အင်မော်တယ်တံခါး
Vol. 10 Ch. 129
အခန်း (၁၂၉) အင်မော်တယ်တံခါး
လမ်းတစ်ဝက်အရောက်တွင် ရှောင်ယွိ သူ့နံဘေးမှ ပျောက်ကွယ်သွားသည်ကို ကျန်းလန်တွေ့လိုက်ရသည်။
သို့သော် သူ မအံ့သြမိပေ။ အစကတည်းက သူတို့ (၂)ယောက်က မတူညီသည့်အရာများကို တွေ့မြင်ခဲ့ကြလေရာ မတူညီသည့်နေရာများသို့ ဦးတည်ရမည်သာ ဖြစ်သည်။
"ဒီနေရာက ထူးခြားတာပဲ…"
ကျန်းလန် တွေးလိုက်၏။
သူ အရင်ကလည်း မိုးမခပင်ကြီးရှိရာသို့ ရောက်ဖူးလေသည်။ သို့သော် ယခုတစ်ကြိမ် ထပ်မံသွားရောက်ရာတွင် ထူးခြားမှုတစ်ခုခုများ ဖြစ်ပေါ်လာလေမည်လား မပြောတတ်ပေ။
မကြာမီ ကျန်းလန် မိုးမခပင်ကြီးအနားသို့ ရောက်ရှိလာသည်။
သို့သော် ရုတ်တရက်ပင် ဗလာနယ်လေထုတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည့်အလား အလွန်သိမ်မွေ့သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
သူ့ရှေ့မှ မိုးမခပင်ကြီးက သူနှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် အလွန်တရာ ဝေးကွာသည့်အလား ခံစားနေရသည်။
ကျန်းလန်က တည်ငြိမ်စွာဖြင့် အရှေ့ဆီသို့ လှမ်းကြည့်လိုက်၏။
သူက ကိုယ်ပိုင်ခံစားချက်များကို ဦးစားမပေးဘဲ မိုးမခပင်ကြီးရှိရာသို့ ဦးတည်သွားနေသည်။ သူ့ခြေလှမ်းများက တစ်လှမ်းချင်းရှေ့သို့ ဆက်လျှောက်လျှက်ရှိသည်။
သို့ရာတွင် မိုးမခပင်ကြီးကတော့ သူနှင့် အလှမ်းဝေးနေဆဲ ဖြစ်၏။
ကျန်းလန် အနည်းငယ်အံ့အားသင့်သွားမိသော်လည်း ခြေလှမ်းများက မိုးမခပင်ကြီးရှိရာသို့ ဆက်လျှောက်နေဆဲ ဖြစ်သည်။
ကျန်းလန်က အလျှင်လိုခြင်းမရှိဘဲ ဖြည်းဖြည်းမှန်မှန်သာ ဆက်လျှောက်နေသည်။
အချိန် (၁)နာရီခန့် လမ်းလျှောက်ပြီးသည့်တိုင် မိုးမခပင်ကြီးအနားသို့ ရောက်ရှိနိုင်ခြင်း မရှိသေးပေ။
ထို့နောက်…
အချိန် (၂)နာရီ…
အချိန် (၁၂)နာရီ…
အချိန် (၁)ရက် တိတိ…
သူ အချိန် (၁)ရက်တိတိ လမ်းလျှောက်နေရသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်လာလေသည်။
အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ မိုးမခပင်ကြီးသည်လည်း တံခါးတစ်ချပ်အဖြစ် ပြောင်းလဲသွား၏။
ထိုတံခါးရှိရာသို့ ရောက်အောင်သွားနိုင်လျှင် အင်မော်တယ်ဖြစ်ရန် အခွင့်အရေးရရှိမည်ဟု ကျန်းလန် ခံစားလိုက်ရသည်။
ဆရာဖြစ်သူက သူ့ကို သေရည်ဆိုင်တွင် အလုပ်လုပ်ရန် စေလွှတ်သည်မှာ ဤအခွင့်အရေးကို ရစေချင်သောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့ပြင် သေရည်ဆိုင်ပိုင်ရှင်က အလွန်ထူးခြားသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကျန်းလန်အနေဖြင့် ဤအခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်ပေ။
ကျန်းလန် အချိန်မဖြုန်းဘဲ မိုးမခပင်ကြီးဆီသို့ ဆက်လျှောက်နေမိသည်။
သူ အင်မော်တယ်တစ်ပါး ဖြစ်ချင်သည်။ ထို့ကြောင့် အရှေ့ဆီမှ အင်မော်တယ်တံခါးဆီသို့ ရောက်အောင်သွားရပေမည်။
ကျန်းလန် ရှေ့ဆက်လျှောက်လာလေလေ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အလင်းရောင်မရှိတော့ဘဲ ပိန်းပိတ်အောင် မှောင်မိုက်လာလေ ဖြစ်သည်။
အဆုံးမရှိသည့် အသူရာချောက်နက်ကြီးဆီသို့ ခရီးဆက်နေရသည့်အလား ဖြစ်လေသည်။
အင်မော်တယ်လမ်းစဉ်ဆိုသည်က အစပိုင်းတွင် အဆုံးမရှိသည့် ချောက်နက်ကြီးတစ်ခုသာ ဖြစ်သည်။ သို့သော် ထိုချောက်နက်ကြီးကို ကျော်ဖြတ်နိုင်ပြီဆိုလျှင် ကျယ်ပြန့်သည့် လမ်းသစ်တစ်ခုကို တွေ့ရှိရမည် ဖြစ်သည်။
ကျန်းလန် ခြေတစ်လှမ်းချင်းလှမ်းကာ ဆက်လက်လမ်းလျှောက်လာသည်။
ရှေ့ဆက်ရမည့်လမ်းက အန္တရယ်များစွာ ပြည့်နက်နေပြီး အလှည့်အပြောင်းများကလည်း အဆုံးမရှိပေ။ ကျန်းလန်ကတော့ အန္တရယ်များကို ကြောက်ရွံ့ခြင်းမရှိသလို အမှောင်ထုကိုလည်း ထိန်လန့်ခြင်း မရှိပေ။
သူလုပ်နေသည့်အလုပ်က မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကျန်းလန် အရေးမစိုက်ပေ။ ဇွဲရှိရှိဖြင့်သာ ရှေ့ဆက်လျှောက်လှမ်းနေလေ၏။
ယခု အင်မော်တယ်တံခါးက သူ့ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ အဘယ့်ကြောင့် အရှုံးပေးရပါမည်နည်း။
အမှောင်ထုထဲတွင် ဘာမှ မမြင်နိုင်လျှင်တောင်မှ ၊ သူနှင့် အင်မော်တယ်တံခါးကြားတွင် တိုင်းတာမရသည့် အကွာအဝေးက ခြားနားထားလျှင်တောင်မှ ကျန်းလန်အနေဖြင့် အဆုံးထိ လျှောက်လှမ်းမည် ဖြစ်သည်။
ကျန်းလန်၏ ခြေလှမ်းများ ပိုမိုမြန်ဆန်လာသည်။
သူ့ခန္ဓာကိုယ်မှ အလင်းရောင်သဲ့သဲ့ ထွက်ပေါ်လာ၏။
ထိုအလင်းရောင်က ကျန်းလန်၏ ယုံကြည်ချက်နှင့် ခံယူချက်ပင် ဖြစ်သည်။ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းမည့် ယုံကြည်ချက်နှင့်ခံယူချက်က အလင်းရောင်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
ကျန်းလန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အလင်းရောင်ကြောင့် ပတ်ဝန်းကျင်လေထုက လင်းလက်နေသည်။
လမ်းတစ်လျှောက်ရှိ ဆူးပင်များ ၊ ဆူးညှောင့်ခလုတ်များနှင့် အတားအဆီးများအားလုံးကို ကျန်းလန် ကျော်ဖြတ်ခဲ့သည်။ အင်မော်တယ်တံခါးသို့ ရောက်ရှိရန် အရာအားလုံးကို ကျန်းလန် ပေးဆပ်ခဲ့သည်။
ထိုသို့ဖြင့်…
အချိန်အတန်ကြာသွားခဲ့လေသည်။
(၁)ရက် ၊ (၁၀) ရက် သို့မဟုတ် အချိန် (၁)လ လည်း ဖြစ်နိုင်သည်။
နောက်ဆုံး…
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူ… လယ်ကွင်းကျယ်ကြီးကို ငေးကြည့်နေခဲ့လေသည်။
အချိန်ကတော့ နေဝင်ရီတရောအချိန် ဖြစ်၏။
ညနေခင်း ဆည်းဆာရောင်ခြည်က သူ့ခန္ဓာကိုယ်ထက် ဖြာကျနေပြီးပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။
သူ…
သူ ကျရှုံးခဲ့လေပြီ…။
အင်မော်တယ်တံခါးသို့ ရောက်ရှိရန် ကျန်းလန် ကျရှုံးခဲ့ပြီ ဖြစ်သည်။
သို့သော် ကျန်းလန် စိတ်ဓာတ်လည်းမကျသလို ကြောက်ရွံ့ခြင်းကိုလည်း မခံစားရပေ။
အချိန်ကြာမြင့်စွာ လမ်းလျှောက်ခဲ့ပြီးနောက် ကျန်းလန် အင်မော်တယ်တံခါးရှေ့သို့ မရောက်မီ လဲကျသွားခဲ့သည်။ ထိုတံခါးသို့ ရောက်ရှိရန် အလွန်ခက်ခဲလေသည်။
"ဂိုဏ်းတူမောင်လေး…"
ခေါ်သံတစ်သံ ကြားလိုက်ရသည်။
ထိုအသံက ရှောင်ယွိ၏အသံ ဖြစ်၏။
ကျန်းလန် လှည့်ကြည့်လိုက်သည့်အခါ သူ့နံဘေးတွင်ရပ်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။
ရှောင်ယွိက အရင်အတိုင်းပင် ချစ်စရာကောင်းသည့် မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်နေဆဲပင်။ သို့သော် ရှောင်ယွိဝတ်ဆင်ထားသည့်အဝတ်အစားများ ပြောင်းလဲနေသည့်အတွက် ကျန်းလန် အံ့အားသင့်သွားရသည်။
အရင်က အဖြူရောင်နှင့် အပြာရောင်ရောစပ်ထားသည့် အဝတ်အစားများကို ရှောင်ယွိက ဝတ်ဆင်ထားခြင်း ဖြစ်သော်လည်း ယခုတော့ သူမက အဖြူရောင်နှင့် လိမ္မော်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။
အဖြူရောင်ဖိနပ်များကိုစီးထားပြီး ဆံနွယ်ရှည်များကို လိမ္မော်ရောင်ပိုးပုဝါဖြင့် ခပ်မြင့်မြင့်စည်းနှောင်ထားသည်။
ရှောင်ယွိက မြေပဲတစ်ထုပ်ကို ကျန်းလန်ထံ ကမ်းပေးလိုက်ရင်း…
"နည်းနည်းလောက် စားပါဦးလား…"
သူမက…
"ဆိုင်ရှင်အဘိုးက ကျွန်မကို တစ်ထုပ်ပဲ ပေးလိုက်တယ်…"
ကျန်းလန်က ရှောင်ယွိကမ်းပေးသည့် မြေပဲထုပ်ထဲမှ မြေပဲအနည်းငယ်ကိုယူလိုက်ရင်း…
"ကျေးဇူးပါ… ဂိုဏ်းတူအစ်မ…"
ရှောင်ယွိက…
"ဆိုင်ရှင်အဘိုးက မှာလိုက်တယ်… ၊ လယ်ကွင်းကို ဖြတ်လျှောက်တဲ့ ခရီးစဉ်ကနေ ပြန်လည်နိုးထလာပြီဆိုတာနဲ့ ကျွန်မတို့ တောင်ပေါ်ပြန်လို့ ရပြီတဲ့…"
ကျန်းလန်က…
"ကျွန်တော်တို့ လယ်ကွင်းကို ဖြတ်လျှောက်နေတာ အချိန်ဘယ်လောက်တောင် ကြာသွားပြီလဲ…"
ရှောင်ယွိ ဝတ်ဆင်ထားသည့် အဝတ်အစားများ ပြောင်းလဲနေသည်ဖြစ်ရာ သူမကတော့ ခရီးစဉ်ကို အဆုံးထိရောက်အောင် လျှောက်လှမ်းနိုင်ခဲ့ဟန် ရှိသည်။
ရှောင်ယွိ ခဏမျှ ချီတုံချတုံဖြစ်နေပြီးမှ အမှန်အတိုင်း ပြောလိုက်သည်။
"(၇) ရက်…"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ…"
ရှောင်ယွိက ကြာမြင့်ခဲ့သည့်အချိန်ကို ပြောပြသောကြောင့် ကျန်းလန်က ကျေးဇူးတင်ခြင်း မဟုတ်ပေ။
သူက အခြားကိစ္စတစ်ခုအတွက် သူမကို ကျေးဇူးတင်လိုက်ခြင်း ဖြစ်၏။
ထို့နောက် ကျန်းလန် သေရည်ဆိုင်ရှိရာသို့ ထွက်ခွာသွားလေသည်။
ကျန်းလန်၏ ကျောပြင်ကို ငေးကြည့်ရင်း ရှောင်ယွိက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"သူ အဆင့်တက်ဖို့ အရမ်းများ ခက်နေတာလား…"
မူလဝိညာဉ်အဆင့် တက်ရောက်ရန်မှာ တကယ်မလွယ်သည့် ကိစ္စဖြစ်သည်။ သို့သော် သေရည်ဆိုင်ပိုင်ရှင်ပေးသည့်အခွင့်အရေးကတော့ အလွန်ထူးခြားသည့် အခွင့်အရေး ဖြစ်၏။
အကယ်၍ သူမသာ ကျန်းလန်ကဲ့သို့ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ပြီး မူလဝိညာဉ်အဆင့် တက်ရောက်မည့် ကျင့်ကြံသူတစ်ယောက်ဆိုပါက ယနေ့ရရှိသည့်အခွင့်အရေးကို အသုံးချပြီး အလွယ်တကူ ကျင့်ကြံခြင်းအဆင့်တက်သွားမည် ဖြစ်သည်။
သို့သော်…
ကျန်းလန်ကတော့…
ရှောင်ယွိ အတွေးများကိုရပ်တန့်လိုက်ပြီး ကျန်းလန်နောက်သို့ လိုက်ပါသွားသည်။
သူမ ကျန်းလန်ကို နားမလည်နိုင်ပေ။
ထိုလူငယ်လေး၏ တည်ငြိမ်သည့်မျက်ဝန်းများနောက်ကွယ်တွင် မည်သည့်အကြောင်းအရာကို တွေးနေသည်လဲ သူမ မခန့်မှန်းနိုင်ပေ။
ကျန်းလန် လက်ရှိတွင် မည်သည့်ခံစားချက်များကို ခံစားနေရပါသနည်း။
အရှုံးတရားလား…
ဒါမှမဟုတ် စိတ်ပျက်ခြင်းလား…
သို့သော် ကျန်းလန်က တည်ငြိမ်လွန်းလှသည်။
အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့်တိုင် ထိုအရာက သူမျှော်လင့်ထားသည့်အရာ ဖြစ်သည်။
ထို့ပြင် အရှုံးနှင့်တစ်ကြိမ် ရင်ဆိုင်ရခြင်းက တစ်ဘဝစာ မျှော်လင့်ချက် ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ သူ့တွင် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သည်။
"နောက်ဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုတွေ ပိုပြီးလုပ်ထားရမယ်…"
ကျန်းလန်တွေးလိုက်သည်။
ယနေ့ အင်မော်တယ်တံခါးဆီသို့ ရောက်ရှိရန် ရှုံးနိမ့်ခဲ့သည့်တိုင် အတွေ့အကြုံအသစ်တစ်ခု ရရှိခဲ့ခြင်းက အမြတ်ထွက်ပေသည်။
ကျန်းလန်က ထိုမျှလောက်ဖြင့် လက်လျှော့အရှုံးပေးမည့်သူ မဟုတ်ပေ။ ဘယ်လောက်ခက်ခဲပါစေ သူက ဘယ်သောအခါမှ လက်လျှော့မည့်သူ မဟုတ်ပေ။
"မရှိမှုအာကာသအဆင့် အောင်မြင်ပြီးလို့မှ အင်မော်တယ်အဆင့်တက်ဖို့ မဟာတာအိုက ဘာလက်ဆောင်မှ မရဘူးဆိုရင်တော့ ခွန်လွန်တောင်က အခြားနေရာတွေမှာ စနစ်မှတ်ပုံတင်ဖို့ စီစဉ်ရတော့မှာပဲ…"
ကျန်းလန်တွေးလိုက်သည်။
ထိုသို့ပြုလုပ်ရုံမှတစ်ပါး သူ့တွင် ရွေးခြယ်စရာ မရှိပေ။
"အဘိုး… ကျွန်တော် ပြန်တော့မယ်ဗျ…"
သေရည်ဆိုင်ပိုင်ရှင်ကို ကျန်းလန် နှုတ်ဆက်စကားဆိုလိုက်သည်။
"အိမ်း… ဟိုကလေးလည်း မကြာခင် တံခါးပိတ်ကျင့်ကြံတာက ထွက်လာတော့မယ်ကွာ… ၊ မင်းနဲ့တော့ မတွေ့ရတော့ဘူးပေါ့…"
ဟုတ်ပေ၏။ ကျန်းလန် ကလေးငယ်နှင့် တွေ့ခွင်ရတော့မည် မဟုတ်ပေ။
တောင်ပေါ်ပြန်ရောက်လျှင် အချိန်များစွာ ကြာမြင့်မှသာ သေရည်ဆိုင်သို့ နောက်တစ်ကြိမ် ထပ်မံလာရောက်တော့မည် ဖြစ်သည်။ ထိုအချိန်မှ ကလေးငယ်နှင့် တွေ့ဆုံခွင့်ရပေလိမ့်မည်။
ကျန်းလန် ဆရာဖြစ်သူအတွက် အကောင်းစားသေရည်တစ်အိုးဝယ်ယူပြီးနောက် တောင်ပေါ်သို့ ပြန်လာခဲ့လေတော့၏။
…………………
တောင်ပေါ်သို့ အပြန်လမ်း…
"ဂါး… ဂရား…"
တောင်ပေါ်လမ်းတွင် လမ်းလျှောက်နေသည့် ကျန်းလန်မှာ ရုတ်တရက် နဂါးဟိန်းသံကြီးတစ်သံကို ကြားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကြီးမားလွန်းသည့် စွမ်းအားကြီးတစ်ခု၏ ဖိနှိပ်မှုကိုလည်း ခံစားလိုက်ရသည်။ နဂါးတစ်ကောင်၏ တန်ခိုးစွမ်းအား ဖြစ်လေ၏။
ကျန်းလန် ခေါင်းမော့ကြည့်လိုက်သည့်အခါ အလွန်ကြီးမားသည့် နဂါးကြီး (၂)ကောင် ခွန်လွန်တောင်ရှိရာသို့ ပျံသန်းသွားသည်ကို တွေ့မြင်လိုက်ရသည်။
ထိုနဂါးကြီး (၂)ကောင်က အရင်က ဆုံတွေ့ခဲ့ရသည့် နဂါးကြီး"လုန်ရဲ့" ထက် အဆပေါင်းများစွာ တန်ခိုးစွမ်းအား မြင့်မားကြသည်။
နဂါးဘုရင်ကိုယ်တိုင်များ ကြွလာခြင်းလားဟု ကျန်းလန် တွေးလိုက်မိသည်။
ထိုစဉ်…
"သူက ပင်လယ် (၄)ခုအရှင် နဂါးဘုရင်ရဲ့ညီတော် ၊ နဂါးမင်းသား လုန်ယိ ပဲ…"
ရှောင်ယွိ၏အသံက ကျန်းလန်နံဘေးမှ ထွက်ပေါ်လာသည်။
ရှောင်ယွိက ဆက်ပြောသည်။
"သူ လာမယ်ဆိုတာ သတင်းတော့ ကြားထားသားပဲ…၊ ကြည့်ရတာ အရေးကြီးကိစ္စတစ်ခုခု ဆွေးနွေးစရာရှိလို့ ထင်တယ်…"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ဂိုဏ်းတူအစ်မက အများကြီး သိထားတာပဲ..."
ယနေ့ ရှောင်ယွိက ခါတိုင်းနေ့များကဲ့သို့ ဓားစီးနှင်သွားခြင်းမရှိဘဲ ကျန်းလန်နှင့်အတူ လမ်းလျှောက် ပြန်လာသည်။
အဘယ့်ကြောင့် ရှောင်ယွိ သူနှင့်အတူ လမ်းလျှောက်ပြန်လာရသည်ကို ကျန်းလန် နားမလည်ပေ။ သို့သော် ချက်ချင်းပင် သဘောပေါက်သွားသည်။
ယနေ့ ဓားစီးပျံသန်းသွားမည်ဆိုပါက သေချာပေါက် နဂါးမျိုးနွယ်များနှင့် ဆုံတွေ့ပြီး ပြဿနာတက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ရပေမည်။
ရှောင်ယွိက…
"ကျွန်မက အများကြီးသိတာ မဟုတ်ဘူး… ၊ ရှင်က ဘာမှမသိဘူးဖြစ်နေတာ…"
"................."
ကျန်းလန် ဆွံ့အသွား၏။
ရှောင်ယွိက ကျန်းလန်ဘေးတွင် လမ်းလျှောက် လိုက်ပါလာရင်း...
"တောင်ပေါ်ရောက်ရင် ဂိုဏ်းတူမောင်လေးက တစ်ယောက်တည်းကျင့်ကြံတော့မှာလား..."
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း...
"အင်း... မူလဝိညာဉ်အဆင့်ကိုတက်ဖို့ ကျင့်ကြံရမယ်လေ…"
သူ တကယ်လည်း မူလဝိညာဉ်အဆင့်သို့ တက်ရောက်ရန် ကျင့်ကြံရမည် ဖြစ်သည်။
သေရည်ဆိုင်ရှင်အဘိုးအို ပေးအပ်သည့် အခွင့်အရေးကို သူ လက်လွှတ်ခဲ့ရသည်။ အင်မော်တယ်တံခါးသို့ ရောက်ရှိရန် ကျန်းလန် ကျရှုံးခဲ့သည်။
အမှန်တကယ် ကောင်းမွန်သည့် အခွင့်အရေးကို ရပါလျှက် လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ဤသည်က မူလဝိညာဉ်အဆင့် တက်ရောက်နိုင်ရန် မဖြစ်နိုင်ဟု မဆိုလိုပေ။
မူလဝိညာဉ်အဆင့်တက်ရောက်ပြီးမှ အစီအရင်ပညာနှင့် နဂါးသုတ်သင်ဓားသိုင်းကို အခြားတောင်ထွတ်များတွင် သွားရောက်လေ့လာရမည် ဖြစ်သည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက တစ်ကြိမ်တစ်ယောက်တည်းကျင့်ကြံရင် နှစ်ပေါင်း (၃၀) လောက် ကြာတတ်တာလား..."
"ဆိုပါတော့..."
"မပျင်းဘူးလားဟင်..."
"မပျင်းပါဘူး..."
စကားပြောရင်း လမ်းလျှောက်လာကြရာ တဖြည်းဖြည်း နဝမတောင်ထွတ်အနီးသို့ ရောက်ရှိလာကြသည်။
ထိုအချိန် ရှောင်ယွိက စာအုပ်လေးတစ်အုပ်ထုတ်ယူပြီး ကျန်းလန်ကို ပေးလိုက်သည်။
"စောစောက သေရည်ဆိုင်မှာ ကျွန်မကို နဂါးသုတ်သင်ဓားသိုင်းအကြောင်း ပြောပြပေးလို့ လက်ဆောင်ပြန်ပေးတာပါ..."
ကျန်းလန် ငြင်းဆိုမနေတော့ဘဲ စာအုပ်လေးကို ယူလိုက်သည်။
စာအုပ်ထဲတွင် မူလဝိညာဉ်အဆင့် တက်ရောက်နိုင်ရန်အတွက် အသေးစိတ်အချက်အလက်များကို ရေးသားထား၏။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ..."
စာအုပ်လေးက သူ့အတွက် အသုံးမဝင်သည့်တိုင် ကျန်းလန် လက်ခံထားလိုက်သည်။
သူ့ကို ဤစာအုပ်လေး လက်ဆောင်ပေးခြင်းက ရှောင်ယွိ၏ စေတနာပင် မဟုတ်ပါလား။
ထို့နောက် ကျန်းလန် ရှောင်ယွိကို နှုတ်ဆက်ပြီး နဝမတောင်ထွတဆီသို့ ထွက်ခွာလာခဲ့သည်။
တောင်ပေါ်ပြန်ရောက်သည်နှင့် တစ်ယောက်တည်း ကျင့်ကြံတော့မည် ဖြစ်သည်။ မည်သူမှ သူ့ကို မနှောက်ယှက်ရန်လည်း မျှော်လင့်မိ၏။
သို့သော် အနှောက်အယှက်များလည်း ရှိကောင်းရှိလာနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ပင် ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာကိစ္စအတွက် နဂါးမျိုးနွယ်များ ခွန်လွန်တော်သို့ ရောက်လာခဲ့ကြပြီ မဟုတ်ပါလား။ မင်္ဂလာကိစ္စက ကျန်းလန်အတွက် အတော်လေး ဖိအားများလေသည်။
ကျန်းလန် ထွက်ခွာသွားသည်ကို ကြည့်နေပြီးမှ ရှောင်ယွိလည်း ဓားကို စီးနှင်ကာ ပျံသန်းထွက်ခွာလာခဲ့သည်။
သူမက ကျောက်စိမ်းရေကန်သို့ မပြန်ဘဲ တတိယတောင်ထွတ်သို့ ထွက်ခွာလာခဲ့သည်။
ယနေ့ နဂါးမျိုးနွယ်မှဧည့်သည်များ ခွန်လွန်တောင်သို့ ရောက်ရှိလာလေရာ သတင်းများ သွားရောက်စံစမ်းရမည် ဖြစ်သည်။
ထို့ပြင် ဆရာဖြစ်သူကိုလည်း နဂါးသုတ်သင်ဓားသိုင်းအကြောင်း မေးမြန်းကြည့်ရန် စဉ်းစားထားသည်။ သူမစိတ်ထဲမှ သံသယများကို ဆရာဖြစ်သူက ရှင်းလင်းပြောပြနိုင်မည် ဖြစ်သည်။
သို့သော် သူမက ဆရာဖြစ်သူကို နဂါးသုတ်သင်ဓားသိုင်းအကြောင်း မေးလိုက်မိသည်နှင့်…
"ရှောင်ယွိ… မင်္ဂလာကိစ္စကြောင့် မင်း ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်အောင် စိတ်ညစ်နေတာလားဟင်…"
ဆရာဖြစ်သူ ကျူးချင်က ရှောင်ယွိကို စိုးရိမ်တကြီးဖြင့် ပြန်လည်မေးမြန်းလိုက်လေတော့၏။