နဂါးအသူရာချောက်နက်ကြယ်ပေါ်မှ အပြောင်းအလဲ
Vol. 125 Ch. 1871
ဆူဇီမို၏ ပြတ်သားသောစိတ်ထားကို တွေ့မြင်သောအခါ လူတိုင်းက သူ့ကို ထပ်မံ၍ မဖျောင်းဖျနိုင်တော့ပေ။
ယွဲ့ဟောက်က ခဏမှတွေးတောပြီးနောက် သူ့ရှေ့တည့်တည့်တွင်ရှိသော ရှချင်းယင်ကို ကြည့်လိုက်၏။
“ဒီလိုဆိုမှတော့... ချင်းယင်ကပဲ ပိုင်နက်အရှင်ဖြစ်ရမှာပေါ့... ဘာပဲပြောပြော ဒါက ခင်ဗျားရဲ့နယ်မြေပဲ... ဒီနေရာနဲ့ ခင်ဗျားက အရင်းနှီးဆုံးပဲ”
“အဲ့ဒါကို ကျွန်မ မလုပ်နိုင်ဘူး”
ရှချင်းယင်က သူမ၏ ခေါင်းကို ညင်သာစွာခါပြီး ပြုံးပြလိုက်၏။
“ကျွန်မရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းတယ်... အဲ့ဒါက လူတိုင်းကို လက်ခံယုံကြည်လာစေဖို့ မလုံလောက်ဘူး”
နဂါးအသူရာချောက်နက်ကြယ်ပေါ်မှ လူတိုင်းသည် ဆူဇီမိုကဲ့သို့ ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် မကျင့်ကြံနိုင်ကြပေ။
နှစ်၆၀ ကြာပြီးနောက် ရှချင်းယင်၏ ကျင့်ကြံမှုသည် အဆင့်-၄ မဟူရာအမြုတေနယ်ပယ်မှာသာ ရှိနေသေး၏။
ရှချင်းယင်က ခဏမျှစဥ်းစားတွေးတောလိုက်၏။
“အစ်ကိုယွဲ့က အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ပဲ... နေနှိမ်နှင်းရဲတိုက်ရဲ့ ခွန်အားက အစကတည်းက နှင်းလေတောင်ကြောရိုးထက် ပိုပြီးသန်မာနေတာပဲ.. အခု သူတို့က နှင်းလေတောင်ကြောရိုးနဲ့ ပေါင်းစည်းသွားကြပြီ”
“တာအိုရောင်းရင်းဆူကလွဲလျှင် ပိုင်နက်အရှင်ဖြစ်လာဖို့ အဆင့်မီတဲ့တစ်ဦးတည်းသောသူက အစ်ကိုယွဲ့ပဲဖြစ်ရမယ်”
ယွဲ့ဟောက်က အလောတကြီးလက်ကာပြပြီး ငြင်းပယ်ဖို့ပြင်လိုက်လေသည်။
ဘေးကနေ ရှန်ဖေးက မနေနိုင်ဘဲဝင်ပြောလိုက်၏။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ခင်ဗျားတို့နှစ်ယောက်က ဘာလို့ အသည်းအသန်ငြင်းဆန်နေကြတာလဲ... အဲ့ဒါက ဘယ်သူပဲဖြစ်ဖြစ် အတူတူပဲမဟုတ်ဘူးလား... အနှေးနဲ့အမြန်ဆိုသလို... အဟမ်း...အဟမ်း”
ရှန်ဖေးက ဆက်လက်၍ မပြောဆိုတော့ဘဲ သူက ယွဲ့ဟောက်နှင့် ရှချင်းယင်ကို ကျီစယ်သလိုကြည့်ကာ တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေသည်မှာ သိသာလေသည်။
ယွဲ့ဟောက်နှင့် ရှချင်းယင်က အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့၏ အကြည့်များကို ခပ်မြန်မြန်ရှောင်လွှဲလိုက်ကြ၏။
ရှချင်းယင်၏ မျက်နှာကအနည်းငယ် နီမြန်းသွားသော်လည်း သူမက အတော်လေးတည်ငြိမ်လေသည်။
သို့သော်လည်း ယွဲ့ဟောက်၏ မျက်နှာက နီမြန်းသွားပြီး သူ၏ လက်နှစ်ဖက်ကိုပွတ်ချေကာ ဘာလုပ်လို့ ဘာကိုင်ရမည်မသိတော့ပေ။
သူမအစ်ကိုကြီးက ထိုကဲ့သို့ဖြစ်နေသည်ကိုတွေ့မြင်သောအခါ ကူဝမ်ကျွင်းက ရယ်မိသွားလေသည်။
ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုကလည်း နားလည်သဘောပေါက်သွား၏။
ယွဲ့ဟောက်နှင့် ရှချင်းယင်သည် ဤကဲ့သို့ အထုံရေစက်ပါလာသည်မှာ တကယ့်ကို ရှားရှားပါးပါးဖြစ်၏။
ရှချင်းယင်က နူးညံ့သော နှလုံးသားရှိပြီး မကြာသေးခင်ကမှ သူမ၏ ဖခင်ကို ဆုံးရှုံးထား၏။ သူမအနေဖြင့် သူမဘေးမှာရပ်တည်ပေးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာတွေ့နိုင်ဖို့က ကြုံတောင့်ကြုံခဲဖြစ်လေသည်။
ဤအချိန်အတောအတွင်း ယွဲ့ဟောက်သည် ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက်အဖြစ် သူ့ကိုယ်သူသက်သေပြပြီးခဲ့လေပြီ။ သူတို့နှစ်ယောက်က အတော်လေးကို လိုက်ဖက်ညီမှုရှိကြ၏။
ဆူဇီမိုက ညင်သာစွာပြုံးလိုက်၏။
“ဒီလိုဆိုမှတော့... ယွဲ့ဟောက်က နှင်းလေတောင်ကြောရိုးရဲ့ ပိုင်နက်အရှင်ဖြစ်လာမယ်... ခင်ဗျားမှာ မေးစရာတစ်ခုခုရှိမယ်ဆိုရင် ရှချင်းယင်ကို မေးကြည့်ပေါ့”
ရှန်ဖေးနှင့် အခြားသူများကလည်း ချက်ချင်းပင် သဘောတူထောက်ခံလိုက်ကြ၏။
ယွဲ့ဟောက်သည် ဆူဇီမို၏ စကားကိုကြားသောအခါ သူက ထပ်မံ၍ မငြင်းဆန်တော့ပေ။ သူက မတ်တတ်ထရပ်ပြီး ရှချင်းယင်ဘက်သို့ လက်သီးနှစ်ဖက်ကို ယှက်ပြကာ ဦးညွှတ်လိုက်၏။
“တာ..တာအိုရောင်းရင်းချင်းယင်... နောက်ပိုင်း အဆင်မပြေတာတစ်ခုခု ရှိမယ်ဆိုရင်.... ကျုပ်ကိုကြိုက်တဲ့အချိန်လာပြောပါ ကျုပ်သေချာပေါက် ပြောင်းလဲပေးပါ့မယ်”
ရှချင်းယင်က ခေါင်းညိတ်၍ သူမ၏ ခေါင်းကို ငုံ့သွား၏။
သူတို့နှစ်ယောက်ကြား ပတ်သက်ဆက်နွယ်မှုက တရားဝင်ဖြစ်မလာသေးသော်လည်း သို့လောသို့လောအခြေအနေတစ်ခုသို့ ရောက်ရှိနေသည်မှာ သိသာလေသည်။ အဲ့ဒါက လှပသောမြင်ကွင်းတစ်ခုဖြစ်၏။
ဆူဇီမိုက ပြုံး၍ ခန်းမထဲမှာ ဆက်မနေတော့ဘဲ ထွက်ခွာသွား၏။
ရှန်ဖေးနှင့် အခြားသူများကလည်း နားလည်သဘောပေါက်သွားပြီး ပြုံးရွှင်စွာနှင့် ထွက်ခွာသွားလေသည်။ ယွဲ့ဟောက်နှင့် ရှချင်းယင်သာ ခန်းမထဲမှာ ကျန်ရစ်ခဲ့ကြ၏။
နောက်ပိုင်း အချိန်ကာလတစ်ခုအတွင်း ဆူဇီမိုသည် ဆက်လက်၍ မကျင့်ကြံခဲ့ပေ။ ထိုအစားသူက နဂါးအသူရာချောက်နက်မြို့တော်မှ ရရှိလာခဲ့သော လိက်ခွံကိုထုတ်ယူကာ အဲ့ဒါကို နားလည်ဆင်ခြင်နေ၏။
လိပ်ခွံပေါ်တွင် မှတ်တမ်းတင်ထားသော အစီအရင်ဝင်္ကပါတစ်ခုရှိလေသည်။
၎င်းပေါ်ရှိ ရှုပ်ထွေးပွေလီသော အကွက်အပြောက်များက အမှန်တကယ်ပင် ဝင်္ကပါအင်းကွက်များဖြစ်လေသည်။
အချိန်ကြာလာသည်နှင့်အမျှ နှင်းလေတောင်ကြောရိုးကို ပြန်လည်တည်ဆောက်ပြီး ပို၍သန်မာလာခဲ့၏။
ကာကွယ်မှုကိုရရှိဖို့အတွက် နှင်းလေတောင်ကြောရိုးသို့ ဝင်ရောက်ဖို့ရွေးချယ်ခဲ့ကြသော ဘေးနားပတ်ဝန်းကျင်မှ အဖွဲ့အစည်းငယ်အချို့ပင်ရှိလာခဲ့၏။
သို့သော်လည်း နှင်းလေတောင်ကြောရိုး၏ အကြပ်အတည်းက အမှန်တကယ်ပြေလည်သွားခြင်းမရှိသေးကြောင်း ဆူဇီမို ၊ ယွဲ့ဟောက်နှင့် အခြားသူများက သိရှိထားကြ၏။
နှင်းလေတောင်ကြောရိုးသည် အနည်းဆုံး ကြီးမားသော ခြိမ်းခြောက်မှုနှစ်ရပ်နှင့် ရင်ဆိုင်နေရဆဲ ဖြစ်၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း...။
အရင်တုန်းက ထိုဓားပြအဖွဲ့နှစ်ဖွဲ့သည် ကောင်းကင်ထောက်တိုင်ရဲတိုက် ၊ လေတိမ်ဂိုဏ်းနှင့် ဂုဏ်သိက္ခာစံအိမ်တို့ကို ဖျက်ဆီးခဲ့ကြလေသည်။
ယခု... နှင်းလေတောင်ကြောရိုးကို ပြန်လည်တည်ဆောက်ခဲ့ပြီး သွေးသူရိယတောင်ကြားကတော့ ဖျက်ဆီးခံခဲ့ရ၏။ ထိုဓားပြအဖွဲ့နှစ်ဖွဲ့သည် သွေးသူရိယတောင်ကြားနှင့် အလွန်တရာရင်းနှီးသော ပတ်သက်ဆက်နွယ်မှုတစ်ခုရှိသည့်အတွက် သူတို့က ကိစ္စများကို ဒီတိုင်းလွှတ်ပေးထားလိမ့်မည် မဟုတ်ပေ။
နောက်နှစ်များအတွင်း... နှင်းလေတောင်ကြောရိုးသည် အလွန်တရာချင့်ချိန်တွက်ဆနေရပြီး သူတို့၏ သတိကို လျှော့ချရဲခြင်း မရှိပေ။
ဆူဇီမို၏ နာမည်ဂုဏ်သတင်းကြောင့်လား မပြောတတ်ပေ။ ဓားပြအဖွဲ့နှစ်ဖွဲ့သည် ပြီးခဲ့သည့်နှစ်များအတွင်း လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။
သို့သော်လည်း ဓားပြအဖွဲ့နှစ်ဖွဲ့က အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေခြင်းဖြစ်ရမည်ဟု နှင်းလေတောင်ကြောရိုးမှ လူတိုင်းက သိရှိထားကြ၏။
သူတို့သည် ထိုအခွင့်အလမ်းကို ချိန်ဆနိုင်သည်နှင့် ဓားပြအဖွဲ့နှစ်ဖွဲ့က လှုပ်ရှားမှုတစ်ခုကို သေချာပေါက်ပြုလုပ်၍ နှင်းလေတောင်ကြောရိုးကို လက်စားချေလာမည်ဖြစ်၏။
တစ်ခဏချင်းမှာပင် သွေးသူရိယတောင်ကြား ဖျက်ဆီးခံခဲ့ရသည်မှာ ဆယ်နှစ်ကျော် ကြာသွားခဲ့လေပြီ။
ဆယ်နှစ်ကျော်ကြာပြီးနောက် နှင်းလေတောင်ကြောရိုးက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့၏။
ယခုအချိန်တွင် နှင်းလေတောင်ကြောရိုးမှာ အစောင့်တပ်သား တစ်သောင်းကျော်ရှိလာခဲ့ပြီဖြစ်၏။
အဲ့ဒါသည် အရင်တုန်းက သွေးသူရိယတောင်ကြားကို မယှဥ်နိုင်သေးသော်လည်း လွန်ခဲ့သည့်ဆယ်နှစ်က တိုက်ပွဲ၏ နာမည်ဂုဏ်သတင်းကြောင့် ကျင့်ကြံသူများစွာသည် နှင်းလေတောင်ကြောရိုးကို နဂါးအသူရာချောက်နက်ကြယ်၏ အဖွဲ့အစည်းကြီး ၈ ခုထဲမှ တစ်ခုအဖြစ် စာရင်းသွင်းထားကြပြီဖြစ်၏။
ပြီးခဲ့သည့်ဆယ်နှစ်အတွင်း...။
ဆူဇီမိုသည် သူ၏ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးစေခဲ့၏။
အဆင့်-၆ မဟူရာအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကနေ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုပ်ယူမှုနှုန်းထားသည် ပို၍တိုးလာသည်ကို သူက ရှင်းလင်းစွာခံစားမိလိုက်၏။
သူက ကျင့်ကြံမှုနယ်ပယ်တစ်ခုကို မြှင့်တင်ချင်သည်ဆိုလျှင် သူလိုအပ်သည့် အမြုတေစုဖွဲ့ဆေးလုံး အရေအတွက်ကလည်း ဆပွားတိုးလာပြီး သူလိုအပ်သည့်အချိန်ကလည်း တိုးလာပေလိမ့်မည်။
သူသည် ဆယ်နှစ်တာကျင့်ကြံနေစဥ်အတောအတွင်း အမြုတေစုဖွဲ့ဆေးလုံး မြောက်မြားစွာကို စားသုံးခဲ့သော်လည်း သူ့ကျင့်ကြံမှုမှာ တိုးတက်မှုက သိသာထင်ရှားမှု မရှိပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သန်မာသော်လည်း လိုအပ်သော ကျင့်ကြံရေးအရင်းအမြစ်များက အလွန်တရာကြောက်စရာကောင်းလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက တစ်မူထူးခြားပြီး လောကတွင်တစ်ခုတည်းသာလျှင်ရှိလေသည်။
သမိုင်းတစ်လျှောက်မှာ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကို တွေ့မြင်ဖူးသောလူ များစွာမရှိပေ။
နောက်ပိုင်းအဆင့်များသို့ရောက်လေလေ ဖန်တီးခြင်းကြာပဒုမ္မာ ကြီးထွားဖို့အတွက် လိုအပ်သောအခြေအနေများကလည်း အလွန်တရာတင်းကျပ်လာသောကြောင့်ဖြစ်၏။
ဤနေ့မှာ ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး တံခါးပိတ်ကျင့်ကြံရာကနေ နိုးထလာခဲ့၏။
ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါထဲကနေ လျှောက်လှမ်းထွက်လာပြီး လူသူကင်းမဲ့ကုန်းမြေများဘက်သို့ ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်နေ၏။
“ဆရာဆူ... ခင်ဗျားကျင့်ကြံနေရာကနေ ထွက်လာပြီပေါ့”
ဤနှစ်များအတွင်း သွမ့်ထျန်လန်သည် ဆူဇီမို၏ လိုဏ်ဂူခန်းဝါဝင်ပေါက်ဝကို စောင့်ကြပ်နေခဲ့ပြီး မည်သူ့ကိုမှ ချဥ်းကပ်ခွင့်မပေးပေ။
အဲ့ဒါသည် သူက အရမ်းသစ္စာရှိသောကြောင့်မဟုတ်ဘဲ လိုဏ်ဂူခန်းဝါ၏ ဝင်ပေါက်ဝ၌ ကောင်းကင်နှင့်မြေကြီး အမြုတေချီက အလွန်တရာ ပေါကြွယ်ဝပြီး သူ၏ ကျင့်ကြံမှုက ခုန်ပေါက်၍တိုးလာနိုင်သောကြောင့်ဖြစ်၏။
“ဘာများဖြစ်လို့လဲ”
သွမ့်ထျန်လန်သည် ဆူဇီမို၏ ထူးဆန်းသော အမူအရာကိုတွေ့မြင်သောအခါ သတိထား၍ မေးလိုက်၏။
ဆူဇီမိုက ခေါင်းခါ၍ ရှင်းပြမနေပေ။
စောစောက လူသူကင်းမဲ့ကုန်းမြေများ၏ အနက်ပိုက်းထဲကနေ အလွန်တရာကြောက်စရာကောင်းသော ထူးခြားသည့် စွမ်းအင်အတက်အကျတစ်ခုပေါ်ထွက်လာသည်ကို သူက ဝိုးတဝါးခံစားမိလိုက်၏။
ထိုစွမ်းအင်အတက်အကျသည် မဟူရာအမြုတေနယ်ပယ်-၉ ကိုပင် ကျော်လွန်နေနိုင်၏။
ယေဘုယျအားဖြင့်ပြောရလျှင် ဤအဆင့်မှာရှိသော စွမ်းအားတစ်ခုသည် နဂါးအသူရာချောက်နယ်ကြယ်ပေါ်မှာ ပေါ်ထွက်မလာသင့်ပေ။
“အဲ့ဒါက ဘာဖြစ်နိုင်မလဲ”
ဆူဇီမိုက စဥ်းစားတွေးတောနေစဥ်မှာပင် မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ တဖျတ်ဖျတ်တလက်လက် ဂမ္ဘီရအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
၎င်းက အဆုံးမဲ့အရောင်အဝါတစ်ခုဖြင့်တောက်ပနေပြီး တိမ်စိုင်များကြားထိ တလိပ်လိပ်ထိုးတက်သွားလေသည်။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုသာ မဟုတ်ဘဲ နဂါးအသူရာချောက်နက်ကြယ်ပေါ်မှ သက်ရှိအများစုက တုန်လှုပ်စရာကောင်းသော ဤမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။
“ဘယ်လိုရတနာပေါ်ထွက်လာတာပါလိမ့်”
“ကြည့်ရတာတော့... အဲ့ဒါက အထီးကျန်ကုန်းမြေတွေဘက်ကဖြစ်မယ်”
“တစ်ချက်လောက်သွားကြည့်ရအောင်”
ထိုဂမ္ဘီရအလင်းသည် ကျင့်ကြံသူများစွာ၏ စိတ်အာရုံကိုဆွဲဆောင်မိသွားပြီး တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာကာ အခြေအနေကို စစ်ဆေးဖော်ထုတ်ဖို့ ပြင်ဆင်လိုက်ကြ၏။
ကျင့်ကြံသူများစွာအတွက်တော့ အဲ့ဒါက အခွင့်အလမ်းတစ်ရပ်ဖြစ်၏။
သူတို့က အဲ့ဒါကို ဖမ်းဆုပ်မိနိုင်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုက ခုန်ပေါက်၍ တိုးမြင့်လာပြီး နဂါးအသူရာချောက်နက်ကြယ်ပေါ်ကနေ နောက်ဆုံးမှာထွက်ခွာနိုင်ကောင်း ထွက်ခွာနိုင်ပေလိမ့်မည်။
ထိုစဥ်မှာပင် ယွဲ့ဟောက် ၊ ရှချင်းယင်နှင့် အခြားသူများကလည်း အပြေး အလွှားရောက်ရှိလာ၏။
“ညီကိုဆူ... အဲ့ဒါဘာဖြစ်နေတာလဲ”
ယွဲ့ဟောက်က မေးလိုက်၏။
ဆူဇီမိုကခေါင်းခါပြလိုက်၏။
“ကျုပ်သေချာမပြောတတ်ဘူး... ခင်ဗျားတို့တွေက နှင်းလေတောင်ကြောရိုးကို စောင့်ကြပ်နေကြ... ကျုပ်တစ်ချက်သွားကြည့်လိုက်မယ်”
“တာအိုရောင်းရင်းဆူ... သတိထားနော်”
ရှချင်းယင်က အလောတကြီးပြောလိုက်၏။
“အဲ့ဒီဂမ္ဘီရအလင်းရဲ့ တည်နေရာက အထီးကျန်ကုန်းမြေတွေရဲ့အနက်ပိုင်းထဲကဖြစ်မယ်... အဲ့ဒီထဲကို ဝင်ရောက်လာရဲတဲ့ ဘယ်ကျင့်ကြံသူမဆို... အဆင့်-၇ ဒါမှမဟုတ် အဆင့်-၈ မဟူရာအင်မော်တယ်တွေဖြစ်ကြလိမ့်မယ်”
“ဒေသခံအဆင့်မြင့်အင်မော်တယ်တွေတောင် ရောက်လာလိမ့်မယ်လို့ ကျွန်မထင်တယ်... ရှင်ကသူတို့နဲ့ အတိုက်အခံမဖြစ်အောင် သတိထားရလိမ့်မယ်”