← Chapters

ပညာရှင်များစုဝေးလာခြင်း

Vol. 125 Ch. 1872

ပညာရှင်များစုဝေးလာခြင်း

Vol. 125 Ch. 1872

သုံးရက်ကြာပြီးနောက် ...။

လူသူကင်းမဲ့ကုန်းမြေများသို့ ရောက်ရှိလာပြီး ဆူဇီမိုသည် ငွေဘီလူးကိုသွားရှာကာ သတင်းအချက်အလက်တချို့ကို ရရှိခဲ့၏။

ဤလူသူကင်းမဲ့ကုန်းမြေများ၏ အနက်ပိုင်းထဲမှာ နတ်နဂါးတစ်ကောင်ကဲ့သို့ နဂါးအသူရာချောက်နက်ကြယ်၏ ထက်ဝက်ကျော်ကို ရစ်ပတ်ထားသည့် အဆုံးမဲ့အသူရာချောက်နက်တစ်ခုရှိသည်ဟု ဆိုလေသည်။

အသူရာချောက်နက်ကို တစ်နှစ်ပတ်လုံး အနက်ရောင်မြူခိုးများက လွှမ်းခြုံထားပြီး အလွန်တရာကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ မဟူရာအင်မော်တယ်များက အနက်ရောင်မြူခိုးများထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့၏ အမြုတေချီများက ဝါးမျိုခံရပြီး သူတို့က ခြောက်သွေ့သောအလောင်းများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ အဲ့ဒါကြောင့် အသူရာချောက်နက်တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မည်သူကမှ အဲ့ဒါကို စွန့်စားဖော်ထုတ်နိုင်ခြင်း မရှိပေ။

လွန်ခဲ့သည့်သုံးရက်က ဂမ္ဘီရအလင်းသည် ဤအသူရာချောက်နက်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာခြင်းဖြစ်၏။

ထိုဂမ္ဘီရအလင်းကြောင့် အသူရာချောက်နက်ထဲရှိ အနက်ရောင်မြူခိုးများက ပယ်ရှားသွားလေသည်။

ဤအသူရာချောက်နက်ထဲမှာ ရတနာများနှင့် အခွင့်အလမ်းများ သေချာပေါက်ရှိနေမည်ကို သက်ရှိများအားလုံးက ခန့်မှန်းမိလိုက်ကြ၏။

သို့သော်လည်း ယခု အနက်ရောင်မြူခိုးများက ပျက်ပြယ်သွားပြီး အဲ့ဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။

ပြီးခဲ့သည့်သုံးရက်အတွင်း အထီးကျန်ကုန်းမြေများမှ သက်ရှိများစွာက ဂနာမငြိမ်ဖြစ်လာကြ၏။

ကြမ်းကြုတ်တောကောင်သုံးကောင်ဖြစ်သော ဧရာမပျား ၊ ခေါင်းကိုးလုံးငှက်နှင့် ယင်ကျောက်တို့ကလည်း စစ်ဆေးဖော်ထုတ်ဖို့အတွက် အသူရာချောက်နက်ဆီသို့ ထွက်ခွာသွားကြပြီဖြစ်၏။

“မင်းက ဘာလို့ မသွားတာလဲ”

​ဆူဇီမိုက ငွေဘီလူးကိုကြည့်ပြီးမေးလိုက်၏။

ငွေဘီလူးက ရိုးသားစွာပြန်ဖြေလိုက်၏။

“ဒီတစ်ခေါက်ဖြစ်ပေါ်လာတဲ့ ရုတ်ရုတ်သဲသဲအခြေအနေအရဆို... အဲ့ဒီအသူရာချောက်နက်မှာ ပညာရှင်တွေအကုန်လုံးက စုဝေးလာကြလိမ့်မယ်လို့ ကျုပ်ထင်တယ်”

“နဂါးအသူရာချောက်နက်ကြယ်အပြင်ဘက်က ပညာရှင်တွေတောင်မှ ရောက်လာနိုင်တယ်”

“အဲ့လိုမျိုး အခွင့်အလမ်းတစ်ရပ်က ကျုပ်အတွက်မဟုတ်ဘူး”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး မော့ကြည့်လိုက်၏။

နဂါးအသူရာချောက်၏ အပြင်ဘက်ကနေ ရွှေရောင်အလင်းတန်းတစ်ခုက အလျင်အမြန် ချဥ်းကပ်လာနေ၏။

သိပ်မကြာခင်ရွှေရောင်အလင်းက ပေါ်ထွက်လာပြီး နဂါးအသူရာချောက်နက်ကြယ်ကို ဖြတ်ကျော်ကာ အထီးကျန်ကုန်းမြေများ၏ အနက်ပိုင်းထဲသို့ ပျံသန်းသွားလေသည်။

ထိုရွှေရောင်အလင်းက ဧရာမယာဥ်ပျံတစ်စင်းဖြစ်သည်ကို ဆူဇီမိုက ရှင်းလင်းစွာတွေ့မြင်လိုက်ရ၏။

အဲ့ဒါက ပေပေါင်းများစွာ ရှည်လျားပြီး အထပ်၇ထပ် ပါရှိလေသည်။ ပုံပန်းသဏ္ဌာန်အရပင် ၎င်းက အလွန်တရာခမ်းနားထည်ဝါ၍ လေးနက်သိမ်မွေ့နေ၏။

ယာဥ်ပျံ၏ ဘေးပတ်လည်မှာ နတ်ဘုရားဆန်ဆန် အလင်းတစ်ခုဖြင့် တောက်ပနေသော လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးပွေလီသော ဝင်္ကပါအင်းကွက်များစွာရှိပြီး အဲ့ဒါက စိတ်ဝိညာဥ်ယာဥ်ပျံကို လွှမ်းခြုံထားသည့် ထွင်းဖောက်မတတ် ကြည်လင်နေသော အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အထက်ဘုံနိယာမများ၏ ဖိနှိမ်မှုကြောင့် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ပင်လျှင် ပေ၉၀ အမြင့်ထိသာ ပျံသန်းနိုင်ကြ၏။

ဤယာဥ်ပျံကတော့... ၎င်းသည် ပေပေါင်းရာချီအမြင့်ကနေ ပျံသန်းနေပြီး ကြီးမားသော အရိပ်တစ်ခုနှင့်အတူ ဆူဇီမိုနှင့် အခြားသောသားရဲများအပေါ်ကနေ ဖြတ်သန်းသွားလေသည်။

ယာဥ်ပျံပေါ်မှာ လူဆယ်ယောက်ကျော်က မတ်တတ်ရပ်နေကြ၏။

ထိုကျင့်ကြံသူများ၏ အကြည့်က ဂရုမစိုက်သောအမူအရာများနှင့်အတူ အောက်ဘက်ရှိ ဆူဇီမိုနှင့် အခြားသူများအပေါ် ဖြတ်သန်းသွားလေသည်။

သူတို့က ပုရွက်ဆိတ်တစ်အုပ်စုကို ကြည့်နေသည့်အလားပင်။

ဆူဇီမိုက တိတ်တဆိတ်ထိတ်လန့်သွား၏။

ကြည့်ရသည်မှာ ငွေဘီလူးပြောသည်က မမှားပေ။ အသူရာချောက်နက်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာသည့် ဂမ္ဘီရအလင်းက နဂါးအသူရာချောက်နက်ကြယ်၏ အပြင်ဘက်ရှိ ပညာရှင်များကိုပင် သတိဝင်သွားစေပြီဖြစ်၏။

ယာဥ်ပျံ၏ ခမ်းနားထည်ဝါမှုအရ ၎င်းပေါ်မှာ မတ်တတ်ရပ်နေသောသူများသည် ကမ္ဘာမြေအမြုတေနယ်ပယ်မှ ပညာရှင်များဖြစ်နိုင်လေသည်။

ယာဥ်ပျံက ဖြည်းဖြည်းချင်းရွေ့လျားနေသည်ဟုထင်ရသော်လည်း ၎င်းသည် သိပ်မကြာခင် ဆူဇီမို၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။

ဆူဇီမိုက အလေးအနက်စဥ်းစားတွေးတောလိုက်၏။

ကမ္ဘာမြေအမြုတေနယ်ပယ် ပညာရှင်များသည်ပင် ကြယ်တာရာကောင်းကင်ထက်မှာ သွားရောက်နိုင်ခြင်းမရှိဟု အခြားသူများထံမှ သူကြားထားလေသည်။

ကောင်းကင်အမြုတေနယ်ပယ်သို့ ကျင့်ကြံပြီးမှသာ သူတို့က အဲ့ဒါကိုပြုလုပ်နိုင်မည်ဖြစ်၏။

စောစောက သူမြင်တွေ့ခဲ့ရသော ယာဥ်ပျံကတော့ ၎င်းပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါအင်းကွက်များစွာကို ခတ်နှိပ်ထားလေသည်။ အဲ့ဒါက ယာဥ်ပျံပေါ်ရှိ ကျင့်ကြံသူများကို ကာကွယ်ပေးနိုင်ပုံရသည့် အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ထို့ကြောင့်ပင်လျှင် သူတို့က ကြယ်တာရာကောင်းကင်ထဲမှာ ဖြတ်သန်းသွားလာနိုင်ခြင်းဖြစ်ပေလိမ့်မည်။

နဂါးအသူရာချောက်နက်ကြယ်၏ အပြင်ဘက်မှ ပညာရှင်များသည်ပင် သတိထားမိလာကြ၏။ အသူရာချောက်နက်ထဲမှာ ရတနာတစ်ခုခုရှိမည်ဆိုလျှင်တောင် အဲ့ဒါကိုရရှိဖို့က လွယ်ကူတော့မည် မဟုတ်ပေ။

ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆူဇီမိုသည် အသူရာချောက်နက်ဆီသို့ သွားရောက်စွန့်စားဖို့ ဆုံးဖြတ်လိုက်ဆဲ ဖြစ်၏။

ရုတ်တရက်သူက တစ်စုံတစ်ရာကို တွေးမိသွား၏။

သူသည် လွန်ခဲ့သည့်နှစ်များစွာက မဟူရာတွင်းနက်ထဲကနေ လွတ်မြောက်လာခဲ့ပြီး ဤကြယ်ပေါ်သို့ ကျဆင်းလာခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်လောက်ပေ။

အရင်တုန်းက သူသည် မဟူရာတွင်းနက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သည်မှာ စတုရန်းကြေးမီးဖို၏ အပြင်ဘက်ပေါ်ရှိ နတ်နဂါးက နိုးထလာခဲ့သောကြောင့်ဖြစ်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဤကြယ်၏ အမည်ကလည်း နဂါးအသူရာချောက်နက်ကြယ်ဖြစ်နေ၏။

ဆူဇီမိုသည် အထီးကျန်ကုန်းမြေများ၏ အနက်ပိုင်းထဲသို့ ဆက်လက်ဦးတည်လိုက်၏။

ဆယ်ရက်ကြာပြီးနောက်...။

သူသည် အသူရာချောက်နက်၏ အပြင်ဘက်အစပ်သို့ ရောက်ရှိလာပြီး သုန်မှုန်နေသော အမူအရာတစ်ခုနှင့်အတူ သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း... နဂါးအသူရာချောက်နက်ကြယ်အပြင်ဘက်မှ ပညာရှင်များစွာက ဤနေရာသို့ ဆင်းသက်ရောက်ရှိလာကြ၏။

သူတို့ထဲမှအချို့သည် ယာဥ်ပျံများကို စီးနင်းလာကြပြီး ထိုကျင့်ကြံသူတစ်ယောက်ချင်းစီက အလွန်တရာစွမ်းအားကြီးမားသော အော်ရာများကို ထုတ်ဖော်နိုင်ကြ၏။ ထိုပညာရှင်များနှင့် နှိုင်းယှဥ်လျှင် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ မဟူရာအင်မော်တယ်များက ပုရွက်ဆိတ်များကဲ့သို့ အားနည်းနေ၏။

ကျင့်ကြံသူအချို့က ပို၍ပင်ကြောက်စရာကောင်း​လေသည်။

အဲ့ဒီမှာ ခေါင်းကိုးလုံးမြွေနဂါးတစ်ကောင်ဆွဲလာသည့် စစ်ရထားတစ်စင်းပေါ်မှာ သွေးစွန်းနေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ဆံပင်ရှည်အမျိုးသားတစ်ယောက်ကို ဆူဇီမိုက တွေ့မြင်လိုက်ရ၏။ ထိုစစ်ရထားသည် ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းထဲကနေ ပျံသန်းလာခြင်းဖြစ်၏။

ခေါင်းကိုးလုံးမြွေနဂါးသည် ပေပေါင်းများစွာရှည်လျားပြီး ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာတစ်ခုနှင့်အတူ ဟိန်းဟောက်နေ၏။ ဦးခေါင်းတစ်ခုချင်းစီကနေ ထုတ်ဖော်ထားသောအော်ရာသည် ယခင်... ယာဥ်ပျံများပေါ်မှ ကျင့်ကြံသူအများစုထက်ပင် ပို၍ကြောက်စရာကောင်းနေ၏။

ထိုစစ်ရထားပေါ်ရှိ အမျိုးသား၏ ခွန်အားကို စဥ်းစားကြည့်နိုင်လေသည်။ သူက စစ်ရထားပေါ်မှာ စီးနင်းလာပြီး ရပ်တန့်မရနိုင်သောပုံစံဖြင့် ကြယ်တာရာကောင်းကင်ကို ​ခြေမွှဖျက်ဆီးပစ်တော့မည့်အလားပင်။

ကြယ်တာရာကောင်းကင်ထဲမှာ လွတ်လပ်စွာ သွားလာနိုင်သောမည်သူမဆို... ကောင်းကင်ဘုံအင်မော်တယ် ပညာရှင်တစ်ယောက်ဖြစ်လေသည်။

ဆူဇီမိုသည် တံတွေးကိုမျိုချပြီး သူ၏ အကြည့်ကိုရုပ်သိမ်းကာ အဲ့ဒါကို သိပ်ကြာကြာကြည့်ရဲခြင်းမရှိပေ။

သူ၏ စိတ်ဝိညာဥ်အသိစိတ်သည် အဆင့်တူများကြားမှာ များစွာသာလွန်သော်လည်း သူက ထိုကျင့်ကြံသူများကို စစ်ဆေးအကဲခတ်ရဲခြင်း မရှိပေ။

အကြောင်းမှာ စစ်ရထားပေါ်ရှိ အမျိုးသားသည် သူ၏ ကျင့်ကြံမှုအဆင့်ကို စိတ်ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးဖော်ထုတ်ချင်သည့် စိတ်ဝိညာဥ်ယာဥ်ပျံပေါ်မှ ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်လိုက်သောကြောင့်ဖြစ်၏။

ဆူဇီမိုက အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့ရလေသည်။

“ကမြောက်ကခြောက် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကများ ငါ့ရဲ့နောက်ခံကို ဘယ်လိုတောင်စစ်ဆေးကြည့်ရဲတာလဲ... မင်းကတော့ သေချင်နေတာပဲ”

စစ်ရထားပေါ်ရှိ အမျိုးသားက လှောင်ရယ်လိုက်၏။

“ကောင်းကင်အင်မော်တယ် လောယန်... ရှင်က တော်တော်အထင်ကြီးစရာကောင်းတာပဲ... ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကိုတောင် သတ်ဖြတ်လိုက်နိုင်တယ်ဆိုတော့”

မလှမ်းမကမ်းကနေ ကလက်တက်တက်နှင့် ညှို့ငင်ဓာတ်ရှိသော အမျိုးသမီးတစ်ယောက်က ခမ်းနားထည်ဝါသော ရောင်စုံတိမ်စိုင်တစ်ခုကို စီးနင်း၍ပျံသန်းလာ၏။ သူမက စစ်ရထားပေါ်ရှိ အမျိုးသားကိုကြည့်ပြီး ရယ်မောလိုက်၏။

ထိုသူက အမှန်တကယ်ပင် ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လေသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

နဂါးအသူရာချောက်နက်ကြယ်ကနေ ထုတ်လွှတ်လိုက်သည့် ဂမ္ဘီရအလင်းက ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်ကိုပင် ဆွဲဆောင်နိုင်ခဲ့လေသည်။

“ဟမ့်...”

ကောင်းကင်အင်မော်တယ်လောယန်က ကလက်တက်တက်အမျိုးသမီးကို စိုးရိမ်ပူပန်သောအမူအရာဖြင့် လှည့်ကြည့်လိုက်၏။

“မိန်ကျိ... နင် ငါ့ကိစ္စမှာ ဝင်ပါစရာမလိုဘူး... အခု ဒီအခွင့်အလမ်းက ပေါ်ထွက်လာပြီဆိုတော့... ငါတို့နှစ်ယောက်က ငါတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မှီခိုရလိမ့်မယ်”

ထိုသို့ပြောရင်း ကောင်းကင်အင်မော်တယ်လောရန်သည် အသူရာချောက်နက်ဆီသို့ သူ၏ စစ်ရထားကို မောင်းနှင်လိုက်လေသည်။

“ဟီးဟီး... ငကြောက်ကောင်ပဲ”

ကလက်တက်တက်အမျိုးသမီးက ရယ်မောလိုက်၏။

“ကောင်းကင်အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကျရင်... ငါတို့ပြန်တွေ့ကြမှာပဲ... နင်ကအဲ့ဒါကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး”

ထိုသို့ပြောရင်း... သူမသည်လည်း ခမ်းနားထည်ဝါသော တိမ်စိုင်ကိုစီးနင်းကာ အသူရာချောက်နက်ထဲသို့ ဝင်ရောက်သွားလေသည်။

ဆူဇီမိုသည် အသူရာချောက်နက်၏ အဝေးမှာ မတ်တတ်ရပ်ပြီး မျက်မှောင်ကြုတ်နေ၏။

ဤတစ်ခေါက်ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲ အခြေအနေက အရမ်းကိုကြီးမားလေသည်။

လေထဲမှာပျံသန်းနိုင်သော မည်သည့်ကျင့်ကြံသူမဆို သူ့ကိုသတ်ဖြတ်နိုင်လေသည်။

ဘေးနားဝန်းကျင်မှာ သူကဲ့သို့ အခြားသော မဟူရာအင်မော်တယ်များစွာရှိလေသည်။ သူတို့အားလုံး၏ အမူအရာက သုန်မှုန်နေပြီး မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ အဝေးကနေသာ စောင့်ကြည့်နေကြ၏။

ဆူဇီမိုသည် အနီးနားရှိလူအုပ်ထဲမှာ အဖွဲ့အစည်းကြီး ရှစ်ခုမှ ကျင့်ကြံသူများကို တွေ့မြင်လိုက်ရ၏။

အခွင့်အလမ်းများက အရမ်းကို မက်လောက်စရာကောင်းသော်လည်း သူတို့၏ အသက်များကို ဆုံးရှုံးရမည်ဆိုပါက အဲ့ဒါကထိုက်တန်လိမ့်မည် မဟုတ်ပေ။

သူတို့က မည်သည့်အစစ်အမှန်ရတနာကိုမှ မတွေ့မြင်နိုင်ခင်... ကျင့်ကြံသူများစွာသည် အသူရာချောက်နက်ထဲမှာ သေဆုံးကုန်ကြမည်ဖြစ်၏။

ဆူဇီမိုက အသူရာချောက်နက်၏ အပြင်ဘက်ကနေ အတန်ကြာသည့်အထိ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့၏။

ပြင်ပမှရောက်ရှိလာသော ပညာရှင်များအားလုံးနီးပါး အသူရာချောက်နက်ထဲသို့ဝင်ရောက်ပြီးမှသာ သူကလှုပ်ရှားဖို့ ပြင်ဆင်ထားလေသည်။

ရုတ်တရက်ဆိုသလို... ။

အသူရာချောက်နက်က တောက်ပလင်းထိန်လာခဲ့၏။

အဲ့ဒီနောက် ဂမ္ဘီရအလင်းကနေ အလင်းရောင်ခြည်များက ပစ်လွင့်ထွက်ပေါ်လာပြီး နေရာတိုင်းသို့ လျှံထွက်လာခဲ့၏။

ကျောက်စိမ်းရောင်အလင်းတစ်ခုသည် ဆူဇီမိုရှိရာဘက်သို့ ပြေးဝင်လာနေလေသည်။

ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။

အစိမ်းရောင်အလင်းသည် အလွန်တရာကြော့ရှင်းသေသပ်သော ကျောက်စိမ်းဓားမြှောင်တစ်လက်ဖြစ်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာမြင့်ပြီးတာတောင် အဲ့ဒါက ယိုယွင်းပျက်စီးသွားခြင်းမရှိပေ။

All Chapters