လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခြင်း
Vol. 125 Ch. 1863
“ဘာဖြစ်တယ်”
ချန်ရွှမ်ယန်သည် ထိုအသံကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွား၏။
နှစ်ငါးဆယ်ကြာပြီးတာတောင် သူသည် ထိုအသံနှင့် စိမ်းသက်မသွားဘဲ ချက်ချင်းနီးပါးပင် ထိုသူ၏ သရုပ်သကန်ကို ခန့်မှန်းမိလိုက်၏။
ဆူဇီမို...။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။
ဤလူသည် နှစ်ငါးဆယ်လုံးလုံးပျောက်နေခဲ့ပြီး ဒီအချိန်ကျမှ ဒီနေရာမှာ ဘာလို့ပေါ်လာရတာလဲ။
ချန်ရွှမ်ယန်သည် အဲ့ဒါကိုမယုံကြည်နိုင်ဘဲ လှမ်းကြည့်လိုက်လေသည်။
အသံထွက်ပေါ်လာစဥ်က အဲ့ဒါသည် ဝေးကွာလွန်းသေးလေသည်။
သို့သော်လည်း ချန်ရွှမ်ယန်လှည့်ကြည့်လိုက်သည့်အချိန်မှာ ဆူဇီမိုသည် သူတို့စစ်တပ်၏ ရှေ့သို့ ရောက်ရှိလာပြီး သူနှင့် ပေတစ်ရာပင် မကွာဝေးတော့ပေ။
ဆူဇီမို၏ အမူအရာက အေးစက်နေပြီး သူ၏ အကြည့်က ဓားသွားကဲ့သို့ ထက်ရှကာ ချန်ရွှမ်ယန်၏ နှလုံးကို ထိုးဖောက်လာခဲ့၏။
“အား...”
ဆူဇီမို သူ့ကို ကြည့်လာသောအခါ သူသည် လွန်ခဲ့သည့်နှစ်ငါးဆယ်က မြင်ကွင်းကို ပြန်လည်မြင်ယောင်လာပြီး သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေခဲ့လေပြီ။
စောစောက ဝင့်ကြွားနေခဲ့သည့် သူ၏ အပြုအမူကို မေ့လျော့သွားခဲ့ပြီဖြစ်၏။
ထိုပုံရိပ်သည် နှစ်ငါးဆယ်လုံးလုံး သူ့နောက်သို့ တကောက်ကောက်လိုက်နေခဲ့ပြီး သူမမေ့ဖျောက်နိုင်သည့် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်၏။
ချန်ရွှမ်ယန်အပေါ် ဆူဇီမိုပေးထားသည့် အကြောက်တရားနှင့် ရိုက်ခတ်မှုက ဘယ်လောက်တောင်ကြီးမားသလဲ မည်သူကမှ စဥ်းစားမကြည့်နိုင်ပေ။
အဲ့ဒါထက် တောင်တစ်သိန်းရိုးမမှ တိုက်ပွဲနှင့် နဂါးအသူရာချောက်နက်မြို့တော်အောက်မှတိုက်ပွဲကို ကိုယ်တိုင်မတွေ့မြင်ဖူးသော ကျင့်ကြံသူများသည် ထိုအခိုက်အတန့်မှာ ချန်ရွှမ်ယန်၏ အကြောက်တရားကို နားလည်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ချန်ရွှမ်ယန်၏ နှလုံးက သူ၏ ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မည်သကဲ့သို့ဖြစ်လာ၏။
သူသည် သူ၏ တောကောင်ကို စီးနင်းပြီး သွေးသူရိယတောင်ကြားရှိရာဘက်သို့ ကြောက်လန့်တကြား လှည့်ထွက်ပြေးလိုက်၏။
လွန်ခဲ့သည့်နှစ်ငါးဆယ်က နဂါးအသူရာချောက်နက်မြို့တော်အောက်မှ တိုက်ပွဲသတင်းသည် နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးမှာ ပျံ့နှံသွားခဲ့ပြီဖြစ်၏။
သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများစွာသည်လည်း ဆူဇီမို၏ ကျော်ကြားလှသော နာမည်ဂုဏ်သတင်းကို ကြားဖူးခဲ့ပြီဖြစ်၏။
ယခု... သူတို့သည် ဆူဇီမိုကိုကိုယ်တိုင်မြင်တွေ့ရသောအခါ သူတို့က ရင်တထိတ်ထိတ်ဖြစ်လာကြ၏။
ချန်ရွှမ်ယန်က တိုက်ခိုက်ခြင်းမရှိဘဲ လှည့်ထွက်ပြေးသည်ကိုတွေ့မြင်သောအခါ သူတို့က ပို၍ပင် ဂနာမငြိမ်ဖြစ်လာကြ၏။
တိုက်ပွဲမစတင်ခင်မှာပင် သွေးသူရိယတောင်ကြားဘက်မှလူတိုင်းက ထိတ်ထိတ်ပျာပျာ ဖြစ်လာကြလေသည်။
ဆူဇီမို၏ နောက်ကျောတွင် သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ ရွှေရောင်တောင်ပံတစ်စုံက ပေါ်ထွက်လာ၏။ သူက ရပ်တန့်၍ မရနိုင်သော စွမ်ပကားတစ်ခုနှင့်အတူ နတ်ဘုရားတစ်ပါးကဲ့သို့ လေထုကို ဖြတ်ကျော်လိုက်၏။
.........
နှင်းလေတောင်ကြောရိုး.... ။
ရှချင်းယင်သည် မိုးကြိုးလျှပ်စီးလိုအမြန်နှုန်းဖြင့် ပျံသန်းသွားသော ထိုပုံရိပ်ကိုကြည့်ပြီး သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် စိုလာ၏။ သူမသည် အဲ့ဒါကိုဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များက သွင်သွင်စီးကျလာ၏။
သူမသည် ကူကယ်ရာမဲ့စွာ ကြံမိကြံရာဖြင့် သတင်းပို့အဆောင်ကို ချိုးချေခဲ့ခြင်းဖြစ်လေသည်။
သူမသည် ဆူဇီမိုရောက်လာဖို့ကို မမျှော်လင့်ရဲခဲ့ပေ။
ဘာပဲပြောပြော သူတို့နှစ်ယောက်ကြားမှာ နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှု မရှိပေ။
လွန်ခဲ့သည့်နှစ်ငါးဆယ်လုံးလုံး ပျောက်ကွယ်နေခဲ့သည့်လူက သူမထံမှ သတင်းပို့အဆောင်တစ်ခုကြောင့် ရောက်ရှိလာတာလား။
ရှချင်းယင်သည် ဆူဇီမို၏ မျက်နှာပေါ်မှ ခရီးပန်းလာသောအမူအရာတစ်ခုကို တွေ့မြင်လိုက်ရ၏။
ထိုသူသည် ဤအခိုက်အတန့်မှာ နှင်းလေတောင်ကြောရိုးသို့ ရောက်ရှိလာဖို့အတွက် ဘယ်လောက်ဝေးကွာသည့်ခရီးရှည်ကို ဖြတ်သန်းလာခဲ့ရသလဲ သူမ မသိပေ။
“အဖေ... အဲ့ဒါကိုမြင်လား”
ရှချင်းယင်က အော်ငိုလိုက်၏။
“နှင်းလေတောင်ကြောရိုးက ကယ်တင်ခံရပြီ... ကျွန်မတို့က ကယ်တင်ခံရပြီ”
မည်သူကမှ ပြန်မဖြေကြပေ။
နှင်းလေတောင်ကြောရိုး၏ ပိုင်နက်အရှင်က သေဆုံးသွားခဲ့ပြီဖြစ်၏။
“အဖေ... ရှင့်ရဲ့မျက်လုံးတွေကိုဖွင့်ပြီး တစ်ချက်ကြည့်ပါဦး”
ရှချင်းယင်က ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်မှာ လဲပြိုကျကာ သူမအဖေ၏ အလောင်းကို ပွေ့ပိုက်ပြီး အော်ငိုနေ၏။
သူမသည် သူမကိုယ်တိုင်အတွက်ဖြစ်စေ... နှင်းလေတောင်ကြောရိုးအတွက်ဖြစ်စေ... ဆက်လက်၍ စိုးရိမ်ပူပန်မနေတော့ပေ။
ဤလူရောက်ရှိလာခြင်းနှင့်အတူ နှင်းလေတောင်ကြောရိုးက ဤကပ်ဘေးကနေ သေချာပေါက်လွတ်မြောက်နိုင်ပြီဖြစ်ကြောင်း သူမယုံကြည်လိုက်၏။
နှင်းလေတောင်ကြောရိုးမှာ ရှင်သန်ကျန်ရစ်နေသော ကျင့်ကြံသူအချို့သည် ဆူဇီမိုကို တွေ့မြင်သောအခါ စိတ်လှုပ်ရှားတက်ကြွလာကြ၏။
လူအိုကြီးယန်က သွေးအိုင်ထဲမှာ လဲကျနေပြီး သူ၏ အသိစိတ်ကို ဆုံးရှုံးတော့မည်သကဲ့သို့ရှိနေ၏။
သို့သော်လည်း သူသည် ရင်းနှီးနေကျထိုအသံကိုကြားသောအခါ မငြိမ်းသေခင် နောက်ဆုံးတစ်ခေါက်လောင်ကျွမ်းလာသည့်အလား စိတ်အားမာန်တက်ကြွလာပြီး ထထိုင်လိုက်လေသည်။
“အဲ့ဒါ... ညီကိုဆူလား... သူက ငါတို့ဆီကိုပြန်လာတာပဲ”
လူအိုကြီးယန်က အသားလွတ်ပြုံးနေ၏။
.........
“ကာကွယ်သူ... ကျုပ်ကိုကယ်ပါဦး”
ချန်ရွှမ်ယန်က ဆူဇီမိုချဥ်းကပ်လာသည်ကို တွေ့မြင်သောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
ဆူဇီမိုက သူ့ကို နေရာမှာပင် သတ်ဖြတ်တော့မည်ဟု သူက ခံစားချက်တစ်ခုရရှိနေ၏။
ဆူဇီမိုက သူ့အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းပင်။
ဝေ့ရှန်၏ အမူအရာက သုန်မှုန်နေသော်လည်း သူက ချန်ရွှမ်ယန်ကိုတားဆီးပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သခင်လေး... ဘာမှမကြောက်နဲ့... ခင်ဗျားက ဒီစစ်တပ်ရဲ့ခေါင်းဆောင်ပဲ ခင်ဗျားထွက်ပြေးမယ်ဆိုရင် ဒီစစ်တပ်ရဲ့ စိတ်ဓာတ်က အောက်ဆုံးထိ ထိုးဆင်းသွားလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ခင်ဗျားက ဒီလူ့ကို ဘယ်လိုဖိနှိမ်နိုင်တော့မှာလဲ”
“မင်းနားမလည်ပါဘူး”
ချန်ရွှမ်ယန်က မာန်ဖီအော်ပြောလိုက်၏။
“ဆူဇီမိုက ဒီနေ့ငါ့ကိုသေချာပေါက်သတ်မှာ... သူက ငါ့ကိုလွှတ်ပေးမှာ မဟုတ်ဘူး”
“သခင်လေး... သွေးသူရိယတောင်ကြားမှာ လူနှစ်သောင်းပါစစ်တပ်နဲ့ ကာကွယ်သူသုံးယောက်ရှိတယ်... ကျုပ်တို့က အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကို ကြောက်နေရဦးမှာလား”
ကာကွယ်သူတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
ထိုစဥ်မှာပင် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ဝေ့ရှန်၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
“တစ်ခုခုတော့လွဲနေပြီ... သူက အဆင့်-၅ မဟူရာအင်မော်တယ်မဟုတ်ဘူးထင်တယ်... သူက အဆင့်-၆ပဲ”
“ဘာဖြစ်တယ်..”
“အဲ့ဒါမဖြစ်နိုင်ဘူး”
ကာကွယ်သူနှစ်ယောက်နှင့် ချန်ရွှမ်ယန်က တုန်လှုပ်သွားပြီး အဲ့ဒါကို မယုံကြည်နိုင်ကြပေ။
ချန်ရွှမ်ယန်က ဗလုံးဗထွေးဖြင့် ပြောဆိုလိုက်၏။
“အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ... လွန်ခဲ့တဲ့နှစ်၆၀ က ငါသူနဲ့ ပထမဆုံးတွေ့တုန်းက သူကအဆင့်-၄ မဟူရာအင်မော်တယ်တစ်ယောက်ပဲ”
“လွန်ခဲ့တဲ့နှစ်ငါးဆယ်ကမှ သူက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာတာ... အခုသူက အဆင့်-၆ မဟူရာအမြုတေနယ်ပယ်ကို ဘယ်လိုလုပ်ပြီးရောက်သွားတာလဲ”
အခြားသော ကာကွယ်သူနှစ်ယောက်က သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကို အလောတကြီး ထုတ်လွှတ်ပြီး ဆူဇီမိုကို စစ်ဆေးကြည့်လိုက်ကြ၏။
ဟုတ်နေလေသည်။
အဆင့်-၆ မဟူရာအင်မော်တယ်... ။
“သွားကြစမ်း... ငါ့ကို မတားကြနဲ့”
ချန်ရွှမ်ယန်က ပို၍ပင် ဂနာမငြိမ်ဖြစ်လာခဲ့၏။ သူ၏ လှံကို ဝေ့ယမ်းပြီး သူ၏ တောကောင်ကို စီးနင်းကာ လူအုပ်ကြီးကို ဖြတ်ကျော်၍ သွေးသူရိယတောင်ကြားရှိရာဘက်သို့ သွေးရူးသွေးတန်းထွက်ပြေးလိုက်လေသည်။
သွေးသူရိယတောင်ကြား ကျင့်ကြံသူတစ်ယောက်က အမှုမဲ့အမှတ်မဲ့ သူ့ရှေ့မှာရပ်နေမိ၏။ ချန်ရွှမ်ယန်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုသူကိုနင်းချေသတ်ဖြတ်ကာ ပြေးလွှားလိုက်လေသည်။
“ကျုပ်တို့ရဲ့ကျင့်ကြံမှုတွေက ဘာပဲပြောပြော သူ့ထက်သာနေတာပဲ... ဘာလို့ကြောက်နေရမှာလဲ”
“အမှန်ပဲ... ဒီနေ့ ဆူဇီမိုဘယ်လောက်သန်မာလဲ ငါကြည့်ရသေးတာပေါ့”
ကာကွယ်သူနှစ်ယောက်က အော်ငေါက်လိုက်ပြီး ရှေ့သို့ခုန်တက်လိုက်၏။ သူတို့က တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ပြီး သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။
ဆူဇီမိုအပေါ် သူတို့၏ နားလည်သဘောပေါက်မှုသည် ကောလဟာလတချို့မှာသာ ရပ်တန့်နေခဲ့၏။
အဲ့ဒါကြောင့် ဆူဇီမိုအပေါ် သူတို့၏ အကြောက်တရားက ချန်ရွှမ်ယန်လောက် သန်မာအားကောင်းခြင်းမရှိပေ။
“သွေးသူရိယတောင်ကြား စစ်တပ် နားထောင်ကြ... မင်းတို့ရဲ့ အစွမ်းကုန်နဲ့တိုက်ခိုက်ပြီး အဲ့ဒီလူကိုသတ်ကြ”
ဝေ့ရှန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။
သူက ယခုအချိန်မှာ နောက်ဆုတ်လို့ မရတော့ဘူးဆိုတာကို ကောင်းကောင်းသိလိုက်လေသည်။
သူက ချန်ရွှမ်ယန်ကဲ့သို့ ထွက်ပြေးမည်ဆိုလျှင် ကျန်ရှိနေသော သွေးသူရိယတောင်ကြား စစ်တပ်က ဖြိုခွဲဖျက်ဆီးခံရပေလိမ့်မည်။
ဆူဇီမိုပြသခဲ့သော အလျင်အဟုန်အရလည်း သူကထွက်ပြေးလွတ်မြောက်နိုင်စရာအကြောင်းမရှိပေ။
သူသေကိုယ်သေတိုက်ခိုက်ခြင်းဖြင့်သာ သူတို့က ရှင်သန်နိုင်မည်ဖြစ်လေသည်။
သူတို့က ဆူဇီမိုကိုတားဆီးထားနိုင်သည်နှင့်အမျှ သူတို့၏ အသက်များကို စွန့်လွှတ်စတေးရမည်ဆိုလျှင်တောင် သူတို့က အချိန်ရသလောက်ဆွဲရပေလိမ့်မည်။
ချန်ရွှမ်ယန်က သွေးသူရိယတောင်ကြားသို့ ထွက်ပြေးလွတ်မြောက်သွားပြီး တောင်ကြားသခင်က ကိုယ်တိုင်ပြန်လည်ရောက်ရှိလာသည်နှင့် သူတို့သည် ဤကောင်လေးကို သေချာပေါက်သတ်ဖြတ်နိုင်မည်ဖြစ်၏။
သို့သော်လည်း ထိုသူက အရမ်းကို မြန်ဆန်လွန်းလေသည်။
သွေးသူရိယတပ်သားများစွာက မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ နောက်ကျောမှ ရွှေရောင်တောင်ပံတစ်စုံက တဖျတ်ဖျတ်ခတ်ပြီး တပ်သားများ၏ ဦးခေါင်းပေါ်ကနေ ဖြတ်ကျော်သွားလေသည်။
ထိုအခိုက်အတန့်မှာ သွေးသူရိယတောင်ကြားမှ ကာကွယ်သူနှစ်ယောက်၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက စုဖွဲ့လာခဲ့ပြီဖြစ်ပြီး ဆူဇီမိုကို လွှမ်းခြုံလာခဲ့၏။
သူတို့နှစ်ယောက်က ဘာပဲပြောပြာ အဆင့်-၇ မဟူရာအင်မော်တယ်များဖြစ်ကြ၏။
ကာကွယ်သူနှစ်ယောက်သည် အလျင်အမြန်တုံ့ပြန်၍ ကြိုတင်တိုက်ခိုက်လိုက်ကြပြီး ဆူဇီမို၏ ထွက်လမ်းကို ပိတ်ဆို့လိုက်လေသည်။
ဝေ့ရှန်က သူ၏ လက်တစ်ဖက်ဖြင့် နတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့ပြီး အခြားလက်တစ်ဖက်ဖြင့် ဧရာမကြေးရောင်ချိပ်စည်းတစ်ခုကို ဆူဇီမို၏ ဦးခေါင်းထံသို့ ပစ်ပေါက်လိုက်၏။
“ဟမ့်..”
ဆူဇီမိုက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး ဝင်ရောက်လာသော နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများကို လျစ်လျူရှုလိုက်၏။ သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး နဂါးမျိုးနွယ်၏ လျှို့ဝှက်အတတ် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ထုတ်ဖော်အသုံးပြုလိုက်လေသည်။
ရွှစ်...
ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွား၏။
သူပြန်လည်ပေါ်ထွက်လာသည့်အခါ ကာကွယ်သူသုံးယောက်၏ တိုက်ခိုက်မှုများကို ဖြတ်ကျော်ပြီး သူတို့နောက်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
“ချန်ရွှမ်ယန်... သေပေတော့”
ဆူဇီမိုသည် ချန်ရွှမ်ယန်၏ နောက်ကျောကို စိုက်ကြည့်ပြီး အော်ပြောလိုက်၏။
ထိုအော်သံတွင် ဆူဇီမိုသည် နဂါးဖီးနစ်ဟိန်းဟောက်သံနှင့်အတူ တွဲဖက်၍ သူ၏ အမြုတေစိတ်ဝိညာဥ်ကို အသုံးချခဲ့လေသည်။
တဗူးတစ်ကောင်၏ စွမ်းပကားက ဆင်းသက်လာခဲ့၏။
ချန်ရွှမ်ယန်၏ အစီးအနင်းတောကောင်က စူးစူးဝါးဝါးအော်ဟစ်၍ မြေပြင်ပေါ်သို့ လဲကျကာ ချေးများသေးများထွက်ပြီး တဆတ်ဆတ်တုန်ယင်နေ၏။