အစာကို တံတွေးထွေးရုံဖြင့် လုံလောက်သည်
Vol. 71 Ch. 1052
တရားလိုပြ သက်သေအသစ်ကို အမှန်တကယ် တွေ့ရှိလိမ့်မည်ဟု ဝူယွမ်ကျီ မထင်ခဲ့ပေ။
ဖူဖူရှန့်၏ သူနှင့်အလားတူ အံ့အားသင့်နေသောအကြည့်အောက်မှာပင် ဝူယွမ်ကျီသည် ချက်ချင်းဆိုသလို ကန့်ကွက်လိုက်သည်။
“လေးစားအပ်ပါသော တရားသူကြီးမင်း.. တရားလိုက စည်းမျဉ်းစည်းကမ်းတွေအရ သက်သေအသစ် တင်သွင်းဖို့အတွက် ကြိုတင်လျှောက်ထားခြင်း မရှိပါဘူး.. ဒါကြောင့် တရားရုံးကြားနာမှုကို ခေတ္တဆိုင်းငံ့ထားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်”
ဝူယွမ်ကျီက ထိုသို့တောင်းဆိုလိုက်သည်မှာ အံ့ဩစရာတော့မရှိပေ။
ဥပဒေအရ အထောက်အထားများကို အသုံးပြုလိုလျှင် ကြိုတင်လျှောက်ထားရမည် ဖြစ်သည်။
သို့သော် ယခုကြားနာမှုကို ရွှေ့ဆိုင်းလိုက်လျှင် တရားရုံးမှ တရားမဝင် သက်သေများ၏ စစ်ဆေးမှုကို စီရင်ဆုံးဖြတ်ရန် လိုအပ်နေသေးသောကြောင့် မနက်ဖြန်မှသာ ကျင်းပနိုင်လိမ့်မည် ဖြစ်သည်။
တရားသူကြီးလျန့်ရှင်းက ကောင်းကျိုးဆိုးကျိုးများကို သေချာချိန်ဆခဲ့သည်။
ဝူယွမ်ကျီက အစီအစဉ်အချို့ကို ထပ်မံစီစဉ်ရန် စဉ်းစားနေပုံရသည်ဟု သူသံသယရှိမိသည်။
သို့သော်လည်း ဤလူက လိမ္မာပါးနပ်လွန်းသောကြောင့် တရားသူကြီးလျန့်ရှင်းက တည်ဆဲဥပဒေများနှင့်အညီ အမှုကိုင်တွယ်ရမည်ကို အတိအကျ သိထားခဲ့သည်။
သို့မဟုတ်လျှင် ဝူယွမ်ကျီသည် အားနည်းချက် အနည်းငယ်ကိုဆုပ်ကိုင်၍ တရားသူကြီးနေရာကို အစားထိုးရန်အတွက် ဟွာရှို့မဟာမိတ်အဖွဲ့အစည်းသို့ လျှောက်ထားနိုင်မည် ဖြစ်သည်။
ဝူယွမ်ကျီက တရားစီရင်မှု တစ်ဝက်မှာပင် တရားသူကြီးများကို အစားထိုးခြင်းပြုခဲ့သည့် အမှုများစွာ ရှိခဲ့ဖူ၏။
“ရှေ့နေရဲ့ တောင်းဆိုချက်ကိုလက်ခံပါတယ်.. တရားလိုဘက်ကလည်း သက်သေထွက်ဆိုချက်တွေကို စည်းမျဉ်းအတိုင်းဖြစ်စေဖို့အတွက် ဒီနေ့ပဲ တင်ပြပေးပါ”
ကိစ္စအားလုံးကို ခြုံငုံသုံးသပ်ပြီးနောက်တွင် တရားသူကြီးလျန့်ရှင်းသည် ဝူယွမ်ကျီ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။
ထို့နောက်တွင် သူက တူအသေးဖြင့် ထုရိုက်လိုက်သည်။
“ကြားနာမှုကို ရွှေ့ဆိုင်းမယ်”
ရုံးချိန်းကို ရွှေ့ဆိုင်းလိမ့်မည်ဟု အွန်လိုင်းပရိသတ်များက မည်သူမှ မထင်ထားခဲ့ပေ။
လျန့်ရှင်း၏ ဆုံးဖြတ်ချက်အပေါ်တွင် အင်တာနက်အသုံးပြုသူများက အမျိုးမျိုး ဆွေးနွေးခဲ့ကြသည်။
အချို့က လျန့်ရှင်းသည် ဝူယွမ်ကျီဘက်တွင် ရှိနေသည်ဟု ထင်မြင်ကြပြီး အချို့ကမူ လုံးဝဆန့်ကျင်ဘက်အမြင်မျိုး ရှိကြသည်။
၎င်းတို့က တရားသူကြီးချုပ် လျန့်ရှင်းသည် ဥပဒေကို လိုက်နာခြင်းသာဖြစ်သည်ဟု ယူဆခဲ့ကြသည်။
ဝမ်လင်းက အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့သည်။
ဖန်သားပြင်ပေါ်တွင် မက်ဆေ့ချ်အများအပြား တက်လာ၍ ဝမ်လင်းပင် ထိတ်လန့်သွားခဲ့သည်။
ယနေ့ခေတ် အွန်လိုင်းပတ်ဝန်းကျင်တွင် လူသားများသည် သဘောထားကွဲလွဲမှု အနည်းငယ်ဖြင့်ပင် အဓိကအွန်လိုင်းပလက်ဖောင်းပေါ်ကနေ စစ်မြေပြင်ကို ဖန်တီးလေ့ရှိကြသည်။
ထွင်ထျန်းဟာက ဝမ်လင်း၏ ပေါင်ပေါ်တွင်ထိုင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့သည်။
ငွေရောင်လေးက ကောင်းထျန်းနှင့်အတူ အများပြည်သူတရားစွဲဆိုမှုတွင် အဖွဲ့ဝင်အဖြစ် တရားရုံးသို့ ရောက်ရှိနေခဲ့သည်။
တကယ်တမ်းတွင် ထွင်ထျန်းဟာသည်လည်း တရားရုံးတွင်ရှိနေမည် ဖြစ်သည်။
သို့သော် သတင်းထောက်အချို့က ခွေးမွေးနှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ချေကို တွေးတောမိကာ ဆရာလေးလင်းနှင့် အိမ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရန်သာ ဆုံးဖြတ်ခဲ့သည်။
ဤသည်မှာ လူသားအသွင်ကို မပြောင်းလဲနိုင်သေးသောကြောင့်သာ ဖြစ်သည်။
သူသာ လူသားအသွင်ပြောင်းနိုင်ခဲ့လျှင် ဤကဲ့သို့သောပြဿနာမျိုး ရှိလာတော့မည် မဟုတ်ပေ။
ထွင်ထျန်းဟာက ခွေးဖြစ်လာပြီးနောက်တွင် ပန်းတိုင်အသစ်ကို တွေ့ရှိခဲ့သည်။
သူက ဝမ်လင်း အထက်တန်းကျောင်း မပြီးခင် လူသားအသွင်ကို ပြောင်းလဲနိုင်ရန် ဆုံးဖြတ်ထားသည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် လူသားအသွင်ကိုပြောင်းလဲရန်မှာ မခက်ခဲပေ။
သို့သော်လည်း ထွင်ထျန်းဟာ၏ အခြေအနေမှာမူ ပို၍ထူးခြားသည်။
သူက ဖားပြုပ်မျိုးနွယ်စု၏ နတ်ဆိုးဘုရင် ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။
မျိုးနွယ်၊ လိင်နှင့် အသွင်သဏ္ဍာန်ကို တိုက်ရိုက် ပြောင်းလဲခြင်းသည် လူသားအသွင်ကို ကျင့်ကြံသည့် လမ်းစဉ်ပေါ်ရှိ ထွင်ထျန်းဟာ အတွက် အခြားသော ဝိညာဉ်သားရဲများနှင့် နှိုင်းယှဉ်လျှင် ပိုမိုရှုပ်ထွေးစေသည်။
သို့သော်လည်း ဝမ်လင်းသည် ထွင်ထျန်းဟာ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ပြန်လည် ပြင်ဆင်ပေးထားခဲ့သည်။
“မင်းက လူသားအသွင်ကို သေချာပေါက် ပြောင်းလဲနိုင်ပါလိမ့်မယ်”
ဝမ်လင်းက ထွင်ထျန်းဟာ၏ ဦးခေါင်းကိုပွတ်သပ်၍ ပြောလိုက်ရာ ထွင်ထျန်းဟာက တစ်ကိုယ်လုံး အကြောအချဉ် ပြေလျော့သွားသလို ခံစားလိုက်ရသည်။
အကြောင်းတစ်ခုခုကြောင့် ခွေးများနှင့် ကြောင်များသည် ၎င်းတို့၏ ဦးခေါင်း၊ မေးစေ့နှင့် နားရွက်အပေါ်ရှိ နေရာများကို ပွတ်သပ်ပေးလျှင် နှစ်သက်ကြသည်။
ထွင်ထျန်းဟာက ရုတ်တရက် သက်ပြင်းချလိုက်သည်။
ဝမ်လင်းကသူ့ကို ပေါင်ပေါ်တွင် တင်ကာ ပွတ်သပ်ပေးနေသည်။
ဤကဲ့သို့ စည်းစိမ်မျိုးသည် ကမ္ဘာပေါ်တွင်သူတစ်ယောက်တည်းသာ ခံစားနိုင်သောအရာ ဖြစ်သည်။
အွန်လိုင်းမှ စောင့်ကြည့်သူများသည် လိုင်းပေါ်တွင် ဆွေးနွေးနေကြစဉ် ဝမ်လင်းသည် ကျိုးရီထံမှ မက်ဆေ့ချ်တစ်ခုကို လက်ခံရရှိခဲ့သည်။
“ဆရာ မှန်းထားတဲ့အတိုင်းပဲ ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ရပြီ.. အားလုံးက အစီအစဉ်အတိုင်း ဖြစ်နေတယ်”
ထွင်ထျန်းဟာက ဝမ်လင်း၏ လက်ထဲမှ မက်ဆေ့ချ်ကို ကြည့်လိုက်ရာ မှင်တက်သွားခဲ့သည်။
“အစီအစဉ်အတိုင်းတဲ့လား”
ဟုတ်ပါသည်၊ တရားရုံးတွင် ကြားနာခြင်း မပြုမီကပင် ဝမ်လင်းသည် ဤတစ်ကြိမ် ဖူဖူရှန့်ကို ခုခံကာကွယ်ပေးမည့် ရှေ့နေသည် နတ်ဆိုးရှေ့နေဟု ကျော်ကြားသော ဝူယွမ်ကျီမှန်း သိခဲ့သည်။
ထိုခဏမှာပင် ထွင်ထျန်းဟာသည် ဝမ်လင်းနှင့် ကျိုးရီတို့က တန်ပြန် အစီအမံတစ်ခုကို လျှို့ဝှက်စီစဉ်ထားပြီးလောက်ပြီဟု တွေးဆမိခဲ့သည်။
စင်စစ် ကြားနာမှုရွှေ့ဆိုင်းခြင်းသည် ကျိုးရီနှင့် ဝမ်လင်းတို့ ကြိုတင် မျှော်လင့်ထားပြီးသား ကိစ္စရပ်သာ ဖြစ်သည် မဟုတ်လော။
“ဒါရိုက်တာကျိုး.. ငါတို့ ဘာဆက်လုပ်ကြမလဲ”
ကောင်းထျန်းက တရားရုံးကြားနာမှု ပထမအကျော့ အပြီးတွင် တက်ကြွစွာဖြင့် ကျိုးရီကို ဆက်သွယ်လိုက်သည်။
ကျိုးရီက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကောင်းထျန်းကို ပြောလိုက်သည်။
“မူလအစီအစဉ်အတိုင်းပဲ လိုက်နာပါ.. အတတ်နိုင်ဆုံး သဘာဝကျအောင် လုပ်ဆောင်ပါ.. ဒီဝူယွမ်ကျီက အရမ်းပါးနပ်တယ်”
သူတို့စုံစမ်းမှုအရ ဤနတ်ဆိုးရှေ့နေ၏ အဓိကဗျူဟာသည် သက်သေများကို ဖျက်ဆီးရန်နှင့် အသစ်ဖန်တီးရန် ဖြစ်သည်။
ထို့ကြောင့် သူတို့၏ နောက်ထပ်လုပ်ဆောင်မှုသည် အလွန်ရိုးရှင်းသည်။
ယင်းမှာဝူယွမ်ကျီ၏ အားနည်းချက်ကို ဆုပ်ကိုင်၍ အနာဂတ်ပြဿနာများကို ဖယ်ရှားရန်အတွက် ရှေ့နေအသိုင်းအဝိုင်းမှ ထာဝရ ပျောက်ကွယ်သွားစေရန် ဖြစ်သည်။
-----------------------
အခြားတစ်ဖက်တွင်လည်း တရားလိုပြ သက်သေအသစ် တွေ့ရှိသည့် သတင်းက ဝူယွမ်ကျီကို ခေါင်းကိုက်စေခဲ့သည်။
ဝူယွမ်ကျီက တရားခံရှေ့နေအဖြစ် ဖူဖူရှန့်အား ထိန်းသိမ်းရေးစခန်းတွင် တွေ့ဆုံခဲ့သည်။
ဖူဖူရှန့်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ.. လျူရီသေသွားပြီမဟုတ်လား”
“မင်းရဲ့လေသံကို ပြန်လျှော့ထားလိုက်”
ဝူယွမ်ကျီက ဖူဖူရှန့်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“လျူရီက တကယ်ပဲ သေသွားပြီ.. ဒါကြောင့် သူတို့ နောက်ထပ် သက်သေအသစ်ကို ရှာတွေ့နိုင်မယ်လို့ ငါတကယ်မထင်ခဲ့ဘူး.. ဒါပေမဲ့ အရေးမကြီးပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ဒီတရားစွဲဆိုမှုကို ငါတို့ အနိုင်ရနိုင်ပါတယ်.. ဒါက နောက်ထပ် ပြဿနာအသေးအဖွဲလေး တစ်ခုပါပဲ”
“မင်းမှာဖြေရှင်းနိုင်မယ့် အစီအစဉ်ရှိလား”
ဖူဖူရှန့်က မျက်လုံးများ တောက်ပလာပြီး ဝူယွမ်ကျီကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါဘာလိုချင်လဲ ဆိုတာကို မင်းသိပါတယ်.. မင်းငါ့ကို အပြစ်မရှိအောင် လုပ်ပေးရမယ်.. ဒါတင်မကဘဲ ငါ့ရဲ့ဂုဏ်သိက္ခာမထိခိုက်အောင်လည်း ထိန်းသိမ်းပေးရမယ်”
“ဂုဏ်သိက္ခာ ဟုတ်လား”
ဝူယွမ်ကျီက ရယ်မော၍ ဖူဖူရှန့်၏ အနားသို့တိုးကပ်ကာ မျက်လုံးချင်းဆိုင်ကြည့်လိုက်သည်။
“ငါ့ကိုမ င်းရဲ့ ရှေ့နေလုပ်ပေးဖို့ ရှာတုန်းက မင်းရဲ့ ဂုဏ်သတင်းက ဘယ်နေရာကို ရောက်နေတာလဲ.. ကောင်းပြီလေ.. ငါရှေ့နေခကို နှစ်ဆလိုချင်တယ်.. ဒါကြောင့် နောက်ထပ် သန်းတစ်ရာ ထပ်ပေးပါ.. ဒါမှမဟုတ်ရင်တော့ ပိုကောင်းတဲ့ရှေ့နေတစ်ယောက်ကို ထပ်ရှာလိုက်တော့”
“မင်း..”
ဖူဖူရှန့်က စကားမပြောနိုင်တော့ဘဲ ဆွံ့အသွားခဲ့သည်။
“မင်းရဲ့ အသက်နဲ့ လွတ်လပ်မှု အတွက် ဒီကိစ္စကို သေချာစဉ်းစားဖို့ အကြံပေးချင်တယ်”
“မင်းက နတ်ဆိုးပဲ”
“ဟုတ်တယ်.. ငါက နတ်ဆိုးပဲ.. ဒီနတ်ဆိုးကပဲ မင်းကို ဒီအမှုနိုင်အောင် ကူညီပေးနိုင်တယ်”
ထိုစကားကိုပြောရင်း ဝူယွမ်ကျီက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့.. ငါဒီကိစ္စကို ဒီညပဲ ဖြေရှင်းလိုက်မယ်”
ဝူယွမ်ကျီက လည်ချောင်းကို လှီးဖြတ်သည့် အမူအရာမျိုး ပြုလုပ်ပြလိုက်သည်။
“သဲလွန်စ မကျန်အောင် လုပ်နိုင်တယ်လို့ အာမခံနိုင်တယ်မဟုတ်လား”
“သေချာတာပေါ့.. ငါက ဒီနည်းလမ်းကို အတော်လေး ရင်းနှီးနေပြီလေ”
“ကောင်းပြီ.. ငါသဘောတူတယ်”
သို့သော် သူတို့ မသိသည်မှာ ထိန်းသိမ်းရေးစခန်း၏ စောင့်ကြည့်ရေးကင်မရာကနေ ကောင်းထျန်းသည် သူတို့ကို တစ်ချိန်လုံးစောင့်ကြည့်နေကြခြင်းပင်။
“သက်သေကို သတ်ဖြတ်ဖို့ စီစဉ်နေကြတာလား”
ကောင်းထျန်းသည် ၎င်းတို့နှစ်ဦး၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူကို ဖော်ပြရန်အတွက် မကြာသေးမီက ရေပန်းစားလာခဲ့သည့် အသုံးအနှုန်းကိုသာ သုံးနိုင်တော့သည်။
ယင်းမှာ "လူတစ်ယောက်၏အစာကို တံတွေးထွေးရုံဖြင့်လုံလောက်နေပြီ"ဟူသော စကားပင်ဖြစ်၏။
အပိုင်း(၁၀၅၂) ပြီး၏