သူက အစစ်အမှန်နတ်ဘုရားဖြစ်လောက်တယ်
Vol. 94 Ch. 1454
ရှေးဦးပင်လယ်…
စူးက လွင့်ပြယ်သွားသည့်အခါ ဖော်မပြနိုင်သော အန္တရာယ်ခံစားမှုက တည်ငြိမ်သော ပင်လယ်ရေပြင်ပေါ်သို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။
ယင်းက အမှောင်ထုကို လှုံ့ဆော်လိုက်ပြီး တစ်စုံတစ်ယောက်၏ အမြင်အာရုံကို ဝေဝါးသွားစေသည်။ ဖိနှိပ်သော ခံစားမှုက အသိစိတ်ထဲသို့ ဝင်ရောက်လာသည်။
စိတ်ပျက်ဖွယ်ကောင်းသော တီးတိုးရေရွတ်သံများသည် ပင်လယ်ထဲမှ မသဲမကွဲ ထွက်ပေါ်လာသည်။
ဤသည်မှာ သေခြင်းက ချဉ်းကပ်လာနေသည့်အလားပင်။
ယင်းက ရှေးဦးပင်လယ်ဖြစ်သည်။ ဤနေရာမှာ အန္တရာယ်များက အဆုံးမဲ့သည်။
ရွှီချင်းနှင့် အားညို၏ အမူအရာက ချက်ချင်း တည်ကြည်လေးနက်သွားသည်။
သို့သော်လည်း သူတို့က ဤပင်လယ်ထဲမှာ တစ်လကျော်ကြာအောင် နေထိုင်ခဲ့ကြသည်။ သူတို့၏ အမျိုးမျိုးသော အတွေ့အကြုံများမှတဆင့် ဤပင်လယ်က မည်မျှအန္တရာယ်များကြောင်း နက်ရှိုင်းစွာ သူတို့နားလည်သွားကြသည်။
ဤအခိုက်အတန့်မှာ သူတို့ထဲမှ တစ်ယောက်က ဓမ္မစစ်သင်္ဘောကို ထိန်းချုပ်ပြီး မောင်းနှင်နေစဉ် တခြားတစ်ယောက်က နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်၍ ဘေးပတ်ဝန်းကျင်ကို သတိထားနေသည်။ အားညိုသည် ဖုံးကွယ်ခြင်းအတတ်ပညာကို အသုံးပြု၍ သင်္ဘော၏ တစ်စိတ်တစ်ပိုင်းကို ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
မဟာအတောင်ပံက စူး၏ ဝါးမျိုမှုအောက်မှာ ပြိုကွဲသွားခဲ့သောကြောင့် ယခု သူတို့က ဓမ္မစစ်သင်္ဘောကိုသာ အသုံးပြုနိုင်တော့သည်။ သို့သော်လည်း ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်၏ အားဖြည့်ပေးမှုကြောင့် ဤဓမ္မစစ်သင်္ဘောသည် နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံရှည်နှင့် ဆင်တူပြီး ၎င်း၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် သူတို့က ကံကောင်းနေခြင်းလော သို့မဟုတ် ပျောက်ကွယ်သွားသော စူး၏ အရှိန်အဝါကြောင့်လော သို့မဟုတ် အားညို၏ ဖုံးကွယ်ခြင်းအတတ်ပညာကြောင့်လော သေချာမသိရသော်လည်း မည်သည့်အန္တရာယ်မှ သူတို့ဆီသို့ မချဉ်းကပ်လာကြချေ။
သို့ဖြစ်၍ သူတို့နှစ်ယောက်သည် သတိကြီးစွာထားနေရင်း ဤပင်လယ်ဧရိယာထဲမှ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။
နောက်ထပ်နှစ်နာရီကြာပြီးနောက် အန္တရာယ်ခံစားမှုက ဖြည်းညင်းစွာ အားနည်းသွားပြီး နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားသည်။
သို့မှသာ ရွှီချင်းနှင့် အားညိုက သက်ပြင်းရှည်ကြီး ချနိုင်သွားကြသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ဖက်လူက သူ့ကဲ့သို့ မျက်မှောင်ကြုတ်နေကြောင်း မြင်သွားသည်။
“ ငါတို့လမ်းပျောက်သွားပြီ… ”
ရွှီချင်းက တိုးညင်းစွာ ပြောသည်။
ယခင်က သူတို့သည် သူတို့၏ တည်နေရာကို အာရုံစိုက်ခဲ့ကြပြီး အပြင်ပိုင်းပင်လယ်ထဲမှာ လမ်းပျောက်မသွားရန် သတိထားခဲ့ကြသည်။
သို့သော်လည်း စူး၏ ဝါးမျိုခံလိုက်ရခြင်းက သူတို့၏ စိတ်အာရုံကို နှောင့်ယှက်ခဲ့သည်။ ယခု သူတို့က မည်သည့်နေရာကို ရောက်နေကြောင်း မသိကြတော့ချေ။
သူတို့မြင်နိုင်သည်မှာ အဆုံးမဲ့သော အမှောင်ထုဖြစ်သည်။
“ ဟိုသက်ကျားအိုကြီးယုလျှိုချန်းက ဘာလုပ်နေတာလဲ… သူက စူးရဲ့ ဝါးမျိုမခံခဲ့ရပေမဲ့ အပြင်ပိုင်းပင်လယ်ထဲမှာ အခြေအနေမကောင်းဘူးဆိုတာ ငါပြောနိုင်တယ် ”
အားညိုက သက်ပြင်းချလိုက်သည်။
“ ငါ့ရဲ့ တွက်ချက်မှု မှားသွားတယ်… တကယ်လို့ အဲ့လိုဖြစ်လာမယ်ဆိုတာသာ ငါကြိုသိမယ်ဆိုရင် အကြောင်းပြချက်တစ်ခုရှာပြီး သူ့ကို ငြင်းခဲ့ပါတယ် ”
ရွှီချင်းက တစ်ခဏ နှုတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောသည်။
“ ဦးတည်ရာကို သိနိုင်ဖို့ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်… ဒါပေမဲ့ အဲ့လိုလုပ်မယ်ဆိုရင် အမည်မသိတည်ရှိမှုတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်မိလိမ့်မယ် ”
ရွှီချင်းက စကားဆုံးအောင် ပြောပြီးနောက် အားညိုကို ကြည့်လိုက်သည်။
ယင်းကို အားညိုကြားသောအခါ သူက ပြန်မပြောမီ တစ်ခဏ စဉ်းစားလိုက်သည်။
“ ချင်းလေး… မန္တန်ကို အသုံးပြုဖို့အတွက် မင်းဘယ်လောက် အချိန်ယူရမလဲ ”
“ ဆယ်ငါးမိနစ် ”
ရွှီချင်းက တွက်ချက်ပြီးနောက် တိကျသော အချိန်ကို ပြောသည်။
“ အဲ့ဒါက ပြဿနာမဟုတ်ဘူး… ပြင်ဆင်ဖို့အတွက် ငါ့ကို စောင့်ပါ… ဒါနဲ့ မင်းမှာ ပိုပြီးသေးတဲ့ လှေရှိလား ”
အားညိုက သူတို့စီးနေသော သင်္ဘောကို ကြည့်လိုက်ပြီး တစ်ခဏ တုံ့ဆိုင်းသွားသည်။
ရွှီချင်းက ပိုပြီးသေးငယ်သော ဓမ္မလှေတစ်စင်းကို ချက်ချင်း ထုတ်လိုက်ပြီး ဓမ္မစစ်သင်္ဘောနေရာမှာ အစားထိုးလိုက်သည်။ အားညိုက အံကြိတ်လိုက်ပြီး သူ၏ ရင်ဘက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ ယင်းက သူ့ကို သွေးအန်သွားစေသည်။ သူက ဓမ္မလှေ၏ ဘေးပတ်ပတ်လည်မှာ သွေးအန်ချလိုက်သည်။
ရွှီချင်းသည် အားညို၏ လုပ်ရက်ကို မအံ့ဩချေ။ နှစ်ပေါင်းများစွာကြာအောင် အတူလက်တွဲလုပ်ဆောင်ပြီးနောက် စီနီယာအကိုကြီး၏ သွေးက မည်မျှအစွမ်းထက်ကြောင်း ရှင်းလင်းစွာ သူနားလည်ခဲ့သည်။
သူမျှော်လင့်ထားသကဲ့သို့ သိပ်မကြာခင်မှာ ဓမ္မလှေ၏ အတွင်းနှင့်အပြင်သည် အားညို၏ သွေးဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ထို့နောက် အားညိုက ဖြူဖျော့သော မျက်နှာဖြင့် နေရာမှာ ထိုင်ချလိုက်ပြီး ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
“ ငါ့ရဲ့ သွေးကို အသုံးပြုပြီး စကားလုံးမဲ့ ကျောက်တုံးကျမ်းစာရဲ့ ဖုံးကွယ်ခြင်းအစွမ်းကို လှုံ့ဆော်ထားတယ်… ဆယ်ငါးမိနစ်လောက်တော့ ငါတို့အဆင်ပြေလိမ့်မယ် ”
ရွှီချင်းသည် ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အသံနတ်ဘုရားအခွင့်အာဏာသည် တအိအိလှိုင်းထသွားသည်။ နောက်အခိုက်အတန့်မှာ အသံများသည် တိတ်ဆိတ်နေသော အပြင်ပိုင်းပင်လယ်ထဲမှာ ထွက်ပေါ်လာကြသည်။
ယင်းတို့က ပင်လယ်ထဲမှ လှိုင်းရွေ့လျားသံ၊ အမှောင်ထု၏ စီးဆင်းသံ၊ အပျက်အစီးများက ပင်လယ်ထဲမှာ လွင့်မျောနေသောအသံနှင့် ပင်လယ်ရေအောက်ထဲမှ တီးတိုးရေရွတ်သံများ ဖြစ်ကြသည်။
မရေမတွက်နိုင်သော အသံများက ဤအခိုက်အတန့်မှာ ထွက်ပေါ်လာကြသည်။
အချိန်ကြာသွားသည်နှင့်အမျှ ထိုအသံများက ပျံ့နှံ့သွားပြီး ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုအတောအတွင်း ကြောက်စရာကောင်းသော စိတ်ဆန္ဒများက နတ်ဘုရားအတွေးများကို ပို့လွှတ်လိုက်ကြသည်။
ထိုထဲမှာ ရယ်သံများ၊ ငိုကြွေးသံများ၊ တောင်းဆိုသံများနှင့် ဒေါသတကြီး ဟိန်းဟောက်သံများ ပါဝင်ကြသည်။
အသံအမျိုးမျိုးက ရွှီချင်း၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူက ယင်းတို့ကို တားဆီးရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ နတ်ဘုရားအခွင့်အာဏာက ပင်လယ်လှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အပြန်လမ်းကို ရှာဖွေလိုက်သည်။
ထိုသို့လုပ်ဆောင်နေစဉ်အတွင်း ဘေးပတ်ဝန်းကျင်မှ ဖိနှိပ်သော ခံစားမှုက ပိုပြီးအားကောင်းလာသည်။ အားညိုသည် အလွန်စိုးရိမ်ကြောင့်ကြလာသည်။ သူက မတ်တတ်ရပ်လိုက်ပြီး အကြိမ်ရေအနည်းငယ် သွေးထပ်အန်လိုက်ကာ ဖုံးကွယ်မှုကို အားဖြည့်ပေးလိုက်သည်။
နောက်ဆုံးမှာတော့ ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသည်။
ရွှီချင်းက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက ပါးစပ်အပြည့် သွေးတစ်ပွက်အန်ပြီးနောက် သူ၏ မျက်လုံးထဲမှာ အနက်ရောင်အလင်း ထွက်ပေါ်လာသည်။ ထို့နောက် သူက ဦးတည်ရာတစ်ခုထံသို့ လက်ညှိုးညွှန်လိုက်သည်။
“ အတွင်းပိုင်းပင်လယ်က အဲ့ဒီမှာ ”
အားညိုက ဓမ္မလှေကို ရွှီချင်းနှင့်အတူ အားဖြည့်ပေးလိုက်သည်။ ထိုအခါ ဓမ္မလှေသည် အရှိန်မြှင့်စွာ မောင်းနှင်သွားပြီး ရွှီချင်းအာရုံခံမိသော ဦးတည်ရာဆီသို့ တန်းတန်းမတ်မတ် ရွေ့လျားသွားသည်။
အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး လဝက်ကုန်ဆုံးသွားသည်။
ယခုဆိုလျှင် သူတို့က စူး၏ ဝါးမျိုခံလိုက်ရသည်မှာ တစ်လတင်းတင်း ပြည့်သွားပြီ ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူတို့ကို စူးဝါးမျိုခဲ့သော နေရာ၏ အရှေ့အရပ် ကီလိုမီတာသန်းလေးဆယ်အဝေးတွင် ရွှီချင်းနှင့် အားညို၏ ဓမ္မလှေက မြန်ဆန်စွာ မောင်းနှင်နေစဉ် ပင်လယ်ရေက ရုတ်တရက် ဝုန်းခနဲ လှုပ်ခတ်သွားသည်။
ကျယ်လောင်သော ဆူညံသံများကြားတွင် အရွယ်အစားကြီးမားသော ရေပန်းသည် ပင်လယ်ရေထဲမှ ပေါက်ကွဲထွက်လာသည်။ ဤသည်မှာ ပင်လယ်ရေက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားနေဟန် ရသည်။ ယင်းက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ရွှီချင်းနှင့် အားညို၏ ဓမ္မလှေကို အပေါ်သို့ သယ်ဆောင်သွားသည်။
သူတို့နှစ်ယောက်က ထိတ်လန့်သွားကြသည်။ သူတို့၏ အတွေးများက ရုတ်တရက် အဖြစ်အပျက်ကြောင့် ပရမ်းပတာဖြစ်သွားစဉ် ကောင်းကင်ဘုံမိုးခြိမ်းသံနှင့်ဆင်တူသော အသံက သူတို့၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။
“ မင်းတို့နှစ်ယောက် လမ်းခရီးမှာ အဆင်ပြေချောမွေ့တယ်မလား ”
စကားသံက ပဲ့တင်ထပ်သွားသည်နှင့် အနီရောင်မြူခိုးက လေထဲမှာ ထွက်ပေါ်လာပြီး ရွှီချင်းနှင့် အားညိုကို ချက်ချင်း လွှမ်းခြုံသွားသည်။ ထို့နောက် မြူခိုးက အဝေးသို့ ရွေ့လျားသွားပြီး မည်သည့်သဲလွန်စမှမကျန်ဘဲ မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
အနီရောင်မြူခိုး၏ ဖုံးလွှမ်းခံထားရသော ဓမ္မလှေပေါ်တွင် ပုံရိပ်တစ်ခုက ရွှီချင်းနှင့် အားညို၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုပုံရိပ်သည် ထင်းရှုးပင်ကဲ့သို့ ရှည်လျားဖြောင့်မတ်သည်။ သူက အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူက ယုလျှိုချန်းမှလွဲ၍ တခြားလူမဟုတ်ပေ။ သူက စိုးရိမ်ကြောင့်ကြခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းကို ကောင်းမွန်စွာ ဖုံးကွယ်ထားသည်။
ယုလျှိုချန်းကို မြင်လိုက်ရသည့်အခိုက် ရွှီချင်းက အနည်းငယ် စိတ်သက်သာရာရသွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ စီနီယာကို နှုတ်ဆက်ပါတယ် ”
အားညို၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
“ စီနီယာ… နောက်ဆုံးတော့ မင်းရောက်လာပြီ ”
ယုလျှိုချန်းက အနောက်သို့ လှည့်လိုက်သည်။ သူ၏ ချောမောခန့်ညားသော မျက်နှာက အပြင်ပိုင်းပင်လယ်ထဲသို့ သူစတင်ဝင်ရောက်ခဲ့စဉ်ကနှင့် အတူတူပင်။ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိပြီး အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိသည်ဟူသော ခံစားမှုကို ထုတ်လွှတ်နေသည်။
“ မင်းတို့တွေ ငါ့ပုံပြင်ထဲမှာ ကောင်းကောင်း နေခဲ့ရတယ်မလား ”
ရွှီချင်းက မျက်တောင်ခတ်လိုက်သည်။ ယုလျှိုချန်း၏ ပုံပြင်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုပါဝင်နေလိမ့်မည်ဟု သူမယုံပေ။ သို့ဖြစ်၍ တစ်ဖက်လူ၏ စကားက အနည်းငယ် ချဲ့ကားလွန်းနေကြောင်း လုံးဝသေချာသည်။
သို့သော်လည်း တစ်ဖက်လူက သူတို့ကို ရှာဖွေနိုင်မှတော့ သူတို့နှင့်ပတ်သက်ပြီး ပုံပြင်တစ်ပုဒ် ရှိခဲ့ရမည်။
ထို့ကြောင့် သူက မိန်းမောတွေဝေသွားဟန် ဟန်ဆောင်လိုက်ပြီး မယုံကြည်နိုင်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
အားညိုနှင့် ရွှီချင်းကြားတွင် စိတ်ချင်းဆက်သွယ်မှုရှိလေရာ သူတို့က အချင်းချင်း ဆက်သွယ်နေစရာ မလိုပေ။ ဤအခိုက်အတန့်မှာ အားညိုက ရွှီချင်းနည်းတူ လုပ်ဆောင်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ မိန်းမောတွေဝေသော အမူအရာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အံ့ဩထိတ်လန့်သွားသည်။
“ ဒီတော့ ဒီမတိုင်ခင် လမ်းခရီးမှာ ငါတို့တွေ့ဆုံခဲ့တဲ့ အရာအားလုံးက စီနီယာရဲ့ ပုံပြင်ပေါ့ ”
“ စီနီယာက စကားတစ်ခွန်းနဲ့ နတ်ဘုရားတွေကို အမိန့်ပေးနိုင်ပြီး ထူးခြားဆန်းကြယ်တဲ့ သက်ရှိတွေကို သူတို့ကိုယ်သူတို့ သတိမထားမိဘဲ ပုံပြင်ထဲမှာ ဆွဲထည့်နိုင်တယ်… ဘယ်လောက် အံ့ဩဖို့ကောင်းတဲ့ နတ်ဘုရားစွမ်းရည်လဲ… စီနီယာက ပြိုင်ဘက်ကင်းနတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်… စီနီယာက နတ်ဘုရားအားလုံးကို ဦးညွတ်စေပြီး လောကရဲ့ အရောင်ကို ဆုံးရှုံးသွားအောင် လုပ်နိုင်တယ်… စီနီယာရဲ့ နတ်ဘုရားရောင်ဝါက ကြယ်တာရာကောင်းကင်ကိုတောင် လင်းထိန်သွားစေတယ် ”
အားညိုက သူ့ကို မြှောက်ပင့်ပြောဆိုပြီးနောက် နောက်ထပ် မေးခွန်းတစ်ခုကို အမြန်မေးလိုက်သည်။
“ ဟို… ငါတို့တွေ ဆက်ပြီး ငါးမျှားဦးမှာလား ”
‘ ငါးဆက်မျှားမယ် ’ဟူသော စကားကို ကြားသောအခါ ယုလျှိုချန်း၏ နှလုံးက လှိုင်းထသွားသည်။ သို့သော်လည်း သူ၏ အမူအရာက တည်ငြိမ်နေဆဲပင်။ ဤသည်မှာ သူက ခရီးတစ်လျှောက်တွင် လက်ဖက်ရည်တိုက်ခဲ့ရသော အတွေ့အကြုံများကို မေ့သွားဟန် ရသည်။ သူ၏ အကြည့်ထဲမှာ မထူးမခြားနား အရိပ်အယောင်သာ ရှိသည်။
“ မလိုတော့ဘူး… သူက ဒီရောက်နေပြီ… ဒါကြောင့် မင်းတို့ရဲ့ တာဝန်က ပြီးမြောက်သွားပြီ ”
ထိုသို့ပြောပြီးနောက် ယုလျှိုချန်းက ခေါင်းလှည့်လိုက်ပြီး သူ့အနောက်မှ ပင်လယ်ကို ကြည့်လိုက်သည်။ သူက ခြေတစ်လှမ်းနှင့်အတူ ကောင်းကင်ပေါ်သို့ ရောက်ရှိသွားသည်။ ကောင်းကင်ပေါ်တွင် သူက ရွှီချင်းနှင့် အားညို၏ ဓမ္မလှေထံသို့ လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ နတ်ဘုရားအစွမ်းကြောင့် လှေက အဝေးသို့ မြန်ဆန်စွာ မောင်းနှင်သွားသည်။
ထို့နောက် ကမ္မတချို့ ကိန်းအောင်းနေသော သူ၏ အသံက ပဲ့တင်ထပ်သွားသည်။
“ အတိတ်မှာ ဟွမ်ကောင်းကင်ဘုံမျိုးနွယ်ရဲ့ နတ်ဘုရားတစ်ပါးက နွေဦးအင်မော်တယ်တစ်ပါးရဲ့ လက်ထဲမှာ သေဆုံးခဲ့တယ်… သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ပြိုကွဲသွားပြီး နတ်ဘုရားအသိစိတ်က မှေးမှိန်သွားခဲ့တယ်… သူ့ရဲ့ အစစ်အမှန်နာမည်က ကြယ်တာရာကောင်းကင်ဆီ ပြန်ရောက်သွားတယ် ”
“ နှစ်တစ်သောင်းကြာပြီးနောက် သူ့ရဲ့ နာမည်က ပြန်ထွက်ပေါ်လာတယ်… နောက်ထပ် နှစ်တစ်သောင်းကြာပြီးနောက် သူ့ရဲ့ နတ်ဘုရားအသိစိတ်က ခေါ်သံကို အာရုံခံမိသွားတယ်… နောက်ထပ် နှစ်တစ်သောင်းကြာပြီးနောက် သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ပြန်လည်ရှင်သန်လာတယ်… အဲ့ဒါက သံသရာစက်ဝန်းတစ်ခု ဖြစ်လာတယ် ”
“ အဲ့လိုသံသရာစက်ဝန်းတွေအများကြီး ထပ်ခါထပ်ခါ ဖြစ်ပျက်ပြီးနောက် သူ့ရဲ့ အစစ်အမှန်နာမည်က နောက်ဆုံးမှာတော့ လှုပ်ရှားသွားပြီး ဗလာနတ္ထိကနေ ပြန်ရောက်လာတယ် ”
“ သူ့ရဲ့ ခရီးစဉ်က ခက်ခဲကြမ်းတမ်းပြီး အမည်မသိ တည်ရှိမှုတွေနဲ့ တွေ့ဆုံခဲ့တယ်… သူက တချို့ကို ဝါးမျိုခဲ့တယ်… အဲ့ဒီနောက် သူက တခြားအမည်မသိတည်ရှိမှုတွေနဲ့ တွေ့ဆုံသွားပြီး ပြန်လည်ဝါးမျိုခံခဲ့ရတယ်… အန္တရာယ်တွေကို ထပ်ခါတလဲလဲ တွေ့ကြုံပြီးနောက် သူက ပြိုကွဲပျက်စီးသွားတယ်… သူ့ရဲ့ နတ်ဘုရားအရင်းအမြစ်က လွင့်ပြယ်သွားတယ် ”
“ နတ်ဘုရားအရင်းအမြစ်က လွင့်ပြယ်သွားပြီးနောက် သူက အရမ်းအားနည်းသွားတယ်… သူက အစစ်အမှန်နတ်ဘုရားတစ်ပါး မဟုတ်တော့ဘူး… နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာပဲ ရှိတော့တယ် ”
ယုလျှိုချန်းက စကားပြောနေစဉ် သူ၏ နတ်ဘုရားအခွင့်အာဏာအစွမ်းက ပျံ့နှံ့ထွက်လာပြီး ကောင်းကင်နှင့် ပေါင်းစပ်သွားသည်။ ယင်းက ပင်လယ်ကို တံဆိပ်ခတ်လိုက်ပြီး သူ၏ အစစ်အမှန်နာမည်အောက်မှာ စစ်မှန်သော ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးလိုက်သည်။
“ အဲ့ဒီနောက် သူ့ရဲ့ ပြန်လည်မွေးဖွားခြင်းမီးတောက်က ရှေးဦးပင်လယ်ထဲမှာ မြှောက်တတ်လာတယ်… အစက သူက ပြန်လည်အားဖြည့်ဖို့အတွက် နှစ်တစ်သိန်းကြာအောင် အိပ်စက်ချင်ခဲ့တယ်… ဒါပေမဲ့ သူ့ရဲ့ ကံကြမ္မာထဲမှာ မရှောင်လွှဲနိုင်တဲ့ ကပ်ဘေးဒုက္ခတစ်ခု ရှိတယ်… အဲ့ဒီကပ်ဘေးဒုက္ခကို ဆောင်ကြဉ်းလာတဲ့လူကို ယုလျှိုချန်းလို့ ခေါ်တယ် ”
“ ယုလျှိုချန်းက နွေဦးအင်မော်တယ်ရဲ့ ကမ္မရှိတဲ့ လူသားနှစ်ယောက်ကို ငါးစာအဖြစ် အသုံးပြုခဲ့တယ်… နှစ်လကြာအောင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပြီးတဲ့နောက် ပြန်ရောက်လာတဲ့ အစစ်အမှန်နတ်ဘုရားကို သွေးဆောင်နိုင်ခဲ့တယ်… သူက ဒီနေရာမှာ… ထွက်ပေါ်လာတယ် ”
“ သူ့ရဲ့ နတ်ဘုရားစွမ်းအားက အရမ်းအားနည်းနေတယ်… သူ့ရဲ့ အစစ်အမှန်နာမည်က ဝေဝါးနေပြီး သူ့ရဲ့ မှတ်ဉာဏ်က မကြည်မလင်ဖြစ်နေတယ် ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း လောကက ဝုန်းခနဲ လှုပ်ခါသွားသည်။ ဘေးပတ်ဝန်းကျင်မှ ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်သွားပြီး မရေမတွက်နိုင်သော ဟိန်းဟောက်သံများက အရပ်မျက်နှာအဘက်ဘက်မှ ပဲ့တင်ထပ်လာသည်။
ယုလျှိုချန်းက ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ အသံက မိုးခြိမ်းသံပမာ ပိုပြီးကျယ်လောင်သထက် ကျယ်လောင်လာသည်။
“ ဒါကြောင့် ယုလျှိုချန်းရဲ့ အကြည့်အောက်မှာ အဲ့ဒီနတ်ဘုရားက သူ့ဘာသာ ပြိုကွဲသွားပြီး သူ့ရဲ့ တည်ရှိမှုက ရပ်တန့်သွားတယ် ”
နောက်အခိုက်အတန့်မှာ လောက၏ အရောင်က ပြောင်းလဲသွားပြီး ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည်။ စစ်မှန်သော ဇာတ်လမ်းက ပြိုကွဲသွားတော့မည့် လက္ခဏာများ ဖော်ပြလာသည်။
ယုလျှိုချန်းက မျက်မှောင်ကြုတ်လိုက်ပြီး ပုံပြင်ကို ပြန်ပြောင်းပြောလိုက်သည်။
“ ဒါပေမဲ့ အဲ့ဒီနတ်ဘုရားမှာ အစွမ်းတချို့ ကျန်ရှိနေသေးတယ်… သူက အတင်းအကျပ် ရုန်းကန်ပြီးနောက် ယုလျှိုချန်းရဲ့ အကြည့်ကနေ လွတ်မြောက်သွားခဲ့တယ်… ဒါပေမဲ့ ယုလျှိုချန်းက ကြိုပြင်ဆင်ထားခဲ့တယ်… သူက ကြောက်စရာကောင်းတဲ့ နတ်ဘုရားအစွမ်းကို ထုတ်ဖော်လိုက်ပြီး ပြန်ရောက်လာတဲ့ အဲ့ဒီနတ်ဘုရားကို ဝါးမျိုလိုက်တယ် ”
စစ်မှန်သော ဇာတ်လမ်းက တုန်လှုပ်သွားပြီး တံဆိပ်ပေါ်မှာ အက်ကွဲရာများက ထပ်မံ ထွက်ပေါ်လာကြသည်။ ရှင်းလင်းစွာပင် ယင်းက မလုံလောက်သေးပေ။
“ နတ်ဘုရားကို ဝါးမျိုခြင်းက ကျရှုံးသွားပေမဲ့ ပြန်ရောက်လာတဲ့ နတ်ဘုရားရဲ့ အစစ်အမှန်နာမည်က ပိုပြီးမှေးမှိန်လာတယ်… သူ့မှာ အသိစိတ်အကြွင်းအကျန်တချို့ပဲ ကျန်ရှိတော့တယ်… သူက လွတ်မြောက်သွားပေမဲ့ အဲ့ဒါက ယုလျှိုချန်းရဲ့ အစီအစဉ်ထဲမှာ ရှိနေတုန်းပဲ… သူက အဲ့ဒီအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့တယ်… သူက နတ်ဘုရားနောက်ကို လိုက်ဖမ်းတယ် ”
ဤတစ်ကြိမ်တွင် တံဆိပ်က တုန်ခါသွားသော်လည်း မအက်ကွဲသွားပေ။
ယင်းကို မြင်သောအခါ ယုလျှိုချန်းက ဆက်ပြီး ပြောသည်။
“ (၁၃၇)ရက်တိုင်အောင် ယုလျှိုချန်းက မရပ်မနား လိုက်ဖမ်းခဲ့ပြီးနောက် ပြန်ရောက်လာတဲ့ အဲ့ဒီနတ်ဘုရားရဲ့ အစစ်အမှန်နာမည်ကို စုပ်ယူနိုင်သွားပြီး သူ့ရဲ့ နာမည်ကို အစားထိုးနိုင်ခဲ့တယ် ”
“ ယုလျှိုချန်းက ဒီပုံပြင်ကို ပြောပြတဲ့လူဖြစ်ပြီး ပုံပြင်ကို ပြီးပြည့်စုံအောင် အဆုံးသတ်နိုင်ခဲ့တယ်… ဒါကြောင့် သူက အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာသင့်တယ် ”
ဤတစ်ကြိမ်တွင် တံဆိပ်က ပြိုကွဲသွားတော့မည့် လက္ခဏာများ ပြလာသည်။
ထူးဆန်းသော အလင်းရောင်က ယုလျှိုချန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ တစ်ကိုယ်လုံးမှ သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး တံဆိပ်၏ အစွမ်းကို တိုးမြှင့်လိုက်သည်။
“ ယုလျှိုချန်းက ဒီပုံပြင်ကို ပြောပြတဲ့လူဖြစ်ပြီး ပုံပြင်ကို ပြီးပြည့်စုံအောင် အဆုံးသတ်နိုင်ခဲ့တယ်… ဒါကြောင့် သူက နတ်ဘုရားယဇ်ပလ္လင်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီး အစစ်အမှန်နတ်ဘုရားရဲ့ နယ်ပယ်ကို တတ်လှမ်းနိုင်ဖို့ အခွင့်အရေးတစ်ခု ရရှိသင့်တယ် ”
သူ၏ စကားဆုံးသွားသည့်အခိုက် မိုးခြိမ်းသံက မြည်ဟိန်းသွားပြီး ပင်လယ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ တံဆိပ်သည် ပိုပြီးထွန်းလင်းတောက်ပလာသည်။ ဤသည်မှာ ယင်းက အမှန်တကယ် ဖြစ်လာတော့မည့်အလားပင်။
နောက်အခိုက်အတန့်မှာ အဝေးမှ ရွှီချင်းနှင့် အားညိုက နှလုံးတုန်သွားကြစဉ် သူတို့၏ အနောက်မှ ပင်လယ်ရေက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။ မရေမတွက်နိုင်သော တီးတိုးရေရွတ်သံများသည် ကောင်းကင်ပေါ်သို့ ပျံ့လွင့်သွားသည်။
ယင်းက အဆုံးမဲ့သော ဖိနှိပ်မှုကို ဖွဲ့စည်းလိုက်ပြီး လောကကို ဖိနှိပ်လိုက်သည်။
ရေရွတ်သံသည် ရှေးဟောင်းအလင်္ကာပမာ ပဲ့တင်ထပ်သွားသည်။
ယင်းက ဤနေရာမှာ စုဝေးနေသော အချိန်ကို ဖိနှိပ်လိုက်သည်။
ကောင်းကင်ပေါ်တွင် ယုလျှိုချန်း၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ နှစ်ပေါင်းမြောက်များစွာကြာအောင် သူ့ကိုယ်သူအတွက် ဂရုတစိုက် စီစဉ်ထားခဲ့သော ဤပုံပြင်ထဲမှ အဓိကဇာတ်ကောင်က နောက်ဆုံးမှာတော့ ထွက်ပေါ်လာလေသည်။