ကောင်းကင်အဆင့် ဓမ္မရတနာများ
Vol. 125 Ch. 1875
ဘေးပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများက တလိပ်လိပ်ထိုးတက်၍ ပြောင်းလဲလာနေဆဲ ဖြစ်၏။
သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ဆူဇီမို၏ ပတ်လည်ရှိ သုံးပေပတ်လည်အထိ အနက်ရောင်မြူခိုးများက တလိပ်လိပ်ထိုးတက်လာသော်လည်း အဲ့ဒါက ရှေ့သို့ဆက်တက်မလာတော့ဘဲ သူ့ကိုမည်သည့်ထိခိုက်မှုမှ မရှိပေ။
အံ့အားသင့်စွာ ကျေနပ်နှစ်ခြိုက်စွာဖြင့် ဆူဇီမိုက ရှေ့သို့ခြေလှမ်းအနည်းငယ် တိုးကြည့်လိုက်၏။
အနက်ရောင်မြူခိုးမျသည် သူ၏ ခြေလှမ်းနှင့်အတူ နောက်သို့ ဆုတ်ခွာသွားပြီး သူ့ထံကနေ သုံးပေပတ်လည်အတွင်း တစ်လက်မမျှ ဖြတ်ကျော်လာခြင်းမရှိပေ။
အဲ့ဒါက ငါ့ရဲ့နဂါးဖီးနစ်ဟိန်းဟောက်သံနဲ့များ ဆိုင်နေမလား”
ဆူဇီမိုသည် နေရာမှာပင် မတ်တတ်ရပ်ကာ ခဏမျှစဥ်းစားတွေးတောလိုက်၏။
တိကျသည့်အဖြေကို ထုတ်ဖော်နိုင်ခြင်းမရှိဘဲ သူက ရှေ့သို့ဆက်တက်ဖို့ ဆုံးဖြတ်လိုက်လေသည်။
မဟူရာအင်မော်တယ်များသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများကြားမှာ သေဆုံးသွားပြီး ဆူဇီမိုက အဲ့ဒါကို အလဟဿမဖြစ်စေပေ။ သူက မဟူရာအင်မော်တယ်များ၏ အလောင်းများနားသို့ လျှောက်လှမ်းလာပြီး သူတို့၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်၏။
ထိုအချိန်တိုအတွင်းမှာ သေဆုံးသွားသော မဟူရာအင်မော်တယ်များ၏ မျက်နှာများက အနက်ရောင်အစက်အပြောက်များဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး အဲ့ဒါက အရမ်းကိုထူးဆန်းလေသည်။
ဘေးပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများသည် ဆူဇီမို၏ အမြင်အာရုံနှင့် စိတ်ဝိညာဥ်အသိစိတ်ထောက်လှမ်းနိုင်မှုကို ကန့်သတ်ထားလေသည်။
သူက မြန်မြန်ဆန်ဆန် လျှောက်လှမ်းခြင်းမရှိပေ။
သိပ်မကြာခင် ဆူဇီမိုသည် သူ၏ ဘယ်ဘက်မလှမ်းမကမ်းမှ တဖျတ်ဖျတ်လက်နေသော အလင်းရောင်ဖျော့ဖျော့တစ်ခုကို သတိထားမိလိုက်၏။
“အဲ့ဒါက ရတနာတစ်ခုများလား”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အလင်းရောင်ဖျော့ဖျော့ရှိရာသို့ လျှောက်လှမ်းသွားလိုက်သည်။ ခြေလှမ်းအတော်အတန်လျှောက်လှမ်းပြီးနောက် ဆူဇီမိုက ရပ်တန့်ကာ အာရုံစိုက်၍ ကြည့်ပြီး မှင်တက်သွားသည်။
ရှေ့မလှမ်းမကမ်း အနက်ရောင်မြူခိုးများကြားတွင် ငယ်ရွယ်သောအမျိုးသားတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူက ငယ်ရွယ်သည့်ပုံပေါ်သော်လည်း သူက အဆင့်-၆ မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူနှင့်တူညီသော အဆင့်မှာရှိသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် မဟူရာအင်မော်တယ်များသည် အနက်ရောင်မြူခိုးများ၏ တိုက်စားမှုဒဏ်ကို မခုခံနိုင်ကြပေ။
သို့သော်လည်း လူငယ်၏ ဘေးပတ်လည်မှာ တလက်လက်တောက်ပနေသော အစိမ်းရောင်အကာအရံအလွှာခပ်ဖျော့ဖျော့ရှိပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုက အဲ့ဒါကို ရှင်းလင်းစွာမြင်တွေ့နေရ၏။
လူငယ်၏ ခါးပေါ်တွင် ကျောက်စိမ်းဆွဲသီးတစ်ခုကို ချိတ်ဆွဲထားလေသည်။
ကျောက်စိမ်းဆွဲသီးကနေ ထုတ်ဖော်လိုက်သော စွမ်းအားကြောင့်ပင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများကို ခုခံဖို့အတွက် အစိမ်းရောင်အကာအရံအလွှာခပ်ဖျော့ဖျော့တစ်ခုကို ဖြစ်ပေါ်လာစေခြင်းပင်။
သို့သော်လည်း ကျောက်စိမ်းဆွဲသီးက ကြေမွတော့မည်မှာ သိသာသည်။
ကျောက်စိမ်းဆွဲသီးကြေမွသွားသည့်အခါ အကာအရံအလွှာ၏ ကာကွယ်မှုမရှိဘဲ ထိုလူငယ်က သေချာပေါက်သေဆုံးရတော့မည်ဖြစ်၏။
ဆူဇီမို၏ အမြင်အာရုံက သူနှင့်အဆင့်တူများကြားမှာ များစွာသာလွန်လေသည်။ အဲ့ဒါကြောင့် အနက်ရောင်မြူခိုးများကြားမှာ မတ်တတ်ရပ်ပြီး လူငယ်ကိုကြည့်နေ၏။
သို့သော်လည်း လူငယ်က ဆူဇီမိုကို မတွေ့မြင်ရပေ။ သူ၏ အမြင်အာရုံထဲမှာ သူ၏ ဘေးပတ်ဝန်းကျင်က လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေပြီး အဆက်မပြတ် တလိပ်လိပ်တိုးဝင်လာနေ၏။
လူငယ်က အနည်းငယ်မောဟိုက်နေပြီး သူ၏ မျက်နှာက စိုးရိမ်ထိတ်လန့်မှုဖြင့် ပြည့်နှက်နေ၏။
သူက လက်သီးနှစ်ဖက်ကို ဆုပ်ထားပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်နေလေသည်။ သူက အကာအရံအလွှာပေါ်မှာ တိုးလာနေလေသည့် အက်ကွဲကြောင်းများကိုကြည့်ပြီး သူ၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်လာနေ၏။
ဖျောက်... ဖျောက်... ဖျောက်...
အကာအရံအလွှာကနေ ထွက်ပေါ်လာသောအသံက သေမင်းခေါ်သံကဲ့သို့ တုန်လှုပ်ချောက်ချားစရာကောင်းနေ၏။
ဘန်း...
အဲ့ဒီကြွပ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာ၏။
သူ့ဘေးပတ်လည်ရှိ အကာအရံအလွှာက လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုး၏ အဆက်မပြတ်တိုက်စားမှုကို ခံနိုင်ရည်မရှိတော့ဘဲ ကြေမွသွား၏။ သူ့ခါးပေါ်ရှိ ကျောက်စိမ်းဆွဲသီးကလည်း အပိုင်းပိုင်းကြေမွသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားလေသည်။
လူငယ်၏ မျက်လုံးက မှေးမှိန်သွား၏။
အနက်ရောင်မြူခိုးများဖြင့် ဝါးမျိုခြင်းခံရပါက သူကဘာဖြစ်မည်ကို ကောင်းကောင်းသိလေသည်။
သူ့ထက်ပိုမိုသန်မာသော အဆင့်၇ နှင့် အဆင့်၈ မဟူရာအင်မော်တယ်များက အနက်ရောင်မြိူခိုးများကြားမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို သူကိုယ်တိုင် မြင်တွေ့ထားခဲ့သည်။
သူ့ဖခင် သူ့ကိုပေးထားသည့် ကျောက်စိမ်းဆွဲသီးကြောင့်သာမဟုတ်လျှင် သူက ယခုအချိန်ထိ တောင့်ခံနိုင်မည်မဟုတ်ဘဲ ဤနေရာမှာ သေဆုံးနေခဲ့ပေလိမ့်မည်။
လူငယ်က ကြိတ်၍သက်ပြင်းချလိုက်ပြီး တလိပ်လိပ်တိုးဝင်လာသော အနက်ရောင်မြူခိုးများကို ကူကယ်ရာမဲ့စွာကြည့်နေ၏။
ရုတ်တရက်ဆိုသလို...။
လူငယ်လေး၏ မျက်လုံးက တုန်လှုပ်မှုဖြင့် ပြူးကျယ်သွား၏။
ရှေ့တည့်တည့်ရှိ အနက်ရောင်မြူခိုးများကြားကနေ လူတစ်ယောက်က လျှောက်လှမ်းထွက်လာသည်။
ထိုလူက အနက်ရောင်ဆံပင်များရှိပြီး အစိမ်းရောင်ဝတ်ဆုံကို ဝတ်ဆင်ထား၏။ သူက ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိပြီး တည်ငြိမ်သော အမူအရာနှင့်ပင် အေးအေးလူလူလျှောက်လှမ်းလာလေသည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများက သူ့ကိုဝါးမျိုပြီးတော့မည့်ဆဲဆဲမှာပင် ဘေးပတ်လည်ရှိ အနက်ရောင်မြူခိုးများက ထိုလူဝင်ရောက်လာပြီးနောက် ဆုတ်ခွာသွားသည်။
လူငယ်လေး၏ ပါးစပ်က အလိုလိုပွင့်ဟသွားပြီး သူ၏ မျက်လုံးက တုန်လှုပ်မှုဖြင့် ပြည့်နှက်သွားလေသည်။
“ခင်ဗျားလား”
ထိုလူချဥ်းကပ်လာသောအခါ လူငယ်လေးက တုန်လှုပ်စွာဖြင့် ပြောလိုက်၏။
“မင်းငါ့ကို သိတာလား”
ဆူဇီမိုက မျက်လုံးအနည်းငယ်ပင့်ပြီး လူငယ်လေးကိုငုံ့ကြည့်ကာ ပြန်မေးလိုက်၏။
“ကျုပ်...ကျုပ်ခင်ဗျားကို တစ်ခါမြင်ဖူးတယ်”
လူငယ်လေးက အနည်းငယ်ကြောက်ရွံ့နေပုံရပြီး သူ၏ ခေါင်းကို အနည်းငယ်ငုံ့ထားလေသည်။
“နဂါးအသူရာချောက်နက်မြို့တော်အောက်မှာ ခင်ဗျားက နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ တိုက်ခိုက်ခဲ့တုန်းက”
ဆူဇီမိုက ပြုံးလိုက်လေသည်။
နဂါးအသူရာချောက်နက်မြို့တော်အောက်မှ တိုက်ပွဲသည် ကျင့်ကြံသူများစွာကို သတိထားမိသွားစေခဲ့၏။
ဤလူငယ်လေးကလည်း ထိုတိုက်ပွဲကို တွေ့မြင်ခဲ့လေသည်။
“အစ်ကိုဆူ... ကျုပ်အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လူငယ်လေးက သိပ်မကြာခင် ငေးငိုင်နေရာကနေ နိုးထလာပြီး ဆူဇီမိုရှေ့မှာ ဒူးထောက်ဖို့ပြင်လိုက်လေသည်။
“အဲ့လိုလုပ်စရာ မလိုပါဘူး”
ဆူဇီမိုက သူ၏ အင်္ကျီစလက်စကို ဝေ့ယမ်းပြီး လူငယ်လေးကို ထူမပေးလိုက်၏။
“ဒီနေရာက အန္တရာယ်များတယ် ငါမင်းကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး... ငါမင်းကို အပြင်ဘက်ကိုပြန်ပို့ပေးပြီးရင် မင်းဒီကနေ တတ်နိုင်သမျှမြန်မြန်ထွက်သွားတော့”
“လူငယ်လေးက လိမ္မာပါးနပ်ပြီး တွေဝေတုံ့တိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက လူငယ်လေးကို သူနှင့်အတူခေါ်သွားပြီး သူ၏ နောက်ကျောမှာ ဧရာမရွှေငှက်၏ တောင်ပံတစ်စုံက ပေါ်ထွက်လာ၏။
သူက လေထဲသို့လျင်မြန်စွာ ပျံတက်ပြီး သိပ်မကြာခင် အသူရာချောက်နက်၏ အပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မဟူရာမြူခိုးများ၏ သက်ရောက်မှုအတိုင်းအတာကနေ ထွက်ခွာလာပြီးနောက် ဆူဇီမိုက လူငယ်လေးကို မြေပြင်ပေါ်သို့ ချပေးလိုက်၏။
“သွားတော့.... ဂရုစိုက်ဦး”
ထိုသို့ပြောပြီးသည်နှင့် သူက အသူရာချောက်နက်ထဲသို့ ပြန်လှည့်ကာခုန်ဝင်သွားလေသည်။
“အစ်ကိုဆူ... ခင်ဗျားလည်း ဂရုစိုက်နော်”
လူငယ်လေးက နောက်ကနေ လှမ်းအော်ပြောလိုက်၏။
“ကျုပ်နာမည်က... ရှုရှောင်းထျန်... ခင်ဗျားက နဂါးအသူရာချောက်နက်မြို့တော်ကို ရောက်ဖြစ်မယ်ဆိုရင် ကျုပ်ကိုလာရှာဖို့ သတိရဦး”
ဆူဇီမို၏ ပုံရိပ်က အနက်ရောင်မြူခိုးများကြားထဲ တိုးဝင်ပျောက်ကွယ်သွားပြီဖြစ်၏။
လူငယ်လေးက အသူရာချောက်နက်၏ အစပ်မှာ မတ်တတ်ရပ်၍ မချင့်မရဲအမူအရာဖြင့် အနက်ရောင်မြူခိုးများကို ခဏကြာကြည့်ရှုနေ၏။ သို့သော်လည်း သူက ဤနေရာကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်ဆဲ ဖြစ်၏။
သိပ်မကြာခင် ဆူဇီမိုသည် အသူရာချောက်နက်၏ အောက်ခြေသို့ ပြန်လည်ရောက်ရှိလာပြီး ရှေ့သို့တက်လှမ်းလိုက်သည်။
အစကတော့... မြေပြင်ပေါ်ရှိအရိုးများက ပြန့်ကျဲနေ၏။
သူက ချောက်၏ အနက်ပိုင်းထဲသို့ဝင်ရောက်လာလေလေ အရိုးများ၏ အရေအတွက်က တိုးလာလေလေဖြစ်၏။
နောက်ထပ်ခဏကြာလျှောက်လှမ်းပြီးနောက် ဆူဇီမိုသည် မလှမ်းမကမ်းရှိမြေပြင်ပေါ်မှာ အကောင်းတိုင်းကျန်ရစ်နေသော အလောင်းတစ်လောင်းကို တွေ့မြင်လိုက်ရ၏။
ထိုအလောင်းက အတော်လေးကောင်းမွန်သေးပြီး သူ၏ ဝတ်စားဆင်ယင်မှုက အရမ်းကိုရှေးကျလေသည်။ အဲ့ဒါက နဂါးအသူရာချောက်နက်ပေါ်မှ ဝတ်စားဆင်ယင်ပုံနှင့် အလွန်တရာကွဲပြားနေသည်။
ထိုလူက ဤနေရာမှာသေဆုံးနေခဲ့သည်မှာ ဘယ်လောက်ကြာသွားပြီမှန်း မည်သူကမှ မသိရပေ။
ဆူဇီမိုက ရှေ့သို့လျှောက်လှမ်းပြီး အလောင်း၏ ခါးပေါ်မှ သိုလှောင်အိတ်ကို ဖြုတ်ယူလိုသည့်အတွက် သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းလိုက်၏။
သူ၏ ဝတ်ရုံစက အလောင်းနှင့် ညင်သာစွာထိတွေ့သွားသည့်အခါ အလောင်းကဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်မြူခိုးများကြားထဲ ပြန့်ကျဲကာ ပျောက်ကွယ်သွားလေသည်။
ချက်ချင်းပင် သိုလှောင်အိတ်ကလည်း ပြာကျသွားသည်။
“မင်းကြားပြီးပြီလား... ဒီချောက်နက်ထဲမှာ ကောင်းကင်အဆင့် ဓမ္မရတနာတွေရှိတယ်လို့ကြားတယ်”
“အဲ့ဒါက တစ်ခုမကဘူးလို့လည်း ငါကြားထားတယ်”
“ငါတို့အဲ့ဒါကို ရနိုင်မလားသိချင်မိတယ်”
ထိုစဥ်မှာပင် မလှမ်းကမ်းရှိ အနက်ရောင်မြူခိုးများကြားမှာ အပြန်အလှန်စကားပြောဆိုသံများ ထွက်ပေါ်လာ၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်ပြီး သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
ဘုန်း...
ထိုစဥ်မှာပင် အသူရာချောက်နက်ထဲကနေ ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာ၏။
အဲ့ဒီနောက် ချောက်နက်၏ အစွန်းတစ်ဘက်ကနေ ဂမ္ဘီရအလင်းများက ပစ်လွင့်ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
သူတို့က အနက်ရောင်မြူခိုးများကို ဖြတ်ကျော်ကာ လင်းထိန်တောက်ပနေလေသည်။
“အာ...အဲ့ဒါက ကောင်းကင်အဆင့် ဓမ္မရတနာတွေပဲ”
“အဲ့ဒါကို မြန်မြန်ယူဖို့လုပ်ကြ”
ဘေးပတ်လည်ရှိအနက်ရောင်မြူခိုးများကြားမှာ အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ဆူဇီမို အသူရာချောက်နက်ထဲသို့ မဝင်ရောက်ခင်ကလည်း ဤကဲ့သို့ ပုံစံဖြစ်ခဲ့ဖူးလေသည်။
သို့သော်လည်း ထိုစဥ်တုန်းက ဓမ္မရတနာအများစုသည် ကမ္ဘာမြေအဆင့်မှာရှိလေသည်။
အစကတော့ ဆူဇီမိုသည် ကျောက်စိမ်းဓားမြှောင်တစ်လက်ကိုရရှိခဲ့၏။ သို့သော်လည်း အဲ့ဒါကို ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က လုယူသွားပြီး သူက အသက်ခံရလုနီးပါးဖြစ်ခဲ့သည်။
သို့သော်ယခု... ဂမ္ဘီရအလင်းများကြားမှာ ကောင်းကင်အဆင့် ဓမ္မရတနာများပေါ်ထွက်လာ၏။
ဂမ္ဘီရအလင်းများက ကောင်းကင်ထက်သို့ ရောက်ရှိလာသောအခါ အဲ့ဒီမှာ ရှေးဟောင်းခေါင်းလောင်းများ ၊ ကျောက်စိမ်းဒယ်စောက်များ၊ ဓားပျံများ၊ နက်မှောင်နေသော ရှေးဟောင်းထီးများ စသည်ဖြင့် ပစ္စည်းမျိုးစုံကို ဆူဇီမိုက ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
ဓမ္မရတနာများကနေ ထုတ်ဖော်လိုက်သော ဂမ္ဘီရအလင်းများသည် အနက်ရောင်မြူခိုးများကို လွင့်ပြယ်သွားစေပြီး အသူရာချောက်နက်ကို နေ့ဘက်အလား ထိန်ထိန်လင်းသွားစေ၏။
အစကတော့... ဆူဇီမိုသည် အနက်ရောင်မြူခိုးများကြားမှာရှိနေပြီး အသူရာချောက်နက်၏ အောက်ခြေသို့ တက်လှမ်းနေဆဲ ဖြစ်၏။ သူ၏ မြင်ကွင်းက အကန့်အသတ်ရှိပြီး သူက ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ခဲ့ရပေ။
သို့သော်ယခု... ဓမ္မရတနာများစွာက မွေးဖွားပေါ်ထွက်လာပြီး ဆူဇီမိုက အလိုလိုမော့ကြည့်ကာ သူ၏ အမူအရာက ပြောင်းလဲသွားရသည်။