← Chapters

သူတော်စင်ကုန်းမြေနှင့် စစ်ပွဲစတင်ခြင်း

Vol. 94 Ch. 1455

သူတော်စင်ကုန်းမြေနှင့် စစ်ပွဲစတင်ခြင်း

Vol. 94 Ch. 1455

ရွှီချင်းနှင့် အားညိုသည် ဓမ္မလှေကို ထိန်းချုပ်လိုက်ပြီး အဝေးသို့ ချက်ချင်း မောင်းနှင်လိုက်သည်။

ယုလျှိုချန်း၏ နတ်ဘုရားစွမ်းအားသည် သူတို့ကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးသလို လှေ၏ အမြန်နှုန်းကိုလည်း တိုးမြှင့်ပေးသည်။ ယခု သူတို့က ထိုပင်လယ်ဧရိယာနှင့် ဝေးရာသို့ ရောက်ရှိသွားကြသည်။

သို့သော်လည်း သူတို့က အဝေးရောက်နေကြသည့်တိုင် လှိုင်းဂယက်များနှင့် ယုလျှိုချန်း၏ ပုံပြင်မှ အသံက သူတို့အပေါ် သက်ရောက်နေဆဲပင်။

ယင်းက ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးကို ဖြစ်ပေါ်လာစေသည်။

ရွှီချင်းက တည်ကြည်သွားသည်။ ဤအခိုက်အတန့်မှာ သူက ကျင့်ကြံခြင်းအခြေခံနှင့် နတ်ဘုရားအရင်းအမြစ်ကို လှည့်ပတ်လိုက်ပြီး ဓမ္မလှေကို အစွမ်းမြှင့်တင်လိုက်သည်။

သူတို့က အဝေးသို့ ပိုပြီးသွားလေ ပိုပြီးဘေးကင်းလုံခြုံလေဟု အားညိုလည်း ခံစားမိသွားသည်။ ထို့ကြောင့် သူက ဓမ္မလှေ၏ အမြန်နှုန်းကို တိုးမြှင့်ရန် အရာအားလုံးကို ထုတ်သုံးလိုက်သည်။

မည်သို့ဖြစ်ပါစေ အတိတ်မှာ ၎င်းက နွေဦးအင်မော်တယ်နှင့် နှိုင်းယှဉ်နိုင်သော အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ယောက်၏ ကြိုးစားအားထုတ်မှုအောက်မှာ အပြင်ပိုင်းပင်လယ်က အလွန်သိပ်သည်းပြီး စေးကပ်သော်လည်း ဓမ္မလှေ၏ အမြန်နှုန်းက မူလအကန့်အသတ်ကို ကျော်လွန်သွားသည်။ သို့ဖြစ်၍ ၎င်းက လျှပ်စီးတန်းသဖွယ် အမြန်နှုန်းဖြင့် ဝေးသထက် အဝေးသို့ ရောက်ရှိသွားသည်။

သူတို့၏ အနောက်တွင် ယုလျှိုချန်းရှိနေသော နေရာမှ ပင်လယ်ရေသည် ဤအခိုက်အတန့်မှာ အလွန်သေးနုတ်သွားသည်။ ထို့နောက် ထိုဧရိယာတစ်ဝိုက်က အလွန်ကြီးမားသော ပင်လယ်လှိုင်းလုံးများနှင့်အတူ ပေါက်ကွဲထွက်သွားသည်။

မိစ္ဆာ သို့မဟုတ် ပုံရိပ်ယောင်နှင့်ဆင်တူသော တစ္ဆေပုံရိပ်သည် ပင်လယ်ရေအောက်ထဲမှ ပေါ်လျှိုးထွက်လာသည်။

၎င်းထွက်ပေါ်လာသည်နှင့်ချက်ချင်း အဝေးမှာ ရှိနေကြသော ရွှီချင်းနှင့် အားညိုသည် အပြင်းအထန် တုန်ယင်သွားကြသည်။ သူတို့နှစ်ယောက်က သွေးအန်လိုက်ရပြီး ပိုပြီးမြန်ဆန်သော အလျင်ကို ကြောက်လန့်တကြား ထုတ်ဖော်လိုက်ကြသည်။

တစ်ချိန်တည်းမှာ သူတို့က ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ အနောက်သို့ အာရုံစိုက်လိုက်ကြသည်။

အဝေးမှ လှမ်းကြည့်လျှင် ပင်လယ်ထဲမှ ပေါ်လျှိုးလာနေသော ပုံရိပ်က အလွန်အမင်း ကြီးမားကြောင်း မြင်နိုင်လိမ့်မည်။ ၎င်းက ကောင်းကင်နှင့်ပင် ထိစပ်နေသည်။

၎င်း၏ အသွင်သဏ္ဍာန်သည် တစ်ဝက်ပုပ်သိုးနေသော အရိုးခြောက်ဖြစ်သည်။ ၎င်းက အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးဖြူရောင် ဖြစ်သည်။

၎င်းမှာ လူသားအသွင်သဏ္ဍာန်မရှိပေ။

၎င်းက ပုတ်သင်မျိုးစိတ်နှင့် လူသားမျိုးစိတ်ကို ပေါင်းစပ်ထားသော သတ္တဝါတစ်ကောင်နှင့် ပိုပြီးဆင်တူသည်။

၎င်းထွက်ပေါ်လာသည့်အခိုက် လျှပ်စီးက ဝင်းလက်သွားပြီး မိုးခြိမ်းသံက ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။

လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် တစ္ဆေပုံရိပ်ထံမှ ထွက်ပေါ်လာကြသည်။ ယင်းက ကောင်းကင်ကို တုန်လှုပ်သွားစေပြီး ပင်လယ်ထဲမှာ ကြီးမားသော ဆူနာမီလှိုင်းလုံးများကို ထွက်ပေါ်လာစေသည်။

ပိုပြီးထူးဆန်းသည်မှာ ထိုပုံရိပ်၏ ဦးခေါင်းသည် လည်ပင်းပေါ်မှာ မရှိပေ။ ယင်းအစား ၎င်း၏ ညာဘက်လက်မောင်းပေါ်မှာ ရှိသည်။

တခြားလက်တစ်ဖက်သည်တော့ အရွယ်အစား ကြီးမားသော အနက်ရောင် ဖယောင်းတိုင်တစ်တိုင်ကို ကိုင်ဆောင်ထားသည်။ မီးတောက်သည် ဖယောင်းတိုင်ပေါ်မှာ တဟုန်းဟုန်း တောက်လောင်နေသည်။

၎င်း၏ အလုံးစုံအသွင်သဏ္ဍာန်သည် ချောက်ချားဖွယ်ကောင်းသည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ၎င်းက မွန်မြတ်သော ခံစားမှုကို ပေးသည်။

ရွှီချင်းနှင့် အားညိုသည် ဆက်ပြီး မကြည့်နိုင်ကြတော့ပေ။ ယင်းက တဒင်္ဂကြည့်လိုက်ခြင်းသာ ဖြစ်သော်လည်း သူတို့၏ မျက်လုံးက ပေါက်ကွဲသွားသည်။ သူတို့ဆီမှာ ပြန်လည်ကုသနိုင်သော စွမ်းရည်ရှိသော်လည်း အစစ်အမှန်နတ်ဘုရားထံမှ လွှမ်းမိုးမှုအောက်မှာ ပြန်လည်ကုသသည့် လုပ်ငန်းစဉ်က သိသာစွာ နှေးကွေးသွားသည်။

သူတို့က အမြင်အာရုံသာမက စိတ်အာရုံကိုလည်း ဆုံးရှုံးသွားကြသည်။ ဤသည်မှာ သူတို့၏ အာရုံခံနိုင်စွမ်းက အဝေးသို့ ဖယ်ရှားခံလိုက်ရသည့်အလားပင်။

ထို့ကြောင့် သူတို့က နောက်ထပ် မကြည့်တော့ဘဲ ပင်ကိုယ်ဗီဇတုံ့ပြန်မှုကိုသာ အားကိုး၍ အဝေးသို့ ထွက်ပြေးသွားကြသည်။

ယုလျှိုချန်းသည်သာ ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ သွေးနီရောင်ဝတ်ရုံက ဆန့်တန်းထွက်လာပြီး ပင်လယ်ကို ဖုံးအုပ်သွားကာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ယင်းက ကောင်းကင်နှင့် ပင်လယ်ကို အနီရောင်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။

သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ သူက ဤအခိုက်အတန့်မှာ သူ၏ နတ်ဘုရားအစွမ်းကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

ယင်းက ပြစ်ချက်မဲ့အဆင့်ထက် ကျော်လွန်သွားပြီး နတ်ဘုရားယဇ်ပင်လ္လင်သို့ ရောက်ရှိသွားသည်။

နတ်ဘုရားယဇ်ပလ္လင်အဆင့်က နတ်ဘုရားအခွင့်အာဏာများကို တစ်ဦးတည်းမူပိုင် ထိန်းချုပ်နိုင်ကြသည်။

ဤအခိုက်အတန့်မှာ သူ၏ အကြည့်၊ သူ၏ နတ်ဘုရားအခွင့်အာဏာနှင့် သူ့ပုံပြင်၏ ကမ္မကြောင့် ပြန်ရောက်လာသော ဟွမ်ကောင်းကင်ဘုံနတ်ဘုရား၏ အရှိန်အဝါသည် သိသိသာသာ အားနည်းသွားသည်။

ထိုအားနည်းမှုသည် အစစ်အမှန်နတ်ဘုရား၏ အနှစ်သာရမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြန်ရောက်လာသည့် ဖြစ်စဉ်အတွင်း ၎င်းက အန္တရာယ်များစွာကို တွေ့ကြုံခဲ့ရသည်။ ၎င်းက ယင်းတို့ကို ဖြေရှင်းနိုင်ခဲ့သော်လည်း ၎င်း၏ မူလစွမ်းအားက နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားခဲ့သည်။

ယခု ၎င်း၏ နတ်ဘုရားစွမ်းရည်က အလွန်အားနည်းနေပြီး ၎င်း၏ နတ်ဘုရားစွမ်းအားက အလွန်နိမ့်ကျနေသည်။ အစက ၎င်းသည် အနားယူပြီး ပြန်လည်အားဖြည့်ရန် စိတ်ကူးထားခဲ့သည်။ သို့သော်လည်း ၎င်းက တစ်စုံတစ်ခု၏ ဆွဲဆောင်ခံလိုက်ရပြီး ဤနေရာမှာ ထွက်ပေါ်လာသည်။

အရေးကြီးဆုံးမှာ ၎င်း၏ အသိစိတ်က အပြည့်အဝ ပြန်မနိုးသေးပေ။

မည်သို့ဖြစ်ပါစေ ၎င်းက တစ်ခါသေဆုံးခဲ့ဖူးသည်။

ပြန်လည်အားဖြည့်နေစဉ်အတွင်း ၎င်းက ယုလျှိုချန်း၏ ပစ်မှတ်ထားခံခဲ့ရသည်။ ယင်းက ၎င်း၏ အစစ်အမှန်နာမည်ကို ငါးဆယ်ရာခိုင်နှုန်းမှ ခြောက်ဆယ်ရာခိုင်နှုန်းအထိ မေ့လျော့သွားစေသည်။

သို့ဖြစ်၍ ယုလျှိုချန်း၏ အစွမ်းကုန်ထုတ်လွှတ်မှုနှင့် သူ၏ မျက်လုံးထဲမှ ရွှေရောင်အလင်းအောက်မှာ ပြန်ရောက်လာသော နတ်ဘုရားသည် ဝုန်းခနဲ မြည်ဟိန်းသံနှင့်အတူ စတင်ပြိုကွဲသွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက အပြည့်အဝ ပြိုကွဲတော့မည့်အချိန် ကောင်းကင်ကို အက်ကွဲစေမည့် နက်ရှိုင်းသော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။ ထိုဟိန်းဟောက်သံကြောင့် လောက၏ အရောင်က ပြောင်းလဲသွားပြီး ၎င်း၏ မှေးမှိန်နေသော နတ်ဘုရားအခွင့်အာဏာက ထွန်းလင်းတောက်ပလာသည်။

သို့သော်လည်း ယင်းက ယုလျှိုချန်း၏ ပုံပြင်အတွင်းမှာသာ ရှိနေဆဲပင်။

ယုလျှိုချန်းက ကောင်းမွန်စွာ ကြိုပြင်ဆင်ထားသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်နှင့် ပင်လယ်ကို ဖုံးလွှမ်းထားသော အနီရောင်အလင်းက ဧရာမပါးစပ်ပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ယင်းက ပြန်ရောက်လာသော နတ်ဘုရားကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ၎င်းကို စတင်ဝါးမျိုလိုက်သည်။

ဝါးမျိုခြင်းက ကျရှုံးသွားရန် ကံပါလာပြီးသား ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ပုံပြင်ထဲမှာ ယင်းကို ဖော်ပြထားသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ မကြာမီ နှလုံးကွဲကြေသော အော်မြည်သံများက ပဲ့တင်ထပ်လာပြီး အနီရောင်အလင်းက ပြိုကွဲသွားသည်။ ပြန်ရောက်လာသော နတ်ဘုရားသည် အနီရောင်၏ လွှမ်းခြုံမှုအောက်မှ ရုန်းထွက်သွားပြီး အပြင်ပိုင်းပင်လယ်၏ အနက်ပိုင်းထဲသို့ ထွက်ပြေးသွားသည်။

၎င်း၏ အသိစိတ်က အားနည်းနေဆဲပင်။ ၎င်းက ၎င်း၏ အစစ်အမှန်နာမည်ကို ဆက်ပြီး မေ့လျော့သွားသည်။

၎င်းက ထွက်ပြေးနေသော်လည်း ယင်းက ၎င်း၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှုသာ ဖြစ်သည်။ ထို့ပြင် ယင်းက ပုံပြင်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

“ အရာအားလုံးက ပုံပြင်ထဲမှာ ရှိတယ် ”

“ မင်းက အချိန်အတော်ကြာအောင် ငါရွေးချယ်ထားတဲ့ အဓိကဇာတ်ကောင်ပဲ ”

“ မင်းရဲ့ ပုံပြင်က ငါပြောပြဖူးတဲ့ ပုံပြင်တွေထဲမှာ အလှပဆုံးပဲ ”

ကောင်းကင်ပေါ်တွင် ယုလျှိုချန်းက နှုတ်ခမ်းသပ်လိုက်ပြီး ထွက်ပြေးနေသော နတ်ဘုရားကို ကြည့်လိုက်သည်။ ထို့နောက် သူက ခြေတစ်လှမ်းနှင့်အတူ အရှေ့သို့ ပျံသန်းသွားသည်။

သူက ထိုလိုက်ဖမ်းမှုကို (၁၃၇)ရက်ပြည့်အောင် ထိန်းသိမ်းရလိမ့်မည်။ ယင်းက တစ်ရက်ပင် မပိုရသလို တစ်ရက်ပင် မလျော့ရပေ။

(၁၃၇)ရက်မြောက်နေ့တွင် သူက ထိုနတ်ဘုရားကို ဝါးမျိုပြီး အကြွင်းအကျန်များထဲမှ ၎င်း၏ အစစ်အမှန်နာမည်ကို စုပ်ယူရလိမ့်မည်။

ထိုသို့လုပ်ဆောင်မှ သူက အစစ်အမှန်နာမည်ကို အစားထိုးနိုင်လိမ့်မည်။

ထို့နောက် သူ၏ ပုံပြင်က ပြီးပြည့်စုံစွာ အဆုံးသတ်သွားလိမ့်မည်။

သူက ပုံပြင်ပြောသူဖြစ်ပြီး ပုံပြင်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သောကြောင့် သူ၏ စွမ်းအားက နတ်ဘုရားယဇ်ပလ္လင်၏ အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားလိမ့်မည်။ တစ်ချိန်တည်းမှာ သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာရန် အခွင့်အရေးတစ်ခု ရရှိလိမ့်မည်။

“ အစစ်အမှန်နတ်ဘုရား… ”

ယုလျှိုချန်းက အနီရောင်အလင်းတန်းသို့ ပြောင်းလဲသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

…..

“ ငါ့ရဲ့ စိတ်အာရုံကို ဆုံးရှုံးသွားပေမဲ့ အဲ့ဒီသက်ကျားအိုကြီးက အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာလောက်တယ်လို့ ငါခံစားမိတယ်… အဲ့ဒီအဖိုးကြီးရဲ့ အခွင့်အာဏာက အရမ်းထူးဆန်းတယ် ”

ပင်လယ်ပြင်ပေါ်တွင် အသွေးအသားက အားညို၏ ဟောင်းလောင်းပေါက်ဖြစ်နေသော မျက်လုံးထဲမှာ ပြန်ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ အဲ့ဒီလူအိုကြီးက အရမ်းကပ်စေးနှဲတာပဲ… သူက ငါတို့ကို ငါးစာအဖြစ် အသုံးပြုခဲ့ပေမဲ့ ဘာမှပြန်မပေးသွားဘူး ”

ရွှီချင်းက စကားမပြောပေ။ သူက မျက်ကန်းဖြစ်နေသော်လည်း သူ၏ ပြန်လည်ကုစားသော အမြန်နှုန်းက အားညိုထက် အနည်းငယ် သာလွန်သည်။ ဤအခိုက်အတန့်မှာ သူက ဘေးပတ်ဝန်းကျင်ကို မရှင်းမလင်း ပြန်မြင်နိုင်လာသည်။ သို့ဖြစ်၍ သူက ဓမ္မလှေကို အရှိန်မြှင့်တင်လိုက်သည်။

“ ချင်းလေး… ငါပြောတာ မှန်တယ်မလား ”

အားညိုက မကျေမနပ်ဖြစ်နေကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူက ရွှီချင်းကို မေးသည်။

ယင်းကို ရွှီချင်းကြားသောအခါ သူက ပြန်ပြောသည်။

“ ဟုတ်တယ်… အရမ်းကပ်စေးနှဲတယ် ”

အားညိုက ရွှီချင်း၏ တုံ့ပြန်ပုံကို လျစ်လျူရှုထားသည်။ တစ်ခဏ တွေးတောပြီးနောက် သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒီအတွေ့အကြုံက ဘယ်လို ငါးမျှားရမလဲဆိုတာ ငါ့ကို သင်ကြားပေးခဲ့တယ်… တကယ်လို့ အနာဂတ်မှာ အခွင့်အရေးရမယ်ဆိုရင် ငါးစာအဖြစ် အသုံးပြုဖို့ တစ်စုံတစ်ယောက်ကို ငါတို့ရှာဖွေကြမယ် ”

“ မင်းက ဘယ်သူ့ကို ငါးစာအဖြစ် အသုံးပြုမှာလဲ… ဘယ်ငါးကို ဖမ်းမယ်လို့ စိတ်ကူးထားလဲ ”

ရွှီချင်းက လှေကို ထိန်းချုပ်နေရင်း သာမန်ကာလျှံကာ မေးသည်။

တွေးတောစဉ်းစားသော အမူအရာက အားညို၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ငါးစာက အများကြီး ရှိတယ်… နင်ယန်ကို မင်းဘယ်လိုမြင်လဲ… ကျန်းကျန်းလေးလဲ မဆိုးဘူး… ဖမ်းမယ့် ငါးကတော့… အဲ့ဒါကို ငါသေချာစဉ်းစားဦးမယ်… ချင်းလေး မင်းမှာရော အကြံပေးချင်တာ မရှိဘူးလား ”

ရွှီချင်းက ခေါင်းခါလိုက်သည်။ သူက စကားပြောတော့မည့်အချိန် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး အတွင်းပိုင်းပင်လယ်မှ ကောင်းကင်၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။

အားညို၏ မျက်လုံးနှင့် အာရုံခံစားမှုက ပြန်မကောင်းမွန်သေးသောကြောင့် သူက မမြင်နိုင်ပေ။ ထို့ကြောင့် ရွှီချင်းက သူ့ကို စကားပြန်မပြောသည့်အခါ သူက အံ့ဩတကြီး မေးသည်။

“ ဘာလဲ… ငါက မျက်စိကန်းနေပြီး အာရုံခံစားမှုကို ဆုံးရှုံးသွားတာကြောင့် မင်းငါ့ကို အနိုင်ကျင့်နေတာလား ”

“ စီနီယာအကိုကြီး… အတွင်းပိုင်းပင်လယ်ရဲ့ ကောင်းကင်က လောင်ကျွမ်းနေတယ် ”

ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။

သူက အဝေးမှ ကောင်းကင်ကို လှမ်းကြည့်လိုက်သည့်အခါ သူ၏ သူငယ်အိမ်ထဲတွင် ပုံရိပ်ပြန်လာသည်မှာ မီးတောက်ပင်လယ်ဖြစ်သည်။

ယင်းက နွေဦးထွက်ခွာပြက္ခဒိန်၏ ပထမနှစ် အဆုံးသတ်လည်း ဖြစ်သည်။

…..

မီးတောက်များက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ဝမ်ကူးကုန်းမြေ၏ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်ဆီသို့ ပျံ့နှံ့သွားကြသည်။

ထိုမီးတောက်သည် ကြယ်တာရာကောင်းကင်မှ ဆင်းသက်လာပြီး ကြယ်မှုန်ကြယ်မွှားများကို မုန်တိုင်းတစ်ခုအဖြစ် လှုံ့ဆော်လိုက်သည်။ ယင်းက မီးတောက်မုန်တိုင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး လွန်စွာ အစွမ်းကြီးမားသော အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေ(၁၆)ခုနှင့်အတူ ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာကြသည်။

သူတော်စင်ကုန်းမြေများကို ဝမ်ကူးကုန်းမြေမှ ထွက်ခွာသွားကြသော ရှေးဘုရင်ရွှမ်ယုံနှင့် အသင်္ချေမျိုးနွယ်စုများမှ ဧကရာဇ်များက တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

မျိုးနွယ်စုတစ်ခုစီမှာ သူတော်စင်ကုန်းမြေတစ်ခု ရှိသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် သူတော်စင်ကုန်းမြေတချို့သည် အကြောင်းအမျိုးမျိုးကြောင့် နိမ့်ကျသွားကြပြီး တချို့သည် တခြားအင်အားစုများ၏ သိမ်းပိုက်ခံလိုက်ရကြသည်။

ထို့ပြင် သူတော်စင်ကုန်းမြေများကို တည်ထောင်ခဲ့ကြသော ဧကရာဇ်များသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားကြသည်။ နောက်ဆုံးမှာတော့ သူတော်စင်ကုန်းမြေများကို ကောင်းကင်ဘုံ၊ ကမ္ဘာမြေ၊ အနက်ရောင်နှင့် အဝါရောင်ဟူ၍ အဆင့်လေးဆင့် ခွဲခြားသတ်မှတ်ခဲ့ကြသည်။

အဆင့်သတ်မှတ်ချက်ပေါ်မူတည်၍ သူတော်စင်ကုန်းမြေများ၏ အင်အားက ကွဲပြားခြားနားသည်။ အဝါရောင်အဆင့် သူတော်စင်ကုန်းမြေများတွင် မဟာဧကရာဇ်တစ်ပါးမရှိပေ။

သို့သော်လည်း အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများတွင် မဟာဧကရာဇ်တစ်ပါး ရှိသည်။

ကမ္ဘာမြေအဆင့် သူတော်စင်ကုန်းမြေများတွင်တော့ မဟာဧကရာဇ်က တစ်ပါးထက် ပိုရှိသည်။

မည်သို့ဖြစ်ပါစေ အတိတ်တွင် ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်စေခဲ့သော်လည်း ဝမ်ကူးကုန်းမြေထဲတွင် လူသားမျိုးနွယ်တစ်ခုတည်း ရှိခြင်းမဟုတ်ပေ။

မျိုးနွယ်စုသည် ထောင်သောင်းချီရှိသည်။

ထိုမျိုးနွယ်စုအားလုံးထံမှာ မဟာဧကရာဇ်များ မရှိနိုင်သော်လည်း ရှေးဘုရင်ရွှမ်ယုံနောက်သို့ လိုက်ပါခွင့်ရကြသော မျိုးနွယ်စုအားလုံးထံမှာ ထုံးစံအားဖြင့် မဟာဧကရာဇ်များ ရှိကြသည်။ သူတို့က ရှေးဘုရင်ရွှမ်ယုံနှင့်အတူ ဝမ်ကူးကုန်းမြေ၏ အပြင်လောကဆီသို့ ထွက်သွားကြပြီး သူတော်စင်ကုန်းမြေများကို တည်ထောင်ခဲ့ကြသည်။

ယခု ထိုမျိုးနွယ်စုများအနက် အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများသည် နောက်ဆုံးမှာတော့ ဝမ်ကူးကုန်းမြေဆီသို့ ဆင်းသက်လာကြသည်။

သူတော်စင်ကုန်းမြေလေးခုစီသည် ဝမ်ကူးကုန်းမြေ၏ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်ဆီသို့ အသီးသီး ဆင်းသက်သွားကြသည်။

အရှေ့ပိုင်းဝမ်ကူးကုန်းမြေဆီသို့ ဆင်းသက်သွားခဲ့သော သူတော်စင်ကုန်းမြေလေးခုထဲတွင် သုံးခုက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကောင်းကင်ပေါ်သို့ ဆင်းသက်သွားကြသည်။

စတုတ္ထမြောက်သူတော်စင်ကုန်းမြေသည်တော့ လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးပေါ်သို့ တိုက်ရိုက် ဆင်းသက်သွားပြီး နန်းမြို့တော်၏ အပြင်ဘက်မှာ ရပ်လိုက်သည်။

ယခင်က ဆင်းသက်လာခဲ့သော အဝါရောင်အဆင့် သူတော်စင်ကုန်းမြေများနှင့် ခြားနားသည်မှာ အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေ(၁၆)ခုသည် ဝမ်ကူးကုန်းမြေ၏ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ဆင်းသက်သွားပြီးနောက် ပထမဆုံး သူတို့လုပ်ဆောင်ခဲ့သည်မှာ စစ်ပွဲစတင်ခြင်း ဖြစ်သည်။

အဝါရောင်အဆင့် သူတော်စင်ကုန်းမြေအားလုံးသည် အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများ၏ ဦးဆောင်မှုအောက်မှာ သူတို့ကိုယ်သူတို့ မချုပ်ထိန်းထားတော့ဘဲ စစ်ပွဲမှာ ပါဝင်လာကြသည်။

စစ်ပွဲသည် နွေဦးထွက်ခွာပြက္ခဒိန်၏ ပထမနှစ် အဆုံးသတ်မှာ စတင်လာသည်။

ထိုအဖြစ်အပျက်သည် ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုများ၏ မျှော်လင့်ထားမှုထက် မကျော်လွန်ပေ။ သူတို့အားလုံးက ကြိုပြင်ဆင်ထားကြသည်။ အထူးသဖြင့် အရှေ့ပိုင်းဝမ်ကူးကုန်းမြေဖြစ်သည်။ ယခင်က သူတို့သည် ရွှီချင်း၏ မတော်တဆမှုကို အကြောင်းပြု၍ အရာအားလုံးကို ကြိုပြင်ဆင်ထားခဲ့ကြသည်။

ထို့ပြင် အရှေ့ပိုင်းဒေသထဲမှ အဝါရောင်အဆင့် သူတော်စင်ကုန်းမြေအားလုံးသည် အစောကြီးကတည်းက နှင်ထုတ်ခံထားရကြသည်။ သို့ဖြစ်၍ ရုတ်တရက် စစ်ပွဲစတင်လာခြင်းက မီးလျှံလနှင့် လူသားမျိုးနွယ်ကို ကြီးကြီးမားမား မထိခိုက်စေခဲ့ပေ။ အရာအားလုံးက အစီအစဉ်အတိုင်း ဆက်လက် သွားနေသည်။

သူတို့က အရှေ့ပိုင်းဒေသမှ အင်အားစုများကို စုဝေးလိုက်ပြီး ကောင်းကင်နှင့် မြေပြင်ကို သီးခြားခွဲထုတ်လိုက်သည်။ ထို့ကြောင့် စစ်ပွဲမီးတောက်သည် အပြင်ဘက်သို့ မပျံ့နှံ့သွားပေ။

တစ်ချိန်တည်းမှာ ရှေးဦးပင်လယ်ပေါ်တွင် ရွှီချင်းနှင့် အားညို၏ ဓမ္မလှေက အတွင်းပိုင်းပင်လယ်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။

တစ်ချိန်တည်းမှာ လူသားမျိုးနွယ်၏ နန်းမြို့တော်အပြင်ဘက် လျောင်ရွှမ်းဒေသငယ်၏ နယ်နိမိတ်ထဲတွင် ပုံရိပ်တစ်ခုက လူသားမျိုးနွယ်ဆီသို့ အရူးအမူး ပျံသန်းသွားနေသည်။

ထိုလူ၏ တစ်ကိုယ်လုံးက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အလွန်အခြေအနေဆိုးဝါးသည်။ သူ၏ အရှိန်အဝါသည်လည်း မတည်မငြိမ် ဖြစ်နေသည်။ သူ၏ ခါးပေါ်တွင် ဦးခေါင်းခုနစ်လုံးရှစ်လုံးကို ချိတ်ဆွဲထားသည်။

“ လန်ယောင်နဲ့ ယွဲ့တုန်… အဲ့ဒီခွေးမနှစ်ကောင်က အတော် ဇွဲကောင်းတာပဲ ”

ထိုပုံရိပ်၏ အမူအရာသည် စိုးရိမ်ကြောင့်ကြမှု၊ မောပန်းမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူက စိုးရိမ်ကြောင့်ကြနေစဉ် သူ၏ မျက်လုံးထဲမှာ ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်က ထွက်ပေါ်လာသည်။

“ လူသားမျိုးနွယ်ဆီကို ကျဆင်းလာတဲ့ သူတော်စင်ကုန်းမြေက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေပဲ ”

“ လန်ယောင်ရဲ့ မိသားစုက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေမှာ မြင့်မားတဲ့ အဆင့်အတန်းရှိတယ်… ပြီးတော့ သူ့ရဲ့ ယောင်္ကျားက မဟာဧကရာဇ်ရဲ့ တပည့်ပဲ… မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ ဆင်းသက်လာတာက ငါ့အတွက် သေခြင်းနိမိတ်ပဲ ”

“ ဒါဆိုရင် အခုချိန်မှာ ငါ့ရဲ့ တန်ဖိုးက ပိုပြီးမြင့်တတ်သွားလိမ့်မယ်… ဘာပဲဖြစ်ဖြစ် ငါက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ လျှို့ဝှက်ချက်အများကြီးကို သိထားတယ်… မင်းတို့ကောင်တွေက ငါ့ကို အဲ့လောက် သေစေချင်နေမှတော့ လူသားမျိုးနွယ်ဆီ သွားပြီး ငါ့ကို ကာကွယ်ပေးဖို့ အလဲအလှယ်အနေနဲ့ သူတော်စင်ကုန်းမြေရဲ့ သတင်းအချက်အလက်တွေကို ရောင်းစားပစ်မယ် ”

ဖုန်းလင်းတောင်က မြန်ဆန်စွာ ပျံသန်းနေစဉ် အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

All Chapters