← Chapters

ငါ မင်းကို အဲဒီအခွင့်အရေး ပေးမယ်

Vol. 125 Ch. 1862

ငါ မင်းကို အဲဒီအခွင့်အရေး ပေးမယ်

Vol. 125 Ch. 1862

“ဆရာဆူ.. ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့မယ်”

သွမ့်ထျန်လျန်က ချက်ချင်းပင် ပြောလိုက်၏။

“ကျုပ်ရဲ့ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားသေးဘူးဆိုပေမဲ့ ကျုပ်က ဘာပဲပြောပြော နှင်းလေတောင်ကြောရိုးမှာ နှစ်တွေအများကြီး နေခဲ့တာ.. ကျုပ်က နှင်းလေတောင်ကြောရိုးက လူပဲ”

ဤတစ်ခေါက်မှာတော့ သွမ့်ထျန်လျန်က နောက်ဆုတ်ဖို့ မရွေးချယ်ခဲ့ပေ။

“ညီအစ်ကိုဆူ.. နေနှိမ်နင်းရဲတိုက်ကို ခင်ဗျား ကာကွယ်ပေးခဲ့တာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီ.. ကျုပ်တို့ကလည်း ဒီတိုင်း မနေနိုင်ဘူး.. ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်”

ယွဲ့ဟောက်ကလည်း ရှေ့သို့ ထွက်လာခဲ့၏။

သို့သော်လည်း သူ စကားပြောလို့ မဆုံးသေးခင်မှာပင် ဆူဇီမိုက လေထဲသို့ ခုန်တက်၍ ရွှေရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီဖြစ်၏။ တစ်ခဏချင်းမှာပင် သူက အဝေးသို့ ရောက်ရှိသွားခဲ့လေ​ပြီ။

အဲဒါက တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်လေသည်။

နှင်းလေတောင်ကြောရိုးမှ အခြေအနေက သေရေး ရှင်ရေး ဖြစ်နေပုံရပြီး ဆူဇီမိုက ကြန့်ကြာမနေရဲပေ။

သူက ယွဲ့ဟောက်နှင့် အခြားသူများနှင့်အတူ ခရီးသွားမည်ဆိုလျှင် နှင်းလေတောင်ကြောရိုးကို သူရောက်သည့်အချိန်မှာ အဲဒါက နောက်ကျသွားပေလိမ့်မည်။

ဆူဇီမိုကတော့ သူသည် ကောင်းကင်ဘုံခြေလှမ်း၊ ကန့်သတ်မဲ့ရွှေအလင်းနှင့် အခြားသော နတ်ဘုရားစွမ်းအားများကို သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားများနှင့်အတူ နောက်တစ်ဖန် ထုတ်ဖော်လိုက်၏။ သူ၏ နောက်ကျောဘက်မှာ ရွှေရောင်တောင်ပံတစ်စုံ ပေါ်ထွက်လာပြီး တောင်ပံတစ်ချက်ခတ်ကာ ကီလိုမီတာ ထောင်ချီကို ဖြတ်ကျော်သွားလေသည်။

ယွဲ့ဟောက်နှင့် အခြားသူများက တုန်လှုပ်သွားကြ၏။

ထိုအလျင်အဟုန်နှင့်ဆိုပါက လျှိုထုံသည် လက်ဗလာနှင့် ပြန်လာခဲ့ရသည်မှာ မထူးဆန်းတော့ပေ။

ရုတ်တရက် ယွဲ့ဟောက်က မေးလိုက်၏။

“ညီအစ်ကိုဆူရဲ့ ကျင့်ကြံမှုအဆင့်ကို မင်းတို့တွေ စောစောက သတိထားမိလိုက်လား”

“ဟင့်အင်း”

ရှန်ဖေးက ခေါင်းခါပြလိုက်၏။

“အဲဒါက နှစ်ငါးဆယ်ပဲ ရှိသေးတာကို ဘာများပြောင်းလဲနိုင်မှာလဲ.. သူက အဆင့်ငါး မဟူရာအမြုတေနယ်ပယ်မှာပဲ ရှိဦးမှာပေါ့”

အထက်ဘုံမှာ ကျင့်ကြံမှု တိုးတက်ခြင်းကို နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းသောင်းချီဖြင့် တိုင်းတာကြလေသည်။

လူတိုင်းအတွက်တော့ နှစ်ငါးဆယ်ဆိုသည်မှာ မပြောပလောက်သော အချိန်တစ်ခု ဖြစ်လေသည်။

ယွဲ့ဟောက်နှင့် အခြားသူများအတွက် သူတို့သည် လုံလောက်သည့် ကျင့်ကြံရေးရင်းမြစ်များ ရရှိထားသော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက နှစ်ငါးဆယ်ကြာအပြီးမှာ များစွာပြောင်းလဲသွားခြင်း မရှိပေ။

“ညီအစ်ကိုဆူက အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်နေပြီထင်တယ်”

ယွဲ့ဟောက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဘာဖြစ်တယ်”

လူတိုင်းက တုန်လှုပ်သွားကြ၏။

နှစ်ငါးဆယ်မျှနှင့် ဆူဇီမိုသည် အဆင့်ခြောက် မဟူရာအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွားပြီလား။

ထိုကျင့်ကြံမှု အလျင်အဟုန်က အရမ်းကို ကြောက်စရာကောင်းပြီး မယုံကြည်နိုင်လောက်သည့် အနေအထားမှာ ရှိလေသည်။

ယွဲ့ဟောက်က ခေါင်းခါပြလိုက်၏။

“ငါထင်တာ မှားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့.. ညီအစ်ကိုဆူက ချက်ချင်းထွက်သွားတော့ ငါ သူ့ကို သေချာစစ်ဆေးမကြည့်လိုက်ရဘူး”

“အစ်ကိုကြီး.. ခင်ဗျား ထင်ယောင်ထင်မှား ခံစားနေရတာပဲဖြစ်မယ်”

ရှန်ဖေးက ပြုံးပြလိုက်၏။

“နှစ်ငါးဆယ်ထဲနဲ့ မဟူရာအမြုတေနယ်ပယ်ရဲ့ အဆင့်ငါးကနေ အဆင့်ခြောက်ကို ခုန်တက်သွားဖို့ဆိုတာ အရမ်းကို ရယ်စရာကောင်းတယ်.. ပြန်ဝင်စားလာတဲ့ အင်မော်တယ်တွေတောင်မှ အဲဒါကို လုပ်နိုင်မှာ မဟုတ်လောက်ဘူး”

“ပြောလို့ မရဘူး”

သွမ့်ထျန်လျန်က ပြောလိုက်၏။

“တခြားသူတွေ မလုပ်နိုင်ရင်တောင်မှ ဆရာဆူက အဲဒါကို သေချာပေါက် လုပ်နိုင်တယ်”

“ဝုတ်”

ငဝါကြီးကလည်း ဘေးကနေ ခေါင်းညိတ်ထောက်ခံလိုက်၏။

သူတို့သည် ယွဲ့ဟောက်နှင့် အခြားသူများထက် ဆူဇီမိုအကြောင်းကို ပိုသိလေသည်။

ဆူဇီမိုသည် ကောင်းကင်နှင်မြေ​ကြီး အမြုတေချီများကို စုယူနိုင်သည့် အချက်ကပင် သာမန်အသိသညာထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။

“အစ်ကိုကြီး.. ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အကူအညီပေးဖို့အတွက် နှင်းလေတောင်ကြောရိုးကို တတ်နိုင်သမျှ မြန်မြန်သွားရမယ်”

ကူဝမ်ကျွင်းက ပြောလိုက်၏။

ယွဲ့ဟောက်က ခေါင်းညိတ်လိုက်လေသည်။

“စကားပြောနေဖို့ အချိန်မရှိဘူး. အခုပဲ သွားကြရအောင်”

နှင်းလေတောင်ကြောရိုးတွင်..

စစ်မီးတောက်များက ကူးစက်လာပြီး ပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ အဲဒီမှာ ထင်တိုင်းကျဲ သတ်ဖြတ်နေကြပြီး နေရာတိုင်းမှာ သွေးများက ပြန့်ကျဲနေ၏။

ညည်းတွားသံများ၊ ဟိန်းဟောက်သံများနှင့် အကူအညီတောင်း အော်ဟစ်သံများက ရောထွေးနေလေသည်။

အဲဒါကို တိုက်ပွဲတစ်ခုဟုပင် မဆိုနိုင်ပေ။ အဲဒါက အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းမျှသာ ဖြစ်လေသည်။

နှင်းလေတောင်ကြောရိုးအပေါ် သွေးသူရိယတောင်ကြား၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်လေသည်။

နှင်းလေတောင်ကြောရိုးတွင် လူတစ်သောင်းနီးပါး ရှိပြီး အလယ်အလတ်တန်းစား အဖွဲ့အစည်းတစ်ခုဟု ဆိုနိုင်သော်လည်း သူတို့အများစုက အဆင့်တစ်နှင့် အဆင့်နှစ် မဟူရာအင်မော်တယ်များ ဖြစ်ကြ၏။

နှင်းလေတောင်ကြောရိုးတွင် အစောင့်တပ်သား တစ်ထောင်ကျော်ကျော်သာလျှင် ရှိလေသည်။

ထိုအစောင့်တပ်သားများမှာပင်လျှင် သူတို့အများစုက အဆင့်သုံး မဟူရာအင်မော်တယ်များဖြစ်ပြီး အဆင့်လေး မဟူရာအင်မော်တယ်များက အတော်လေးကို နည်းပါးလေသည်။

သို့သော်လည်း ဤတစ်ခေါက်မှာ ချန်ရွှမ်ယန်သည် လူအယောက်နှစ်သောင်းပါ စစ်တပ်တစ်တပ်နှင့် အဆင့်ခုနှစ် မဟူရာအင်မော်တယ် သုံးယောက်ကို ကိုယ်တိုင်ဦးဆောင်လာခဲ့၏။

သွေးသူရိယတောင်ကြားစစ်တပ်ထဲမှာ အားအနည်းဆုံးသည် အဆင့်လေးနှင့် အဆင့်ငါး မဟူရာအင်မော်တယ်များဖြစ်၏။ အဲဒီမှာ အဆင့်ခြောက် မဟူရာအင်မော်တယ်များစွာပင်လျှင် ပါဝင်လေသည်။

အရေအတွက်အားဖြင့်ဖြစ်စေ.. တိုက်ခိုက်ရည်ခွန်အားအရဖြစ်စေ.. နှင်းလေတောင်ကြောရိုးက အရမ်းကို နိမ့်ကျနေ၏။

စစ်သည်နှစ်သောင်းထဲမှာ တစ်ဝက်ကသာလျှင် တိုက်ခိုက်ကြလေသည်။ ကျန်ရှိနေသော တစ်သောင်းက နှင်းလေတောင်ကြောရိုးကို တင်းကျပ်စွာ ဝိုင်းပတ်ထား၏။

နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူများစွာသည် ရှုံးနိမ့်၍ ထွက်ပြေးကြမည်ဆိုလျှင်တောင် သူတို့က မလွတ်မြောက်နိုင်ကြပေ။

အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး သွေးများက မြစ်များကဲ့သို့ စီးဆင်းနေ၏။

စိတ်ဝိညာဉ်စိုက်ခင်းထဲရှိ အင်မော်တယ်ဆေးပင်များသည် စီးဆင်းလာသော သွေးများကြားမှာ လဲကျ၍ ပျက်စီးကုန်ပြီဖြစ်၏။

ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လက်တစ်ဖက်ပြတ် အမျိုးသားတစ်ယောက်သည် အရပ်အမောင်း မြင့်မားသော မြင်းတစ်ကောင်ကို စီးနင်းပြီး သွေးသူရိယတောင်ကြားစစ်တပ်၏ ရှေ့မှာ ရပ်နေ၏။ သူက သူ့မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်မှုနှင့် သွေးဆာရက်စက်မှုနှင့်အတူ အရာရာတိုင်းကို စိတ်လှုပ်ရှားတက်ကြွစွာ ကြည့်နေ၏။

သူသည် သွေးသူရိယတောင်ကြား၏ သခင်လေး ချန်ရွှမ်ယန်ဖြစ်လေသည်။

“သတ်.. သတ်.. သတ်ကြ”

ချန်ရွှမ်ယန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေ၏။

“အဲဒီခွေးမ ရှချင်းယင်က လွဲရင် ကျန်တဲ့သူတွေ အကုန်လုံးကို သတ်.. ဘယ်သူမှ အသက်မရှင်စေနဲ့”

သွေးသူရိယတောင်ကြား၏ ကာကွယ်သူတစ်ယောက်ဖြစ်သော ဝေ့ရှန်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး ပြောလိုက်၏။

“သခင်လေး.. ကျင့်ကြံသူတွေက သွေးသူရိယတောင်ကြားထံမှာ အညံ့ခံချင်တယ်ဆိုရင် ကျုပ်တို့က သူတို့အသက်ကို ချမ်းသာပေးရင် မကောင်းဘူးလား”

“မကောင်းဘူး”

ချန်ရွှမ်ယန်က သူ၏ လက်ကို ဝှေ့ယမ်းပြီး အေးစက်စွာ ပြောလိုက်၏။

“သူတို့ အကုန်လုံးကို သတ်.. အဲဒါမှပဲ ငါတို့က ငါတို့ရဲ့ ဩဇာအာဏာကို တည်ဆောက်နိုင်မှာ.. သွေးသူရိယတောင်ကြားကို ဆန့်ကျင်ပုန်ကန်ရင် ဘာဖြစ်သွားမလဲဆိုတာ ဒီနေရာမှာ ရှိတဲ့ အဖွဲ့အစည်းတွေ အကုန်လုံး သိသွားစေရမယ်”

ဝေ့ရှန်က ကြိတ်၍ သက်ပြင်းချလိုက်ပြီး ထပ်မံ၍ မဖျောင်းဖျတော့ပေ။

ချန်ရွှမ်ယန်သည် လွန်ခဲ့သည့် နှစ်ငါးဆယ်က တောင်တစ်သိန်း ရိုးမမှာ ရှုံးနိမ့်ပြီး သူ၏ လက်တစ်ဖက်ကို ဆုံးရှုံးရကာ အရှက်တကွဲ အကျိုးနည်းပုံစံဖြင့် ပြန်ရောက်လာပြီးကတည်းက သူ၏ အပြုအမူပုံစံက သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ စိတ်နေစရိုက်က ရုန့်ရင်းကြမ်းတမ်းလာခဲ့၏။

သည့်ယခင်က ချန်ရွှမ်ယန်သည် ရက်စက်တတ်သော်လည်း သူက အပေါ်ယံမှာ နှိမ့်ချတတ်သော လူကြီးလူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်ထားဆဲဖြစ်၏။

သူ၏ လက်ကို ဆုံးရှုံးရပြီးနောက် သူသည် သူ၏ စိတ်ခံစားချက်များကို ဆက်လက်၍ ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ သူ၏ မျက်နှာဖုံးကို ခွာချကာ သူ၏ အစစ်အမှန် ရက်စက်ကြမ်းကြုတ်မှုက ပေါ်ထွက်လာခဲ့၏။

အဲဒါသည် အရင်တုန်းကသာဆိုလျှင် ချန်ရွှမ်ယန်သည် သူ၏ ပုံရိပ်ကို ကာကွယ်ဖို့အတွက် ဒီနေ့လို အပြုအမူမျိုး သေချာပေါက် ပြုလုပ်လိမ့်မည် မဟုတ်ပေ။

နှင်းလေတောင်ကြောရိုးတွင် …

ရှချင်းယင်သည် သွေးများဖြင့် စိုရွှဲနေပြီး သူမ အဖေ၏ အလောင်းကို ပွေ့ပိုက်ထား၏။ ရင်ထဲမှာ အလွန်တရာ နာကျင်စွာဖြင့် သူမ၏ မျက်နှာပေါ်သို့ မျက်ရည်များက စီးကျလာ၏။

ထိုအခိုက်အတန့်မှာ သူမ၏ စိတ်ဓာတ်က လုံးဝ ပြိုလဲနေပြီး သူမ အဖေနောက်သို့ လိုက်ဖို့အတွက် သူမကိုယ်သူမ သတ်သေဖို့ပင် စဉ်းစားနေပြီဖြစ်၏။

ဤအချိန်အတောအတွင်း သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများစွာသည် သူမ၏ ဘေးကနေ ဖြတ်သွားသော်လည်း မည်သူကမှ သူမကို မသတ်ဖြတ်ခဲ့ပေ။

အဲဒါသည် ချန်ရွှမ်ယန်၏ အမိန့်ကြောင့်ဆိုတာကို သူမ သိလိုက်၏။

သူမသည် သွေးသူရိယတောင်ကြား ကျင့်ကြံသူများ၏ အော်ဟစ်သံများကို ကြားရသောအခါ ရှချင်းယင်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ သူမက ဆုံးဖြတ်ချက်တစ်ခုကို ချပြီးသွားသည့်အလား သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ဖယ်ပြီး သူမ၏ အကြည့်က ကြည်လင်ပြတ်သားလာ၏။

သူမက သူမ အဖေ၏ အလောင်းကို ဘေးသို့ချပြီး သွေးသူရိယတောင်ကြား ရှိရာဘက်သို့ လှည့်ကာ အော်ပြောလိုက်၏။

“ချန်ရွှမ်ယန်.. အဲဒါကို ရပ်တန့်ဖို့ အမိန့်ပေးပြီး တခြားသူတွေကို လွှတ်ပေးလိုက်.. ငါ ရှချင်းယင်က နင့်ရဲ့ အသုံးတော်ခံအနေနဲ့ နင့်ရဲ့ တောင်းဆိုချက်မှန်သမျှကို လိုက်လျောပေးမယ်”

“သခင်မ.. ခင်ဗျား အဲ့လိုလုပ်လို့ မရဘူး”

သွေးအိုင်ကြီးထဲကနေ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် လူတစ်​ယောက်က လူးလဲ၍ ကျုံးထလိုက်၏။ အဲဒါက လူအိုကြီးယန် ဖြစ်လေသည်။

သွေးသူရိယတောင်ကြား ကျင့်ကြံသူတစ်ယောက်က သူ၏ မြင်းကို စီးနင်း၍ ပြေးဝင်လာ၏။ သူက ရယ်မောရင်း လူအိုကြီးယန်ကို ပြင်းထန်စွာ ပစ်တိုက်ကာ အရိုးကျိုးသံများက ထွက်ပေါ်လာ၏။

လူအိုကြီးယန်သည် ပေအတော်အတန် လိမ့်ထွက်သွားပြီး သွေးအိုင်ထဲသို့ လဲကျသွား၏။ သူက သူ၏ ပါးစပ်ထဲကနေ သွေးများစွာကို ထွေးထုတ်လိုက်ရ၏။ သူ၏ အကြည့်က မှေးမှိန်သွားပြီး သူ၏ အသက်ဓာတ်ကလည်း အားနည်းလာခဲ့၏။

“ဟားဟားဟားဟား”

ချန်ရွှမ်ယန်က ဟားတိုက်ရယ်မောလိုက်၏။

“ခွေးမ.. နင် အခုမှ အသနားခံ တောင်းပန်မယ်ဆိုလည်း နောက်ကျသွားပြီ.. ငါက နှင်းလေတောင်ကြောရိုးမှာ ရှိတဲ့ သက်ရှိမှန်သမျှ အကုန်သတ်မယ်.. နင်ကလည်း ငါ့အပိုင်ဖြစ်လာဦးမှာပဲ”

ရှချင်းယင်က သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်​ပြီး တုန်ရီနေ၏။ သူမ၏ မျက်လုံးများထဲမှာ မျက်ရည်များက စိုစွတ်လာပြီး သူမက အော်မငိုမိအောင် ထိန်းထားရ၏။

“ချန်ရွှမ်ယန်.. “

ရှချင်းယင်က အော်ပြောလိုက်၏။

“နင်က ငကြောက်ပဲ.. နင့်ရဲ့ ပြတ်သွားတဲ့ လက်ကို ပြန်ကောင်းလာဖို့ မစဉ်းစားနဲ့.. နင်က သူ့ကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

ထိုစကားလုံးများက ချန်ရွှမ်ယန်၏ အရှိုက်ကို ထိသွားလေသည်။

ချက်ချင်းပင် သူ၏ အမူအရာက ညိုမည်းသွား၏။ သူက အတိတ်ကာလကို ပြန်လည်မြင်ယောင်သွားပြီး အငြိုးအတေးကြီးသော အမူအရာတစ်ခုနှင့်အတူ အံကို တင်းတင်းကြိတ်ကာ သူ၏ မျက်နှာက ရှုံ့မဲ့သွား၏။

“​ခွေးမ.. ငါ နင့်ကို ပြောလိုက်မယ်”

ချန်ရွှမ်ယန်က အေးစက်စွာ ပြောလိုက်၏။

“ဆူဇီမိုက နဂါးအသူရာချောက်နက်မြို့တော်မှာ အဖွဲ့အစည်းကြီးတွေကို ဆန့်ကျင်ခဲ့တယ်.. သူက လုံးဝ ပေါ်ထွက်လာရဲမှာ မဟုတ်ဘူး.. သူ ပေါ်ထွက်လာရဲမယ်ဆိုရင် ငါက ငါ့ရဲ့ ပြတ်သွားတဲ့ လက်အတွက် သေချာပေါက် လက်စားချေပြီး အရင်တုန်းက ငါ့ရဲ့ အရှက်ရမှုတွေကို တစ်ခါတည်း ဖယ်ရှားပစ်မယ်”

“ရှချင်းယင်.. ငါ မင်းကို အဲဒီ အခွင့်အရေး​ ပေးလိုက်မယ်”

ထိုစဉ်မှာပင် အဝေးကနေ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး အဆုံးမဲ့ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်နှင့်အတူ ပဲ့တင်ထပ်နေ၏။

All Chapters