုက်ရလောက်မယ့်ကိစ္စတစ်ခု ရှိနေတယ်ကွ"
ဖုန့်ချန်းမျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ "ဘာများပါလိမ့်"
"ကျူးမိသားစုခေါင်းဆောင်က အသက်၇၀ပြည့်မွေးနေ့ပွဲကျင်းပမှာ တူလေးကိုဖိတ်ကြားထားတယ်"