← Chapters

စီးပိုးခြယ်လှယ်စွာ ဖိနှိမ်ခြင်း

Vol. 125 Ch. 1865

စီးပိုးခြယ်လှယ်စွာ ဖိနှိမ်ခြင်း

Vol. 125 Ch. 1865

ဓားချီက တဇီဇီအော်မြည်၍ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွား၏။

ဓားပညာရပ်နှစ်ခု၏ ကမ္ဘာဖျက်မြင်ကွင်းက ပြန်လည်ပေါ်ထွက်လာ၏။

တကယ်တော့ ထိုဓားပညာရပ်နှစ်ခုက ဘယ်လောက်ပင် စွမ်းအားကြီးမားသည်ဖြစ်စေ.. ဆူဇီမိုက တစ်ယောက်တည်းဖြစ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း အရမ်း မမြင့်မားပေ။

သွေးသူရိယတောင်ကြား စစ်သည်နှစ်သောင်းက အတူပူးပေါင်းတိုက်ခိုက်သည်နှင့်အမျှ သူတို့သည် ဓားပညာရပ်နှစ်ခုကို သေချာပေါက် ချေဖျက်ပြီး သေကြေပျက်စီးထိခိုက်မှုကို အနည်းဆုံး အတိုင်းအတာအထိ လျှော့ချနိုင်မည်ဖြစ်၏။

သို့သော်လည်း နဂါးမြွေတို့က လူအုပ်ကြားထဲသို့ ဝင်ရောက်သွားပြီး သွေးသူရိယတောင်ကြား စစ်သည်နှစ်သောင်းကို လူစုခွဲကာ သူတို့ကိုယ်သူတို့ အနိုင်နိုင်ခုခံကာကွယ်ရစေ၏။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သွေးသူရိယတောင်ကြား ကျင့်ကြံသူမျာအပေါ် အလွန်တရာ ကြောက်စရာကောင်းသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေ၏။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း နဂါးမြွေတို့နှင့် ရင်ဆိုင်ရချိန်မှာ သွေးသူရိယတောင်ကြား၏ အဆင့်လေးနှင့် အဆင့်ငါး မဟူရာအင်မော်တယ်များက အဲဒါကို လုံးဝ မခုခံနိုင်ပေ။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ခုချင်းစီက အဆင့်လေးနှင့် အဆင့်ငါး မဟူရာအင်မော်တယ်များ၏ ခန္ဓာကိုယ်များကို ဆက်တိုက်ထိုးဖောက်သွားပြီးမှ ပျက်ပြယ်သွားလေသည်။

နှင်းလေတောင်ကြောရိုးမှ လူတိုင်း၏ ရှေ့တွင် တိုက်ပွဲနယ်မြေမှ လူအုပ်ကြီးက ရိတ်သိမ်းခံရသော ဂျုံပင်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် လဲပြိုကျသွား၏။

ဝေ့ရှန်နှင့် အခြားနှစ်ယောက်ကလည်း တိုက်ခိုက်လိုက်ကြပြီး နဂါးမြွေတို့ကို ထိုးဖောက်ကာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီများစွာကို ခုခံ၍ ဆူဇီမို ရှေ့သို့ ပြေးဝင်လာ၏။

ထိုကြောက်စရာကောင်းသော ဓားချီ၏ သတ်ဖြတ်ခြင်းစွမ်းအားကို ချေဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ဆူဇီမိုကို တတ်နိုင်သမျှမြန်မြန် သတ်ဖြတ်ပစ်ဖို့ဆိုတာ သူတို့သုံးယောက် သိထားလေသည်။

“သတ်”

ဝေ့ရှန်နှင့် အခြားနှစ်ယောက်က အော်ဟစ်၍ ချဉ်းကပ်လာကြ၏။

ဘယ်ဘက်မှာရှိသော ကာကွယ်သူက စိတ်ဝိညာဉ်မြွေတစ်ကောင် တွန်မြည်နေသကဲ့သို့ တုန်ခါနေသော ဓားရှည်တစ်လက်ကို ကိုင်ဆွဲထား၏။ ဓားချီက တဇီဇီအော်မြည်၍ သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

ညာဘက်မှာရှိသော ကာကွယ်သူက ရှေ့သို့ တက်လှမ်းလာခြင်း မရှိဘဲ မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေ၏။ သူ၏ ဓားပျံကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ရင်း အခြားလက်တစ်ဖက်ဖြင့် နတ်ဘုရားစွမ်းအားတစ်ခု စုဖွဲ့ကာ ဆူဇီမိုကို တိုက်ခိုက်လိုက်၏။

ဝေ့ရှန်က သူ၏ ညာဘက်လက်မှာ ဆေဘာကို ကိုင်ဆွဲပြီး သူ၏ ဘယ်ဘက်လက်မှာ ကြီးမားသော ကြေးချိပ်စည်းတစ်ခုကို ကိုင်ကာ ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဆူဇီမိုသည် အဆင့် ၇ မဟူရာအင်မော်တယ် သုံးယောက်၏ ဝန်းရံခံရချိန်မှာ အကြောက်အလန့်ကင်းမဲ့နေ၏။

နဂါးအသူရာချောက်နက်မြို့တော်မှာတုန်းက သူသည် အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်ခဲ့၏။ သို့သော်လည်း အဆင့် ၇ မဟူရာအင်မော်တယ် ခြောက်ယောက်နှင့် ဝန်းရံခံရချိန်မှာ သူတို့ကိုပင် ပြန်လည်သတ်ဖြတ်နိုင်ခဲ့လေသည်။

ယခု သူ၏ ကျင့်ကြံမှုက အဆင့်ချိုးဖျက်တက်လှမ်းလာခဲ့ပြီး သူ၏ ခွန်အားကလည်း သိသိသာသာ တိုးလာခဲ့၏။ သူ့အနေဖြင့် အဆင့် ၇ မဟူရာအင်မော်တယ် သုံးယောက်၏ ဝန်းရံခံရချိန်မှာ မည်သည့် နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ အသုံးပြုစရာ မလိုတော့ပေ။

ဆူဇီမို၏ နှာရောင်က တောက်ပသွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွား၏။ လေးထောင့်ကျကျ ကြေးမီးဖိုတစ်လုံးက ပစ်လွင့်ထွက်ပေါ်လာပြီး ဘယ်ဘက်မှာ ရှိသော ဓားကျင့်ကြံသူထံသို့ ပစ်ဝင်သွားလေသည်။

ပြောရမည်ဆိုလျှင် ထိုဓားကျင့်ကြံသူ၏ ဓားနည်းစနစ်က အတော်လေး လှပသေသပ်လေသည်။

သို့သော်လည်း ထိုလူ၏ ဓားနည်းစနစ်က ဘယ်လောက်ပင် အဆင့်မြင့်သည်ဖြစ်စေ.. သူက ပကတိခွန်အားကို မချိုးဖျက်နိုင်ပေ။

ဓားကျင့်ကြံသူက ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး သူ၏ ဓားအလင်းက တရိပ်ရိပ် လှုပ်ရှားသွား၏။ အဲဒါက အရမ်းကို ပုံရိပ်ယောင်ဆန်လေသည်။ သို့သော်လည်း စတုရန်းကြေးမီးဖို၏ အော်ရာက တုန်လှုပ်စရာကောင်းပြီး သူ့ထံသို့ ပြင်းထန်စွာ ပစ်ဝင်လာခဲ့၏။

ချွမ်း..

စတုရန်းကြေးမီးဖိုက ဓားနှင့် ထိတွေ့ရိုက်ခတ်သွား၏။

ဓားကျင့်ကြံသူက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အကြည့်က အေးခဲတောင့်တင်းသွားလေသည်။

ဖျောက်..ဖျောက်.. ဖျောက်..

သူ၏ ဓားပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

အဲဒီနောက် ဓားက ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ဓားကျိုး အစအနများက စတုရန်းကြေးမီးဖို၏ သိပ်သည်းပြင်းထန်သော အင်အားကြောင့် နောက်သို့ လွင့်စင်ထွက်လာခဲ့၏။

ဓားကျင့်ကြံသူက ဓားနှင့် အလွန်တရာ နီးကပ်နေပြီး လုံးဝ မရှောင်တိမ်းနိုင်တော့ပေ။

ဓားကျိုး အစအနများထဲမှ ထက်ဝက်ကျော်က သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။

တစ်ခဏချင်းမှာပင် ဓားကျင့်ကြံသူသည် သူ့ဓားနှင့်သူ ဇကာပေါက်ဖြစ်သွားပြီး မြေပြင်ပေါ်သို့ လဲပြိုကျကာ အသက်မရှင်နိုင်တော့ပေ။

စတုရန်းကြေးမီးဖိုကို ဆင့်ခေါ်ပြီးနောက် ဆူဇီမိုက ဓားကျင့်ကြံသူကို လှည့်ပင် မကြည့်တော့ပေ။

သူက အဲဒါကို ကြိုတွက်ထားပြီးသားဖြစ်၏။

သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းရင်း ဆူဇီမိုက အဝါရောင်သဲ လက်တစ်ဆုပ်ကို ရုတ်တရက် ပစ်ထုတ်လိုက်၏။

ဖန်တီးခြင်းကြာပဒုမ္မာ၏ အဆုံးစွန်ရတနာ၊ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ..။

အဝါရောင်သဲများက ဝင်းလက်တောက်ပနေပြီး အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။ အဲဒါက အခြားကာကွယ်သူ၏ ဓားပျံနှင့် နတ်ဘုရားစွမ်းအားများကို ပိတ်ဆို့တားဆီးလိုက်၏။

တစ်ချိန်တည်းမှာပင် အဝါရောင်သဲက လေနှင့်အတူ လှုပ်ရှားသွားပြီး အသိစိတ်ရှိနေသည့်အလား ထိုကာကွယ်သူကို လွှမ်းခြုံသွား၏။

“အား..”

ထိုလူက ထိတ်လန့်တကြား ရေရွတ်လိုက်ပြီး နောက်သို့ ခုန်ဆုတ်ချင်လေသည်။

သို့သော်လည်း အဝါရောင်သဲများက ပို၍ပင် မြန်ဆန်ပြီး သူ့ကို လှည့်ပတ်ကာ အသက်တစ်ရှိုက်စာအတွင်း သူ့ကို လွှမ်းခြုံသွားလေသည်။

အဝါရောင်သဲက တလိပ်လိပ်ထိုးတက်လာပြီး တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်၏။ အဝါရောင်သဲ တစ်မှုန်ချင်းစီက အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်လိုက်ပြီး ထိုကာကွယ်သူကို ရိုက်ခတ်သွားလေသည်။

ဖောက်..

ချက်ချင်းပင် ကာကွယ်သူသည် အဝါရောင်သဲများကြားမှာ သွေးမြူတစ်ခုအဖြစ် ကြိတ်ချေခံလိုက်ရ၏။

အဝါရောင်သဲက ရွှေရောင်အလင်းနှင့် တောက်ပနေပြီး မည်သည့်သွေးနှင့်မှ စွန်းထင်းမခံရပေ။ အဲဒါက အရမ်းကို ထူးခြားလေသည်။

ဝေ့ရှန်က သူ၏ ဧရာမ ချိပ်စည်းနှင့် ဆေဘာနှင့်အတူ ရောက်ရှိလာချိန်မှာ သွေးသူရိယတောင်ကြား၏ ကာကွယ်သူနှစ်ယောက်က သေဆုံးသွားခဲ့ပြီးလေပြီ။

ဝေ့ရှန်က တုန်လှုပ်သွားပြီဖြစ်၏။

သူသည် လွန်ခဲ့သည့် နှစ်ငါးဆယ်က နဂါးအသူရာချောက်နက်မြို့တော်အောက်ဘက်ရှိ တိုက်ပွဲအကြောင်းကို ကြားဖူးထားသော်လည်း ဆူဇီမိုမှာ ဤကဲ့သို့ ကြောက်စရာကောင်းသည့် နည်းလမ်းများ အမှန်တကယ် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဝေ့ရှန်သည် ဆူဇီမို၏ အကြည့်နှင့် ဆုံမိချိန်မှာ သူက ရင်တလှပ်လှပ်ဖြစ်သွား၏။

“အခြေအနေမကောင်းတော့ဘူး”

ဝေ့ရှန်က စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်သော်လည်း သူ့ကိုယ်သူ တည်ငြိမ်စေဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။ သူက ဆေဘာကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ဆူဇီမို၏ မျက်နှာကို ခုတ်ပိုင်းချလိုက်၏။

ထိုခုတ်ချက်က ထက်ရှသော လေဓားသွားများကို ပေါ်ထွက်လာစေ၏။

အဲဒါသည် အရည်အသွေးမြင့် နိမ့်ကျအဆင့် ဆေဘာနည်းစနစ်တစ်ခု ဖြစ်လေသည်။ အဲဒါကို ခွန်အား အပြည့်အဝနှင့် ထုတ်ဖော်သောအခါ ၎င်းသည် သိပ်သည်းပြင်းထန်သော သေစေနိုင်စွမ်းအားနှင့်အတူ အဆုံးမဲ့သော လေဓားသွားများကို ထုတ်ဖော်ပေးနိုင်၏။

“ငြိမ်သက်စမ်း”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး စကားတစ်ခွန်းသာ ပြောလိုက်၏။

ဝေ့ရှန်က ဆတ်ခနဲ တုန်ယင်သွားပြီး ထူးဆန်းသော စွမ်းအားတစ်ခု ဆင်းသက်လာသည်ဟု ခံစားလိုက်ရ၏။ သူက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ချက်ချင်းပင် မရေမတွက်နိုင်သော ဓားသွားများက ပျက်ပြယ်သွား၏။

ဝေ့ရှန်၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အရူးအမူး လှည့်ပတ်ကာ ထိုစွမ်းအားကနေ ရုန်းထွက်လိုက်၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ အမြင်အာရုံက မှောင်မည်းသွားလေသည်။

“မင်းက သေပြီပဲ”

ဝေ့ရှန်၏ နားထဲမှာ ထိုစကားသံက ထွက်ပေါ်လာ၏။

နောက်ခဏ၌ သူ၏ ဦးခေါင်းထဲမှာ စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ကြေမွပျက်စီးကာ နေရာမှာပင် သေဆုံးသွား၏။

ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်၏ အကူအညီနှင့်အတူ တဒင်္ဂချုပ်နှောင်ထားချိန်မှာ ဆူဇီမိုအနေဖြင့် ဝေ့ရှန်ကို အလွယ်တကူ သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။

သွေးသူရိယတောင်ကြား၏ အဆင့် ၇ မဟူရာအင်မော်တယ် သုံးယောက်က သေဆုံးသွားပြီဖြစ်၏။

တိုက်ပွဲနယ်မြေတွင်…

ကောင်းကင်နှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်များပင်လျှင် သန်မာသော စစ်သည်နှစ်သောင်း စစ်တပ်တစ်ခုလုံးကို မသတ်ဖြတ်နိုင်ပေ။

ဆူဇီမိုက အေးစက်စက် အမူအရာနှင့်အတူ လေထဲမှာ မတ်တတ်ရပ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို နောက်တစ်ဖန် လှည့်ပတ်ကာ နတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့လိုက်၏။

သူ၏ လက်ညိုးကို ဆန့်ထုတ်ပြီး ရှေ့သို့ ထိုးညွှန်လိုက်၏။

ဘုန်း..

ကောင်းကင်ထက်ကနေ တုတ်ခိုင်သော မီးခိုးရောင် ကျောက်တိုင်တစ်တိုင်က တိမ်စိုင်များကို ဖြတ်ကျော်၍ ဆင်းသက်လာခဲ့၏။

ကျောက်တိုင်၏ ဘေးပတ်လည်မှာ အသက်ဝင်နေပုံရသော နတ်နဂါးတစ်ကောင်က ရစ်ပတ်နေ၏။

ပင်ကိုနတ်ဘုရားစွမ်းအား၊ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်…။

ဘုန်း.. ဘုန်း…

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်သည် လူအုပ်ကြီးထဲသို့ ပစ်ကျလာပြီး အချိန်မီ မရှောင်တိမ်းနိုင်သော သွေးသူရိယတောင်ကြား ကျင့်ကြံသူ ၁၀ယောက်ကျော်ကို ဖိချေပစ်လိုက်၏။

ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ကြီးမား၍ တုတ်ခိုင်သော ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်က လူအုပ်ကြီးထဲကို လိမ့်ဝင်သွားလေသည်။

ကျင့်ကြံသူများစွာက တုန်လှုပ်စွာဖြင့် နောက်သို့ ခုန်ဆုတ်လိုက်ကြ၏။

ထို့နောက် ချက်ချင်း ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်သည် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုကို ထုတ်ဖော်ပြီး လူအုပ်ကြီးထံသို့ ဖိချေကျဆင်းလာ၏။

အဲဒါက အလွန်တရာ တုန်လှုပ်စရာကောင်း​သော မြင်ကွင်းတစ်ခုဖြစ်၏။

အန္တိမ စွမ်းအားကြီးမားသော သတ္တဝါတစ်ကောင်က ကျောက်တိုင်တစ်တိုင်ကို ဖိလှိမ့်ကာ မြေပြင်ပေါ်မှာ ထွက်ပြေးနေသည့် ပုရွက်ဆိတ်များကို အညှာအတာမဲ့စွာ ဖိချေသတ်ဖြတ်နေသည့်အလားပင်။

သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများက သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကုန်ကြ၏။

သို့သော်လည်း ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဖိချေကျဆင်းမှုကို မရှောင်တိမ်းနိုင်သည့် ကျင့်ကြံသူများစွာ ရှိနေဆဲဖြစ်ပြီး သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များ ပျက်စီးသွားခြင်းနှင့်အတူ အသားပျော့ဖတ်များ ဖြစ်သည်အထိ ကြိတ်ခြေခံလိုက်ရ၏။

“ဆူဇီမို.. မင်းက သွေးသူရိယတောင်ကြားက လူတွေအများကြီးကို သတ်ဖြတ်ခဲ့တယ်… တောင်ကြားသခင်က မင်းကို သေချာပေါက် အပိုင်းပိုင်းဆုတ်ဖြဲပစ်လိမ့်မယ်”

သွေးသူရိယတောင်ကြား ကျင့်ကြံသူတစ်ယောက်က ရူးသွပ်ဖောက်ပြန်သွားသော အမူအရာနှင့်အတူ သွေးရူးသွေးတန်း အော်ဟစ်လိုက်၏။

ဖောင်း..

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်က ဖိချေကျဆင်းလာပြီး ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ပေါက်ကွဲထွက်သွားစေ၏။

သွေးသူရိယတောင်ကြား၏ အယောက်နှစ်သောင်းပါ သန်မာသော စစ်တပ်ပင်လျှင် ဆူဇီမို၏ တိုက်ခိုက်မှုကို မခုခံနိုင်ပေ။

ထိုစဉ်မှာပင် မြေပြင်က ပုံမှန်မဟုတ်ဘဲ စတင်တုန်ခါလာပြီး အဝေးကနေ ဖုန်လုံးများ တထောင်းထောင်းထလာ၏။ အလွန်ကြီးမားသော စစ်တပ်တစ်တပ်က ဤနေရာသို့ ဒုန်းစိုင်းပြေးဝင်လာသည့်အလားပင်။

နှင်းလေတောင်ကြောရိုးမှ လူတိုင်း၏ အမူအရာက ပြောင်းလဲသွား၏။

“သွေးသူရိယတောင်ကြားက စစ်ကူတွေက ရောက်လာပြီလား”

သွေးသူရိယတောင်ကြားမှ လူတိုင်းက စိတ်အားတက်ကြွလာကြ၏။

“ဆူဇီမို.. မင်းကတော့ သွားပြီ.. တောင်ကြားသခင်က စစ်တပ်တစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး ဒီကို ရောက်လာပြီ.. မင်း သေဖို့သာ ပြင်ထားပေတော့”

သွေးသူရိယတောင်ကြား ကျင့်ကြံသူများသည် မျှော်လင့်စောင့်စားစွာဖြင့် အဝေးသို့ လှမ်းမျှော်ကြည့်ရှုနေကြ၏။ သိပ်မကြာခင် မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ ငွားငွားစွင့်စွင့် မြင့်မားသော ဘီလူးတစ်ကောင်က ပေါ်ထွက်လာပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာလေသည်။

သူ၏နောက်မှာ မရေမတွက်နိုင်သော သားရဲတောကောင်များရှိပြီး သူတို့က ကြီးမားသော စွမ်းပကားတစ်ခုနှင့်အတူ ချီတက်လာနေကြ၏။

“အဲ.. အဲဒါ ဘာတွေလဲ”

သွေးသူရိယတောင်ကြား ကျင့်ကြံသူများစွာက တုန်လှုပ်သွားပြီး တွေဝေရှုပ်ထွေးသွားကြလေသည်။

All Chapters