← Chapters

သက်သေအသစ်

Vol. 71 Ch. 1051

သက်သေအသစ်

Vol. 71 Ch. 1051

တရားရုံးတွင် ကြားနာခြင်းမပြုမီ စစ်ဆေးမေးမြန်းမှုတွင် ဖူဖူရှန့်သည် လုံးဝဆန့်ကျင်ဘက် တုံ့ပြန်မှုကို ပေးခဲ့သည်။

သူက အပြစ်အားလုံးကို လျူရီအား လွှဲချခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ သားကောင်အဖြစ် ပုံဖော်ခဲ့သည်။

ဖူဖူရှန့်က သူ့အပေါ်တွင် သက်ရောက်နေသည့် စွဲချက်များကိုပြေပျောက်ရန်အတွက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်ဟု ကျိုးရီ ခံစားရသည်။

အခြေအနေက ဤအတိုင်းအတာထိ ရောက်လာသောကြောင့် ရာဗန်စတူဒီယိုကို ဆက်လက် လည်ပတ်နိုင်မည်နှင့် ပတ်သတ်၍ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ဖူဖူရှန့်က သူ၏ ကြိုးစားအားထုတ်မှုများအား အဆုံးရှုံးခံရန် လုံးဝဆန္ဒမရှိခဲ့ပေ။

လွန်ခဲ့သည့် သုံးနှစ်အတွင်း မှော်ရတနာ ဒီဇိုင်းနယ်ပယ်တွင် သူတည်ဆောက်ခဲ့သည့် ဂုဏ်သိက္ခာနှင့် ကြွယ်ဝမှုများက ဤကိစ္စအပြီးတွင် ဆုံးရှုံးသွားမည်ကို သူအလွန်ကြောက်ရွံ့နေသည်။

နစ်နာကြေးပေးရသည်လောက်က သူ့အတွက် ကြီးမားသော ကိစ္စမဟုတ်ပေ။

သူ့အတွက်ငွေက အချိန်မရွေး ပြန်ရှာ၍ ရသောကြောင့် ဖြစ်သည်။

သို့သော် သူ့တွင် ရာဇဝတ်မှုမှတ်တမ်းတော့ လုံးဝရှိ၍မဖြစ်ပေ။

ဒီဇိုင်းခိုးယူသော ကိစ္စသည် အခြားသူတစ်ဦး၏ ကိုယ်ပိုင်ဖန်တီးမှုကို ခိုးယူသောကိစ္စ ဖြစ်သောကြောင့် ဒီဇိုင်းနယ်ပယ်က လုံးဝလက်မခံပေ။

ပညာရေးလောကတွင် အစောဆုံး ခိုးယူမှုဖြစ်ပွားပြီးနောက်တွင် ဒေါက်တာကျိုက်နဲ့ ဟွာရှို့မဟာမိတ်အဖွဲ့အစည်းသည် ပညာရပ်ဆိုင်ရာ ခိုးယူမှုကို တားဆီး ကာကွယ်ရန်အတွက် ဥပဒေနှင့် စည်းမျဉ်းသစ်များကို ထုတ်ပြန်ခဲ့ပြီးပြီ ဖြစ်သည်။

ယင်းမှာ ထောင်ဒဏ် အနှစ်သုံးဆယ်နှင့် အထက် ဖြစ်ပြီး အပြင်းထန်ဆုံး ပြစ်ဒဏ်မှာ ဒဏ်ငွေ HNY ငါးသိန်းနှင့် ပညာရေးဆိုင်ရာ အရည်အချင်းများနှင့် အောင်မြင်မှုများအားလုံးကို ရုတ်သိမ်းခြင်းခံရမည် ဖြစ်၏။

ဖူဖူရှန့်က သူ၏ ကျန်ရှိသော ဘဝတစ်လျှောက်လုံးကို သံတိုင်များ၏ နောက်တွင် ကုန်ဆုံးမည်အား အလွန် ကြောက်ရွံ့နေခဲ့သည်။

ယနေ့တွင်မူ ဖူဖူရှန့်သည် သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိနေသည်။

အကြောင်းအရင်းမှာ တရားရုံးတွင် ကြားနာခြင်းမပြုမီ ဤအမှုနှင့် ပတ်သက်သူအားလုံးက သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိထားသောကြောင့် ဖြစ်သည်။

မည်သည့်သက်သေမှ မကျန်ရှိ၍ ဖူဖူရှန့်က အလွန်ယုံကြည်ချက် ရှိနေခြင်းဆိုလည်း မမှားပေ။

တရားသူကြီးချုပ်လျန့်က ဖူဖူရှန့်ကို မျက်လုံးချင်းဆိုင်၍ ကြည့်လိုက်သည်။

အတွေအကြုံရှိသော တရားသူကြီးချုပ် တစ်ဦး အနေဖြင့် လျန့်ရှင်းသည် လူတစ်ဦး လိမ်ညာခြင်း ရှိမရှိကို ၎င်း၏မျက်လုံးအား အကဲခတ်ရုံနှင့်ပင် သိနိုင်သည်။

ကံမကောင်းစွာဖြင့် ဤနေရာသည် စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို သက်သေအထောက်အထားများ ပေါ်တွင်သာ အခြေခံရမည့် ကျင့်ကြံခြင်းလောက၏ တရားခွင်တစ်ခု ဖြစ်နေခဲ့သည်။

“မင်းရဲ့မျက်လုံးတွေက လူသတ်သမားနဲ့ တူတယ်"ဟု ပြောရုံမျှဖြင့် တစ်စုံတစ်ယောက်ကို အပြစ်ပေးရန် မလုံလောက်ပေ။

ဤအမှုက လက်ရှိအချိန်တွင် လူစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရားခံအား အပြစ်ရှိကြောင်း ဝန်ခံချက်ထုတ်ရန်အတွက် အလွန်ခက်ခဲနေ၏။

အဘယ်ကြောင့်ဆိုသော် ပါဝင်ပတ်သက်သူများသည် အသက်မရှိတော့သောကြောင့်ပင်။

တရားခံ နေရာတွင်ရှိနေသော ဖူဖူရှန့်သည် မည်သည့်သက်သေမှမရှိ၍ ဤကိစ္စကို ခေါင်းရှောင်နိုင်မည်မှာ ထင်ရှားနေသည်။

ဤအချက်ကို တရားသူကြီးလျန့်ရှင်းက မျှော်လင့်ထားပြီးသား ဖြစ်သည်။

သို့သော် ဖူဖူရှန့်က ပြတ်ပြတ်သားသားပင် လိမ်လည်၍ ထွက်ဆိုလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

သို့ရာတွင် တရားသူကြီးချုပ် လျန့်ရှင်းသည် စိတ်လှုပ်ရှားခြင်းအလျဉ်းမရှိဘဲ တည်ငြိမ်နေခဲ့သည်။

ထို့နောက်တွင် တရားသူကြီးချုပ် လျန့်ရှင်းသည် ဖူဖူရှန့်၏ ရှေ့နေဘက်သို့ လှည့်ကြည့်လိုက်သည်။

“တရားသူကြီးမင်းခင်ဗျာ.. ကျွန်တော့ရဲ့ အမှုသည်ကို စွဲချက်တင်ချင်လို့ရှိရင် သက်သေအတိအကျ ရှိရပါမယ်.. သက်သေမရှိသရွေ့ ကျွန်တော့ရဲ့ အမှုသည်က ဒီအမှုနဲ့ မပတ်သတ်ဘဲ အပြစ်ကင်းစင်ပါတယ်”

လျန့်ရှင်းက ခေါင်းတဆတ်ဆတ် ညိမ့်လိုက်သည်။

ဖူဖူရှန့်၏ရှေ့နေမှာ ဝူယွမ်ကျီ ဖြစ်ပြီး စုန့်ဟိုင်မြို့တွင် ထင်ရှားသောရှေ့နေတစ်ဦး ဖြစ်သည်။

တရားသူကြီး အားလုံးသည် ဝူယွမ်ကျီက အလွန်ဆက်ဆံရခက်ခဲသည်ကို သိရှိထားကြသည်။

ဤရှေ့နေက သူ၏ စွမ်းရည်များကို ပြသရန်အတွက် ခုခံရမည့်အမှုများကိုသာ ကိုင်တွယ်လေ့ရှိသည်။

ဆိုရလျှင် ဝူယွမ်ကျီသည် သံသယဖြစ်စရာ အချက်အလက်များနှင့် ဟာကွက်များကို ရှာဖွေကာ တရားခံကို မျက်နှာသာရအောင် အထောက်အထားများ ဖန်တီးရာတွင် အလွန်တော်သူ ဖြစ်သည်။

ဖူဖူရှန့်၏ ရှေ့နေက ဝူယွမ်ကျီ ဖြစ်နေသောကြောင့် အနည်းငယ် ခက်ခဲသွားပြီဟု ကောင်းထျန်း ခံစားခဲ့ရသည်။

“ဒီလူက ဘယ်သူမို့လို့လဲ”

ငွေရောင်လေးက ခပ်တိုးတိုး မေးလိုက်သည်။

“သူက ဝူယွမ်ကျီလို့ခေါ်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ရှေ့နေတစ်ယောက်ပဲ.. အမှုပေါင်း တစ်ရာကျော်ကို ခုခံကာကွယ်ပေးခဲ့ပြီး အဲဒီအမှုတွေအားလုံးမှာ တရားခံတွေက အမှုကနေကွင်းလုံးကျွတ် လွတ်သွားခဲ့တယ်.. အခုချိန်ထိတော့ သူကအမှုတစ်ခုပဲ ရှုံးနိမ့်ခဲ့ဖူးတယ်”

“ဘယ်လိုအမှုမျိုးလဲ”

ငွေရောင်လေးက စပ်စုလိုက်သည်။

ကောင်းထျန်း “ဇနီးသည်က သူ့ခင်ပွန်းကို ချောက်ချခဲ့တဲ့ လူသတ်မှုတစ်ခု ဖြစ်ခဲ့တယ်.. ဒါပေမဲ့ စွဲချက်တင်ခံရစဉ်မှာပဲ ဝူယွမ်ကျီကြောင့် ခင်ပွန်းဖြစ်သူက ပြန်လည် လွတ်မြောက်လာခဲ့တယ်.. အဆုံးသတ်မှာတော့ လွတ်မြောက်လာတဲ့ယောက်ျားက သူ့ရဲ့မိန်းမကို သတ်ပစ်လိုက်တယ်”

ငွေရောင်လေးနှင့်ကျိုးရီ “..........”

ကောင်းထျန်းနှင့် အခြားသူအားလုံး မျှော်လင့်ထားသည့်အတိုင်းပင် ဖူဖူရှန့်သည် ဝူယွမ်ကျီ ရှိနေခြင်းကြောင့် သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေခြင်း ဆိုလည်းမမှားပေ။

ယခုအခါတွင် ဝူယွမ်ကျီသည် ခုခံချေပရမည့် ထိုင်ခုံတွင် ခြေချိတ်၍ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

ထိုကဲ့သို့ မလေးမခန့် အပြုအမူသည် တရားရုံးကို မထီမဲ့မြင်ပြုနေကြောင်း အရိပ်အမြွက်ပြနေသည်။

ယင်းမှာ ဝူယွမ်ကျီကို တရားသူကြီးများ မနှစ်သက်ရသည့် အကြောင်းအရင်းလည်း ဖြစ်၏။

သို့သော် ဝူယွမ်ကျီသည် ရှေ့နေအသိုင်းအဝိုင်း ထဲတွင် နာမည်ဆိုးနှင့် ကျော်ကြားသည့် ဒဏ္ဍာရီတစ်ပါး ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဝူယွမ်ကျီသည် မည်သည့်အမှုကို မဆို ရဲရဲဝံ့ဝံ့လက်ခံပြီး လူသတ်သမားများကိုပင် ချေပပေးသောကြောင့် ဖြစ်သည်။

သူရှုံးနိမ့်ခဲ့သည့် တစ်ခုတည်းသော အမှုမှာလည်း မထင်မှတ်ထားသော ကိစ္စများ ဖြစ်ပျက်သွားသောကြောင့်သာ ဖြစ်သည်။

သူ့အမှုသည်က လွတ်မြောက်လာပြီးနောက်တွင် သူ့မိန်းမကို သတ်ပစ်ရလောက်သည် အထိ ရူးသွပ်သွားလိမ့်မည်ဟု ဝူယွမ်ကျီ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်မှစ၍ ရှေ့နေအသိုင်းအဝိုင်းသည် ဝူယွမ်ကျီအား နတ်ဆိုးရှေ့နေဟု ကင်ပွန်းတပ်ခဲ့ကြသည်။

နတ်ဆိုးရှေ့နေ ဟူသောအဓိပ္ပါယ်မှာ နတ်ဆိုးများကို ကာကွယ်ပေးသော ရှေ့နေဟု အဓိပ္ပါယ်ရသည်။

သို့သော် ဝူယွမ်ကျီက ထိုအခေါ်အဝေါ်ကို အလေးမထားခဲ့ပေ။

သူ့အတွက် အရေးအကြီးဆုံးမှာ သူ့စွမ်းဆောင်ရည်ကို ပြသရန်ဖြစ်သည်။

အနည်းဆုံးတော့ ရှေ့နေ အသိုင်းအဝိုင်းထဲတွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှရှိမည်ဟု သူ မထင်ခဲ့ပေ။

ထို့အပြင် သူသည် ရှေ့နေအခကြေးငွေထက် သူ့ကိုယ်သူစိန်ခေါ်ရသည်ကို ကြိုက်နှစ်သက်သော ရှေ့နေတစ်ဦး ဖြစ်သည်။

အမှုက ခက်ခဲလေ သူက ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သည်။

သူ၏ ခုခံချေပမှုက ထိရောက်မှုရှိနေ၍ သူ့အမှုသည်က တရားသေ လွှတ်ခံရမည်မှာ သေချာသည် မဟုတ်ပါလော။

တရားစီရင်ရာတွင် အရေးအကြီးဆုံးအရာမှာ အဘယ်နည်း။

ဝူယွမ်ကျီက ထိုအကြောင်းကို တွေးမိတိုင်းတွင် ရယ်မောနေသည်။

မှန်၏၊ အရေးအကြီးဆုံးအရာမှာ သက်သေ ဖြစ်သည်။

အကယ်၍ သက်သေအထောက်အထား မရှိလျှင် မည်သို့ ဖြစ်လာနိုင်မည်နည်း။

သက်သေအထောက်အထား မရှိလျှင် စွဲချက်တင်ခြင်းသည် အသုံးမဝင်တော့ပေ။

ထို့ကြောင့် ဤကိစ္စ မတိုင်မီကတည်းပင် ဝူယွမ်ကျီသည် နောက်ဆုံးသောသက်သေ ဖြစ်သည့် လျူရီကို ရှင်းပစ်ခဲ့ခြင်း ဖြစ်သည်။

ဟုတ်ပါသည်၊ လျူရီကိုသတ်ဖြတ်ခဲ့သူမှာ ဝူယွမ်ကျီပင်ဖြစ်သည်။

လျူရီမတိုင်မီ သေဆုံးသွားသည့် အခြားလူများသည်လည်း သူ့လက်ချက်ဖြင့်ပင် ဇီဝိန်ချုပ်သွားခဲ့ရသည်။

ထို့နောက်တွင် သူက အထောက်အထား အားလုံးကို ဖေဖေကျန့်အား ညွှန်ပြစေခဲ့သည်။

သက်သေမရှိသော ကိစ္စအတွက် မည်ကဲ့သို့ တရားစီရင်ချက် ချနိုင်ပါမည်နည်း။

သူက ထိုအကြောင်းကိုတွေးရင်း ခပ်ထေ့ထေ့ ပြုံးလိုက်သည်။

ထိုအချိန်မှာပင် ကောင်းထျန်းက မတ်တပ် ထရပ်လိုက်သည်။

သူက တရားသူကြီး လျန့်ရှင်းနှင့် ဂျူရီအဖွဲ့ဝင်များ အားလုံး ထံသို့ လှည့်၍ ဂါရဝပြုကာ ပြောလိုက်သည်။

“တရားသူကြီးနဲ့ ဂျူရီ အဖွဲ့ဝင်တွေကို တောင်းဆိုပါတယ်.. ကျွန်တော့်ကို သက်သေအသစ် ခေါ်ယူခွင့်ပြုပါ”

ထိုစကားကြောင့် အမှုကို စိတ်ဝင်တစား စောင့်ကြည့်နေသူအားလုံးက အံ့အားသင့်သွားသည်။

ဤအမှုတွင် နောက်ထပ် သက်သေတစ်ယောက် ရှိနေသေးပါသလော။

အပိုင်း(၁၀၅၁) ပြီး၏

All Chapters