← Chapters

နှင်းလေတောင်ကြောရိုးကို ပြန်လည်တည်ဆောက်ခြင်း

Vol. 125 Ch. 1870

နှင်းလေတောင်ကြောရိုးကို ပြန်လည်တည်ဆောက်ခြင်း

Vol. 125 Ch. 1870

ဆူဇီမိုသည် ပြိုကျပျက်စီးသွားသော နန်းတော်ထဲကနေ လျှောက်လှမ်းထွက်လာသည့် ခဏမှာပင် သွေးသူရိယတောင်ကြား၏ ကျင့်ကြံသူများသည် သူတို့၏ တောင်ကြားသခင်က သွားရှာပြီဆိုတာကို နားလည်သဘောပေါက်လိုက်၏။

သွေးသူရိယတောင်ကြားက ပြီးဆုံးသွားလေပြီ။

နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော ဤအဖွဲ့အစည်းသည် ကပ်ဘေးပေါင်းများစွာကို ဖြတ်ကျော်ခဲ့ဖူးလေသည်။

ဤကဲ့သို့ ကြီးမားသည့် အဖွဲ့အစည်းတစ်ခုသည် ဆယ်စုနှစ်တချို့အတွင်း ဆက်တိုက်ရှုံးနိမ့်ပြီး ဤကဲ့သို့ အဆုံးသတ်သွားရလိမ့်မည်ဟု​ မည်သူကမှ ထင်မှတ်မထားပေ။

သွေးသူရိယတောင်ကြားသည် အဖွဲ့အစည်းကြီးများ အကြား စစ်ပွဲတစ်ပွဲမှာ ဖျက်ဆီးခံရခြင်း မဟုတ်ဘဲ လူတစ်ယောက်တည်း၏ လက်ချက်ဖြင့် ဖြစ်လေသည်။

သူတို့သည် အဲဒါကို ကိုယ်တိုင်တွေ့ကြုံရခြင်း မဟုတ်လျှင် ဤလူသည် တက်လှမ်းလာသည်မှာ နှစ်တစ်ရာပင် မပြည့်သေးသော အဆင့် ၆ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သည်ဆိုတာကို စဉ်းစားမိလိမ့်မည် မဟုတ်ပေ။

သွေးသူရိယတောင်ကြားရှိ ကျန်ရှိနေသော ကျင့်ကြံသူများက စိတ်ပိုင်းဆိုင်ရာ လုံးဝ ပြိုလဲသွားပြီး ဆူဇီမိုနှင့် တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။ သူတို့က ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပြီး သူတို့မှာ ခြေထောက်အပိုများ မပါရှိသည့်အတွက် သူတို့ကိုယ်သူတို့ ကျိန်ဆဲချင်နေကြ၏။

ထိုစဉ်မှာပင် ယွဲ့ဟောက်နှင့် အခြားသူများက နေနှိမ်နင်းရဲတိုက်မှ ကျင့်ကြံသူ တစ်ထောင်ကျော်နှင့်အတူ သွေးသူရိယတောင်ကြားသို့ ရောက်ရှိလာ၏။

သူတို့ ရန်သူများနှင့် တွေ့သောအခါ သူတို့၏ မျက်လုံးများက နီရဲလာခဲ့၏။

ယွဲ့ဟောက်၏ အမိန့်နှင့်အတူ နေနှိမ်နင်းရဲတိုက်မှ တပ်ဖွဲ့သည် မာန်သွင်းအော်ဟစ်ကာ ရှုံးနိမ့်လာသော သွေးသူရိယတောင်ကြား တပ်သားများဆီသို့ ကြမ်းကြုတ်ခက်ထန်စွာ ပြေးဝင်သွားကြ၏။

သွေးသူရိယတောင်ကြားကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သော ကျင့်ကြံသူများက ထောင်ချီရှိနေဆဲဖြစ်၏။

သို့သော်လည်း ထိုလူများသည် ဆူဇီမိုကို လုံးဝ ကြောက်လန့်နေပြီး နေနှိမ်နင်းရဲတိုက်မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။ သူတို့က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်စွာဖြင့် လူစုခွဲကာထွက်ပြေးကုန်ကြ၏။

ဤတိုက်ပွဲ၏ ရလဒ်နှင့် ပတ်သက်၍ သံသယရှိစရာ မလိုတော့ပေ။

ယွဲ့ဟောက်နှင့် အခြားသူများက ဆူဇီမိုကို စိုးရိမ်နေပြီး အခြားသူများနှင့်အတူ ရန်သူများနောက်သို့ လိုက်လံသတ်ဖြတ်ခြင်း မပြုလုပ်တော့ပေ။ ထိုအစား သူတို့က သွေးသူရိယတောင်ကြား အနက်ပိုင်းထဲသို့ ဝင်ရောက်သွား၏။

သွေးသူရိယတောင်ကြား၏ အထက်ကောင်းကင်မှာ မီးတောက်များက တလိပ်လိပ်ထိုးတက်နေ၏။

နဂါးအသူရာချောက်နက်ကြယ်၏ ယခင် ဤအင်အားစုသည် စတုရတီတာအိုမီးဖြင့် အပျက်အစီးပုံတစ်ခု ဖြစ်လုနီးပါး လောင်ကျွမ်းခံထားရပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။

အဲဒါက ကြွင်းကျန်ရစ်သော မီးတောက်များသာ ဖြစ်သော်လည်း ယွဲ့ဟောက်နှင့် အခြားသူများသည် သူတို့၏ အရေပြားမှာ စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို ခံစားလာရ၏။

လူတိုင်းက မော့ကြည့်လိုက်ပြီး မလှမ်းမကမ်း လေထဲကနေ လျှောက်လှမ်းလာသည့် အစိမ်းရောင်ဝတ် ကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။ ဘေးပတ်လည်ရှိ မီးတောက်များက သူ့ကို ရှောင်ကွင်းသွားကြ၏။

အဲဒါက ဆူဇီမိုဖြစ်၏။

“ညီအစ်ကိုဆူ.. ခင်ဗျား အဆင်ပြေရဲ့လား”

ယွဲ့ဟောက်နှင့် အခြားသူများက ရှေ့သို့ ပြေးတက်လာ၏။

ဆူဇီမိုက ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေသည်။

“သွေးသူရိယတောင်ကြားရဲ့ တောင်ကြားသခင်က ဘယ်မှာလဲ”

ထိုလူအကြောင်းကို ပြောချိန်တွင် ရှန်ဖေးက သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထား၏။

“သေပြီ”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

ယွဲ့ဟောက်နှင့် အခြားသူများသည် ဤရလဒ်ကို ခန့်မှန်းမိပြီးသားဖြစ်၏။

သို့သော်လည်း ဆူဇီမိုထံမှ အဖြေစကားကို ကြားရသောအခါ သူတို့က စိတ်သက်သာရာရသွားလေသည်။

သူတို့သုံးယောက်သည် သူတို့၏ အမုန်းတရားများကို ထမ်းပိုးထားပြီး နေနှိမ်နင်းရဲတိုက်မှ လူများကို ဦးဆောင်ကာ ခိုနားဖို့ နေရာအတည်တကျပင် မရှိဘဲ နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ လှည့်လည်သွားလာနေခဲ့ရ၏။ သူတို့အားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သွေးသူရိယတောင်ကြားကို ဖျက်ဆီးပြီး သူတို့၏ ရန်သူများကို သတ်ဖြတ်နိုင်ဖို့ဖြစ်၏။

သို့သော်လည်း ဤနှစ်များအတွင်း သူတို့နှင့် သွေးသူရိယတောင်ကြားအကြား ကွာဟချက်က ပို၍ပင် ကြီးမားလာခဲ့၏။

ဤသတင်းက အိပ်မက်ဆန်နေသည်ဟု သူတို့သုံးယောက်က ခံစားနေရ၏။

“သေပြီ”

ယွဲ့ဟောက်က ရေရွတ်လိုက်၏။

“သွေးသူရိယတောင်ကြားက ဖျက်ဆီးခံလိုက်ရပြီ.. ကောင်းကင်ထောက်တိုင်ရဲတိုက်၊ လေတိမ်ဂိုဏ်းနဲ့ ဂုဏ်သိက္ခာစံအိမ်က လူတိုင်းပဲ.. ခင်ဗျားတို့တွေ အဲဒါကို သိမယ်ဆိုရင် ခင်ဗျားတို့တွေ နောင်တရမှာ မဟုတ်တော့ဘူးမလား”

ဤလူသည် အမုန်းတရားများနှင့် တာဝန်ဝတ္တရားများကို ထမ်းပိုးထားရလေသည်။ ဤနှစ်များအတွင်း သူက အသက်ပင် ကောင်းကောင်းမရှူနိုင်ခဲ့ပေ။

တကယ်ဆို နေနှိမ်နင်းရဲတိုက်မှ လူများ သေကြေထိခိုက်မည်ကို စိုးရိမ်၍ သူက ကောင်းကောင်းပင် မအိပ်စက်ရဲခဲ့ပေ။ သို့သော် ယခု သူက စိတ်သက်သာရာရသွား၏။

ဆူဇီမိုသည် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ သွေးသူရိယတောင်ကြားကို ကြည့်လိုက်၏။

သူသည် သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်ကို သတ်ဖြတ်၍ ဤနေရာကို ဖျက်ဆီးနိုင်ခဲ့သည်ဆိုလျှင်တောင် သူက လုံးဝ ဝမ်းသာပျော်ရွှင်မလာခဲ့ပေ။

နှင်းလေတောင်ကြောရိုးမှ လူများက နောက်ဆုံးမှာ သေသွားရဆဲဖြစ်၏။

လူအိုကြီးယန်ကလည်း ပြန်လည်ရှင်သန်လာနိုင်တော့မည် မဟုတ်ပေ။

လူသားဧကရာဇ်နှင့် တျဲယွဲ့ ပြောခဲ့သည်မှာ မမှားပေ။ အထက်ဘုံသည် အောက်ဘုံလောကများထက် ပို၍ ကြမ်းကြုတ်ခက်ထန်ပြီး သွေးအေးရက်စက်တတ်ကြလေသည်။

ဤနေရာသည် အစွန်ဖျားအကျဆုံး နဂါးအသူရာချောက်နက်ကြယ်သာလျှင် ဖြစ်၏။ သူတို့သည် မဟာကျင်းနိုင်ငံတော်၏ ဗဟိုချက်သို့ ဝင်ရောက်ပြီး အထက်ဘုံလောက၏ အစစ်အမှန် ကျင့်ကြံသူများနှင့် တွေ့ကြုံရလျှင် ဘာတွေဖြစ်လာနိုင်မလဲ။

ဆယ်ရက်အတွင်း သွေးသူရိယတောင်ကြား ဖျက်ဆီးခံရသည့် သတင်းက လုံးဝကို ပျံ့နှံ့သွားခဲ့ပြီး အဖွဲ့အစည်းများစွာက တုန်လှုပ်သွားကြ၏။

သွေးသူရိယတောင်ကြားသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အဖွဲ့အစည်းကြီး ၈ခုထဲမှ တစ်ခုဖြစ်၏။

အရင်တုန်းက အဖွဲ့အစည်းကြီး သုံးခုဖြစ်သော ကောင်းကင်ထောက်တိုင်ရဲတိုက်၊ လေတိမ်ဂိုဏ်းနှင့် ဂုဏ်သိက္ခာစံအိမ်တို့ပင်လျှင် နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးမှ သူတို့သည် တဖြည်းဖြည်း လုံးပါးပါးကာ နောက်ဆုံး ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်၏။

သွေးသူရိယတောင်ကြားသည် တစ်ရက်တည်းဖြင့် နဂါးအသူရာချောက်နက်ကြယ်ပေါ်ကနေ ဖယ်ရှားခံလိုက်ရလိမ့်မည်ဟု မည်သူက တွေးမိပါ့မလဲ။

“ဘာတွေဖြစ်ကုန်တာလဲ”

“ငါကြားတာတော့ ချန်ရွှမ်ယွမ်က စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီး နှင်းလေတောင်ကြောရိုးကို တိုက်ခိုက်ခဲ့တယ်.. သူက အဲဒီနေရာကို ဖျက်ဆီးနိုင်တော့မယ့်ဆဲဆဲပဲ.. မထင်မှတ်ထားစွာပဲ ဆူဇီမိုက စစ်တပ်တစ်တပ်နဲ့အတူ ရောက်လာပြီး ချန်ရွှမ်ယွမ်ကို အနိုင်ယူခဲ့တယ်”

“ဆူဇီမို.. သူပဲလား”

“ဒါပေမဲ့ ချန်ရွှမ်ယွမ်က ရှုံးနိမ့်သွားမယ်ဆိုရင်တောင် သွေးသူရိယတောင်ကြားရဲ့ တောင်ကြားသခင်က အဆင့် ၈ မဟူရာအင်မော်တယ်တစ်ယောက်ပဲ.. သူက နာမည်ကြီးကျော်ကြားနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. သူက ဘယ်လိုလုပ်ပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားရတာလဲ”

“သွေးသူရိယတောင်ကြားကနေ ထွက်ပြေးလာတဲ့ ကျင့်ကြံသူတစ်ယောက်ဆီကနေ ငါကြားတာတော့ သွေးသူရိယတောင်ကြားထဲကို ဆူဇီမိုက တစ်ယောက်တည်း ဝင်လာပြီး တောင်ကြားသခင်နဲ့ တိုက်ခိုက်ခဲ့တာတဲ့”

“ဒါပေမဲ့ အဲဒီတိုက်ပွဲရဲ့ အခြေအနေ အသေးစိတ်ကိုတော့ ဘယ်သူကမှ မတွေ့မြင်ခဲ့ဘူး.. အဲဒီမှာ ဖြစ်ပျက်ခဲ့တဲ့အရာက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ် အမြဲတမ်း ရှိနေလိမ့်မယ်”

“အဲဒီ ဆူဇီမိုက တကယ်ကို ကြောက်စရာကောင်းတာပဲ.. သူပေါ်လာတိုင်း မုန်တိုင်းတစ်ခုကို ဖန်တီးနိုင်တယ်.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ နာမည်ဂုဏ်သတင်းအရဆို သူက အဖွဲ့အစည်းအသစ်တစ်ခုကို တည်ထောင်ပြီး သွေးသူရိယတောင်ကြားရဲ့ နေရာကို အစားထိုးယူဖို့ အဆင့်မီနေလောက်ပြီ”

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နဂါးအသူရာချောက်နက်ကြယ်ပေါ်မှ လူတိုင်းနီးပါးက ဤကိစ္စကို ဆွေးနွေးပြောဆိုနေကြ၏။

ဆယ်ရက်ကြာပြီးနောက် နှင်းလေတောင်ကြောရိုးတွင်..

သွေးသူရိယတောင်ကြားသည် ကျင့်ကြံရေး အရင်းအမြစ်များနှင့် ရတနာများကို တပုံတခေါင်း ပိုင်ဆိုင်ထားလေသည်။

သွေးသူရိယတောင်ကြား ဖျက်ဆီးခံရခြင်းနှင့်အတူ ထိုကျင့်ကြံရေး အရင်းအမြစ်များနှင့် ရတနာများ အားလုံးကို နှင်းလေတောင်ကြောရိုးသို့ ရွှေ့ပြောင်းခဲ့လေသည်။

နှင်းလေတောင်ကြောရိုးသည် ပြန်လည်တည်ဆောက်သည့် အဆင့်သို့ ဝင်ရောက်သွားခဲ့၏။

ရှချင်းယင်၏ ဖျောင်းဖျမှုအောက်မှာ ယွဲ့ဟောက်နှင့် အခြားသူများက နှင်းလေတောင်ကြောရိုးမှာ နေဖို့ ရွေးချယ်ခဲ့ကြလေသည်။

နေနှိမ်နင်းရဲတိုက်၏ တည်ရှိမှုသည် အစကတည်းက လက်စားချေဖို့အတွက်ဖြစ်၏။

သို့သော် ယခု သွေးသူရိယတောင်ကြားက ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး နေနှိမ်နင်းရဲတိုက်ကို နှင်းလေတောင်ကြောရိုးနှင့် ပေါင်းစည်းဖို့ မည်သူကမှ မကန့်ကွက်ကြပေ။

နှင်းလေတောင်ကြောရိုးသည် ဤတိုက်ပွဲမှာ ကြီးမားသော ဆုံးရှုံးမှုများနှင့် သေကြေပျက်စီးထိခိုက်မှုများစွာကို ကြုံတွေ့ခဲ့ရ၏။

သို့သော်လည်း နေနှိမ်နင်းရဲတိုက်၏ ပေါင်းစည်းမှုနှင့် သွေးသူရိယတောင်ကြား၏ ကြီးမားသော အရင်းအမြစ်များနှင့်အတူ နှင်းလေတောင်ကြောရိုး၏ ခွန်အားက သိသိသာသာ တိုးလာခဲ့၏။

ဒါ့အပြင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆူဇီမို၏ နာမည်ဂုဏ်သတင်းကြောင့် နှင်းလေတောင်ကြောရိုးသို့ ဝင်ရောက်ဖို့ ရွေးချယ်လာသော ကျင့်ကြံသူများစွာ ရှိလာခဲ့လေသည်။

နှင်းလေတောင်ကြောရိုး၏ ပင်မခန်းမထဲတွင်…

ဆူဇီမို၊ ယွဲ့ဟောက်၊ ရှန်ဖေး၊ ကူဝမ်ကျွင်း၊ ရှချင်းယင်၊ သွမ့်ထျန်လျန်နှင့် အခြားသူများက ခန်းမ၏ တစ်ဖက်တစ်ချက်စီမှာ ထိုင်နေကြ၏။

ခန်းမ၏ ထိပ်ဆုံးနေရာရှိ ပိုင်နက်အရှင် ထိုင်ခုံက လစ်လပ်နေဆဲဖြစ်၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျင့်ကြံသူများစွာသည် နှင်းလေတောင်ကြောရိုးကို ပြန်လည်တည်ဆောက်ခြင်း၊ ကျင့်ကြံသူများကို နေရာချပေးခြင်း၊ စိတ်ဝိညာဉ်လယ်သမားများကို နှစ်သိမ့်ပေးခြင်းနှင့် သွေးသူရိယတောင်ကြားမှ အရင်းအမြစ်များကို လက်ခံခြင်းဖြင့် အလုပ်ရှုပ်နေခဲ့ကြ၏။

ယခု နှင်းလေတောင်ကြောရိုးက မှန်ကန်သော လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း ရောက်ရှိလာပြီဖြစ်ပြီး ပိုင်နက်အရှင်နေရာကို ချန်လှပ်ထားလို့ မရတော့ပေ။

တကယ်တော့ လူတိုင်း၏ စိတ်ထဲမှာ သင့်တော်သော လူတစ်ယောက်ကို ရွေးချယ်ပြီးသွားခဲ့ပြီဖြစ်၏။

လူတိုင်း၏ ထင်မြင်ချက်အရ ထိုလူတစ်ယောက်တည်းကသာလျှင် နှင်းလေတောင်ကြောရိုး၏ ပိုင်နက်အရှင်ဖြစ်လာပြီး နေရာဒေသတစ်ခုကို အုပ်စိုးဖို့ အဆင့်မီလေသည်။

ရှချင်းယင်က ညင်သာစွာ ချောင်းဟန့်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။

“ကျွန်မ ဒီနေ့ လူတိုင်းကို ခေါ်လိုက်တယ်ဆိုတာ ကျွန်မက ပိုင်နက်အရှင်နေရာအတွက် သင့်တော်မယ့် လူတစ်ယောက်ကို အတည်ပြုချင်လို့ပဲ”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် လူတိုင်း၏ အကြည့်က ဆူဇီမိုပေါ်သို့ ဆင်းသက်လာခဲ့၏။

ရှချင်းယင်၏ အကြည့်ကလည်း အတူတူပင်ဖြစ်၏။

ရှချင်းယင်က ညင်သာစွာ ပြုံးလိုက်၏။

“တာအိုရောင်းရင်းဆူ.. ပိုင်နက်အရှင်ရဲ့ နေရာက ရှင့်အပိုင်ပဲ”

“ကျုပ် အဲဒါကို မလုပ်နိုင်ဘူး”

ဆူဇီမိုက မှင်သေသေဖြင့် ခေါင်းခါပြလိုက်၏။

“ညီအစ်ကိုဆူ.. ပိုင်နက်အရှင်အဖြစ် လူအများ လက်ခံယုံကြည်ထားတဲ့​ တစ်ဦးတည်းသောသူက ခင်ဗျားပဲ.. ကျုပ်တို့တွေထဲ ဘယ်သူကမှလည်း ကန့်ကွက်ကြမှာ မဟုတ်ဘူး”

ယွဲ့ဟောက်က အလောတကြီး ထပ်ပြောလိုက်၏။

ကူဝမ်ကျွင်းက ခေါင်းညိတ်ပြလိုက်၏။

“အဲဒါ အမှန်ပဲ အစ်ကိုဆူ.. ဒီရက်တွေထဲ နှင်းလေတောင်ကြောရိုးကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူ အားလုံးနီးပါးကလည်း ရှင့်ရဲ့ နာမည်ဂုဏ်သတင်းကြောင့်ပဲ”

“ဒီကိစ္စကို ထပ်ပြီးပြောစရာ မလိုတော့ဘူး”

ဆူဇီမိုက ပြောလိုက်၏။

“ကျုပ်က နှင်းလေတောင်ကြောရိုးမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေမယ်.. ဒါပေမဲ့ ခင်ဗျားတို့တွေက ပိုင်နက်အရှင်အဖြစ် အခြားတစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်”

သူ၏ ကျင့်ကြံမှု အမြန်နှုန်းအရ သူသည် သိပ်မကြာခင် နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာသွားမည်ဖြစ်၏။

ဆူဇီမိုသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ကံကြွေးများစွာကို မထားခဲ့လိုပေ။ နောက်ပြီး သူ့ကြောင့်နှင့် နှင်းလေတောင်ကြောရိုးမှ လူတိုင်းအတွက် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်မလာစေချင်ပေ။

(သူ့ကိုယ်သူတော့ ပြဿနာရှာတတ်တယ်ဆိုတာ သိသားပဲ။)

All Chapters