← Chapters

ယုလျှိုချန်း၏ တောင်းဆိုမှု

Vol. 94 Ch. 1445

ယုလျှိုချန်း၏ တောင်းဆိုမှု

Vol. 94 Ch. 1445

ယုလျှိုချန်း၏ ထွက်ပေါ်လာမှုက ကောင်းကင်နှင့် တားမြစ်ပင်လယ်ကို လွှမ်းခြုံသွားမည့် သဏ္ဍာန်မဲ့အားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ယင်းကြောင့် ဤအခိုက်အတန့်မှာ ကောင်းကင်က ရပ်တန့်သွားဟန် ရ၏။

တားမြစ်ပင်လယ်သည် ပိုပြီးသက်ရောက်ခံလိုက်ရသည်။

ပင်လယ်ရေမျက်နှာပြင်ပေါ်မှ လှိုင်းလုံးများက ရပ်တန့်သွားကြသည်။

စီးဆင်းနေသော ပင်လယ်ရေသည်လည်း ရပ်တန့်သွားသည်။

ဤသည်မှာ အရာအားလုံးက ပန်းချီကားတစ်ချပ်ဖြစ်လာသည့်အလားပင်။ ယင်းက အပြင်လူများမသိနိုင်သော ပုံပြင်တစ်ပုဒ်ကို သရုပ်ဖော်ပြနေသည်။

ပုံပြင်ထဲမှ နတ်ဘုရားသည်တော့ လက်ဖက်ရည်သောက်နေပြီး တခြားလူများကို ဖိတ်ခေါ်နေသည်။

အားညိုက ကိုးရိုးကားရား ပြုံးလိုက်သည်။ သူက ယုလျှိုချန်းတိုက်သော လက်ဖက်ရည်ကို မသောက်ဘဲ မနေဝံ့ချေ။

တစ်ဖက်လူ၏ ပုံပြင်ထဲမှ ရွှင်းထိုင်နတ်ဆိုး၏ အဖြစ်အပျက်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့သည်။ သူက လက်ဖက်ရည်ကို အစကတည်းက မသောက်ခဲ့သောကြောင့် အရာအားလုံးက ဖရိုဖရဲဖြစ်သွားခဲ့သည်။ ဤသည်မှာ တုံ့ဆိုင်းနေခြင်းက ဆိုးဝါးသော အခြေအနေဆီသို့ ခေါ်ဆောင်သွားဟန် ရ၏။

နောက်ဆုံးမှာတော့ သူ၏ အသိစိတ်ပင် ပြိုကွဲသွားခဲ့သည်။

‘ ဒီနတ်ဘုရားက ကြီးကျယ်မြင့်မြတ်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူက နတ်ဘုရားတွေကြားထဲမှာ အရမ်းအမြင်ကျဉ်းတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတယ်… သူ့မှာ ထူးခြားတဲ့ အမူအကျင့်တစ်ခု ရှိတယ်… တစ်ဖက်လူက မလုပ်ချင်တဲ့အရာဆိုရင် သူက အတင်းဖိအားပေးပြီး လုပ်ခိုင်းလေ့ရှိတယ် ’

‘ ဒါ့အပြင် ငါ့ဗိုက်ထဲမှာ အစာမချေနိုင်တဲ့အရာ ရှိလို့လား… ဘာကို ငါက ကြောက်ရမှာလဲ ’

ထိုသို့စဉ်းစားမိသောအခါ အားညိုက တုံ့ဆိုင်းမနေတော့ပေ။ သူက လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက အလွန်အရသာရှိသော တစ်စုံတစ်ခုကို မြည်းစမ်းလိုက်ရသည့်အလား အဆုံးမဲ့စွာ ချီးကျူးလိုက်သည်။

“ ကောင်းလိုက်တဲ့ လက်ဖက်ရည်… အရမ်းအရသာရှိတာပဲ ”

ဘေးမှ ဟွမ်ယန်သည်တော့ အမူအရာကင်းမဲ့နေသည်။ သို့သော်လည်း သူက လက်ဖက်ရည်ခွက်ကို လုံးဝမထိချေ။

ယုလျှိုချန်းက ဟွမ်ယန်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး တဟားဟား ရယ်မောလိုက်သည်။ သူက မည်သည့်စကားမှ မပြောဘဲ တရားထိုင်နေသော ရွှီချင်းကို စိတ်ဝင်တစား ကြည့်လိုက်သည်။

“ ကောင်လေး… မင်းနိုးနေတာ ထင်ရှားပါတယ်… ဒါပေမဲ့ မင်းက စိတ်ထဲမှာ အခြေအနေကို သုံးသပ်နေပြီး မနိုးသေးယောင် ဟန်ဆောင်နေတယ်… အဲ့ဒါက ငါ့ကို ပုံပြင်တစ်ပုဒ်ကို ပြန်အမှတ်ရစေတယ်… ပုံပြင်ထဲက ဇာတ်လိုက်မင်းသားကို ရွှီချင်းလို့ခေါ်တယ်… ငါမင်းကို အဲ့ဒီပုံပြင် ပြောပြရမလား ”

‘ ပုံပြင် ’ဟူသော စကားက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။

သူက မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း ရွှေကျီးကန်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာသည်။ ရပ်တန့်နေသော ကောင်းကင်နှင့် ပင်လယ်ကြားမှာ ၎င်းက မီးတောက်များဖြင့် တောက်လောင်နေသည်။

၎င်းက လေထဲမှာ လှည့်ပတ်ပျံသန်းလိုက်ပြီး စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။

၎င်းက ပိုပြီးမြင့်သော အမြင့်ဆီသို့ ပျံသန်းသွားသည်။

နောက်ဆုံးမှာတော့ ရွှေကျီးကန်းက ကောင်းကင်၏ အဆုံးသို့ ရောက်ရှိသွားပြီး ၎င်း၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ ပိုပြီးအားကောင်းသော မီးတောက်က ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းနှင့် အပူကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ ၎င်းက နေတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းတောက်ပစေသည်။

ရှေးဟောင်းအရှိန်အဝါနှင့် နတ်ဘုရားတစ်ပါး၏ စွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။

ရွှေကျီးကန်း၏ ဘေးပတ်ပတ်လည်တွင် အင်မော်တယ်အလင်းတန်းဆယ်ခုလည်း ထွက်ပေါ်လာကြသည်။ ယင်းတို့က ရွှီချင်း၏ ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်မှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

ယခင်က အင်မော်တယ်အလင်းတန်း တစ်ခုသာရှိသော်လည်း ယခု ဆယ်ခုအထိ တိုးမြှင့်သွားသည်။

အင်မော်တယ်အလင်းတန်းဆယ်ခုသည် ပိုပြီးထွန်းလင်းတောက်ပလာကြသည်။ ထို့နောက် ယင်းတို့က ရွှေကျီးကန်းနှင့် ပေါင်းစပ်သွားပြီး ၎င်းကို အားဖြည့်ပေးလိုက်ကြသည်။ ယင်းက ရွှေကျီးကန်းကို အစစ်အမှန်နေတစ်စင်းသဖွယ် ဖြစ်ပေါ်လာစေသည်။

၎င်းက အမှောင်ထုကို ချက်ချင်း အလင်းရောင်ပေးလိုက်သည်။

ထို့နောက် အလင်းရောင်က ရွှီချင်း၏ မျက်စိထဲသို့ စီးဆင်းသွားပြီး မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။

ကောင်းကင်က တဖန်မည်းမှောင်သွားသည်။

အမှောင်ထဲ၌ ရွှီချင်း၏ မျက်လုံးသည်သာ နေလုံးသဖွယ် ထွန်းလင်းတောက်ပနေသည်။ သူက မတ်တတ်ရပ်လိုက်ပြီး ယုလျှိုချန်းကို အရိုအသေပေးလိုက်သည်။

ရွှီချင်းသည် ယုလျှိုချန်းပြောပြသော ရွှင်းထိုင်နတ်ဆိုး၏ ပုံပြင်ကို နားထောင်ရန် ဆန္ဒရှိသည်။ သို့သော်လည်း သူ့အကြောင်းကို ပြောပြသော ပုံပြင်ကိုတော့ သူနားမထောင်ဝံ့ပေ။ ထို့ကြောင့် သူက ယဉ်ကျေးစွာ ပြောသည်။

“ ရွှေကျီးကန်းရဲ့ ပုံပြင်ကိုတော့ ကျွန်တော် အရမ်းစိတ်ဝင်စားပါတယ် ”

ယုလျှိုချန်းက ရွှီချင်းကို ကြည့်လိုက်ပြီး ပြုံးသည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ရွှေကျီးကန်း၏ အမွေအနှစ်သည် အလွန်ခမ်းနားထည်ဝါပြီး ဖော်မပြနိုင်အောင် ရှုပ်ထွေးနက်နဲသည်။ ယင်းက အချိန်တိုအတွင်း သူနားလည်နိုင်သောအရာ မဟုတ်ပေ။ သို့ဖြစ်၍ သူက ထိုအမွေအနှစ်ကို သူ၏ အသိစိတ်ပင်လယ်ထဲမှာ သိမ်းဆည်းလိုက်ပြီး ယင်းကို ဖြည်းဖြည်းချင်း စုပ်ယူရန် စီစဉ်ထားသည်။

ယင်းကို အပြည့်အဝ သူမစုပ်ယူနိုင်ခင် ရွှေကျီးကန်း၏ ပုံပြင်က မပြည့်မစုံ ဖြစ်နေလိမ့်မည်။

“ စီနီယာ… မင်းကြားချင်တာကို ငါပြောပြနိုင်ပါတယ် ”

ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် တည်ငြိမ်စွာ ပြောသည်။

ယုလျှိုချန်းက ခေါင်းခါလိုက်သည်။

“ မပြည့်စုံတဲ့ ပုံပြင်က မသေချာမှုတွေ အများကြီးရှိပြီး ပုံပြင်ရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်တယ်… ပုံပြင်တစ်ပုဒ်လုံးကို မင်းသိသွားတဲ့အခါမှပဲ ငါနားထောင်တော့မယ် ”

“ ဒါပေါ့… မင်းရဲ့ ပုံပြင်ကို အလကား ငါနားမထောင်ပါဘူး ”

“ ဒါကြောင့် ဒီတစ်ကြိမ်တော့ ငါ့အပေါ်မှာတင်နေတဲ့ မင်းရဲ့ အကြွေးကို… ငါးစာအနေနဲ့ ပြန်ဆောင်ရွက်ပေးရလိမ့်မယ် ”

“ ငါနဲ့လိုက်ခဲ့ပါ… အပြင်ပိုင်းပင်လယ်ဆီ ငါတို့ ခရီးထွက်ကြမယ် ”

ယုလျှိုချန်းက လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ယုလျှိုချန်းပြောသော ငါးစာအဖြစ် ဆောင်ရွက်ခြင်းနှင့် အပြင်ပိုင်းပင်လယ်ဆီသို့ ခရီးစဉ်သည် အနည်းငယ် ဆက်စပ်မှုရှိသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက ယုလျှိုချန်းကို ကြည့်လိုက်သည်။

“ စီနီယာ… ငါ့ကို အလင်းပြပေးပါ ”

“ ငါက အပြင်ပိုင်းပင်လယ်ထဲမှာ ငါးသွားမျှားတော့မယ် ”

ယုလျှိုချန်းက ပြုံးလိုက်သည်။

ဟွမ်ယန်က မတ်တတ်ရပ်လိုက်လေရာ မျက်လုံးဝင်းလက်သွားသည်။

ယုလျှိုချန်းက ခေါင်းလှည့်လိုက်ပြီး ဟွမ်ယန်ကို စိုက်ကြည့်လိုက်သည်။ နတ်ဘုရားစိတ်အာရုံက ပျံ့နှံ့ထွက်လာသည်။ ဤသည်မှာ သူက ဟွမ်ယန်ကို တစ်စုံတစ်ခု ပြောနေဟန် ရသည်။

ဟွမ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှ အလင်းရောင်က မှေးမှိန်မသွားပေ။ သူက တိုးညင်းစွာ ပြောသည်။

“ ရွှီချင်းရဲ့ ဆန္ဒကို ငါလေးစားမယ် ”

ရွှီချင်းက ငြိမ်သက်သွားသည်။ အစောနက ရွှေကျီးကန်းနဂါးရထားလုံးမှတဆင့် အပြင်ပိုင်းပင်လယ်ဆီသို့ သူရောက်ရှိသွားခဲ့သည်။ သူက အပြင်ပိုင်းပင်လယ်ကို အသေးစိတ် မသိသော်လည်း ယင်းက မည်မျှကြောက်စရာကောင်းကြောင်း အာရုံခံနိုင်သည်။

သို့သော်လည်း ယခု သူက အတိတ်တုန်းက ရွှီချင်းမဟုတ်တော့ပေ။ အထူးသဖြင့် ရွှေကျီးကန်း၏ အမွေအနှစ်က သူ့အား အပြင်ပိုင်းပင်လယ်အကြောင်းကို အတိုင်းအတာတစ်ခုထိ နားလည်စေသည်။

အကယ်၍ သူသာ သတိကြီးစွာထားမည်ဆိုလျှင် အပြင်ပိုင်းပင်လယ်ထဲသို့ ဝင်ရောက်နိုင်လောက်သည်။

အရေးကြီးဆုံးမှာ သူက ယုလျှိုချန်း၏ အကြွေးကို ပြန်ဆပ်နိုင်လိမ့်မည်။

“ အခုလား ”

ရွှီချင်းက ဖြည်းညင်းစွာ မေးသည်။

“ အခုပဲ ”

ယုလျှိုချန်းက ပြုံးလိုက်ပြီး မတ်တတ်မရပ်ခင် ခေါင်းညိတ်လိုက်သည်။

“ သွားကြစို့ ”

ထိုသို့ပြောပြီးနောက် သူက ကောင်းကင်ပေါ်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့ဘေးမှ ဟွမ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

“ ရွှီချင်း… ဒီဟာက မင်းရဲ့ ရွေးချယ်မှုဖြစ်လို့ ငါဘာမှမပြောတော့ဘူး… ဒါပေမဲ့ မင်းဆန္ဒမရှိတဲ့အခါကျရင် ငါ့ကို ပြောနိုင်တယ်… မင်းအတွက် နည်းလမ်းတစ်ခုကို ငါစဉ်းစားပေးမယ် ”

“ အတိတ်မှာ စီနီယာယုလျှိုချန်းက ငါ့ကို ကယ်တင်ပေးခဲ့တယ်… အဲ့ဒီကျေးဇူးကြွေးကို ငါပြန်ဆပ်ရမယ် ”

ရွှီချင်းသည် ခေါင်းမခါခင် တစ်ခဏကြာ နှုတ်ဆိတ်သွားသည်။ သူ၏ မူဝါဒက ကျေးဇူးတရားနှင့် ရန်ငြိုးကို အမြဲတမ်း မှတ်ထားခြင်း ဖြစ်သည်။

ထိုသို့ပြောပြီးနောက် ရွှီချင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ယုလျှိုချန်း၏ အနောက်မှာ ရပ်လိုက်သည်။

ဟွမ်ယန်က ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ ရွှီချင်း၏ စိတ်ဓာတ်ပြတ်သားမှုကို မြင်တွေ့သောအခါ သူက နောက်ထပ် မသွေးဆောင်တော့ပေ။

ရွှီချင်းနှင့် ယုလျှိုချန်းက ထွက်သွားတော့မည်ကို မြင်သောအခါ အားညိုက မျက်တောင်ခတ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။ ဖော်လံဖားသော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီး သူက ပြောသည်။

“ ကြည့်ရတာ ဒီကိစ္စမှာ ငါက အများကြီး ကူညီပေးနိုင်မဲ့ပုံမပေါ်ဘူး… ဒီတော့ ငါမလိုက်တော့ဘူး… စီနီယာနဲ့ ဂျူနီယာညီလေး အောင်မြင်ပါစေလို့ ငါဆုတောင်းပါတယ် ”

“ ကောင်းပြီ… ငါတို့တွေ အရင်ထွက်သွားကြမယ် ”

အားညိုသည် စကားဆုံးသည်နှင့် ဓမ္မစစ်သင်္ဘောကို ထိန်းချုပ်လိုက်ပြီး ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။ ဤသည်မှာ သူက ဤကိစ္စထဲသို့ ဆွဲသွင်းခံရမည်ကို စိုးရိမ်နေသည့်အလားပင်။

လေထဲမှ ယုလျှိုချန်းက ခေါင်းငုံ့လိုက်ပြီး အားညိုကို ကြည့်လိုက်သည်။

“ အားညို… တကယ်လို့ မင်းလိုက်ချင်တယ်ဆိုရင် ဒဲ့ပြောလို့ရတယ်… အခုလို ဟန်ဆောင်နေဖို့ မလိုဘူး ”

ယင်းကို အားညိုကြားသောအခါ သူက အမြန်ခေါင်းခါလိုက်ပြီး ရင်ဘက်ကို ပုတ်လိုက်သည်။ သူက ကျယ်လောင်စွာ ပြန်ပြောသည်။

“ စီနီယာ… မင်းနားလည်မှုလွဲနေတာပါ… ငါမလိုက်ပါဘူး… လုံးဝမလိုက်ပါဘူး… မင်းငါ့ကို သေတဲ့အထိ ရိုက်မယ်ဆိုရင်တောင် ငါမလိုက်ပါဘူး ”

ယုလျှိုချန်းက မျက်ခုံးပင့်တင်လိုက်ပြီး မူမမှန်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

“ မင်းပြောချင်တာက မင်းကို သေတဲ့အထိ ငါမရိုက်ဘူးဆိုရင် လိုက်မယ်ဆိုတဲ့ သဘောလား… မင်းက ဒီလောက်တောင် ဆန္ဒပြင်းပြနေမှတော့ ကောင်းပြီ… ငါ့ရဲ့ ငါးမျှားတံမှာ ချိတ်နှစ်ခုပါတယ်… ငါးစာတစ်ခုပိုလာတာက ဘာပြဿနာမှ မရှိနိုင်ပါဘူး ”

သူက စကားပြောပြီးနောက် ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို အားညို၏ ခန္ဓာကိုယ်က လေထဲသို့ မြှောက်တတ်သွားပြီး ရွှီချင်း၏ ဘေးသို့ ရောက်ရှိသွားသည်။

ထို့နောက် ယုလျှိုချန်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ ကောင်းကင်ပေါ်မှ အနီရောင်က မြန်ဆန်စွာ စုဝေးသွားပြီး အလွန်ကြီးမားသော အနီရောင်တိမ်တိုက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

အနီရောင်တိမ်တိုက်သည် အပြင်ပိုင်းပင်လယ်ဆီသို့ ရွေ့လျားသွားသည်။

ဓမ္မစစ်သင်္ဘောထဲတွင် ဟွမ်ယန်က အပြင်ပိုင်းပင်လယ်ဆီသို့ ထွက်ခွာသွားသော အနီရောင်တိမ်တိုက်ကို တိတ်တဆိတ် ကြည့်နေသည်။

အနီရောင်တိမ်တိုက်ထဲတွင် အားညိုက မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

သို့သော်လည်း ရွှီချင်းသည် စီနီယာအကိုကြီးအကြောင်းကို ကောင်းကောင်း နားလည်ထားလေရာ တစ်ဖက်လူ၏ အမူအရာထဲမှ နက်ရှိုင်းစွာ ပုန်းကွယ်နေသော ဘဝမြင့်မှုကို သတိထားမိသွားသည်။

“ ဟန်ဆောင်နေတာ တော်လိုက်တော့… မင်းက အစကတည်းက ငါးစာတစ်ခုပဲ… တကယ်လို့ မင်းက အဲ့လိုမပြောရင်တောင် မင်းကို ငါက တစ်ခါတည်း ခေါ်သွားမှာ ”

ယုလျှိချန်း၏ အသံက အနီရောင်တိမ်တိုက်ထဲမှာ ပဲ့တင်ထပ်လာသည်။

“ မင်းတို့က ကိုယ့်သေလမ်း ကိုယ်မရှာသရွေ့ ဒီခရီးစဉ်က အန္တရာယ်များရင်တောင် အသက်သေစေနိုင်တဲ့အထိ မဆိုးရွားပါဘူး ”

သူက ထိုသို့မပြောခဲ့လျှင် အဆင်ပြေလိမ့်မည်။ ယခု သူက ထိုသို့ပြောလာသည့်အခါ ရွှီချင်း၏ နှလုံးသားထဲမှာ စိတ်မသက်မသာဖြစ်သော ခံစားမှုက အလိုအလျောက် ထွက်ပေါ်လာသည်။ ထို့နောက် သူက ဘေးမှ အားညိုကို လှည့်ကြည့်လိုက်သည်။

အကယ်၍ သေလမ်းရှာသည့်ကိစ္စကို စာရင်းပြုစုမည်ဆိုလျှင် စီနီယာအကိုကြီးက သေချာပေါက် နံပါတ်တစ်ဖြစ်လိမ့်မည်။

ရွှီချင်း၏ အကြည့်ကြောင့် အားညိုက အပြစ်ရှိစိတ်ကို ခံစားမိသွားသည်။ သူက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။

“ စီနီယာ… မင်း ငါးအကြီးကြီး ဖမ်းနိုင်ဖို့နဲ့ ဒီခရီးစဉ်မှာ အကျိုးအမြတ်အများကြီးရဖို့အတွက် ဒီခရီးစဉ်အကြောင်း ငါတို့ကို ပြောပြပါလား ”

“ ငါတို့ရဲ့ အသက်တွေက အရေးမကြီးပါဘူး… ဒါပေမဲ့ တကယ်လို့ ငါတို့က စီနီယာရဲ့ အရေးကြီးကိစ္စကို နှောင့်နှေးစေမယ်ဆိုရင် အဲ့ဒါက ပြဿနာကြီး ဖြစ်လာလိမ့်မယ် ”

ယင်းကို ရွှီချင်းကြားသောအခါ သူက ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ အနီရောင်တိမ်တိုက်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်ပြောလိုက်သော စကားက သူမေးချင်သော အကြောင်းအရာနှင့် အတူတူ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤခရီးစဉ်အကြောင်းကို အသေးစိတ် သိထားခြင်းက သူ၏ ဘေးကင်းလုံခြုံမှုကို သေချာစေလိမ့်မည်။

တိမ်တိုက်ထဲတွင် ယုလျှိုချန်းက အရာအားလုံးကို စောင့်ကြည့်နေပြီး ရယ်မောလိုက်သည်။

သို့သော်လည်း သူက ရွှီချင်းထံမှ အကြွေးလာတောင်းလေရာ ဘာမှမပြောဘဲ နှုတ်ပိတ်နေလိမ့်မည် မဟုတ်ချေ။ ထို့ပြင် ဤကိစ္စက သူ့အတွက် အလွန်အမင်း အရေးကြီးသည်။

ထို့ကြောင့် အနီရောင်တိမ်တိုက်က အပြင်ပိုင်းပင်လယ်ဆီသို့ ရွေ့လျားသွားနေစဉ် သူ၏ အသံက ရွှီချင်းနှင့် အားညို၏ နားထဲသို့ ပျံ့လွင့်သွားသည်။

“ အကြောင်းအရင်းကို ငါမပြောပြခင် အပြင်ပိုင်းပင်လယ်အကြောင်း မင်းတို့ကို ငါပြောပြမယ် ”

“ အပြင်ပိုင်းပင်လယ်က လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတယ်… အဲ့ဒါရဲ့ သမိုင်းကြောင်းက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ထက်တောင် ပိုပြီးရှည်လျားတယ်… အဲ့ဒါက ဘယ်အချိန်ကတည်းက တည်ရှိနေတာလဲဆိုတာ ငါလည်း မသိဘူး… တကယ်တော့ အပြင်ပိုင်းပင်လယ်ထဲမှာ ငါသိထားတဲ့ ဧရိယာတွေက အနည်းအကျဉ်းပဲ ရှိတယ် ”

“ ငါ့ရဲ့ သုံးသပ်မှုအရတော့ ဟွမ်ကောင်းကင်ဘုံမျိုးနွယ်က အပြင်ပိုင်းပင်လယ်ထဲကနေ ထွက်လာတဲ့ အစောဆုံး သက်ရှိတွေဖြစ်လောက်တယ်… အပြင်ပိုင်းပင်လယ်က သူတို့မျိုးနွယ်ရဲ့ မူလဇစ်မြစ်ပဲ… သူတို့က အပြင်ထွက်လာပြီးနောက် ဟွမ်ကောင်းကင်ဘုံကို တည်ထောင်ခဲ့ကြတယ် ”

“ နောက်ပိုင်းမှာ မင်းတို့ရဲ့ အင်မော်တယ်ဘိုးဘေးတွေက ဟွမ်ကောင်းကင်နတ်ဘုရားမျိုးနွယ်ကို ဖိနှိပ်လိုက်ပြီး ဟွမ်ကောင်းကင်ဘုံကို ချိပ်ပိတ်လိုက်တယ်… သူတို့က ဟွမ်ကောင်းကင်ဘုံရဲ့ အပေါ်မှာ ဝမ်ကူးကုန်းမြေကို တည်ထောင်ခဲ့ကြတယ်… ဒါပေမဲ့ အပြင်ပိုင်းပင်လယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့လည်းပဲ အကူအညီမဲ့ခဲ့ကြတယ် ”

“ ငါ့အထင်တော့ ဒီအချက်ကြောင့် သူတို့က အိမ်ရှေ့စံမင်းသားရွှေကျီးကန်းကို အသက်ရှင်ခွင့်ပေးခဲ့ပြီး လောကကို လှည့်ပတ်စောင့်ကြည့်ဖို့ အခွင့်အရေးပေးခဲ့တာ ဖြစ်နိုင်တယ်… အကြောင်းအရင်းကတော့ သူက သန်မာလို့မဟုတ်ဘဲ သူ့ရဲ့ သွေးမျိုးဆက်ကြောင့်ပဲ ”

“ အပြင်ပိုင်းပင်လယ်ကို သီခြားလောကတစ်ခုအဖြစ် သတ်မှတ်နိုင်တယ် ”

ယုလျှိုချန်း၏ အသံက ပဲ့တင်ထပ်သွားသည်။ ထိုထဲမှာ ပါဝင်သော သတင်းအချက်အလက်က အလွန်ကြီးမားပြီး လူအနည်းစုသာလျှင် ယင်းကို သိထားကြသည်။ ထို့ကြောင့် ရွှီချင်းနှင့် အားညိုက နှလုံးတုန်သွားကြသည်။

“ ငါ့ရဲ့ ရည်ရွယ်ချက်ကတော့… ”

ထိုနေရာသို့ ရောက်သည့်အခါ ယုလျှိုချန်းက ရပ်လိုက်သည်။

“ ရွှီချင်း… အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကြားက ကွာခြားမှုကို မင်းသိလား ”

ရွှီချင်းက အစောနက သတင်းအချက်အလက်များကို ချေဖျက်နေဆဲပင်။ ယုလျှိုချန်း၏ စကားကို ကြားသောအခါ သူက တစ်ခဏစဉ်းစားလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ အင်မော်တယ်ကျင့်ကြံခြင်းရဲ့ အနှစ်သာရက မူလဇစ်မြစ်ပေါ်မှာ တည်ရှိတယ်… နတ်ဘုရားကျင့်ကြံခြင်းကတော့ အနန္တစွမ်းအားပေါ်မှာ တည်ရှိတယ် ”

ယုလျှိုချန်းက ပြုံးလိုက်သည်။

“ မင်းပြောတာက တစ်ဝက်ပဲ မှန်တယ် ”

“ အဖြေကတော့ အင်မော်တယ်ကျင့်ကြံခြင်းက ကိုယ်ပိုင်အစစ်အမှန်ကို ရှာဖွေပြီး နတ်ဘုရားကျင့်ကြံခြင်းက အစစ်အမှန်နာမည်ကို ရှာဖွေတယ် ”

“ ဒါကြောင့် နွေဦးအင်မော်တယ်က သေဆုံးနိုင်ပေမဲ့ အစစ်အမှန်နတ်ဘုရားတွေက ဖျက်ဆီးမခံရနိုင်ဘူး ”

“ အစစ်အမှန်နတ်ဘုရားတစ်ပါးက သေဆုံးသွားမယ်ဆိုရင်တောင် သူ့ရဲ့ အစစ်အမှန်နာမည်က ကြယ်တာရာကောင်းကင်ထဲမှာ ဆက်ပြီးတည်ရှိနေဦးမယ်ဆိုရင် နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် သူက ပြန်ရောက်လာလိမ့်မယ်… ဒါပေမဲ့ ပြန်ရောက်လာတဲ့ လူက အဲ့ဒီနတ်ဘုရားကိုယ်တိုင်လား ဒါမှမဟုတ် တခြားနတ်ဘုရားလားဆိုတာတော့ မသေချာဘူး ”

ယုလျှိုချန်း၏ အသံထဲမှာ ရှေးဟောင်းအငွေ့အသက် ကိန်းအောင်းနေပြီး ယင်းက သူနှင့် ရွှီချင်းကြားမှ မြူခိုးကို လွင့်ပြယ်သွားစေသည်။ ထိုအခါ သူ၏ ပုံရိပ်က ရွှီချင်းနှင့် အားညို၏ အရှေ့မှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။

ယုလျှိုချန်းက အပြင်ပိုင်းပင်လယ်ဆီသို့ စိုက်ကြည့်နေသည်။ အချိန်အငွေ့အသက်ကို သယ်ဆောင်ထားသော သူ၏ အသံက အဓိကလောကထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ဝမ်ကူးကုန်းမြေရဲ့ သမိုင်းကြောင်းမှာ စစ်ပွဲတွေနဲ့ ပြည့်နှက်နေတယ်… ဥပမာ အတိတ်မှာ အောက်နယ်မြေကနေ ရောက်လာကြတဲ့ မင်းရဲ့ ဘိုးဘေးတွေက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို ဖိနှိပ်ခဲ့ကြတယ် ”

“ အဲ့ဒီစစ်ပွဲကို ငါမတွေ့ကြုံခဲ့ရပေမဲ့ ဝမ်ကူးကုန်းမြေရဲ့ အချိန်မြစ်ကို ငါစစ်ဆေးကြည့်ခဲ့တယ်… အတိတ်မှာ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ရဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးက အပြင်ပိုင်းပင်လယ်ထဲမှာ အသတ်ခံလိုက်ရတာကို ငါမြင်ခဲ့တယ် ”

“ ဒါကြောင့် အတိတ်မှာ ငါဒဏ်ရာရသွားပြီးနောက် အဲ့ဒီအစစ်အမှန်နတ်ဘုရားနဲ့ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ်ကို နှစ်ပေါင်းများစွာကြာအောင် ငါပြောပြခဲ့တယ် ”

“ နောက်ဆုံးမှာတော့ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် အချိန်က ငါ့ပုံပြင်ကို အသိအမှတ်ပြုလိုက်တယ်… အဲ့ဒီအစစ်အမှန်နတ်ဘုရားက ပြန်ရောက်လာနေပြီဆိုတာ ငါအာရုံခံနိုင်တယ် ”

“ သူက လက်ရှိအချိန်မှာ အရမ်းအားနည်းနေပြီး ပြန်လည်အားဖြည့်နေတယ်… ဒါပေမဲ့ အဲ့ဒါက အစစ်အမှန်နတ်ဘုရားရဲ့ ပုံပြင်ကို ပြီးပြည့်စုံလာအောင် ငါ့ကို ကူညီပေးနိုင်တယ် ”

“ မင်းတို့ကို ငါးစာအဖြစ် ငါရွေးချယ်ရတာက မင်းတို့က နွေဦးအင်မော်တယ်တစ်ပါးနဲ့ ကမ္မဆက်စပ်မှုရှိတယ်… အဲ့ဒီအစစ်အမှန်နတ်ဘုရားက အတိတ်မှာ နွေဦးအင်မော်တယ်တစ်ပါးရဲ့ သတ်ဖြတ်ခံခဲ့ရတယ်… အဲ့ဒါက မင်းတို့နဲ့ ဘာမှမသက်ဆိုင်ဘူးဆိုပေမဲ့ ဒီကြယ်တာရာကောင်းကင်မှာ နွေဦးအင်မော်တယ်က အနည်းငယ်ပဲ ရှိတယ်မဟုတ်လား ”

“ ဒါကြောင့် မင်းတို့က အကောင်းဆုံး ငါးစာပဲ ”

“ ငါက မင်းတို့ရဲ့ အရှိန်အဝါကို ငှားပြီးတော့ အားနည်းနေတဲ့ အဲ့ဒီအစစ်အမှန်နတ်ဘုရားကို မျှားခေါ်ထုတ်ချင်ပြီး ငါ့ရဲ့ ပုံပြင်ကို အစစ်အမှန်နတ်ဘုရားအဆင့်ထိရောက်အောင် ပြုလုပ်ချင်တယ်… အစီအစဉ်က အောင်မြင်သွားမယ်ဆိုရင် ငါ့ရဲ့ နတ်ဘုရားယဇ်ပလ္လင်က အထွတ်အထိပ်ကို ပြန်ရောက်သွားပြီး အစစ်အမှန်နတ်ဘုရားဖြစ်နိုင်မယ့် အခွင့်အရေးတစ်သောင်းထဲက တစ်ခုကို ငါဖမ်းဆုပ်နိုင်လိမ့်မယ် ”

ယုလျှိုချန်းသည် မည်သည့်အရာကိုမှ မဖုံးကွယ်ထားပေ။ ရွှီချင်းနှင့် ခေါင်းဆောင်အား အကြောင်းအရင်းကို သူပြောပြီးနောက် ကောင်းကင်ပေါ်မှာ ရွေ့လျားနေသော အနီရောင်တိမ်တိုက်က ရုတ်တရက် ရပ်တန့်သွားသည်။

သူတို့က အပြင်ပိုင်းပင်လယ်ဆီသို့ ရောက်ရှိသွားကြသည်။

အဆုံးမဲ့သော မျဉ်းကြောင်းက ပင်လယ်မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်နေသည်။

မျဉ်းကြောင်း၏ တစ်ဖက်သည် အနက်ရောင်ဖြစ်ပြီး ယင်းက အတွင်းပိုင်းပင်လယ်ဖြစ်သည်။

အခြားတစ်ဖက်သည် ခရမ်းရောင်ဖြစ်ပြီး အပြင်ပိုင်းပင်လယ်ဖြစ်သည်။

All Chapters