← Chapters

ကျူးရှန့်ရှန်းရဲ့ မွေးနေ့ပွဲ

Vol. 12 Ch. 168

ကျူးရှန့်ရှန်းရဲ့ မွေးနေ့ပွဲ

Vol. 12 Ch. 168

"ကျူးမိသားစု...အင်း"

ကျူးမိသားစုသည် ရှန်းလုံမြို့တော်တွင် အင်အားအကြီးဆုံး မိသားစုကြီးများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ဖုန့်မိသားစုဒီလိုမကြီးပွားခင်က အဆင့်တူတူလောက်ရှိသည့်အနေအထားပင်။

သူတို့မိသားစု၏ အသန်မာဆုံးကျင့်ကြံသူမှာ ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ထိုသူမှာ လက်ရှိကျူးမိသားစုခေါင်းဆောင်လည်းဖြစ်၏။

ဖုန့်မိသားစု၏ လက်ရှိအနေအထားနှင့်ဆိုလျှင် ထိုသို့အင်အားအဆင့်သာရှိသည့်မိသားစုလေး၏ဖိတ်ကြားမှုကို မဖြစ်မနေလက်ခံစရာမလိုပေ။

သို့သော် ဖုန့်မိသားစုနှင့်ကျူးမိသားစုကြားတွင် ဆက်နွယ်မှုရှိနေသေးသည့်အတွက် အကြီးအကဲဝေ့က ဖုန့်ချန်းကို တကူးတကအသိပေးရခြင်းဖြစ်သည်။

"အစ်မကျင်းရှို့တစ်ယောက်ရော ဘယ်လိုနေလဲမသိဘူး"

အစ်မကျင်းရှို့ဆိုသည်မှာ ဖုန့်ချန်းနှင့်အတော်လေးရင်းနှီးခဲ့သည့် အစ်မဝမ်းကွဲတစ်ဦးဖြစ်ပြီး လက်ထပ်ပြီးနောက် ကျူးမိသားစုထံသို့ ပြောင်းရွှေ့သွားခဲ့တာဖြစ်သည်။

ဖုန့်ချန်းတွင် အစ်မရင်းတစ်ယောက်မှမရှိသော်ငြား ဝမ်းကွဲအစ်မဖုန့်ကျင်းရှို့ရှိနေခဲ့သောကြောင့် သူ့အနေနှင့် နောက်ထပ်အစ်မတစ်ယောက် မလိုအပ်ခဲ့သည်အထိပင်။

"အရင်လကတော့ သူမကောင်းကောင်းနေထိုင်နေပါတယ်ဆိုတဲ့ စာတစ်စောင်ရပါသေးတယ်"

အကြီးအကဲဝေ့ကဖြေဆိုလိုက်သည်။

အကြီးအကဲဝေ့မှာ ဖုန့်ကျင်းရှို့၏အဖေဖြစ်သောကြောင့် ကျူးမိသားစုနှင့် ခမည်းခမက်တော်စပ်သည်ပင်။

သူက ဖုန့်ကျင်းရှို့အဖေဆိုပေမယ့် ဒီလိုမိသားစုအဆက်အနွယ်တွေကြောင့် ဖုန့်ချန်းကိုဒီအကြောင်းတင်ပြရခြင်းမဟုတ်ပေ။

တစ်ဖက်က သူ့သမီးရင်းဖြစ်နေသော်ငြား သူမဘက်ကတောင်းဆိုလာလျှင်တောင် ဖုန့်ချန်းသိစရာမလိုဟုသူထင်လျှင် ဖုန့်ချန်းကိုအသိပေးနေမည်မဟုတ်ပါ။

ဖုန့်ချန်းက မိသားစုဝင်တွေကြားကဆက်ဆံရေးကို တန်ဖိုးထားတတ်ပြီး သူ့သမီးနှင့်လည်း ဘယ်လောက်ရင်းနှီးခဲ့မှန်း သူသိ၍သာ ဒီလိုအကြောင်းကြားရခြင်းဖြစ်ပေသည်။

ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။

ကျူးမိသားစုအကြောင်းကို သူအစောကတည်းကစုံစမ်းထားပြီးသားဖြစ်ပြီး တစ်ဖက်မိသားစုဝင်များမှာလူကောင်းများဖြစ်ကြောင်း၊ ဖုန့်ကျင်းရှို့ကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံကြောင်း သူကြားသိခဲ့ရပြီးဖြစ်၏။

တစ်ခုခုမူမမှန်တာများကြားမိလျှင်တော့ ထိုကျူးမိသားစုကို အမြစ်မှဆွဲလှန်ပစ်မည်မလွဲပါချေ။

"ဒါပေမယ့် အရင်ကဒီလိုတစ်ခါမှမဖိတ်ကြားဖူးပါဘူး ဖြစ်နိုင်တာက သူတို့လက်ရှိအခက်အခဲကြုံနေရလို့များ ဖုန့်မိသားစုဂုဏ်သတင်းကို အသုံးချချင်တာလား"

အကြီးအကဲဝေ့က သူ့အတွေးကို ပွင့်ပွင့်လင်းလင်းပင်ပြောပြလိုက်သည်။

"အင်း....."

ဖုန့်ချန်းခဏလောက် စဥ်းစားခန်းဝင်သွားရသည်။

အကြီးအကဲဝေ့မှာ ကျင်းရှို့၏ဖခင်ဖြစ်သဖြင့် ကျူးမိသားစုပွဲအချို့ကို ဖိတ်ကြားခြင်းခံရတတ်သော်လည်း သူ့ကိုတော့တစ်ခါမှမဖိတ်ဖူးသည်အမှန်ပေ။

အကြီးအကဲဝေ့ပြောသလို သူတို့အခက်ကြုံနေ၍ ဖုန့်မိသားစု၏မြင့်တက်လာသောဂုဏ်သတင်းကို အကာအကွယ်ယူချင်သောကြောင့်ပေလား?

မည်သို့ပင်ဖြစ်စေ ဖုန့်ချန်းတက်ရောက်ဖို့ဆုံးဖြတ်လိုက်လေသည်။

ဖုန့်ကျင်းရှို့ကို မတွေ့မမြင်ရသည်မှာလည်း နှစ်အတော်ကြာလေပြီ။ နောက်ပြီး ကျူးမိသားစုဒုက္ခရောက်နေသည်ဆိုလျှင် ကျင်းရှို့ကိုပါ သက်ရောက်ပေလိမ့်မည်။

ဖုန့်ကျင်းရှို့ဒုက္ခရောက်နေသည်ကိုတော့ သူမျက်နှာလွှဲခဲပစ်မလုပ်နိုင်ပါ။

"ဖိတ်ကြားချက်ကိုလက်ခံလိုက်ပါ ကျွန်တော်လည်းလုပ်စရာမည်မည်ရရရှိသေးတာမဟုတ်ဘူး ကျူးမိသားစုခေါင်းဆောင်ရဲ့မွေးနေ့က ဘယ်တော့လဲ"

ဖုန့်ချန်းမေးလိုက်သည်။

"နောက်ဆယ်ရက်နေမှပါ"

"ဟုတ်ပြီ ဒါဆိုရင်ကျူးမိသားစုအတွက် လက်ဆောင်တစ်ခုပြင်ဆင်ပေးထားပါဦး"

***

ရှန်းလုံမြို့တော်၏ စွမ်းအားကြီးမိသားစုကြီးများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်နှင့်အညီ ကျူးမိသားစုခေါင်းဆောင်၏ မွေးနေ့ပွဲအခမ်းအနားမှာလည်း ခမ်းနားတောက်ပလှလေသည်။

ဧည့်သည်တော်များမှာလည်း သပ်ရပ်ကျော့မော့စွာဝတ်စားလာကြသည်။ မြို့တော်တစ်လွှားက မိသားစုကြီးများ၊ ကုန်သည်ပွဲစားများ၊ ပညာတော်သင်များနှင့် ဂုဏ်သရေရှိလူကြီးမင်းများ စသည်ဖြင့် စည်ကားလှသည်ပင်။

ခြံဝန်းတစ်ခုလုံးမှာ အလှဆင်ထားသောအဆောင်အယောင်များစွာဖြင့် ပြည့်နှက်လို့ရှိသည်။ ရွှေရောင်နှင့်အနီရောင် ပိုးသားအလံများ၊ လမ်းတစ်လျှောက်ခင်းကျင်းထားသောကော်ဇောနီများ၊ အစားအသောက်အပြည့်တည်ခင်းထားသော စားပွဲများ စသည်ဖြင့်။

မွေးနေ့ပွဲရှင် ကျူးရှန့်ရှန်းကမူ လူစုလူဝေး၏အလယ်တွင် မိသားစုဝင်များနှင့် အရင်းနှီးဆုံးမိတ်ဆွေမျာခြံရံလျက် ရှိသည်။

ကျူးမိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် သူကဒီညနေခင်း၏ဇာတ်လိုက်ပင်။ သူ၏တည်ရှိမှုက အရောင်အဝါများဖြာထွက်နေသလို သြဇာညောင်းလှသည့်ပုံပေါ်၏။

သူ့ရယ်သံကို ရံဖန်ရံခါကြားရတတ်ပြီး မွေးနေ့ပွဲတွင်ပျော်ရွှင်ကျေနပ်နေဟန်ပေါ်ပေသည့် မျက်လုံးများကတော့ တစ်ခုခုကိုအလေးအနက်ထားနေသည့်ပုံပင်။ စပ်စုတတ်သော ဧည့်သည်တော်တစ်ချို့သာ အရိပ်အကဲဖမ်းမိနိုင်လောက်ပေမည်။

ကျူးမိသားစု၏စီးပွားရေးကို လွန်ခဲ့သောလအနည်းငယ်ခန့်က ပြိုင်ဘက်မိသားစုများလုယူလိုက်ကြ၍ သူတို့ဈေးကွက်တန်ဖိုးမှ ကျသည်ထက်ကျလို့နေပြီး အခက်ကြုံနေရသည်ကို လူတိုင်းသိကြပါသည်။

ဧည့်သည်တော်များမှာ ပြုံးရွှင်စွာစကားစမြည်ပြောရင်း အလိုက်သင့်နေနေကြပေမယ့် ကျူးမိသားစု၏ ပြိုကျပျက်စီးရန် တဲတဲလေးသာကျန်တော့သောအခြေအနေကို သတိပြုမိကြပါသည်။

ဘယ်လိုပင် ကောင်းမွန်သောအစားအသောက် အဆင့်မြင့်သောတန်ဆာပလာများဖြင့် ဆင်ယင်ခင်းကျင်းလို့ထားထား ယခင်တစ်ချိန်က ကြွယ်ဝမှုအငွေ့အသက်မှာလွင့်ပျယ်လို့နေကြောင်း ခံစားလို့ရနိုင်ပြီး ကျဥ်းထဲကျပ်ထဲရောက်နေသောအခြေအနေကို ဖုံးကွယ်ထားလို့မရတော့ပေ။

သိပ်သည်းသောခြေသံများ ဝင်ပေါက်သို့နီးကပ်လာသော် ခပ်တိုးတိုးစကားဝိုင်းဖွဲ့သံများပါ လျော့ကျလို့သွား၏။

အစိမ်းပုပ်နှင့် ရွှေရောင်ရောသော ဝတ်ရုံများကို ဆင်မြန်းထားသည့် အဖွဲ့ငယ်တစ်ဖွဲ့က ခြံဝန်းအတွင်းသို့ လှမ်းဝင်လို့လာသည်။ ထိုသူများမှာ ကျူးမိသားစု၏ ရှန်းလုံမြို့တော်တွင်းက ပြိုင်ဘက်များထဲမှ တစ်ဖွဲ့ဖြစ်သည့် ဝူမိသားစုဝင်များပင်။ လူအုပ်လည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရ၏။

ဝူမိသားစုမှာ ကျူးမိသားစု၏ပိုင်နက်ကို လအတော်ကြာထိပါးနေခဲ့တာဖြစ်ပြီး ဈေးကွက်ရှယ်ယာများကို ဖြည်းဖြည်းချင်းခိုးယူနေခဲ့တာဖြစ်သည်။ တစ်ခေါက်တွင် ကျူးမိသားစုမှာအတော်အထိနာသွားပုံရပြီး ဟန်မပျက်အောင် မနည်းထိန်းနေရသည့်အခြေအနေရောက်သွားရတော့၏။

ဝူမိသားစုမှ ရုတ်တရတ်ကြီးအသာစီးရလာသည့်အကြောင်းရင်းမှာ တတိယမင်းသား၏ပံ့ပိုးမှုကြောင့်ပင်။

ဝူမိသားစု၏နောက်ခံကို သိလိုက်ကြသောလူအများစုမှာလည်း တတိယမင်းသားရန်ကိုကြောက်သောကြောင့် ကျူးမိသားစုနှင့်လက်တွဲဖြုတ်ကာ ဝူမိသားစုနှင့်သာ သွား‌ရောက်ပူးပေါင်းကြလေတော့သည်။

ကျူးမိသားစုမှာလည်း စိတ်ထဲမှကြုံးဝါးရုံကလွဲပြီး ဘာမှတတ်နိုင်သည်မဟုတ်ချေ။

ဝူမိသားစုက မင်းသားတစ်ပါးနှင့် ဤသို့ပူးပေါင်းသွားလိမ့်မည်ဟု ဘယ်သူကကြိုမှန်းထားနိုင်ပါ့မည်နည်း?

တတိယမင်းသားကိုဆန့်ကျင်ဖို့ဆိုသည်မှာ သူတို့အတွက်တော့ အိပ်မက်မက်နေရုံသာဖြစ်နိုင်သောကြောင့် ဝူမိသားစုကိုတန်ပြန်ရင်ဆိုင်ဖို့လည်း မရဲဝံ့ကြတော့ပါပေ။

ဝင်ရောက်လာသောအုပ်စု၏ထိပ်ဆုံးတွင် ရပ်နေသူကား ဝူမိသားစု၏ ရည်မှန်းချက်ကြီးမားသောခေါင်းဆောင် ဝူကျန်းပင်။

ထိုသူက စူးရှသောအကြည့်ဖြင့် လူအများကိုအညံ့ခံလာနိုင်စေသည့်အပြုံးမျိုးရှိသည်။ လူရင်းများဆိုလျှင်တော့ သူ့မျက်လုံးတွင်းမှာဖုံးကွယ်ထားသည့် နတ်ဆိုးဆန်ဆန်အရိပ်အယောင်တို့ကို မြင်တွေ့နိုင်ပေမည်။

သူကအနားသို့ချဥ်းကပ်လာပြီး စကားဝိုင်းများကိုတိတ်ကျသွားစေလောက်မည့်အသံမျိုးဖြင့် ခြံဝန်းတစ်ခုလုံးကြားအောင် အော်ပြောလိုက်သည်။

"အာ ကျူးရှန့်ရှန်းရေ အချိန်တွေများအကုန်မြန်လိုက်တာနော် နောက်တစ်နှစ်ရောက်ပြန်တော့ နောက်မွေးနေ့ပွဲတစ်ခုပေါ့ ဂုဏ်ပြုပါတယ်ကွာ"

ဝူကျန်း၏စကားလုံးများကာ မသိလျှင် ချိုသာဝေဆာနေလျက်။ နားထောင်တတ်ပါက ထိုစကားများကြားမှ လှောင်ရယ်ချင်ဟန်အငွေ့အသက်ကို ဖမ်းဆုပ်နိုင်ပေမည်။

ကျူးရှန့်ရှန်းသည် အပြုံးတစ်ခုကိုရအောင်ထိန်းသိမ်းထားပေသည့် မျက်လုံးများမှတစ်စွန်းတစ်စထွက်ပေါ်နေသော တင်းမာမှုကိုတော့ မဖုံးကွယ်နိုင်ခဲ့ပါပေ။

သူအရှေ့သို့တိုးကာ တည်ငြိမ်အေးစက်သောအသံဖြင့် ဝူကျန်းကိုနှုတ်ဆက်လိုက်သည်။

"ကျေးဇူးပါဝူကျန်း‌ရေ ငါ့မွေးနေ့ပွဲကိုအရောက်လာပေးတာ တကယ်ကျေးဇူးပါပဲ မင်းရောက်လာမှပွဲစည်တော့တယ်"

ကျူးရှန့်ရှန်းက အလိုက်သင့်ပင် ယဥ်ကျေးစွာတုံ့ပြန်လိုက်သည်။

ဝူကျန်း၏အပြုံးမှာလည်း ပိုလို့ရွှင်မြူးလာဟန်ပင်။

"ဈေးကွက်ထဲမှာ ခက်ခဲနေတယ်ကြားမိတာကို အခုကြည့်ရတာတော့ ကျူးမိသားစုကအဆင်ပြေနေတဲ့ပုံပါပဲ ဒါမှမဟုတ် တစ်ခုခုအပြောင်းအလဲလေးလုပ်ကြည့်ရင်ရော ငါတို့ဝူမိသားစုလက်အောက်မှာအလုပ်လုပ်မယ်ဆိုရင်တော့ မွဲမသွားလောက်အောင် ထိန်းထားနိုင်လောက်မယ့်ပုံပါပဲ"

ကျူးရှန့်ရှန်းက လက်ထဲမှသေရည်ခွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်။ မျက်နှာထားမှာတော့ တည်ငြိမ်လျက်သာ။

"ဈေးကွက်ထဲမှာအကျပ်ရိုက်နေရင်တောင်မှ ကျူးမိသားစုကအင်အားကောင်းတုန်းပါပဲ ဝူကျန်းရာ"

"ဒီလိုထိပ်ဆုံးကိုတက်မလာနိုင်ခင်တုန်းကလည်း စိန်ခေါ်မှုအမျိုးမျိုးကြုံတွေ့ခဲ့ရဖူးတာပါပဲ"

ဝူကျန်းက အေးစက်စက်ဖြင့် ရယ်သွမ်းသွေးသည်။

"ဒါပေါ့ကွာ ဒီတစ်ခေါက်မှာလည်း ဦးပြန်မော့နိုင်ဖို့မျှော်လင့်ပါတယ်"

ထို့နောက် ဝူကျန်းပြန်လှည့်ထွက်သွားတော့သည်။ သူ့စကားလုံးများမှာ စိန်ခေါ်သံများကဲ့သို့ လေထုထဲတွင်ဝေ့ဝဲကျန်ရစ်လျက်။

သူ့အဖွဲ့သည်လည်း အနောက်မှလိုက်ပါသွားကြပြီး ခြံဝန်းထောင့်တစ်နေရာတွင် အများနှင့်ရောနှောစကားဝိုင်းဖွဲ့လို့နေတော့၏။

ဝူမိသားစုအား ပါးလျက်နားလျက်လုပ်ချင်သောသူ အတော်များသားပင်။

"ဒီကောင်ဝူကျန်း ကျွန်တော်တို့အိမ်တော်ထဲမှာကို ဘယ်လိုလုပ်ဒီလောက် စည်းလွတ်ဝါးလွတ်ရိုင်းစိုင်းနေရဲတာလဲ"

ကျူးရှန့်ရှန်း၏သားဖြစ်သူ ကျူးကျိရန်က ဒေါသတကြီးဖြင့်ပြောလာသည်။

"ငါတို့လုပ်နိုင်တာလည်း ဘာမှမရှိဘူးလေ သူတို့ဘက်မှာတတိယမင်းသားရှိနေတာပဲ"

ကျူးရှန့်ရှန်းက ခပ်ပျော့ပျော့ဖြင့်သာ ပြန်ပြောလိုက်သည်။

"ချီးပဲ"

ကျူးကျိရန်မှာ စိတ်တိုတိုဖြင်ဆဲလိုက်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတော့သည်။ ကျူးမိသားစု၏လက်ရှိအနေအထားမှာ အတော်လေးမရေမရာဖြစ်လို့နေလေပြီ။ ဝူကျန်းကတောင် ဒီလိုပြောင်ပြောင်တင်းတင်းစော်ကားနိုင်နေပြီဆိုမှတော့ သူတို့မိသားစု ဘယ်လောက်အားနည်းနေပြီလည်းဆိုတာ မြင်သာပါလေသည်။

ကျူရှန့်ရှန်းသည်လည်း မွေးနေ့ပွဲအခမ်းအနား၏ လေထုပြောင်းလဲမှုကို သတိထားမိလိုက်သည်။ အရှိန်အဝါတိုးမြင့်စေဖို့ ရည်ရွယ်ကျင်းပသောအခမ်းအနားမှာ ဆန့်ကျင်ဘက်သဘောပြောင်းလဲသွားရလေပြီ။

အနီးအနားက အစေခံတစ်ယောက်ကို သူအော်ခေါ်လိုက်သည်။

"ကျူးရန်ရှန်းကိုသွားရှာစမ်း ငါသူနဲ့စကားပြောစရာရှိတယ်လို့"

အစေခံကဦးညွှတ်လိုက်ကာ လူအုပ်ကိုဖြတ်၍ လှစ်ခနဲထွက်ခွာသွားတော့သည်။

ခဏအကြာတွင် ကျူးရန်ရှန်းရောက်ရှိလို့လာသည်။ ‌‌ဘေးပတ်ဝန်းကျင်မှာလူများနှင့်ကွဲပြားစွာ တည်ကြည်ငြိမ်သက်သောအသွင်အပြင်နှင့်ပင်။

သူက ကျူးရှန့်ရှန်းဆီသွားကာ အနည်းငယ်ဦးညွှတ်လိုက်သည်။

"မိသားစုခေါင်း‌ဆောင် ခေါ်ပါသလား" ကျူရန်ရှန်းက မေးလိုက်၏။

ကျူးရှန့်ရှန်းခေါင်းညိတ်လိုက်ပြီး အသံခပ်တိုးတိုးဖြင့် ပြောလာသည်။

"အင်း ဖုန့်မိသားစုခေါင်း‌ဆောင် ဘယ်အချိန်ရောက်မလဲ ငါသိချင်တယ်"

ကျူးရန်ရှန်း ခဏမျှရပ်ပြီးစဥ်းစားကြည့်နေသည်။

"ဘယ်အချိန်ရောက်မလဲတော့ အတိအကျမသိပေမယ့် မကြာခင်ရောက်လာမှာပါ သူတို့ပွဲတက်မယ်လို့ ကျင်းရှို့ကိုအကြောင်းကြားထားကြပါတယ်"

"ကောင်းတယ်"

ကျူးရှန့်ရှန်းပြောလိုက်သည်။ သူ့အကြည့်များမှာ စူးရှလာလျက်။

"ဂုဏ်သရေကြီးမားတဲ့ ဖုန့်မိသားစုခေါင်းဆောင်ကိုယ်တိုင်အရောက်လာမှတော့ ငါတို့မိသားစုရဲ့ကံကြမ္မာလည်း ပြောင်းလဲလာနိုင်လောက်မှာပါ"

All Chapters