← Chapters

ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း

Vol. 125 Ch. 1864

ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း

Vol. 125 Ch. 1864

ချန်ရွှမ်ယန်က အငိုက်မိသွားပြီး သူ၏ တောကောင်ပေါ်ကနေ လွင့်စင်ထွက်သွား၏။

သူ၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်ပြီး လေထဲမှာ သူ၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ မြန်မြန်ထိန်းချုပ်ကာ မြေပြင်ပေါ်သို့ ဒယီးဒယိုင်ကျဆင်းလာခဲ့၏။

သူက ဆက်လက်၍ ထွက်ပြေးတော့မည့်ဆဲဆဲမှာပင် သူ၏ နောက်ဘက်မှ လေခွင်းသံ တဝီဝီကို ကြားလိုက်ရပြီး လေပြင်းတစ်ချက်က သူ့ထံသို့ အလျင်အမြန်ချဥ်းကပ်လာ၏။

ဆူဇီမို၏ နောက်ကျောပေါ်ရှိ တောင်ပံများက တဖျပ်ဖျပ်ခတ်၍ သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ကီလိုမီတာထောင်ချီကို ချက်ချင်းပင်ခုန်ကူးလာခဲ့၏။

ချန်ရွှမ်ယန်က လေထဲတွင် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည့်အချိန်မှာပင် သူက ထိုသူကိုလိုက်မီလာခဲ့ပြီဖြစ်၏။

ချန်ရွှမ်ယန်က ထိတ်လန့်တကြားဖြစ်သွားပြီး သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို နားလည်သွားခဲ့၏။

“တာအိုရောင်းရင်းဆူ... ခင်ဗျားကျုပ်ကို ခွင့်လွှတ်ပေးတာနဲ့... ခင်ဗျားနဲ့ သွေးသူရိယတောင်ကြားရဲ့ကြားက ရန်ငြိုးရန်စကို ခဝါချလို့ရတယ်”

သူက လှည့်၍တောင်းပန်လိုက်၏။

“ကျုပ်... ချန်ရွှမ်ယန်က နောက်နောင်ခင်ဗျားကို ဘယ်တော့မှ ပြဿနာမရှာတော့ဘူးလို့ ကျိန်ဆိုတယ်”

“ငါမင်းကို ဒီနေ့ချမ်းသာပေးလိုက်မယ်ဆိုရင်... နှင်းလေတောင်ကြောရိုးက ကျင့်ကြံသူတွေရဲ့အသက်အတွက် ဘယ်သူက ပြန်ပေးဆပ်မှာလဲ”

ဆူဇီမို၏ အမူအရာကအေးစက်နေပြီး သူ၏ စိတ်က ယိမ်းယိုင်သွားခြင်းမရှိပေ။

သူက ရှေ့သို့လက်လှမ်းပြီး ချန်ရွှမ်ယန်၏ ခေါင်းကို လှမ်းပုတ်လိုက်လေသည်။

“အား..”

ချန်ရွှမ်ယန်သည် သေရဖို့ကို ဒီတိုင်းစောင့်နေလိမ့်မည် မဟုတ်ပေ။ သူက နက်နက်ရှိုင်းရှိုင်း မာန်သွင်းအော်ဟစ်ပြီး သူ၏ လှံကို လက်တစ်ဖက်ဖြင့်လှည့်ပတ်ကာ အပေါ်သို့ပစ်ထိုးလိုက်၏။

ချန်ရွှမ်ယန်၏ ထင်မြင်ချက်အရ သူသည် ခဏမျှအချိန်ဆွဲထားပြီး ဝေ့ရှန်နှင့် အခြားသူများရောက်အလာကို စောင့်နိုင်သည်နှင့်အမျှ သူကရှင်သန်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ရရှိပေလိမ့်မည်။

ကံဆိုးစွာနှင့်ပင် သူက ဆူဇီမိုနှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။ ဖျတ်ခနဲဆို သူက လှံဖျားကိုဆုပ်ကိုင်ပြီး သူ၏ ကိုယ်ကာယခွန်အားဖြင့် ဖိချလိုက်၏။

ချန်ရွှမ်ယန်၏ နားထဲမှာ မိုးကြိုးသံကဲ့သို့ အက်ကွဲသွားသောအသံထွက်ပေါ်လာ၏။

လှံသည် ဆူဇီမို၏ လက်ချက်ဖြင့် အလယ်ကနေကျိုးထွက်သွား၏။

ချန်ရွှမ်ယန်၏ လက်ဖဝါးက စုတ်ပြဲသွားပြီး သွေးများက တစ်စက်စက်စီးကျလာ၏။ သူက ကျန်ရှိနေသော လှံရိုးတစ်ပိုင်းကို ဆုပ်ကိုင်မထားနိုင်တော့ဘဲ သူ၏ လက်ထဲကနေ လွင့်စင်ထွက်သွား၏။

ဆူဇီမိုကတော့ သူသည် ကျန်ရှိနေသော လှံရိုးတစ်ပိုင်းကို ဆုပ်ကိုင်ကာ ကောင်းကင်ထက်ကနေ ဆင်းသက်၍ ချန်ရွှမ်ယန်၏ ဦးခေါင်းကို ပစ်ထိုးလိုက်၏။

ဖောက်...

လှံရိုးတစ်ပိုင်းက ချန်ရွှမ်ယန်၏ ဦးခေါင်းထဲကို ဝင်ရောက်၍ သူ၏ အသိစိတ်ကို ထိုးဖောက်လိုက်လေသည်။

ချန်ရွှမ်ယန်၏ မျက်လုံးက ထုံထိုင်းထိုင်းအကြည့်နှင့်အတူ ပြူးကျယ်သွားပြီး သူ၏ မျက်နှာက အကြောက်တရားဖြင့် ပြည့်နှက်နေဆဲ ဖြစ်၏။

ဘုန်းခနဲမြည်သံနှင့်အတူ ချန်ရွှမ်ယန်က လဲကျသေဆုံးသွား၏။

သူတို့နှစ်ယောက်ကြားတိုက်ပွဲက တစ်ခဏချင်းဖြစ်ပွားခဲ့လေသည်။

ချန်ရွှမ်ယန်၏ တန်ပြန်တိုက်ခိုက်မှုက ဆူဇီမိုကို မည်သို့မှ မခြိမ်းခြောက်နိုင်ခဲ့ပေ။ ထိုအစား သူက နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။

သွေးသူရိယတောင်ကြား၏ ကာကွယ်သူသုံးယောက်က သူတို့ရှေ့ကနေ ဆူဇီမိုပျောက်ကွယ်သွားသည့် ထူးဆန်းသည့်မြင်ကွင်းကနေ မတုံ့ပြန်နိုင်ခင်မှာပင် ချန်ရွှမ်ယန်က သေဆုံးသွားခဲ့ပြီဖြစ်၏။

“သခင်လေး...”

ဝေ့ရှန်က သွေးအိုင်ထဲမှာ လဲကျနေသည့် ချန်ရွှမ်ယန်ကိုကြည့်ပြီး တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေ၏။

ဤတစ်ခေါက်မှာ ချန်ရွှမ်ယန်၏ ခံစားချက်က အတိုင်းအတာတစ်ခုထိ မှန်ကန်ခဲ့လေသည်။

ဆူဇီမိုအရင်ဆုံးသတ်ဖြတ်ချင်သည့်လူက သူဖြစ်လေသည်။

သို့သော်လည်း သူက အဲ့ဒါကိုသိရှိထားသည်ဆိုလျှင်တောင် သူသည် အဲ့ဒီဘေးကနေ မလွတ်မြောက်နိုင်ဘဲ အရင်ဆုံး သတ်ဖြတ်ခံခဲ့ရ၏။

သွေးသူရိယတောင်ကြားစစ်တပ်က ခဏမျှတိတ်ဆိတ်ငြိမ်သက်သွား၏။

စောစောက ချန်ရွှမ်ယန်သည် မြင့်မားသောစိတ်ဝိညာဥ်နှင့်အတူ သူ၏ စစ်တပ်ကို ဦးဆောင်ထားဆဲ ဖြစ်၏။

သို့သော်ယခု... ချန်ရွှမ်ယန်က အလောင်းတစ်လောင်းဖြစ်သွားခဲ့လေပြီ။

ဝေ့ရှန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“သွေးသူရိယတောင်ကြားက တာအိုရောင်းရင်းတို့ နားထောင်ကြ... ငါတို့က သခင်လေးအတွက်လက်စားချေရမယ်... သွေးသူရိယတောင်ကြားရဲ့ ဂုဏ်သိက္ခာကို ဒီလိုမျိုးရန်စစော်ကားလို့ မရဘူး”

သူ၏ စကားက သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများစွာကို သူတို့၏ တုန်လှုပ်စရာကနေ နိုးထလာစေ၏။

“သတ်...”

နောက်ထပ် သွေးသူရိယတောင်ကြား ကာကွယ်သူတစ်ယောက်က သူ၏ လက်ကိုဝေ့ယမ်းပြီး ရှေ့ကနေဦးဆောင်ချီတက်သွား၏။

သွေးသူရိယတောင်ကြား တပ်သားများကလည်း သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ ရှေ့သို့ပြေးဝင်လာကြ၏။

ရွှစ်... ရွှစ်... ရွှစ်...

ဘုန်း... ဘုန်း... ဘုန်း...

ချက်ချင်းပင် ဓမ္မရတနာမြောက်မြားစွာသည် လေထုကိုဆုတ်ဖြဲ၍ ကျိုင်းကောင်အုပ်များကဲ့သို့ ကောင်းကင်တစ်ခွင်အုပ်မိုးလာခဲ့၏။

အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများကလည်း လေထဲမှာ ဝင်းလက်တောက်ပလာပြီး လောကကိုပြောင်းလဲသွားစေ၏။

နှင်းလေတောင်ကြောရိုးမှ ရှင်သန်ကျန်ရစ်သူများက ထိုသည်ကိုတွေ့မြင်သောအခါ စိုးရိမ်ပူပန်လာကြ၏။

သူတို့သည် နှင်းလေတောင်ကြောရိုးကို တိုက်ခိုက်ခဲ့စဥ်က သွေးသူရိယတောင်ကြားသည် စစ်သည်တစ်သောင်းကိုသာ အသုံးချခဲ့လေသည်။

ထိုသို့ဆိုလျှင်တောင် နှင်းလေတောင်ကြောရိုးက သိပ်ကြာကြာတောင့်မခံနိုင်ဘဲ အပြတ်အသတ်ရှုံးနိမ့်သွားရ၏။

သို့သော်....ယခုစစ်သည်နှစ်သောင်းက တစ်ချိန်တည်းမှာလှုပ်ရှားလာကြလေသည်။

သို့သော်လည်း သန်မာသောစစ်သည်နှစ်သောင်း၏ တစ်ခုတည်းသောပစ်မှတ်က လူတစ်ယောက်တည်းသာဖြစ်လေသည်။

သွေးသူရိယတောင်ကြား၏ သန်မာသောစစ်သည်နှစ်သောင်းက မည်သည့်လှုပ်ရှားမှုမှမရှိဘဲ ဒီတိုင်းပြေးဝင်သွားမည်ဆိုလျှင်တောင် ဆူဇီမိုကို သေသည့်တိုင်အောင် နင်းချေပစ်နိုင်မည်ဟုထင်ရ၏။

ဆူဇီမိုက စတုရတီတာအိုမီးကို ထုတ်ဖော်ခြင်း မရှိပေ။

ဤနေရာသည် နှင်းလေတောင်ကြောရိုးဖြစ်ပြီး မလှမ်းမကမ်းမှာ ရှင်သန်ကျန်ရစ်နေသော ကျင့်ကြံသူများစွာရှိနေသေး၏။

သူက စတုရတီတာအိုမီးကို ထုတ်ဖော်လိုက်မည်ဆိုလျှင် သူသည် သွေးသူရိယတောင်ကြား စစ်တပ်ကို ဒဏ်ရာအပြင်းအထန် ရရှိစေမည်ဖြစ်သော်လည်း အဲ့ဒါက နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူများကိုလည်း ထိခိုက်စေမည်ဖြစ်၏။

နှင်းလေတောင်ကြောရိုးကန အပျက်အစီးပုံအဖြစ်လောင်ကျွမ်းခံရပေလိမ့်မည်။

အဆုံးမဲ့ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို လေထဲသို့ ဖြည်းဖြည်းချင်း ပျံတက်ပြီး သူ၏ ရှေ့မှာ လက်နှစ်ဖက်ကို ဝေ့ယမ်းကာ လျှို့ဝှက်ဆန်းကြယ်သောလမ်းကြောင်းများကို ရေးဆွဲလိုက်၏။

“စိတ်ဝိညာဥ်လိပ်ဒိုင်းကာ.... စုဖွဲ့စမ်း”

ဆူဇီမိုက အော်ငေါက်၍ သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို လှည့်ပတ်လိုက်၏။

သူ့ရှေ့တွင် ရှေးကျသော ဧရာမလိပ်ခွံတစ်ခုကပေါ်ထွက်လာခဲ့၏။ ၎င်းပေါ်တွင် တဖျတ်ဖျတ်တလက်လက် နတ်ဘုရားဆန်ဆန်အလင်းတစ်ခုနှင့်အတူ အကွက်အပြောက်များကို ခတ်နှိပ်ထားလေသည်။

ချွင်... ချွင်... ချွင်...

ဓမ္မရတနာများက ရှေးဟောင်းလိပ်ခွံနှင့် ထိခတ်မိသောအခါ သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာ၏။

ဓမ္မရတနာတစ်ခုချင်းစီက စိတ်ဝိညာဥ်လိပ်ဒိုင်းကာအပေါ် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဓမ္မရတနာတစ်သောင်းကျော်က ကောင်းကင်တစ်ခွင်အုပ်မိုးလာခဲ့ပြီး အလွန်ကြီးမာသည့် စွမ်းအားတစ်ခုကို စုစည်းဖြစ်ပေါ်လာစေ၏။

ဤကဲ့သို့သော သက်ရောက်မှုအောက်မှာ စိတ်ဝိညာဥ်လိပ်ဒိုင်းကာပေါ်ရှိ နတ်ဘုရားဆန်ဆန်အလင်းက တဖျပ်ဖျပ်ဖြစ်လာ၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများစွာကလည်း ဆင်းသက်လာခဲ့ပြီဖြစ်၏။

ဘန်း... ဘန်း...

စိတ်ဝိညာဥ်လိပ်ဒိုင်းကာကနေ ကျယ်လောင်သောမြည်သံများထွက်ပေါ်လာ၏။

အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများ၏ တစ်ဖွဲဖွဲကျဆင်းလာမှုအောက်တွင် စိတ်ဝိညာဥ်လိပ်ဒိုင်းကာပေါ်ရှိ နတ်ဘုရားဆန်ဆန်အလင်းက နောက်ဆုံးမှာ မှေးမှိန်သွားခဲ့လေပြီ။

ဖျောက်... ဖျောက်... ဖျောက်...

လိပ်ခွံပေါ်မှာ အက်ကွဲသံများက ပေါ်ထွက်လာ၏။

အဲ့ဒီနောက် လူတိုင်း၏ ရှေ့မှောက်မှာပင် စိ​တ်ဝိညာဥ်လိပ်ဒိုင်းကာက ကြေမွသွားလေသည်။

ထိုသည်ကိုတွေ့မြင်သောအခါ ဝေ့ရှန်က စိတ်အားတက်ကြွသွားပြီး အော်ပြောလိုက်၏။

“သူ့မှာရှိတာ ဒါအကုန်ပဲ... မင်းတို့တွေက အတူပူးပေါင်းတိုက်ခိုက်တာနဲ့ မင်းတို့က သူ့ကိုသေချာပေါက်သတ်ဖြတ်နိုင်လိမ့်မယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဝေ့ရှန်က ရင်တလှပ်လှပ်ခံစားလိုက်ရ၏။

စိတ်ဝိညာဥ်လိပ်ဒိုင်းကာက ပေါက်ကွဲသွားပြီး ဖုန်လုံးမျာက စဲသွားလေသည်။

ဆူဇီမိုက လေထဲမှာမတ်တတ်ရပ်နေရင်း သူ၏ လက်နှစ်ဖက်နှင့်အတူ ဓားကွက်များကို ဆင့်ခေါ်ကာ အဆုံးမဲ့သတ်ဖြတ်လိုစိတ်တစ်ခုဖြင့် ပြည့်နှက်လာ၏။ ဓားအိမ်ထဲကနေထုတ်ထားသော ဓားတစ်လက်ကဲ့သို့ သူကထက်ရှနေပြီး သူ၏ ဓားချီက လေထဲသို့ တလိပ်လိပ်ထိုးတက်လာ၏။

သတ်ဖြတ်လိုစိတ်က လောကကိုလှုပ်ခါစေပြီး မိုးကောင်းကင်ကို နှောက်ယှက်လိုက်၏။

ကြီးမားသောကြယ်များက ကောင်းကင်ထက်မှာ တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာ၏။

သို့သော်လည်း ကြယ်များသည် အမျိုးအမည်မသိရသော စွမ်းအားတစ်ခုဖြင့် ဆွဲယူခံလိုက်ရပြီး သူတို့၏ လမ်းကြောင်းများက ကသောင်းကနင်းဖြစ်ကာ တစ်ခုနှင့်တစ်ခု ပစ်တိုက်မိကုန်၏။

ကြမ်းကြုတ်ခက်ထန်သော အန္တိမစိတ်ဆန္ဒတစ်ခုက မြေကြီးထဲကနေ တိုးထွက်လာတော့မည့်အလား မြေပြင်ကလည်း တသိမ့်သိမ့်လှုပ်ခါလာ၏။

ကောင်းကင်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်သည့်အခါ ကြယ်များသည် နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။

ကမ္ဘာမြေ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာသောအခါ နဂါး မြွေတို့က ပေါ်ထွက်လာပေလိမ့်မည်။

“သတ်စမ်း”

ဆူဇီမိုက သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းပြီး သူ၏ ဓားလက်ညှိုးနှင့်အတူ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။

ဇီ... ဇီ.... ဇီ...

ချက်ချင်းပင် သူက ညာဘက်လက်ဖြင့် သူ၏ ဓားလက်ညိုးကို ရှေ့သို့ထိုးညွှန်ပြီး မရေမတွက်နိုင်သော ဓားချီများကို လျှံထွက်လာစေ၏။ အဲ့ဒါက ​ကျိန်းစပ်နေသော အဖြူရောင်အလင်းတစ်ခုဖြစ်ပြီး သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ လေထုကိုဆုတ်ဖြဲလာခဲ့၏။

“ဂါး...”

“ရွှီး...”

တစ်ဘက်မှာတော့ ဆူဇီမို၏ ဘယ်ဘက်လက်ဓားလက်ညိုးက နဂါး မြွေတို့ကိုပေါ်ထွက်လာအောင် ခုတ်ပိုင်းချလိုက်၏။

ကောင်းကင်ထက်ကနေ နတ်နဂါးတစ်ကောင်က ထိုးဆင်းလာပြီး လူအုပ်ကြီးထဲသို့ ပစ်ဝင်သွား၏။

၎င်းဖြတ်သွားရာနေရာတိုင်း လူများက ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်၏။

မြေပြင်ပေါ်မှာ ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး နီရဲနေသော ကြီးမားသည့်သတ္တဝါတစ်ကောင်က တိုးထွက်လာခဲ့၏။

ချော်ရည်ပူများဖြင့် လွှမ်းခြုံနေပြီး ၎င်း၏ တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ကောင်းကင်သို့ ပျံတက်လိုက်၏။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက ထကြွသောင်းကျန်းနေပြီး အသက်များစွာကို ရိတ်သိမ်းနေ၏။

ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားချီက နဂါး မြွေတို့ကို စုဖွဲ့စေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လာခဲ့၏။

ထိုအခိုက်အတန့်မှာ ဓားပညာရပ်နှစ်ခုက ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

All Chapters