← Chapters

ကြောက်စရာကောင်းသော အနက်ရောင် မြူခိုးများ

Vol. 125 Ch. 1874

ကြောက်စရာကောင်းသော အနက်ရောင် မြူခိုးများ

Vol. 125 Ch. 1874

နဂါးအသူရာချောက်နက်အပြင်ဘက်ရှိ ကျင့်ကြံသူများက လျော့နည်းလာပြီး သူတို့အများစုသည် အထဲသို့ ခုန်ဆင်းသွားခဲ့လေပြီ။

ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောပြီးနောက် ထွက်ခွာမသွားပေ။

သူသည် အသူရာချောက်နက်၏ အစပ်သို့ ရောက်ရှိလာသောအခါ စတုရန်းကြေးမီးဖိုသည် အလွန်တရာ စိတ်လှုပ်ရှားလာသည့်အလား အနည်းငယ် တုန်ခါလာခဲ့၏။

အရင်က ဤကဲ့သို့ ပုံစံမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။

နဂါးအသူရာချောက်နက်မြို့တော်၏ ညစျေးမှာ သူသည် စိတ်ဝိညာဉ်ရတနာ အပိုင်းအစတစ်ခုကို ရရှိခဲ့စဉ်ကပင် စတုရန်းကြေးမီးဖိုသည် ဆတ်ခနဲ တုန်ယင်သွားရုံသာဖြစ်ပြီး တုံ့ပြန်မှုများစွာ ရှိမလာခဲ့ပေ။

စတုရန်းကြေးမီးဖိုက အသိစိတ်ရရှိလာသည်ကို ဆူဇီမို သတိထားမိနေခဲ့လေပြီ။

စတုရန်းကြေးမီးဖိုထံမှာ ဤကဲ့သို့ တုံ့ပြန်မှု ရှိလာသည်မှာ သေချာပေါက် အကြောင်းရင်းတစ်ခု ရှိပေလိမ့်မည်။

ထိုသို့အတွေးဖြင့် ဆူဇီမိုသည် အသူရာချောက်နက်၏ အစပ်သို့ ရောက်ရှိလာပြီး ငုံ့ကြည့်လိုက်၏။ သူက သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး အောက်သို့ ဂရုတစိုက် ဆင်းသက်လိုက်လေသည်။

သိပ်မကြာခင် ဆူဇီမို၏ စိတ်ထဲသို့ ထူးဆန်းသော ခံစားချက်တစ်ခုက ဝင်ရောက်လာ၏။

သူသည် ရေပြင်ကဲ့သို့ အဟန့်အတားတစ်ခုကို ဖြတ်ကျော်ပြီး နဂါးအသူရာချောက်နက်ကြယ်ကနေ လုံးဝ ကွဲထွက်နေသည့် တည်ဆောက်မှုပုံစံတစ်ခုထဲသို့ ရောက်ရှိလာသည့်အလားပင်။

ဆူဇီမိုက ခဏမျှ ရပ်တန့်ပြီး ဆက်လက်၍ ဆင်းသက်လိုက်၏။

အတန်ကြာပြီးနောက် သူက အသူရာချောက်နက်၏ အောက်ခြေသို့ ရောက်ရှိလာခဲ့၏။

အသူရာချောက်နက်၏ အောက်ခြေမှာ မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခု ရှိနေ၏။ အဲဒါက ကျတ်တီးမြေတစ်ခုဖြစ်ပြီး အသက်ဓာတ်ကင်းမဲ့ကာ အရိုးဖြူတချို့က ပြန့်ကျဲနေ၏။

ဆူဇီမိုသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ရပေ။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ဤနေရာသို့ ဆင်းသက်လာပြီးနောက် ကပ်ဘေးတစ်ခု ကျရောက်တော့မည့်အလား သူက ရင်တလှပ်လှပ်ခံစားနေရ၏။

ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်ပြီး ဂမ္ဘီရအလင်း ထွက်ပေါ်လာရာ အသူရာချောက်နက်၏ ရှေ့ဘက်သို့ လျှောက်လှမ်းလာခဲ့၏။

လမ်းတစ်လျှောက်မှာ သူသည် ကျင့်ကြံမှု နယ်ပယ်အမျိုးမျိုးနှင့် မဟူရာအင်မော်တယ်များစွာကို တွေ့မြင်ခဲ့ရ၏။

ဆူဇီမိုနှင့်မတူဘဲ ထိုမဟူရာအင်မော်တယ်များက စိတ်လှုပ်ရှားတက်ကြွနေကြ၏။

သူတို့ထဲမှ အချို့သည် ဂမ္ဘီရအလင်းကနေ ပစ်လွင့်ထွက်ပေါ်လာသည့် ဓမ္မရတနာများကို ရရှိထားခါစဖြစ်ပြီး သူတို့၏ ခရီးစဉ်က အလဟဿမဖြစ်ဟု ခံစားနေရ၏။

သို့သော်လည်း မဟူရာအင်မော်တယ် အများစုသည် ဤကဲ့သို့သော ပုံစံဖြင့် ထွက်ခွာမသွားလိုသေးဘဲ အခြားသော အခွင့်အလမ်းများကို ရှာဖွေရန်အတွက် ရှေ့သို့ တက်လှမ်းလိုက်ဆဲဖြစ်၏။

ခဏမျှ လျှောက်လှမ်းပြီးနောက် ဆူဇီမိုက သူ၏ ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်၏။

ထိုစဉ်မှာပင် အသူရာချောက်နက်၏ အဆုံးသတ်နားရှိ ဂမ္ဘီရအလင်းက အလျင်အမြန် ပျောက်ကွယ်သွားပြီး အလင်းရောင်က ရုတ်သိမ်းသွားလေသည်။

အသူရာချောက်နက်တစ်ခုလုံးသည် အချိန်တိုအတွင်းမှာ အမှောင်ထုဖြင့် အုပ်မိုးခြင်း ခံလိုက်ရ၏။

“ဘာတွေဖြစ်ကုန်တာလဲ”

“တစ်ယောက်ယောက်က အဆုံးမဲ့ ရတနာကို ရရှိသွားပြီများလား”

“တစ်ယောက်ယောက်က အဲဒါကို ရရှိသွားမယ်ဆိုရင်တောင် အဲဒီမှာ သွေးသံရဲရဲ တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်.. ရတနာကို နောက်ဆုံး ဘယ်သူရမလဲဆိုတာက မသိရသေးဘူး”

မလှမ်းမကမ်းရှိ ကျင့်ကြံသူတစ်ယောက်က တီးတိုးပြောဆိုလိုက်၏။

“ဒီအသူရာချောက်နက်က တစ်နည်းနည်းနဲ့ ထူးခြားနေတာတော့ အမှန်ပဲ”

အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက်က ပြောလိုက်၏။

“ပုံမှန်ဆိုရင် ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်က အမှောင်ထုထဲမှာတောင် ငါတို့ရဲ့ အမြန်နှုန်းက သက်ရောက်ခံရမှာ မဟုတ်ဘူး.. ဒါပေမဲ့ ဒီချောက်နက်ထဲကို ဝင်ရောက်လာပြီးတဲ့နောက် ငါ့ရဲ့ အမြန်နှုန်းနဲ့ စိတ်ဝိညာဉ်အသိစိတ်က ကြီးကြီးမားမား ကန့်သတ်ခံလိုက်ရတယ်”

“ငါလည်း အတူတူပဲ”

ထိုစကားကို ပြောလိုက်သောသူက အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်၏။

မဟူရာအင်မော်တယ်များက အမှောင်ထုထဲမှာ ရှေ့သို့ ဆက်လျှောက်လာကြ၏။

သို့သော်လည်း ဆူဇီမို၏ အမူအရာက တည်ကြည်လေးနက်နေပြီး မလှုပ်မယှက်ရပ်ကာ ရှေ့သို့ ငေးကြည့်နေ၏။

သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်လေသည်။ သူ၏ အမြင်အာရုံက အသူရာချောက်နက်ထဲမှာ ကြီးမားစွာ ကန့်သတ်ခံထားရသော်လည်း အဲဒါက အခြားသော မဟူရာအင်မော်တယ်များထက် များစွာပိုမိုသန်မာလေသည်။

အသူရာချောက်နက်၏ ရှေ့ကနေ ဒီရေလှိုင်းတစ်ခုကဲ့သို့ ကြီးမားသော အနက်ရောင် မြူခိုးလုံးတစ်လုံးက တလိပ်လိပ်ထိုးတက်လာသည်ကို သူက ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

မလှမ်းမကမ်းမှာရှိသော မဟူရာအင်မော်တယ်အချို့က အဲဒါကို သတိမထားမိကြသေးပေ။

ဤအသူရာချောက်နက်ထဲမှာ တစ်နှစ်ပတ်လုံး အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ မည်သည့်သက်ရှိကမှ ဤနေရာသို့ ချဉ်းကပ်မလာနိုင်ဟု ဆိုကြလေသည်။

မကြာသေးခင်ကမှ အသူရာချောက်နက်ထဲကနေ ဂမ္ဘီရအလင်းက ပစ်လွင့်ထွက်ပေါ်လာသောကြောင့်သာ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများက ပျက်ပြယ်သွားခြင်း ဖြစ်၏။

ယခု ဂမ္ဘီရအလင်းက ပျောက်ဆုံးသွားပြီး လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများက နေရာတိုင်းကို နောက်တစ်ဖန် ပြန်လည်လွှမ်းခြုံလာခဲ့၏။

ဆူဇီမိုက သူတို့ကို သတိပေးတော့မည့်ဆဲဆဲမှာပင် ရှေ့တည့်တည့်ရှိ အနက်ရောင်မြူခိုးများကြားကနေ စူးစူးဝါးဝါး အော်သံတစ်သံ ထွက်ပေါ်လာ၏။

“အား..”

ဆူဇီမို၏ သူငယ်အိမ်နှစ်ဖက်က ချက်ချင်းပင် တင်းကျပ်သွားလေသည်။

အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက်သည် အနက်ရောင်မြူခိုးထဲသို့ ကျဆင်းသွားပြီးနောက် အသက်နှစ်ရှိုက်စာအတွင်း မည်သည့် အသက်ဓာတ်မှ မကျန်ရှိတော့ဘဲ ​တောင့်တင်းစွာ လဲကျသွား၏။

“အား.. အဲဒါ ဘာလဲဟ”

“အဲဒါတော့ ဆိုးပြီ.. အနက်ရောင်မြူခိုးတွေက ဒီကို ရောက်လာပြီ”

“မြန်မြန်ထွက်ပြေးကြ”

အသူရာချောက်နက်ထဲရှိ မဟူရာအင်မော်တယ်များသည် ရုန်းရင်ဆန်ခတ်ဖြစ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများ၏ လွှမ်းခြုံမှုကနေ ထွက်ပြေးချင်ကြလေသည်။ သို့သော်လည်း သူတို့က မလွတ်မြောက်နိုင်ကြပေ။

အနက်ရောင်မြူခိုးများက မဟူရာအင်မော်တယ်များစွာ၏ ဦးခေါင်းပေါ်ကနေ အုပ်မိုးလာခဲ့၏။

မဟူရာအင်မော်တယ် အချို့က လေထဲသို့ ပျံတက်လိုက်စဉ် သူတို့သည် အနက်ရောင်မြူခိုးများနှင့် ပစ်တိုက်မိသွားပြီး အလောင်းကောင်များအဖြစ် ပြောင်းလဲသွားရလေသည်။

တစ်ဖက်မှာတော့ ကမ္ဘာမြေအင်မော်တယ်ပညာရှင် အချို့သည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ပြီး အနက်ရောင်မြူခိုးများကို ဖြတ်ကျော်၍ သွားလာနိုင်သည်ကို ဆူဇီမိုက တွေ့မြင်လိုက်ရ၏။

အဲဒီမှာ ကျင့်ကြံမှု ကွာဟချက် ရှိလေသည်။

လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများသည် မဟူရာအင်မော်တယ်များကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း ၎င်းက ကမ္ဘာမြေအင်မော်တယ်များကို မထိခိုက်စေနိုင်ပေ။

“ဟီးဟီး”

ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က မဟူရာအင်မော်တယ်များ၏ ခေါင်းပေါ်ကနေ ဖြတ်သွားပြီး လှောင်ရယ်လိုက်၏။

“ပုရွက်ဆိတ်တစ်အုပ်စုက ဒီလောက်နိမ့်ကျတဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီနေရာကို ဘယ်လိုတောင် ရောက်လာရဲတာလဲ.. သူတို့က ကောင်းမှန်း ဆိုးမှန်း နားမလည်တဲ့ကောင်တွေပဲ”

ဆူဇီမိုက စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့်​ နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သန်မာသော်လည်း သူသည် အနက်ရောင်မြူခိုးများနှင့် စွန့်စား၍ မထိတွေ့ရဲပေ။

သို့သော်လည်း သူက ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ရပ်တန့်လိုက်ရလေသည်။

သူ၏ နောက်ဘက်ကနေလည်း လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများက တလိပ်လိပ် ထိုးတက်လာ၏။

အဲဒီမှာ ပြေးစရာနေရာ မရှိတော့ပေ။

အစကတော့ သူ၏ ဘေးနားဝန်းကျင်မှာ အော်ဟစ်နေသော မဟူရာအင်မော်တယ်များစွာ ရှိလေသည်။

သို့သော်လည်း အချိန်တိုအတွင်းမှာပင် ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွား၏။

ဤအနီးအနားဝန်းကျင်ရှိ မဟူရာအင်မော်တယ်များ အားလုံးက လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများ ကြားထဲမှာ သေဆုံးကုန်လေပြီ။

ဆူဇီမိုက တလိပ်လိပ်တက်လာသော အနက်ရောင်မြူခိုးများကို တွေ့မြင်သောအခါ တုံ့ဆိုင်းမနေရဲပေ။ သူက သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ ဘေးပတ်လည်မှာ အစိမ်းရောင် အလင်းရောင်ခြည်များကို တောက်ပလာစေ၏။

သို့သော်လည်း အစိမ်းရောင် အလင်းသည် ဘေးပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများကို ခဏမျှသာ ရပ်တန့်စေနိုင်လေသည်။

လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများက နောက်တစ်ဖန် အလျင်အမြန် လွှမ်းခြုံလာ၏။

အစိမ်းရောင် အလင်းက အနက်ရောင်မြူခိုးများ ကြားမှာ အလျင်အမြန် မှေးမှိန်သွားလေသည်။

လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများသည် ဆွေးမြည့်တိုက်စားတတ်သော သေခြင်းအော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး အဲဒါက အလွန်တရာ ကြောက်စရာကောင်း​နေ၏။

ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သမာဓိတာအိုမီးကို ဆင့်ခေါ်ကာ သူ၏ ဘေးမှာ လှည့်ပတ်စေလိုက်၏။

သမာဓိတာအိုမီးက ဆိုးယုတ်သော အရာများကို လောင်ကျွမ်းသန့်စင်ပေးနိုင်လေသည်။

သို့သော်လည်း မီးတောက်လုံးသုံးလုံးသည် အနက်ရောင်မြူခိုးများနှင့် ထိတွေ့မိသည့် ခဏမှာပင် ငြိမ်းသေသွားလေသည်။

ဆူဇီမိုက ထိတ်လန့်သွား၏။

သူသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများ၏ ဆွေးမြည့်တိုက်စားမှုကို ခုခံလိုသည့်အတွက် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်၊ ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို တစ်ခါတည်း ထုတ်ဖော်လိုက်၏။

သို့သော်လည်း ထိုဝှက်ဖဲများက ခဏမျှသာ အချိန်ဆွဲပေးနိုင်လေသည်။

သိပ်မကြာခင် အနက်ရောင်မြူခိုးများက သူ့ကို တစ်ဖန်လွှမ်းခြုံလာခဲ့၏။

ဆူဇီမိုသည် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ပစ်ထုတ်လိုက်၏။ အဝါရောင်သဲများက တလိပ်လိပ်တက်လာပြီး ရွှေရောင်အလင်းတစ်ခုနှင့် တောက်ပကာ သူ၏ ဘေးပတ်လည်မှာ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာက တကယ်ကို ထူးခြားလေသည်။

အနက်ရောင်မြူခိုးများ သူ့ကို အုပ်မိုးလာသော်လည်း ၎င်းသည် အဝါရောင်သဲများပေါ်ရှိ ရွှေရောင်အလင်းကို မတိုက်စားနိုင်ပေ။

သို့သော်လည်း အဝါရောင်သဲများကြားရှိ အကြားအလပ် နေရာများကနေ အနက်ရောင်မြူခိုးများစွာက စိမ့်ဝင်လာခဲ့ပြီး ဆူဇီမိုကို ထွေးပတ်လာခဲ့လေသည်။

ဆူဇီမိုက စိတ်ထဲကနေ ညည်းတွားလိုက်၏။

သူသည် အခွင့်အလမ်းတစ်ခုခု သို့မဟုတ် ရတနာတစ်ခုခုကို မတွေ့မြင်ရခင်မှာပင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများ၏ ပိတ်ဆို့ခြင်း ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

သူက သူ့ဝှက်ဖဲများ အားလုံးကို ထုတ်ဖော်ပြီးသွားခဲ့ပြီ​ ဖြစ်သော်လည်း သူသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများ၏ ကြောက်စရာကောင်းသော ဆွေးမြည့်တိုက်စား စွမ်းအားကို မခုခံနိုင်ပေ။

“ငါ ဒီနေ့ ဒီနေရာမှာ သေရတော့မှာလား”

ဆူဇီမိုက သူ၏ လက်သီးနှစ်ဖက်ကို ညင်သာစွာ ဆုပ်လိုက်၏။

သူ၏ ထင်မြင်ချက်အရ အဲဒါက မတရားသဖြင့် သေဆုံးရခြင်း ဖြစ်ပေလိမ့်မည်။

ဆူဇီမိုက မချင့်မရဲဖြစ်နေပြီး သူ၏ အမူအရာက သုန်မှုန်ခက်ထန်လာခဲ့၏။ သူ၏ မျက်လုံးများက နတ်ဘုရားဆန်ဆန် အလင်းတစ်ခုဖြင့် တောက်ပလာပြီး သူက ရုတ်တရက် ဟိန်းဟောက်လိုက်လေသည်။

အဲဒါသည် အန္တိမ စိတ်စွမ်းအားတစ်ခု ပါဝင်သော နဂါးဟိန်းသံနှင့် ဖီးနစ်အော်သံကဲ့သို့ ဖြစ်လေသည်။

ရုတ်တရက်ဆိုသလို…

သူတို့သည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများက ဆူဇီမို၏ ရှေ့မှာ ခဏမျှ ရပ်တန့်ပြီးနောက် ပျက်ပြယ်သွားလေသည်။

All Chapters