သွေးသူရိယတောင်ကြားဆီသို့
Vol. 125 Ch. 1867
ဆူဇီမိုသည် လူအိုကြီးယန်နှင့် နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှု မရှိပေ။
သူ့အတွက်တော့ လူအိုကြီးယန်သည် အထက်ဘုံသို့ သူ ရောက်ရှိလာပြီးနောက် ပထမဆုံး သိကျွမ်းသည့် လူတစ်ယောက်သာ ဖြစ်လေသည်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ.. လူအိုကြီးယန် သေဆုံးသွားသည်ကို တွေ့မြင်သောအခါ ဆူဇီမိုသည် ဝမ်းနည်းမှု ခံစားချက်တစ်ခုကို ရရှိလိုက်၏။
လူအိုကြီးယန်ကနေတစ်ဆင့် တက်လှမ်းလာသူ အများစု၏ ကံကြမ္မာကို သူက တွေ့မြင်လိုက်ရသောကြောင့် ဖြစ်၏။
လူအိုကြီးယန်သည် အောက်ဘုံမှ တက်လှမ်းလာသော ထိုသူများ၏ ရောင်ပြန်ဟပ်မှုတစ်ခု ဖြစ်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကနေ အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် သူ၏ မိတ်ဆွေဟောင်းများ တွေ့ကြုံရမည့် အရာရာတိုင်းကို ဆူဇီမိုသည် လူအိုကြီးယန်ကနေတစ်ဆင့် တွေ့မြင်လိုက်ရသည်ဟု ထင်ရ၏။
အဲဒါက သက်သောင့်သက်သာ မရှိသော ခံစားချက်တစ်ခု ဖြစ်၏။
ဆူဇီမိုသည် သူ၏ ခံစားချက်များကို ဖွင့်ထုတ်စရာ နေရာမရှိသည့်အလား သူ၏ ရင်ထဲမှာ တင်းကျပ်လေးလံလာသည်ဟု ခံစားရ၏။
“အဲ့လိုဖြစ်လို့ မရဘူး”
ဆူဇီမိုက မေးလိုက်၏။
“သွေးသူရိယတောင်ကြားက နှင်းလေတောင်ကြောရိုးကို ဘာကြောင့်တိုက်ခိုက်လာတာလဲ”
“လွန်ခဲ့တဲ့ နှစ်ငါးဆယ်က သွေးသူရိယတောင်ကြားက တောင်တစ်သိန်းရိုးမမှာ အကြီးအကျယ် ရှုံးနိမ့်သွားပြီးတော့ သူတို့ရဲ့ နာမည်ဂုဏ်သတင်းက အောက်ဆုံးအထိ ထိုးဆင်းသွားခဲ့တယ်.. ဒီနားဝန်းကျင်မှာရှိတဲ့ အဖွဲ့အစည်းတွေက သွေးသူရိယတောင်ကြားရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်လာချင်ကြတယ်”
ရှချင်းယင်က ပြောလိုက်၏။
“အဲဒီကိစ္စ ပြီးတဲ့နောက် သွေးသူရိယတောင်ကြားက စစ်တပ်တစ်တပ် စေလွှတ်ပြီး အဲဒီ အဖွဲ့အစည်းတွေကို အညှာတာမဲ့စွာ ဖိနှိမ်ခဲ့တာပဲ”
“နှင်းလေတောင်ကြောရိုးက သွေးသူရိယတောင်ကြားနဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်တာမျိုး မရှိဘူး.. အဖေက အမြုတေစုဖွဲ့ဆေးလုံးတွေကို ဖလှယ်ဖို့အတွက် သွေးသူရိယတောင်ကြားကို သွားရောက်မယ့် ကျွန်မတို့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းဖို့ပဲ အမိန့်ပေးခဲ့တာ.. အဲ့လိုလုပ်မယ့်အစား ကျွန်မတို့က အင်မော်တယ်ဆေးပင်တွေကို စုဆောင်းထားပြီး အခြေအနေတွေ တည်ငြိမ်သွားမှ နောက်ထပ် အစီအစဉ်ချဖို့ ရည်ရွယ်ခဲ့ကြတာ”
ရှချင်းယင်က ခါးသက်စွာ ရယ်မောလိုက်၏။
“အဲဒီ ဆုံးဖြတ်ချက်က ချန်ရွှမ်ယွမ်ကို ဒေါသထွက်သွားစေပြီး သူက စစ်တပ်တစ်တပ်ကို စေလွှတ်ခဲ့တာပဲ”
ဆူဇီမိုက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ထုတ်ဖော်ကာ အဝေးတစ်နေရာသို့ ပြေးထွက်သွားလေသည်။
“ဆရာဆူ.. ခင်ဗျား ဘယ်သွားမလို့လဲ”
သွမ့်ထျန်လျန်က အလောတကြီး မေးလိုက်၏။
“သွေးသူရိယတောင်ကြား”
ထိုသို့ပြောပြီးနောက် ဆူဇီမို၏ နောက်ကျောတွင် ဧရာမ တောင်ပံနှစ်စုံ ပေါ်ထွက်လာ၏။ တောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ လူတိုင်း၏ မြင်ကွင်းကနေ ချက်ချင်းပင် ပျောက်ကွယ်သွား၏။
“အား..”
ရုတ်တရက် ရှချင်းယင်က တုံ့ပြန်၍ အလောတကြီး လှမ်းအော်ပြောလိုက်၏။
“မသွားနဲ့”
“သွေးသူရိယတောင်ကြားသခင်က အဆင့် ၈ မဟူရာအင်မော်တယ်တစ်ယောက်ပဲ.. သွေးသူရိယတောင်ကြားမှာ ကျင့်ကြံသူ အယောက်တစ်သောင်းကျော်လောက် ကျန်နေဦးမယ်… တာအိုရောင်းရင်းဆူ.. ရှင်တစ်ယောက်တည်း သွားလို့ မရဘူး”
ရှချင်းယင်က လှမ်းအော်ပြောလိုက်သည့် အချိန်မှာ ဆူဇီမိုက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
“သွမ့်ထျန်လျန်.. တာအိုရောင်းရင်းဆူကို ကူညီဖို့အတွက် ဒီလူတွေကို မြန်မြန်ခေါ်ပြီး သွေးသူရိယတောင်ကြားကို မြန်မြန်လိုက်သွား”
ရှချင်းယင်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူမ၏ ပူဆွေးဝမ်းနည်းမှုကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။
“ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိတော့ဘူး.. တာအိုရောင်းရင်းဆူက သွေးသူရိယတောင်ကြားတစ်ခုလုံးကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်မှာကို ကျွန်မတို့က ခွင့်ပြုပေးလို့ မရဘူး”
သွမ့်ထျန်လျန်က ခေါင်းညိတ်ပြီး ယွဲ့ဟောက်ကို ရှာလိုက်လေသည်။
“အစ်ကိုယွဲ့.. ခင်ဗျားက လေနှိမ်နင်းရဲတိုက်က လူတွေကို အတူစုခေါ်ပေးပါ.. သွေးသူရိယတောင်ကြားကို လိုက်သွားရအောင်.. ဆရာဆူက သွားနှင့်နေပြီ”
သွမ့်ထျန်လျန်က ပြောလိုက်၏။
“နှင်းလေတောင်ကြောရိုးကို ဒီသားရဲတောကောင်တွေနဲ့ ထားခဲ့မယ်.. ငွေဘီလူးရယ်.. ဧရာမ ပျားရယ်.. ခေါင်းကိုးလုံးငှက်ရယ်နဲ့ တခြားပညာရှင်တွေနဲ့ဆို ဒီသားရဲတောကောင်တွေက ပြဿနာရှာလို့ ရမှာ မဟုတ်တော့ဘူး”
“ကောင်းပြီလေ”
ယွဲ့ဟောက်၏ မျက်လုံးက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာပြီး လေးနက်သော အသံဖြင့် အော်ပြောလိုက်၏။
“နေနှိမ်နင်းရဲတိုက်က ညီအစ်ကိုတို့.. နားထောင်ကြ.. ကျုပ်တို့က ဒီနေ့ သွေးသူရိယတောင်ကြားကို သွားရောက်သတ်ဖြတ်မယ်.. ကျုပ်တို့ရဲ့ သေဆုံးသွားတဲ့ ဆွေမျိုးမိတ်ဆွေတွေအတွက် လက်စားချေကြမယ်”
“သွေးသူရိယတောင်ကြားကို ချီတက်ကြ”
နေနှိမ်နင်းရဲတိုက်မှ ကျင့်ကြံသူ တစ်ထောင်ကျော်က အော်ဟစ်လိုက်လေသည်။
“သွားကြတာပေါ့”
ယွဲ့ဟောက်က သူ၏ လက်ကို ဝှေ့ယမ်းပြီး လူတိုင်းကို အမိန့်ပေးကာ သွေးသူရိယတောင်ကြား ရှိရာသို့ ချီတက်သွားလေသည်။
သွေးသူရိယတောင်ကြားတွင်..
“သခင်လေးနဲ့ တခြားသူတွေက သိပ်မကြာခင် ပြန်ရောက်လာတော့မှာမလား”
“ပြောလို့တော့ မရဘူး.. သခင်လေးက နှင်းလေတောင်ကြောရိုးကို ဖျက်ဆီးပြီး သူတို့ရဲ့ သခင်မလေးကို ဖမ်းဆီးမှာ.. ဘယ်သူပြောနိုင်မလဲ.. သူက နှင်းလေတောင်ကြောရိုးမှာ အဲဒီကောင်မလေးနဲ့ ဒီတစ်ညကုန်ရင် ကုန်သွားမှာပေါ့.. ဟီးဟီး”
ဝင်ပေါက်ဝမှ အစောင့်တပ်သားအချို့က စုရုံး၍ ရယ်မောပြောဆိုနေကြ၏။
“သခင်လေးက အဲဒီကောင်မလေးကို ဒီနှစ်တွေထဲမှာ အတော်လေး မျက်စိကျနေတာ.. အရင်တုန်းကဆို သူက မိန်းမလှလေးကို ကယ်တင်မယ့် သူရဲကောင်းလိုမျိုးတောင် သရုပ်ဆောင်ချင်ခဲ့သေးတယ်”
တစ်စုံတစ်ယောက်က ရယ်မောလိုက်၏။
“ငါတို့ရဲ့ သခင်လေးက ဒီတစ်ခေါက်တော့ အဲဒါကို နောက်ဆုံး အကောင်အထည်ဖော်တော့မှာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် သူက အဲဒီကောင်မလေးကို အရင်ဆုံး ထိခွင့်ရတဲ့သူ ဖြစ်မှာပဲ”
“ဟိုမှာ ဘာပါလိမ့်”
နောက်ထပ်လူတစ်ယောက်က အဝေးသို့ လှမ်းကြည့်ပြီး မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ ရွှေရောင်အလင်းတစ်ခုက တုန်လှုပ်စရာကောင်းသော အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေ၏။
သွေးသူရိယတောင်ကြား အစောင့်တပ်သားများစွာက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အလောတကြီး လူစုခွဲကာ သတိအနေအထား ပြင်လိုက်ကြ၏။
အစောင့်တစ်ယောက်က သူ၏ သိုလှောင်အိတ်ထဲမှ သတင်းပို့အဆောင်တစ်ခုကိုပင် ထုတ်ယူပြီး တင်းကျပ်သော အမူအရာနှင့်အတူ သူ၏ လက်ထဲမှာ အဲဒါကို ဆုပ်ကိုင်ထားလေသည်။
အသက်ရှူချိန် အနည်းငယ်မှာပင် ရွှေရောင်အလင်းက ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လူတစ်ယောက်၏ ပုံရိပ်က ပေါ်ထွက်လာ၏။ သူက လေထဲမှာ မတ်တတ်ရပ်နေပြီး အေးစက်စက် အမူအရာတစ်ခု ရှိနေ၏။ သူ့မှာ အနက်ရောင် ဆံပင်များနှင့် အစိမ်းရောင် ဝတ်ရုံ ရှိလေသည်။
“အဲဒါ ဘယ်သူလဲ”
သွေးသူရိယတောင်ကြား အစောင့်တပ်သားတစ်ယောက်က အော်ပြောလိုက်၏။
“အဲဒီလူကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”
နောက်ထပ် အစောင့်တပ်သားတစ်ယောက်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ အံ့အားတသင့် ပြောဆိုလိုက်၏။
“ဆူဇီမို.. သူက ဆူဇီမိုပဲ”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ဆူဇီမိုက လေထဲကနေ လျှောက်လှမ်းလာပြီး သူ၏ လက်ညှိုးကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်လေပြီ။
ထက်ရှသော ဓားချီက ပစ်လွင့်ထွက်ပေါ်လာပြီး အစောင့်တပ်သားများ၏ နှာရောင်ထဲသို့ ဝင်ရောက်သွား၏။
အစောင့်တပ်သားအချို့သည် အဆင့် ၅ မဟူရာအင်မော်တယ်များသာဖြစ်ပြီး သူတို့က အဲဒါကို လုံးဝ မခုခံနိုင်ပေ။
ဆူဇီမိုက သူတို့၏ ဘေးကနေ ဖြတ်လျှောက်သွားသည့်အချိန်မှာ သူတို့က မြေပြင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် လဲကျကာ သေဆုံးသွားလေသည်။
သို့သော်လည်း သွေးသူရိယတောင်ကြား အစောင့်တပ်သားတစ်ယောက်က သူ မသေခင် သူ့လက်ထဲရှိ အဆောင်ကို ခြေမွှလိုက်ပြီဖြစ်၏။
“ရန်သူဟေ့.. တိုက်ကြ”
သွေးသူရိယတောင်ကြားဘက်မှ စူးရှသော အော်ဟစ်သံတစ်သံက ထွက်ပေါ်လာ၏။
ချက်ချင်းပင် ကျင့်ကြံသူများစွာက သူတို့၏ ကျင့်ကြံရာကနေ နိုးထလာပြီး သူတို့၏ လိုဏ်ဂူခန်းဝါထဲကနေ ထွက်လာကာ သူတို့၏ စွမ်းအားကြီးမားသော အော်ရာများနှင့်အတူ အခြေအနေကို စစ်ဆေးဖော်ထုတ်ချင်လေသည်။
လေထဲမှာ ရွှေရောင်အလင်းတစ်ခုက ဖြတ်သန်းလာပြီး သွေးသူရိယတောင်ကြား အနက်ပိုင်းထဲသို့ ပြေးဝင်သွားလေသည်။
သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများစွာက ရွှေရောင်အလင်းက ဘာဖြစ်သည်ဆိုတာကိုပင် မတွေ့မြင်ရပေ။
“အဲဒါကို တားကြ”
သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်၏။
ရွှစ်.. ရွှစ်..
ဘုန်း. ဘုန်း..
ဓမ္မရတနာများက တစ်ခုပြီးတစ်ခု တဖွားဖွားကျဆင်းလာ၏။
ဓမ္မစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များကလည်း တဖွားဖွားကျဆင်းလာပြီး ဆူဇီမို၏ ထွက်လမ်းကို ပိတ်ဆို့လိုက်လေသည်။
“မင်းတို့က သေချင်နေပြီပဲ”
ရွှေရောင်အလင်းက ရပ်တန့်သွားပြီး ဆူဇီမို၏ ပုံရိပ်က ပေါ်ထွက်လာ၏။
“အဲဒါ သူပဲ”
“ဆူဇီမို”
ကျင့်ကြံသူများစွာက ဆူဇီမိုကို မှတ်မိသွားပြီး အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ဆူဇီမို၏ ဘေးပတ်လည်တွင် ချစ်ချစ်တောက် ပူလောင်သော မီးတောက်လုံး သုံးလုံးက ပေါ်ထွက်လာ၏။ အပူလှိုင်းက သိပ်သည်းပြင်းထန်ပြီး မည်သူကမှ သူ့နားသို့ ချဉ်းကပ်မလာရဲပေ။
သူက သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး မီးတောက်လုံး သုံးလုံးကို အလျင်အမြန် စုစည်းသွားစေ၏။
ထိုအခိုက်အတန့်မှသာ သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများသည် လွန်ခဲ့သည့် နှစ်ငါးဆယ်က နဂါးအသူရာချောက်နက်မြို့တော် အောက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာကို ပြန်လည်အမှတ်ရလာ၏။
“စုဖွဲ့လိုက်”
ဆူဇီမိုက သမာဓိတာအိုမီးကို ပစ်ထုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ အမြုတေစိတ်ဝိညာဉ်က မီးကျည်တစ်ခုကို ပစ်ထုတ်ပြီး စတုရတီ တာအိုမီးထဲသို့ ဝင်ရောက်သွားစေ၏။
အလျှံညီးညီး မီးလျှံများက တလိပ်လိပ်ထိုးတက်လာလေသည်။
စတုရတီ တာအိုမီးက ဆင်းသက်လာပြီး လျင်မြန်စွာ ဖြန့်ကြက်ကာ သွေးသူရိယတောင်ကြား တစ်ခုလုံးကို လွှမ်းခြုံအုပ်မိုးတော့မည့် လက္ခဏာများ ပြသလာ၏။
နေတစ်စင်းက သွေးသူရိယတောင်ကြားပေါ်သို့ အမှန်တကယ်ပင် ဆင်းသက်လာခဲ့လေသည်။
ကျင့်ကြံသူများစွာက အချိန်မီ မရှောင်တိမ်းနိုင်ဘဲ မီးတောက်ပင်လယ်ထဲမှာ လဲကျသွားလေသည်။ သူတို့က လုံးဝ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘဲ တစ်ခဏချင်းမှာပင် လောင်ကျွမ်းပြာကျသွား၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများက လှုပ်ရှားရုန်းကန်၍ မီးတောက်ပင်လယ်ထဲမှာ စူးစူးဝါးဝါး အော်ဟစ်ပြေးလွှားနေကြ၏။
ထိုကျင့်ကြံသူများသည် လေထဲတွင် ရှိသော ဆူဇီမိုကို ကိုင်တွယ်ဖို့နေနေသာ.. သူတို့ကိုယ်သူတို့ပင် အနိုင်နိုင်ခုခံနေရ၏။
ဆူဇီမို၏ အမူအရာက လေဟာနယ်ကို ထိုးဖောက်သွားသည့်အလား တောက်လောင်ပြင်းပြလာပြီး သွေးသူရိယတောင်ကြား၏ အနက်ပိုင်းထဲရှိ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုပေါ်သို့ ဆင်းသက်သွားလေသည်။
သူက သွေးသူရိယတောင်ကြားသို့ ဝင်ရောက်လာသည့် ခဏမှာပင် နန်းတော်ထဲကနေ အလွန်တရာ စီးပိုးခြယ်လှယ်သော အော်ရာတစ်ခု ဖြာထွက်နေသည်ကို အာရုံခံမိလိုက်၏။
သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်..
ရိပ်ခနဲဆို ဆူဇီမိုက မီးတောက်ပင်လယ်နှင့် လူအုပ်ကြီးကို ဖြတ်ကျော်ပြီး နန်းတော်ရှေ့သို့ ရောက်ရှိလာ၏။ သူက ရပ်တန့်ခြင်း မရှိဘဲ နန်းတော်တံခါးကို ပစ်တိုက်ကာ အတင်းဝင်ရောက်လာခဲ့၏။
ခန်းမ၏ အလယ်ရှိ မြင့်မားသော ထိုင်ခုံပေါ်မှာ လူတစ်ယောက်က ထိုင်နေ၏။ သူက အမူအရာကင်းမဲ့စွာဖြင့် အတင်းဝင်ရောက်လာသော ဆူဇီမိုကို စိုက်ကြည့်နေလေသည်။