ရူးသွပ်ဖောက်ပြန် မိစ္ဆာလျှို့ဝှက်အတတ်
Vol. 125 Ch. 1868
“ဆူဇီမို”
သွေးသူရိယ တောင်ကြားသခင်က ထက်ရှသော အမူအရာနှင့်အတူ နန်းတော်၏ ဝင်ပေါက်ဝမှ လူကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။
သူတို့နှစ်ယောက်သည် အရင်က တစ်ခါမှ မတွေ့မြင်ဖူးသော်လည်း သူ့ရှေ့မှ လူသည် မကြာသေးခင်ကပင် တဟုန်ထိုး နာမည်ကြီးလာသည့် ဆူဇီမိုဆိုတာကို သူက ချက်ချင်း ခန့်မှန်းမိလိုက်ပြီဖြစ်၏။
သူတို့၏ အကြည့်များက လေထဲမှာ တွေ့ဆုံသွားပြီး လုံးဝကို အတိုက်အခံဖြစ်နေ၏။
အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုက တောင်ကြားသခင်ထံကနေ ဖြာထွက်လာပြီး သူက ဖြည်းဖြည်းချင်း မေးလိုက်၏။
“ငါ့သား ရွှမ်ယွမ်က အသက်ရှင်နေသေးလား”
“ငါ သူ့ကို သတ်ပြီးသွားပြီ”
ဆူဇီမိုက အေးစက်စွာ ပြောလိုက်၏။
“မပူပါနဲ့.. မင်းတို့ သားအဖတွေ ဆုံစည်းရအောင် ငါ မင်းကို အခုပဲ အဲဒီကို ပို့ပေးမှာ”
“ဟားဟားဟားဟား”
တောင်ကြားသခင်က ရယ်မောလိုက်၏။
“ကောင်းတယ်ကွာ… ကောင်းတယ်.. တစ်ယောက်ယောက်က ငါ့ကို ဒီလိုလေသံနဲ့ မပြောဆိုရဲတော့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ”
“အခု တက်လှမ်းလာတာ နှစ်တစ်ရာတောင် မပြည့်သေးတဲ့ မင်းလိုမျိုး ဂျူနီယာတစ်ယောက်က ငါ့ကို ခြိမ်းခြောက်နေပြီပေါ့လေ”
တောင်ကြားသခင်က ဖြည်းဖြည်းချင်း ထရပ်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဆူဇီမို.. မင်းရဲ့ ပါရမီ အရည်အချင်းနဲ့ အလားအလာအရဆို မင်းက တစ်နေရာရာမှာ ပုန်းကွယ်ပြီး အဆင့် ၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်တဲ့အထိ ကျင့်ကြံလိုက်မယ်ဆို.. နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ မင်းကို ဘယ်သူကမှ ဖိနှိမ်နိုင်မှာ မဟုတ်တော့ဘူး”
“ဒါပေမဲ့ မင်းက ငယ်ရွယ်ပြီးတော့ စိတ်ဆတ်လွန်းတယ်.. မင်းက အဆင့် ၆ မဟူရာအမြုတေနယ်ပယ်အထိပဲ ကျင့်ကြံရသေးတယ်.. ဒါတောင်မှ မင်းက ငါ့ကို စိန်ခေါ်ဖို့အတွက် သွေးသူရိယတောင်ကြားကို ရောက်လာရဲသေးတယ်ပေါ့”
“ဒီနေ့ ငါ့သားအတွက် မင်းအသက်ကို ပြန်ယူမယ်”
ထိုသို့ ပြောလိုက်သည့် ခဏမှာပင် တောင်ကြားသခင်က သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ဧရာမ လှံပုဆိန်တစ်လက်ကို ဆွဲထုတ်လိုက်ပြီဖြစ်၏။
အမြုတေချီကို ထိုးသွင်းလိုက်သောအခါ လှံပုဆိန်က တုန်ခါ၍ အင်းကွက်ငါးခုဖြင့် တောက်ပလာ၏။
ထိုလှံပုဆိန်က ပကတိ မဟူရာအဆင့် ဓမ္မရတနာတစ်ခုဖြစ်၏။
ဆူဇီမိုက အကြောက်အလန့် ကင်းမဲ့ပြီး တောင်ကြားသခင်ထံသို့ လျှောက်လှမ်းလာ၏။ သူ၏ နှာရောင်က တောက်ပသွားပြီး လေးထောင့်ကျကျ ကြေးမီးဖိုတစ်လုံးက ပေါ်ထွက်လာကာ သူ၏ ဦးခေါင်းထက်မှာ လွင့်မျောနေ၏။
“သတ်”
တောင်ကြားသခင်က ရှေ့သို့ ခုန်တက်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် လှံပုဆိန်ကို ဆုပ်ကိုင်လိုက်၏။ သူက လေထဲကနေ ဆင်းသက်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ချဉ်းကပ်လာသည့် ဆူဇီမိုကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။
“သတ်”
ဆူဇီမိုကလည်း တစ်ချိန်တည်းမှာ အော်ဟစ်လိုက်၏။
ထို ‘သတ်’ ဆိုသော စကားလုံးမှာ စွမ်းအားကြီးမားသော အသံပိုင်း လျှို့ဝှက်အတတ်တစ်ခု ပါဝင်ပြီး နန်းတော်ထဲမှာ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွား၏။
တောင်ကြားသခင်က တုန်လှုပ်သွား၏။
သို့သော်လည်း သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး မိုးကြိးထစ်ချုန်း သတ်ဖြတ်ခြင်း၏ ရိုက်ခတ်မှုကို ချက်ချင်းပင် ဖိနှိမ်လိုက်၏။
“ကြေမွစမ်း”
တောင်ကြားသခင်က ဆူဇီမို၏ ဦးခေါင်းထက်ရှိ ယိုယွင်းပျက်စီးနေသော ကြေးမီးဖိုကို ကြည့်ပြီး သူ၏ အကြည့်က အေးစက်လာကာ သူ၏ ခွန်အားကို နောက်တစ်ဖန် မြှင့်တင်လိုက်၏။
သူ၏ ထင်မြင်ချက်အရ မီးဖို၏ ယိုယွင်းပျက်စီးနေပုံအရ သူသည် ခွန်အားအပြည့်နှင့် တိုက်ခိုက်ပါက အဲဒါကို သေချာပေါက် ခြေမွှဖျက်ဆီးနိုင်ပေလိမ့်မည်။
ချွမ်း..
လှံပုဆိန်က ကြေးမီးဖိုနှင့် ရိုက်ခတ်သောအခါ မီးပွားများက လွင့်စင်ထွက်သွား၏။
ကြေးမီးဖိုက တုပ်တုပ်မျှ မလှုပ်ပေ။
သို့သော်လည်း တောင်ကြားသခင်က သိပ်သည်းပြင်းထန်သော တန်ပြန်ကန်အားကို ရရှိလိုက်ပြီး သူ၏ လက်တစ်ဖက်လုံးက ထုံကျင်ကိုက်ခဲသွား၏။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားလေသည်။
ကြေးမီးဖိုက လေထုကို ဖြတ်ကျော်၍ ရပ်တန့်ခြင်း မရှိဘဲ တောင်ကြားသခင်ထံသို့ ပစ်ဝင်သွား၏။
ချွမ်း..
နောက်ထပ် ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
တောင်ကြားသခင်သည် သူ၏ လှံပုဆိန်ကို ကန့်လန့်ဖြတ် လွှဲယမ်းပြီး ကြေးမီးဖိုကို တားဆီးလိုက်ရ၏။ သို့သော်လည်း သူက လေထဲကနေ ပြုတ်ကျသွားလေသည်။
ရွှစ်..
ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး အစိမ်းရောင် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွား၏။ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး ဆူနာမီအသံကိုပင် ကြားလာရ၏။
သူသည် ယနေ့ တောင်ကြားသခင်ကို မဖြစ်မနေ သတ်ဖြတ်မည်ဖြစ်ပြီး သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးက ဖော်ထုတ်ခံရမည်ဆိုလျှင်တောင် ဂရုမစိုက်တော့ပေ။
ဆူဇီမိုသည် တောင်ကြားသခင်ထံသို့ အလျင်အမြန် ချဉ်းကပ်လာပြီး ထိုသူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
ထိုလက်ဝါးက ဧရာမ ကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ဖြစ်ပြီး စွမ်းအားကြီးမားသော ကြိတ်ချေစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
မဟာကစဉ့်ကလျား အမြုတေလက်ဝါး..
တောင်ကြားသခင်က သူ၏ လှံပုဆိန်ကို မြှောက်ပြီး နောက်တစ်ဖန် ပိတ်ဆို့တားဆီးလိုက်၏။
ဘန်း…
ဆူဇီမို၏ လက်ဖဝါးက လှံပုဆိန်ကို ပစ်ရိုက်ချလိုက်ပြီး ၎င်းက အနည်းငယ် တုန်ခါသွား၏။
တောင်ကြားသခင်က တုန်လုပ်သွားလေသည်။
ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အား၊ စွမ်းအားကြီးမားသော ကိုယ်ကာယနှင့် သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များအကြောင်း သူ ကြားဖူးထားခဲ့သည်မှာ ကြာခဲ့လေပြီ။
သို့သော်လည်း ယနေ့မှသာ ဆူဇီမို၏ အနီးကပ် တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သူ နားလည်သိရှိသွား၏။
သူ့လက်ထဲရှိ လှံပုဆိန်က ဆူဇီမို၏ ကိုယ်ကာယခွန်အားဖြင့် လွတ်ကျလုနီးပါး ဖြစ်သွားရ၏။
သူတို့နှစ်ယောက်ကြားမှာ အဆင့်သေးနှစ်ဆင့် ကွာဟနေ၏။
သို့သော်လည်း ထိုကွာဟချက်ကို ပေါကြွယ်ဝသော သွေးချီနှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက လုံးဝ ချေဖျက်နိုင်လေသည်။
ထိုမျှသာမက တောင်ကြားသခင်သည် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်သည့် ခဏမှာပင် လုံးဝ အရေးနိမ့်သွားပြီး အခြေအနေကို ပြန်လှန်မပြောင်းနိုင်ပေ။
ဆူဇီမိုက ကြေးမီးဖိုကို သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ထိန်းချုပ်ပြီး အနီးကပ် တိုက်ခိုက်ရင်း တောင်ကြားသခင်ကို အဆက်မပြတ် ဖိနှိမ်နေ၏။
တောင်ကြားသခင်က အဲဒါကို သူ၏ လှံပုဆိန်နှင့် ခုခံနိုင်ခြင်း မရှိဘဲ အရေးနိမ့်စွာဖြင့် နောက်သို့ ဆုတ်ပေးနေရ၏။
ဖျောက်..
ဆူဇီမိုက အခွင့်အလမ်းကို ချိန်ဆပြီး တောင်ကြားသခင်၏ ရင်ဘတ်ကို ပစ်ထိုးကာ ထိုသူ၏ နှလုံးကာကြေးမုံကို ချက်ချင်းပင် ကြေမွသွားစေ၏။
ဇီး..
နှလုံးကာကြေးမုံက ကြေမွသွားပြီးနောက် စွမ်းအားကြီးမားသော ရောင်ခြယ်စက်ဝန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်ကာ ဆူဇီမိုကို ပြန်ကန်ထွက်သွားစေ၏။
တောင်ကြားသခင်က နောက်သို့ အလောတကြီး ဆုတ်ပြီး ထိုအခွင့်အရေးကို ချိန်ဆကာ သူ၏ ဝင်သက် ထွက်သက်ကို ထိန်းညှိလိုက်လေသည်။
သူတို့နှစ်ယောက်က အသက်ရှူချိန် အနည်းငယ်ကြာ တိုက်ခိုက်ဖလှယ်ခဲ့ကြ၏။
သို့သော်လည်း ဆူဇီမို၏ စီးပိုးခြယ်လှယ်သော တိုက်ခိုက်မှုများအောက်မှာ သူက တစ်ကိုယ်လုံး ချွေးများထွက်၍ နာကျင်ကိုက်ခဲနေ၏။ သူသည် ထိုအချီများမှာ သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ခဲ့သော်လည်း သူ၏ စွမ်းအင် အမြောက်အများက ကုန်ဆုံးသွားခဲ့လေသည်။
တစ်ဖက်မှာတော့ ဆူဇီမို၏ ဝင်သက် ထွက်သက်က လေးလေးမှန်မှန်သာရှိပြီး သူ၏ မျက်နှာက ပင်ပန်းနွမ်းလျသည့် မည်သည့် အရိပ်အယောင်မှ မရှိပေ။
ဤအတိုင်းသာ ဆက်သွားလျှင် သူက ဆူဇီမို၏ သတ်ဖြတ်ခြင်းကို သေချာပေါက် ခံရတော့မည်ဖြစ်ကြောင်း တောင်ကြားသခင်က နားလည်သဘောပေါက်သွား၏။
စောစောက သူ၏ နှလုံးကာကြေးမုံကြောင့်သာ သူက ထိခိုက်ဒဏ်ရာမရရှိခဲ့ခြင်း ဖြစ်၏။
နောက်ခဏ၌ ဆူဇီမို၏ တိုက်ခိုက်မှုများကို ခုခံပေးနိုင်သည့် ရတနာများ သူ့မှာ မရှိတော့ပေ။
တောင်ကြားသခင်၏ မျက်လုံးများထဲမှာ ရူးသွပ်သည့် အကြည့်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။ သူက အရေးကြီးသော တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချပြီးသွားသည့်အလားပင်။
“ရူးသွပ်ဖောက်ပြန် မိစ္ဆာလျှို့ဝှက်အတတ်”
တောင်ကြားသခင်က သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် လျှို့ဝှက်အတတ်ကို လှည့်ပတ်လိုက်၏။ သူက ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ရူးသွပ်စွာ ဝါးမျိုနေသည့် ဧရာမ ဝဲကတော့တစ်ခုအသွင် ပြောင်းလဲသွားသည်ဟု ထင်ရ၏။
သူ၏ အော်ရာနှင့် စွမ်းအားက အချိန်တိုအတွင်းမှာ အလျင်အမြန် မြင့်တက်လာ၏။
တောင်ကြားသခင်သည် အစကတည်းက အဆင့် ၈ မဟူရာအမြုတေနယ်ပယ်၏ အထွတ်အထိပ်မှာ ရောက်ရှိနေ၏။
ယခု သူ၏ ခွန်အားက ရပ်တန့်မည့် မည်သည့် လက္ခဏာမှ မရှိဘဲ အဆက်မပြတ် မြင့်တက်လာပြီး သူက အချိန်တိုအတွင်းမှာ အဆင့် ၉ မဟူရာအမြုတေနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားပြီဖြစ်၏။
“ဟမ့်”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ကျင့်ကြံရေးလောကမှာ လူတစ်ယောက်၏ ခွန်အားကို အတင်းအကျပ် မြှင့်တင်ပေးနိုင်သော ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်တချို့ တကယ်ပင် ရှိလေသည်။
သို့သော်လည်း နယ်ပယ်တစ်ခုအထိ မြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်အတတ်များက အရမ်းကို ရှားပါး၏။
“ဟားဟားဟားဟား”
တောင်ကြားသခင်က ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီး အမြုတေချီများဖြင့် ပြည့်လျှမ်းလာ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ သိပ်သည်းပြင်းထန်သော စွမ်းအားကို အာရုံခံပြီး သူက ခေါင်းမော့ကာ ရယ်မောလိုက်၏။
“ဆူဇီမို.. အဲဒါက ငါ အမှတ်တမဲ့ ရရှိထားတဲ့ လျှို့ဝှက်အတတ်ပဲ.. အဲဒါက ငါ့ရဲ့ ဝှက်ဖဲပဲ.. မင်း သေဖို့သာ ပြင်ထားပေတော့”
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်း၍ ခဏမျှ အာရုံခံပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။
“ဒီလျှို့ဝှက်အတတ်ရဲ့ အားနည်းချက်က အရမ်းကို သိသာနေတာပဲ”
တောင်ကြားသခင်၏ စွမ်းအားက မြင့်တက်လာစဉ် သူ၏ ဘဝသက်တမ်းကလည်း အလျင်အမြန် လျော့ကျသွား၏။
အစကတော့ သူသည် အနက်ရောင် ဆံပင်များနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်ခဲ့၏။
သို့သော် ယခု အသက်ရှူချိန် အနည်းငယ်အတွင်းမှာ သူ၏ ဆံပင်များက ဖြူဖွေး၍ သူ၏ မျက်နှာက ပါးရည်နားရည်များ တွန့်လာခဲ့ပြီဖြစ်၏။
ကြည့်ရသည်မှာ တောင်ကြားသခင်၏ လက်ကျန်ဘဝသက်တမ်းက နှစ်တစ်သောင်းပင် ကျန်ရှိချင်မှ ကျန်ရှိပေတော့မည်။
မဟူရာအင်မော်တယ်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်တစ်သိန်းဖြစ်လေသည်။ ဘဝသက်တမ်း နှစ်တစ်သောင်းသာ ကျန်ရှိခြင်းက သူသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားပြီဟု အဓိပ္ပာယ်ရလေသည်။
တောင်ကြားသခင်သည် သူ့ဘဝသက်တမ်း၏ နှစ်ပေါင်းမြောက်များစွာကို စွန့်လွှတ်စတေးလိုက်သောကြောင့်သာ သူသည် သူ့ကျင့်ကြံမှုနယ်ပယ်ကို အတင်းအကျပ် မြှင့်တင်နိုင်ပြီး စွမ်းအားကြီးမားသော ရုန်းကန်ပေါက်ကွဲအားကို ယာယီအားဖြင့် ရရှိလာခြင်းဖြစ်၏။
သူက ဆူဇီမိုကို ယနေ့ သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် ဆုံးရှုံးသွားသော သူ၏ ဘဝသက်တမ်းကိုလည်း ပြန်လည်အစားရနိုင်တော့မည် မဟုတ်ပေ။