အဲ့ဒီနှစ်တွေ… အဲ့ဒီလူတွေ
Vol. 94 Ch. 1458
ကောင်းကင်သည် ကြည်လင်သည်။
နေဝင်ဆည်းဆာအလင်းသည် အတွင်းပိုင်းပင်လယ်ပေါ်သို့ ဖြာကျနေပြီး အတွင်းပိုင်းပင်လယ်နှင့် နန်းဟွမ်ကုန်းမြေကြားမှ ကောင်းကင်ကို နီညိုရောင် ထွန်းလင်းတောက်ပစေသည်။
နီညိုရောင်သည် လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုတစ်မျိုးကို ဖြစ်ပေါ်စေပြီး ဘဝ၏ လင်းထိန်မှုနှင့် မှေးမှိန်မှုကို အတူတကွ ပေါင်းစည်းထားဟန် ရ၏။
နေအလင်းရောင်က ပင်လယ်ပြင်ပေါ်သို့ ဖြာဆင်းကျသွားနေစဉ် အနက်ရောင်ပင်လယ်က တံလျှပ်ကဲ့သို့ တလျှပ်လျှပ် ဝင်းလက်သွားသည်။
ယင်းက မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ ချီယွဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းကို ပုံရိပ်ပြန်စေသည်။ ပင်လယ်ပြင်မှ ရွေ့လျားလာသော လှိုင်းလုံးများက ကမ်းရိုးတန်းဖြင့် ရိုက်ခတ်သွားသည့်အခါ နက်ရှိုင်းပြီး စည်းချက်ကျသော အသံများကို ထွက်ပေါ်လာစေသည်။ ယင်းတို့က အမှောင်ည၏ ချဉ်းကပ်လာမှုကို သက်သေပြုပေးနေကြသည်။
ပင်လယ်လေသည်လည်း ထိုထဲမှာ တစ်ခုအပါအဝင်ဖြစ်သည်။
တိတ်ဆိတ်နေသည့် ညနေခင်းအချိန်တွင် သိမ်မွေ့ညင်သာသော လေက ဆိပ်ကမ်းပေါ်တွင် ကျောက်ချထားကြသော လှေများ၊ မျိုးနွယ်စုအသီးသီးနှင့် ဂိုဏ်အသီးသီးမှ ကျင့်ကြံသူများပေါ်သို့ တိုက်ခတ်သွားသည်။
လေပြေသည် ထင်းရွှယ်၏ ဆံပင်ကို ပွတ်သပ်သွားသည်။
သူ့ဘေးတွင် ယန်ယန်ထားခဲ့သော သစ်သားသေတ္တာပေါ်မှ ခေါင်းလောင်းက မြည်နေသည်။
ပင်လယ်ကို မျက်နှာမူလျက် ဆေးဆိုင်အရှေ့တွင် မတ်တတ်ရပ်နေသော ကြော့ရှင်းတင့်တယ်သည့် ပုံရိပ်၏ ဂါဝန်သည်လည်း လေပြေတိုးဝှေ့မှုကြောင့် အနည်းငယ် လှုပ်ခါသွားသည်။
ထင်းရွှယ်က ဆိပ်ကမ်း၏ ကမ်းရိုးတန်းပေါ်မှာ ရပ်နေသည်။ သူ၏ ကိုယ်ကျပ်အဝတ်အစားက သူ၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို ထင်ရှားပေါ်လွင်စေသည်။ တစ်ချိန်တည်းမှာ ယင်းက အတိတ်တုန်းကကဲ့သို့ သူရဲကောင်းဆန်မှုနှင့် ရဲရင့်ပြတ်သားသော ခံစားမှုကို ပေးသည်။
ဤသည်မှာ အချိန်က သူ့အပေါ်မှာ သက်ရောက်မှုမရှိသည့်အလားပင်။
သူ၏ ကျောပေါ်မှ ကြေးနီရောင်ဓားနှင့် အဝေးမှ အချစ်ရူး ကျောက်ကျုံးဟမ်သည်လည်း ထိုအတိုင်းပင်။
အတိတ်တွင် ရွှီချင်းက သူ၏ ဓမ္မလှေကို ကမ်းကပ်ခဲ့သော ဆိပ်ကမ်းအမှတ်(၇၉)၌ ယန်ယန်က သစ်သားသေတ္တာပေါ်မှာ ထိုင်နေပြီး တားမြစ်ပင်လယ်ဆီသို့ ငေးကြည့်နေသည်။
သူ၏ ဘေးတွင် ရေစည်ငါးလုံးရှိပြီး ပြင်းထန်သော သွေးနံ့ကို ထုတ်လွှတ်နေသည်။
ယန်ယန်က မျက်လုံးမှေးကျဉ်းလိုက်ပြီး နှုတ်ခမ်းဆူလိုက်သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။
ချီယွဲ့ထုံဂိုဏ်းမှ တပည့်အများအပြားနှင့် လူဆိုးထိန်းဌာနမှ အဖွဲ့ဝင်များစွာသည် ထိုအမျိုးသမီးများနှင့်အတူ စောင့်ဆိုင်းနေကြသည်။
ထိုသို့ဖြင့် အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားပြီး ညရောက်လာသည်။
ဆိပ်ကမ်းမှ အလင်းရောင်သည် ကြယ်များသဖွယ် တဖြည်းဖြည်း ထွန်းလင်းတောက်ပလာသည်။ ယင်းက ဆိပ်ကမ်းတစ်ခုလုံးကို ကြယ်တာရာကောင်းကင်သဖွယ် အောက်မေ့ရစေသည်။
ထိုကြယ်အလင်းရောင်က ပင်လယ်၏ မျက်နှာပြင်ပေါ်မှ တံလျှပ်လှိုင်းများဖြင့် ယှက်ထွေသွားသည့်အခါ ရင်သပ်ရှုမောဖွယ်ကောင်းသော ပန်းချီကားတစ်ချပ်ကို ဖန်တီးလိုက်သည်။
ဓမ္မလှေတစ်စင်းသည် တဖြည်းဖြည်း ကမ်းကပ်လာနေသည်။
ရွှီချင်းက ဓမ္မလှေပေါ်မှာ မတ်တတ်ရပ်နေပြီး ရင်းနှီးကျွမ်းဝင်သော ချီယွဲ့ထုံဂိုဏ်းနှင့် ရင်းနှီးကျွမ်းဝင်သော ထိုမျက်နှာများကို ကြည့်လိုက်သည်။
ချီယွဲ့ထုံဂိုဏ်းမှ တပည့်များက ‘ အမှတ်လေးအရှင်သခင် ’ဟု အော်ခေါ်လိုက်သည့်အခါ ဒုတိယစီနီယာအမ၏ ပုံရိပ်သည် သတ္တမတောင်ထွတ်မှ ဆင်းသက်လာပြီး ဆိပ်ကမ်းဆီသို့ လျှောက်သွားသည်။ မကြာမီ သူက ကမ်းကပ်လာနေသော ဓမ္မလှေ၏ အရှေ့သို့ ရောက်သွားသည်။
ဟွမ်ယန်က စီနီယာအမ၏ ဘေးသို့ ဘဝင်မြင့်သော အမူအရာဖြင့် လျှောက်သွားသည်။ ဤသည်မှာ သူက သူ့ကတိအတိုင်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောနေပုံပေါ်သည်။
‘ ဒီမှာကြည့်… မင်းရဲ့ ဂျူနီယာမောင်လေးကို ဘေးကင်းကင်းနဲ့ ငါပြန်ခေါ်လာနိုင်ပြီ ’
ဒုတိယစီနီယာအမက ပြုံးလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။
“ ဂျူနီယာမောင်လေး… အိမ်ကနေ ကြိုဆိုပါတယ် ”
ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါ၊ ရင်းနှီးကျွမ်းဝင်သော ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်သော တောင်ထွတ်…
မိတ်ဆွေဟောင်းများနှင့်အတူ အတိတ်ကို ပြန်လည်သတိရသွားပြီးနောက် ရွှီချင်းက ဟွမ်ယန်နှင့် ဒုတိယစီနီယာအမ၏ ပြန်ပေါင်းစည်းမှုကို မနှောင့်ယှက်တော့ပေ။ ယင်းအစား သူက အမှောင်ညအောက်မှာ သူ့ကိုယ်ပိုင် လှိုဏ်ဂူဆီသို့ တစ်ယောက်တည်း လျှောက်သွားသည်။
ရွှီချင်းက ဤလှိုဏ်ဂူထဲမှာ အချိန်အကြာကြီး မနေထိုင်ခဲ့သော်လည်း မြေပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားလိုက်သည့်အခါ သူ၏ နှလုံးသားက နောက်ဆုံးမှာတော့ ငြိမ်းချမ်းမှုတစ်စိတ်တစ်ပိုင်းကို ရှာတွေ့သွားသည်။
သူက ဤနှစ်ဝက်အတွင်းမှာ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ပြန်စဉ်းစားလိုက်သည်။ အစတွင် သူက ရွှင်းထိုင်နတ်ဆိုးဖြင့် တွေ့ဆုံခဲ့ပြီး အမဲလိုက်ဖမ်းခြင်းခံခဲ့ရသည်။ ထို့နောက် သူက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို ဖျက်ဆီးခဲ့ပြီး ရွှင်းထိုင်နတ်ဆိုးကို ပြန်လည်အမဲလိုက်ခဲ့သည်။ ထိုမှတဖန် သူက ယုလျှိုချန်းနောက်သို့လိုက်၍ အပြင်ပိုင်းပင်လယ်ဆီသို့ သွားခဲ့သည်။ ထိုခရီးစဉ်တစ်ခုလုံးမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
သူ၏ နှလုံးသားသည် အမြဲတမ်း ဓားသွားပေါ်မှာ လျှောက်လှမ်းနေရပြီး သူ၏ စိတ်သည် အလွန်မာကျောသည်။
ဤအခိုက်အတန့်မှာ ချီယွဲ့ထုံဂိုဏ်းထဲတွင် ရွှီချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။
သို့သော်လည်း ဤအနားယူမှုက ယာယီမျှသာဖြစ်ကြောင်း ရှင်းလင်းစွာ သူနားလည်သည်။
သူက ချီယွဲ့ထုံဂိုဏ်းမှာ အချိန်အကြာကြီး မနေနိုင်ပေ။
မည်သို့ဖြစ်ပါစေ စစ်ပွဲက စတင်နေပြီ ဖြစ်သည်။ သန့်စင်ရေလှိုင်းဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီး၏ ဒေသအရှင်သခင်အနေဖြင့်၊ ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများ၏ ဝိညာဉ်အနေဖြင့် သူက နန်းမြို့တော်ဆီသို့ ပြန်သွားပြီး ဧကရီ၏ အမိန့်အောက်မှာ ဤစစ်ပွဲတွင် ပူးပေါင်းပါဝင်ရလိမ့်မည်။
သူ၏ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကြားမှ လိုက်လျောညီထွေဖြစ်မှုကို တိုးမြှင့်ရန် သူက သွေးများကို လိုအပ်ပြီး လူသတ်ရလိမ့်မည်။ တစ်ချိန်တည်းမှာ ယင်းက နတ်ဘုရားအခွင့်အာဏာများအပေါ် သူ၏ ဆင်ခြင်နားလည်မှုကို နက်ရှိုင်းစေလိမ့်မည်။
“ ပြီးတော့ မဟာအတောင်ပံက အက်ကွဲသွားပြီး နောက်ထပ် အသုံးပြုဖို့ မဖြစ်နိုင်တော့ဘူး… အဲ့ဒါကို ပြန်ပြုပြင်ဖို့ ကျန်းစန်ကို ငါသွားရှာရဦးမယ် ”
ရွှီချင်းက တစ်ခဏကြာအောင် တွေးတောစဉ်းစားပြီးနောက် မျက်လုံးမှိတ်လိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
ရွှမ်သူရိန်အင်မော်တယ်အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းသွားသည်။ ဤသည်မှာ နေတစ်စင်းက သူ၏ နှလုံးသားထဲမှ မြှောက်တတ်လာသည့်အလားပင်။ ယင်းက ထွန်းလင်းတောက်ပသော အလင်းရောင်ကို ပေးပြီး သူ၏ တစ်ကိုယ်လုံးကို အာဟာရဖြည့်ပေးနေသည်။ ထို့နောက် အလင်းရောင်က နေလုံးအဖြစ် ပြန်ဖွဲ့စည်းသွားပြီး သံသရာစက်ဝန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုအတောအတွင်း သူ၏ နတ်ဘုရားအရင်းအမြစ်ကိုလည်း ရွေ့လျားလိုက်ပြီး နတ်ဘုရားအခွင့်အာဏာ(၁၀၀၀)ကို ထွန်းလင်းတောက်ပစေသည်။
အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။
နှစ်နာရီကြာပြီးနောက် ရွှီချင်းက မျက်လုံးဖွင့်လိုက်ပြီး လှိုဏ်ဂူ၏ အဝင်ဝကို ကြည့်လိုက်စဉ် မျက်မှောင်ကြုတ်သွားသည်။
တစ်ခဏကြာပြီးနောက် အသံတစ်သံက အပြင်ဘက်မှ ပဲ့တင်ထပ်လာသည်။
“ စီနီယာအကိုရွှီချင်း… အကို အဆင်ပြေရဲ့လား… အကို့အတွက် အာလူးချိုချိုနဲ့ ပဲဆန်ပြုတ်ကို ညီမယူလာတယ် ”
သူက အသံကို တမင်ညင်သာအောင် လုပ်ပြောနေခြင်း ဖြစ်သည်။ သူ၏ အသံထဲမှာ ရှက်ရွံ့သော အရိပ်အယောင်တစ်စွန်းတစ်စပင် ပါဝင်နေသည်။
ရင်းနှီးကျွမ်းဝင်သော ထိုအသံနှင့် လုပ်ဆောင်မှုက ထုံးစံအားဖြင့် ထင်းရွှယ်မှလွဲ၍ တခြားလူမဟုတ်နိုင်ပေ။
ရွှီချင်းက အကူအညီမဲ့မှုကို ခံစားမိသွားသည်။ သူက အတိတ်တုန်းကကဲ့သို့ လူငယ်လေး မဟုတ်တော့ပေ။ ထင်းရွှယ်၏ အတွေးများနှင့် သူ့အပေါ် တစ်ဖက်လူ၏ သဘောထားကို ရှင်းလင်းစွာ သူနားလည်သည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ သူတို့က တစ်ဂိုဏ်းတည်းသားချင်း မဟုတ်ပါလော။ ထို့ကြောင့် ရွှီချင်းက လက်မြှောက်လိုက်ပြီး လှိုဏ်ဂူ၏ ဂိတ်တံခါးကို တိတ်တဆိတ် ဖွင့်ပေးလိုက်သည်။ လရောင်ခြည်အောက်တွင် ကြော့ရှင်းတင့်တယ်သော ပုံရိပ်က လှိုဏ်ဂူထဲသို့ ဖြည်းညင်းစွာ လျှောက်လာသည်။
မကြာမီ သူက လှိုဏ်ဂူထဲသို့ ရောက်ရှိသွားပြီး ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။
“ အကိုရွှီချင်း… အကို့ကို မမြင်ရတာ နှစ်တွေအတော်ကြာသွားပြီနော် ”
ထင်းရွှယ်၏ မျက်နှာက အနည်းငယ် နီမြန်းသွားသည်။ သူ၏ မျက်တောင်က ထူထဲပြီး ရှည်လျားသည်။ သူမျက်တောင်ခတ်လိုက်သည့်အခါတိုင်း ဆွဲဆောင်မှုတစ်မျိုးက ထွက်ပေါ်လာသည်။
သူက အနားသို့ ချဉ်းကပ်လာပြီးနောက် ခါးညွတ်လိုက်ပြီး အာလူးချိုချိုနှင့် ပဲဆန်ပြုတ်ကို ရွှီချင်း၏ အရှေ့မှာ ချပေးလိုက်သည်။
သူက ကိုယ်ကျပ်အဝတ်အစားကို ဝတ်ဆင်ထားသဖြင့် ခါးညွတ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်အလှက ထင်ရှားစွာ ပေါ်လွင်လာသည်။
သူက ရွှီချင်း၏ မျက်နှာကို စိုက်ကြည့်လိုက်စဉ် သူ၏ မျက်လုံးများက အမှောင်ကောင်းကင်ယံမှ ကြယ်ကလေးများသဖွယ် အောက်မေ့ရသည်။ ယင်းက နက်နဲသိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသည်။
အချိန်ကုန်ဆုံးသွားသော်လည်း သူ၏ အလှက နည်းနည်းမှ မလျော့သွားပေ။ ယင်းအစား သူ၏ ပုံရိပ်က ယခင်ကထက် ပိုပြီးကြော့ရှင်းတင့်တယ်လာသည်။ သူ၏ မျက်ခုံးသည် ရှည်လျားပြီး သေးသွယ်သည်။ ယင်းက မိုးမခသစ်ရွက်များသဖွယ် အောက်မေ့ရပြီး သိမ်မွေ့ညင်သာစွာ ကွေးညွတ်နေသည်။ ယင်းက သိမ်မွေ့ညင်သာမှုနှင့် စိတ်ဓာတ်ပြတ်သားမှုကို ပေးသည်။
သူ၏ နှာတံက ဖြောင့်တန်းပြီး သူ၏ ပါးလွှာသော နှုတ်ခမ်းက ချယ်ရီသီးအရောင်သန်းနေသည်။ ယင်းက တစ်စုံတစ်ယောက်၏ နက်ရှိုင်းသော အတွေးအမြင်ကို လှုံ့ဆော်ပေးနေသည်။
ရွှီချင်းက မည်သည့်စကားမှ မပြောပေ။ သူက ထင်းရွှယ်၏ မျက်လုံးထဲမှ မျှော်လင့်သော အရိပ်အယောင်ကို ကြည့်လိုက်သည်။ ထို့နောက် အစောပိုင်းနှစ်များတွင် တစ်ဖက်လူ၏ အကျိုးဆောင်မှုများကို သူပြန်စဉ်းစားမိသွားသည်။ နောက်ဆုံးမှာတော့ သူက သက်ပြင်းချလိုက်ပြီး ဆန်ပြုတ်ပန်းကန်ကို ကောက်ယူလိုက်ကာ တစ်လုပ်မြည်းစမ်းလိုက်သည်။
“ မဆိုးဘူး ”
ရွှီချင်းက ဖြည်းညင်းစွာ စကားပြောပြီးနောက် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအကြောင်းကို မေးသည်။
ထင်းရွှယ်က ရွှီချင်း၏ မျက်နှာကို ငေးကြည့်နေစဉ် နှလုံးခုန်မြန်လာသည်။ သူ၏ မူလအစီအစဉ်က ယနေ့ညတွင် ရွှီချင်းကို အပိုင်သိမ်းရန် ဖြစ်သည်။
ထို့ကြောင့် သူက ဤသို့ပုံစံကို ဝတ်စားလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခု ရွှီချင်း၏ အရှေ့သို့ သူရောက်လာသည့်အခါ စိုးရိမ်ကြောင့်ကြလာသည်။ သူက နောက်ထပ် မည်သို့ဆက်လုပ်ရမည်ဖြစ်ကြောင်း မသိတော့ချေ။ ထို့ကြောင့် သူက ရွှီချင်း၏ ဦးဆောင်မှုနောက်သို့လိုက်၍ ကျင့်ကြံခြင်းအကြောင်းကို ပြောသည်။
အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။
တစ်နာရီကြာပြီးနောက် ထင်းရွှယ်က လှိုဏ်ဂူထဲမှ စိတ်ရှုပ်ထွေးစွာ ပြန်ထွက်သွားသည်။
သူက လှိုဏ်ဂူအပြင်သို့ ရောက်ရှိသွားသည့်အခိုက် ရွှီချင်းကို သိမ်းပိုက်မည့် သူ့အစီအစဉ်က နောက်တစ်ကြိမ် ကျရှုံးသွားကြောင်း နားလည်သွားသည်။
“ ငါ့မှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲ… နောက်တစ်ကြိမ်… နောက်တစ်ကြိမ်ကျရင် စီနီယာအကိုရွှီချင်းကို ငါသေချာပေါက် သိမ်းပိုက်နိုင်ရမယ် ”
“ ဒါပေမဲ့ ငါ့ကိုယ်ငါလည်း ထိန်းသိမ်းရမယ်… ငါသူ့ကို သဘောကျတာက ငါ့ကိုယ်ပိုင်ကိစ္စပဲ… စီနီယာအကိုရွှီချင်းကို ဖိအားပေးသလိုဖြစ်အောင် ငါမလုပ်သင့်ဘူး ”
ထင်းရွှယ်က သူ၏ မို့မောက်သော ရင်ဘက်ကို လက်နှစ်ဖက်ဖြင့် ဖိလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ကိုယ့်ကိုယ်ကို အားပေးပြီးနောက် ထွက်သွားသည်။
တစ်ယောက်ယောက်က သူ့နောက်ကို လိုက်လာကြောင်း သူသိသည်။ သို့သော်လည်း ယင်းကို သူက နေသားကျနေပြီ ဖြစ်သည်။ သူ့အတွက်တော့ ထိုလူက လေကဲ့သို့ တည်ရှိမှုသာ ဖြစ်သည်။
ထိုလူသည် ကျောက်ကျုံးဟမ်မှလွဲ၍ တခြားလူမဟုတ်ပေ။
ထိုနေရာနှင့် မနီးမဝေးမှ အမှောင်ထုထဲတွင် ကျောက်ကျုံးဟမ်၏ မျက်နှာပေါ်မှာ လေးနက်သော ချစ်မေတ္တာဖြင့် ပြည့်နှက်နေသည်။
“ ရွှယ်အာ… နှစ်တွေကြာသွားခဲ့ပြီ… ငါမင်းကို သဘောကျတယ်… ဒါပေမဲ့ အဲ့ဒါက တစ်ဖက်သတ်ဆိုတာ ငါသိပါတယ်… မင်းဘာမှ ဝန်လေးနေစရာမလိုပါဘူး… ငါ့အချစ်က မင်းအပေါ် ဖိအားဖြစ်စေမှာကို ငါမလိုလားဘူး… မင်း အမြဲတမ်း ပျော်ရွှင်နေဖို့ကိုပဲ ငါမျှော်လင့်တယ် ”
ကျောက်ကျုံးဟမ်က စကားပြောပြီးနောက် သူ့ကိုယ်သူ နောက်တစ်ကြိမ် ထိတွေ့လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ထင်းရွှယ်နောက်သို့ စိတ်ဓာတ်ခိုင်မြဲစွာ လိုက်သွားသည်။
ထုံးစံအားဖြင့် ထိုမြင်ကွင်းက ရွှီချင်း၏ စိတ်အာရုံအောက်မှ မလွတ်မြောက်ခဲ့ပေ။
နှစ်ပေါင်းများစွာကြာပြီးနောက် ကျောက်ကျုံးဟမ်က ထိုအတိုင်း ဆက်ရှိနေသေးကြောင်း မြင်သွားသောအခါ သနားသော စိတ်ခံစားမှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ ဆက်လက် ကျင့်ကြံသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်ပြီး လှိုဏ်ဂူအပြင်သို့ ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် တုန်ယင်သော အသံက လှိုဏ်ဂူထဲသို့ ပျံ့လွင့်လာသည်။
“ အကိုရွှီချင်း… အကိုက ညီမကို ကယ်တင်ပေးခဲ့တာကြောင့် တစ်ခုခုဖြစ်ခဲ့တယ်လို့ အဖွားဆီကနေ ညီမကြားခဲ့တယ်… ဒါပေမဲ့ ညီမက အသုံးမကျတာကြောင့် သူတော်စင်ကုန်းမြေက ကျင့်ကြံသူတစ်ယောက်ကိုမှ မဖမ်းဆီးနိုင်ခဲ့ဘူး… အဲ့ဒါကြောင့် အကိုဒေါသဖြေဖျောက်နိုင်အောင်လို့ ညဉ့်ငှက်တချို့ကိုပဲ ညီမဖမ်းဆီးလာခဲ့တယ် ”
လှိုဏ်ဂူ၏ အပြင်ဘက်၊ လရောင်အောက်တွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယန်ယန်က ဆွဲဆောင်မှုရှိစွာ မတ်တတ်ရပ်နေသည်။ သူက နှုတ်ခမ်းကို ကိုက်လိုက်သည်။ သို့သော်လည်း သွေးက အောက်သို့ စီးကျမလာပေ။ သူက လျှာကို အသုံးပြု၍ သွေးအားလုံးကို စုပ်လိုက်သည်။
တစ်နာရီကြာပြီးနောက် ယန်ယန်က လှိုဏ်ဂူထဲမှ ပြန်ထွက်သွားသည်။
လှိုဏ်ဂူထဲတွင် ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။
ယန်ယန်၏ ခန္ဓာကိုယ်မှ ထူးခြားမှုကို ယခင်ကတည်းက သူအာရုံခံမိခဲ့သည်။ ထို့ပြင် ယင်းက ရွှေကျီးကန်းနန်းတော်မှ တေးသံပညာရှင်၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ယင်းတို့အားလုံးက သူ့အား ခန့်မှန်းမှုတစ်ခုကို ဖြစ်ပေါ်စေသည်။
အစောနက ယန်ယန်က ညဉ့်ငှက်တချို့ဖြင့် ဆော့ကစားနေစဉ် ရွှီချင်းက ထိုခန့်မှန်းမှုကို အတည်ပြုရန် သူ၏ နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ခဲ့သည်။
“ ယန်ယန်ဆီမှာ ဒြပ်နှောလုံးဝမရှိတာ မဟုတ်ဘူး… ဒြပ်နှောတွေက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မရှိရုံပဲ… ဒါပေမဲ့ ဒြပ်နှောတွေက သူ့ရဲ့ ဝိညာဉ်နဲ့ ပေါင်းစပ်သွားတယ်… အဲ့ဒါက သူ့ရဲ့ ဝိညာဉ်ကို တမူထူးခြားလာစေတယ်… သူ့ရဲ့ ဝိညာဉ်က ဒြပ်နှောတွေကို စုပ်ယူနိုင်တယ်ဆိုပေမဲ့ အဲ့ဒါကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သူမသိဘူး ”
“ ဒီဟာကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းက မချောမွေ့တာ… ဒါ့အပြင် သူရဲ့ စိတ်ခံစားချက်တွေက ပရမ်းပတာဖြစ်နေတယ်… အတိုင်းအတာတစ်ခုထိဆိုရရင် ယန်ယန်က မွေးရာပါ နတ်ဘုရားကျင့်ကြံသူပဲ ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ထို့ကြောင့် သူက အစောနက ယန်ယန်၏ ဝိညာဉ်ထဲမှာ သူ၏ နတ်ဘုရားအရင်းအမြစ်အမျှင်တန်းတစ်ခုကို ချန်ထားပေးခဲ့သည်။ ယင်းက အနာဂတ်မှာ မျိုးစေ့အဖြစ် ပြောင်းလဲသွားပြီး ယန်ယန်၏ အနာဂတ်ကျင့်ကြံခြင်းကို လမ်းညွှန်ပေးလိမ့်မည်။
ရွှီချင်းက တစ်ခဏ စဉ်းစားပြီးနောက် မျက်လုံးပြန်မှိတ်လိုက်ကာ စတင်ကျင့်ကြံလိုက်သည်။
နောက်ဆုံးမှာတော့ မည်သူမှ သူ့ကို လာမနှောင့်ယှက်တော့ချေ။ ယင်းက ညအချိန် ကုန်ဆုံးသွားပြီး အာရုဏ်တတ်ချိန် မရောက်ခင်အထိ ကြာမြင့်ခဲ့သည်။
ချီယွဲ့ထုံဂိုဏ်းက တိတ်ဆိတ်ငြိမ်သက်နေစဉ် ရေစိုရွှဲနေသော အမွှေးရှည်ပုံရိပ်တစ်ခုက ပင်လယ်ထဲမှ တွားသွားထွက်လာသည်။
ဤအခိုက်အတန့်မှာ ထိုလူက ကမ်းရိုးတန်းဆီသို့ လျှောက်သွားပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
“ ဟွမ်ယန်… ငုက်စုတ်… မင်းက ငါ့ကို ပင်လယ်ထဲ လွှတ်ပစ်ရုံတင်မကဘူး ငါ့ရဲ့ သိုလှောင်အိတ်နဲ့ ကျင့်ကြံခြင်းအခြေခံကိုတောင် ချိပ်ပိတ်ပစ်ခဲ့တယ်… ဒီကို ပြန်လာဖို့ ငါ့မှာ ရေကူးရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး… မင်း စောင့်ကြည့်နေလိုက်စမ်းပါ ”
ထိုလူက အားညိုမှလွဲ၍ တခြားမဟုတ်ပေ။
သူက အံကြိတ်ပြီး ကျိန်ဆဲနေစဉ် ကောင်းကင်က လင်းထိန်သွားသည်။
နံနက်ခင်းလေက မိုးရေစက်များကို သယ်ဆောင်လာပြီး ဆိပ်ကမ်းပေါ်တွင် ဖြန်းပက်လိုက်သည်။
မိုးရေထဲတွင် ရွှီချင်းက ဆီစက္ကူထီးကို ကိုင်၍ သတ္တမတောင်ထွတ်မှ ပြန်ဆင်းလာသည်။ သူက လမ်းကြားထဲမှာ လမ်းလျှောက်နေစဉ် သူ၏ အသွင်သဏ္ဍာန်ကို ဖုံးကွယ်ထားသည်။ သူက အတိတ်တုန်းက အဆင့်နိမ့် ဂိုဏ်းသားတစ်ယောက်အဖြစ် ပြန်ပြောင်းလဲသွားဟန် ရ၏။ သူက အပြင်သို့ မထွက်သွားခင် မနက်ခင်းစားသောက်ဆိုင်မှ ပဲနီလေးဆန်ပြုတ်ကို တစ်ပန်းကန်သောက်သွားခဲ့သည်။
ထို့နောက် သူက ကျန်းစန်ရှိသော ဆိပ်ကမ်းအမှတ်(၁၇၆)ဆီသို့ လျှောက်သွားသည်။
မိုးရွာနေသော်လည်း ဆိပ်ကမ်းပေါ်မှာ လူအများအပြားက သွားလာလှုပ်ရှားနေကြဆဲပင်။ ကျင့်ကြံသူများနှင့် သေမျိုးများက အဆုံးမရှိသော လူတန်းသဖွယ် ဆိပ်ကမ်းထဲမှာ ဝင်ထွက်သွားလာနေကြသည်။
သူက လမ်းလျှောက်နေစဉ် အတိတ်တုန်းက မကြာခဏ သူရောက်ခဲ့ဖူးသော ဆေးဆိုင်ကို ဖြတ်ကျော်သွားသည်။ ဆေးဆိုင်ထဲတွင် လိမ္မော်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက အခန်းထဲမှာ ဆေးလုံးသန့်စင်နေရင်း အလုပ်များနေကြောင်း သူမြင်တွေ့သွားသည်။
ထိုပုံရိပ်သည် ဒုတိယတောင်ထွတ်၏ ကောင်းကင်အရွေးချယ်ခံဖြစ်သော ကုမူချင်းဖြစ်သည်။ အတိတ်တွင် ဆေးလုံးဖြူနှင့်ပတ်သက်ပြီး ကုမူချင်းက ရွှီချင်းကို သိကျွမ်းခဲ့သည်။
တစ်ဖက်လူ၏ လေးနက်သော အမူအရာကို မြင်သွားသောအခါ ရွှီချင်းက သူ့ကို မနှောင့်ယှက်တော့ဘဲ ထွက်ခွာသွားသည်။
ဆေးဆိုင်ထဲတွင် ကုမူချင်းက တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ သူက ခေါင်းမော့လိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
မိုးရေထဲတွင် လမ်းသွားလမ်းလာများက မြန်မြန်သွက်သွက် လျှောက်နေကြပြီး အရာအားလုံးက ဝေဝါးနေသည်။
ယင်းက အဝေးမှ မိုးကုပ်စက်ဝိုင်းကဲ့သို့ပင်။ မျက်စိဖြင့် မြင်နိုင်သော်လည်း နီးကပ်ရန် ကံပါမလာချေ။