← Chapters

လျန့်လေးကိုကာကွယ်ခြင်း

Vol. 71 Ch. 1053

လျန့်လေးကိုကာကွယ်ခြင်း

Vol. 71 Ch. 1053

ရှေ့နေအသိုင်းအဝိုင်းကို လွှမ်းမိုးနိုင်ရန်အတွက် ဝူယွမ်ကျီတွင် ကိုယ်ပိုင် အထူးသတင်းအချက်အလက် ကွန်ရက်ရှိခဲ့သည်။

သူက သူ့အတွက် သတင်းအချက်အလက် အမျိုးမျိုးကို စုဆောင်းရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုပင် တည်ထောင်ထားခဲ့သည်။

ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဖွဲ့ဝင်များမှာ တရားရုံးတွင် သူခုခံကာကွယ်ပြီးနောက် လွတ်မြောက်လာခဲ့သည့် သေဒဏ်ကျတရားခံ ရာဇဝတ်ကောင်များဖြစ်သည်။

ထိုရာဇဝတ်ကောင်များသည် လွတ်မြောက်လာပြီးနောက်တွင် သူ့အပေါ် သစ္စာရှိသည့် နောက်လိုက်နှင့် ထောက်လှမ်းရေးအေးဂျင့်များ ဖြစ်လာခဲ့ကြသည်။

ဟုတ်ပါသည်၊ ဝူယွမ်ကျီက ၎င်းတို့ကို နောက်လိုက်အဖြစ်ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းမှာ ၎င်းတို့၏ အရည်အချင်းများကို တန်ဖိုးထားသောကြောင့် ဖြစ်၏။

ဉာဏ်ရည်ထက်မြက်သော ရာဇဝတ်ကောင်များဖြစ်သောကြောင့် ၎င်းတို့သည် ဝူယွမ်ကျီအတွက် အလွန်ပင်အသုံးကျခဲ့သည်။

အမှုအတွက် သက်သေဖျောက်ဖျက်သော ကိစ္စရပ်များတွင် ၎င်းတို့သည် သဲလွန်စများကို ချန်ထားရစ်ခြင်း မရှိကြပေ။

သက်သေအထောက်အထားများကို ဖျက်ဆီးပြီး ယုတ္တိမရှိသောအရာများကို ကျိုးကြောင်းဆီလျော်မှုအဖြစ်သို့ ပြောင်းလဲခြင်းသည် ဝူယွမ်ကျီ၏ အားအကိုးရဆုံး နည်းလမ်းဖြစ်သည်။

ဖူဖူရှန့် နှင့် တွေ့ဆုံးပြီးနောက်တွင် ဝူယွမ်ကျီသည် သက်သေအသစ်ကို စုံစမ်းရန် စတင်ခဲ့သည်။

များမကြာမီမှာပင် သူ့ရုံးခန်းရှိ စားပွဲပေါ်၌ ဖိုင်တစ်ခု ရောက်လာခဲ့၏။

ဝူယွမ်ကျီက ထိုဖိုင်ကို ရရှိရန် အချိန်အတော်ယူရမည်ဟု ကနဦး တွေးထင်ထားခဲ့သည်။

အကြောင်းအရင်းမှာ ထိုသက်သေ အထောက်အထားများကို ရဲဗျူရို၏ အထွေထွေရုံးခန်းတွင် သိမ်းဆည်းထားပြီး ခိုးဝင်ရန် မလွယ်ကူသောကြောင့် ဖြစ်သည်။

သို့သော်လည်း သူ၏ ထောက်လှမ်းရေး အေးဂျင့်များသည် နည်းပညာများ တိုးတက်ကောင်းမွန်လာခြင်း ဖြစ်၏။

ဝူယွမ်ကျီက ဖိုင်တွဲကို မြင်သောအခါ အလွန် ပျော်ရွှင်သွားခဲ့သည်။

မျက်မြင်သက်သေကို ဖယ်ရှားလိုက်သည်နှင့် သူက ဤအမှုတွင် အသက်ရှူချောင်သွားနိုင်ပေသည်။

“လျန့်လေး”

ဝူယွမ်ကျီက ပရိုဖိုင်မှ နာမည်ကို ဖတ်လိုက်သည်။

ထိုပရိုဖိုင်တွင် လျန့်လေး၏ ပုံ သို့မဟုတ် လိပ်စာမရှိခဲ့ပေ။

ကြည့်ရသည်မှာ အရေးကြီးသက်သေကို ကာကွယ်ရန်အတွက် အရေးကြီး အချက်အလက်များကို စနစ်ထဲတွင် မထည့်သွင်းထားခဲ့ခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ဝူယွမ်ကျီသည် လျန့်လေး ဟူသည့် တစ်ခုတည်းသော အချက်အလက်ကိုသာ သိခဲ့ရသည်။

နာမည်အရ လျန့်လေးက မိန်းကလေးဟု သူယူဆမိသည်။

“ဒါပဲလား”

ဝူယွမ်ကျီက ခေါင်းမော့လိုက်ပြီး ရုံးခန်းထဲရှိ လူတစ်ယောက်ကို ကြည့်လိုက်သည်။

ထိုလူက လူဆိုးဂိုဏ်းဝင်တစ်ဦး ဖြစ်ပြီး ဝူယွမ်ကျီ ကယ်တင်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်သည်။

လူငယ်က ပုခုံးတွန့်ပြလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

“ဒါပဲ ကျွန်တော်တို့ ရခဲ့တယ်.. ကြည့်ရတာ တစ်ဖက်က အတိုင်းအတာတစ်ခုအထိ ကာကွယ်ထားတာဖြစ်နိုင်တယ်.. အသေးစိတ်အချက်အလက်တွေ ဖိုင်ထဲမှာ မတွေ့ရဘူး”

ဝူယွမ်ကျီက ကျန့်ကျင်းရွှယ်၏ လူမှုကွန်ရက်ကို စစ်ဆေးပြီးနောက်တွင် လျန့်လေးဟုခေါ်သော မည်သူ့ကိုမှ မတွေ့ရှိခဲ့ရပေ။

“လျန့်လေးဆိုတာက ကျန့်ကျင်းရွှယ်ရဲ့ အိမ်နီးချင်းလား.. ဒါမှမဟုတ် လမ်းသွားလမ်းလာလား”

ဝူယွမ်ကျီက ရုတ်တရက် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။

လမ်းသွားလမ်းလာ သို့မဟုတ် အိမ်နီးချင်းတစ်ဦးက လူသတ်မှု အဖြစ်အပျက်ကို မည်သို့မြင်နိုင်ပါသနည်း။

ဝူယွမ်ကျီက အခြေအနေအရ ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိခဲ့သည်။

ဤသည်က သက်သေအတု ဖြစ်နိုင်ပါသလော။

ဖူဖူရှန့်တွင် အပြစ်ရှိကြောင်း သက်သေပြရန်အတွက် သက်သေအတုကို တမင်ဖန်တီးခဲ့ခြင်း ဖြစ်နိုင်ပါသလော။

မဖြစ်နိုင်ဟု ယူဆရသော်လည်း သက်သေသာ တကယ်ရှိနေခဲ့လျှင် ဖူဖူရှန့်က တရားစွဲခံရမည်မှာ သေချာသည်။

ဝူယွမ်ကျီက လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ လျန့်လေးကို သူကိုယ်တိုင် စေ့စပ်စွာ လုပ်ကြံရန် စိတ်ကူးထားခဲ့ပြီ ဖြစ်သည်။

သူမ မည်သည့်နေရာတွင် ရှိနေသည်ကို သူ မသိသော်လည်း မနက်ဖြန်ရုံးချိန်တွင် သူမသည် အရေးကြီးသက်သေ ဖြစ်၍ ရဲဗျူရို၏ ဘေးကင်းလုံခြုံသော နေရာတွင် ရှိနေသည်မှာ သေချာသည်။

ထိုနေရာကို ရဲများက အပြင်းအထန် အစွမ်းကုန် ကာကွယ်ထား၍ ဖောက်ထွင်းဝင်ရောက်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။

သို့သော် ဝူယွမ်ကျီသည် ရဲများက သူ့ကို တွေ့ရှိမည်အား လုံးဝစိုးရိမ်ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် သိပ်မကြာခင်က သူ့တွင်ထူးခြားသော စွမ်းအားတစ်မျိုး နိုးထလာခဲ့ခြင်းကြောင့်ဖြစ်သည်။

ယင်းက အလင်းတန်းတစ်ခု အဖြစ် အသွင်ပြောင်းနိုင်ခြင်းဖြစ်သည်။

ထိုစွမ်းအားက ဝူယွမ်ကျီကို အီလက်ထရောနစ် ဖန်သားပြင်များမှတဆင့် သွားလာနိုင်စေပြီး အခြားသူများ သတိမထားမိခင်မှာပင် သတ်ပစ်နိုင်စွမ်း ရှိစေခဲ့သည်။

တစ်ဖက်တွင်လည်း ရဲဗျူရို အထွေထွေရုံးမှ လူတိုင်းသည် မော်နီတာစခရင်ကို စောင့်ကြည့်နေခဲ့ကြသည်။

“ဒီညမှာ ဝူယွမ်ကျီက သေချာပေါက်လှုပ်ရှားလိမ့်မယ်.. ဒါကြောင့် ငါတို့ သူ့ကို တစ်ခါတည်းအမိ ဖမ်းရမယ်”

ရဲဗျူရိုဌာန၏ အကြီးအကဲကျိုးက လေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ကောင်းထျန်း.. မင်းရဲ့ အစီအစဉ်က အလုပ်ဖြစ်ပါ့မလား”

“သံသယရှိသူက (Sadako) ဆာဒါခို လိုမျိုး ဖန်သားပြင်တွေကတစ်ဆင့် သွားလာနိုင်စွမ်း ရှိတာကြောင့် ကျွန်တော်တို့က ကွန်ပျူတာရဲ့ ပါဝါအရင်းအမြစ်တွေနဲ့ ရောနှောပြီး လိုအပ်တဲ့အချိန်မှာ ပါဝါကို ချက်ချင်း ဖြတ်ချလိုက်ရုံပါပဲ”

ကောင်းထျန်းက ပြန်လည် ဖြေကြားလိုက်သည်။

“အလုပ်ဖြစ်နိုင်ပါ့မလား”

“ဖြစ်နိုင်ပါတယ် အကြီးအကဲကျိုး”

ဂျူနီယာအရာရှိတစ်ယောက်က ပြုံး၍ ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့ ဓာတ်အားဖြတ်ချလိုက်တာနဲ့ ဒီလူက အထဲမှာ ပန်းသေသွားနိုင်ပါတယ်”

“...........”

ထိုစကားကို ကြားသောအခါ အကြီးအကဲကျိုးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ခေါင်းညိမ့်လိုက်သည်။

“နားလည်ပြီ.. ဒါပေမဲ့ ဒီလုပ်ရပ်က နည်းနည်းလွန်တယ် မထင်ဘူးလား”

“သက်သေကို ကာကွယ်ဖို့ဆိုတော့ လွန်တယ်လို့လည်း ပြောလို့မရဘူး.. ဒါ့အပြင်လျန့်လေးက ၂ နှစ်အရွယ်သာရှိသေးတဲ့ မိန်းကလေးတစ်ဦး ဖြစ်တယ်.. ကလေးသူငယ်ကို ကာကွယ်ပေးတာက လုံးဝ အကျိုးအကြောင်းဆီလျော်မှုရှိပြီး ဥပဒေနဲ့လည်း ညီပါတယ်”

“အကြီးအကဲကျိုး.. ခေါင်းဆောင်ကောင်း.. ဒါရိုက်တာကျိုးတို့ကို သတင်းပို့ပါတယ်.. တစ်ဖက်က စတင်လှုပ်ရှားနေပြီ.. ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးနည်းပညာက ပုံမှန်မဟုတ်ဘဲ ထိုးဖောက်ဝင်ရောက်လာတဲ့ အော်ရာ အတက်အကျတွေကို ထောက်လှမ်းမိခဲ့တယ်.. ဒါကြောင့် တစ်ဖက်လူက အွန်လိုင်းမှာ စတင်လှုပ်ရှားနေတယ် ဆိုတာ သေချာသွားပြီ”

“ဘာလို့ ဒီနည်းပညာကို အစောကြီးထဲက မသုံးရတာလဲ”

“ဒါက အထူးကြပ်မတ် စောင့်ကြည့်ရမယ့်သူတွေမှာပဲ သုံးနိုင်တာပါ.. ဘာလို့လဲဆိုတော့ ကုန်ကျစရိတ်က အရမ်းများလို့ပါ.. ဒီတစ်ခေါက် စိမ့်ဝင်လာတဲ့ အော်ရာအတက်အကျက အရမ်းကို ထူးခြားတယ်.. သာမန်နည်းပညာနဲ့သာ ဆိုရင် ထောက်လှမ်းဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး”

နည်းပညာရှင်က သူ့ချွေးများကို သုတ်၍ ပြောလိုက်သည်။

သူက ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသည့် နည်းပညာရှင်တစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့ ပုံမှန်မဟုတ်သော အော်ရာမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ထို့အော်ရာက ကမ္ဘာခြားဂိတ်တံခါးမှ အော်ရာ အတက်အကျများထက်ပင် ပိုမိုသိမ်မွေ့ပြီး ဖုံးကွယ်နိုင်စွမ်းလည်း ရှိသည်။

“ဒီလိုအော်ရာမျိုးကို ပထမဆုံးမြင်ဖူးတာပဲ.. အော်ရာကသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကို အပြည့်အဝ ဖုံးကွယ်ထားတယ်.. ဒါ့အပြင် အလင်းရဲ့ အမြန်နှုန်းနဲ့ ရွေ့လျားနေတယ်”

ထို့နောက်တွင် နည်းပညာရှင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ပြောရရင် သူ့ရဲ့သွားလာပုံက အရိပ်တစ်ခုလိုပဲ”

“အရိပ်လား”

ကောင်းထျန်းတို့ လူစုက လေးနက်သော အတွေးတစ်စတွင် နစ်မြုပ်သွားကြသည်။

ဤပုံမှန်မဟုတ်သော အော်ရာအတက်အကျသည် အရိပ်တစ်ခုနှင့် ဆင်တူ၏။

တစ်နည်းဆိုရလျှင် တစ်ဖက်လူသည် အရိပ်နှင့်ပတ်သတ်သည့် မှော်နည်းစနစ်တစ်မျိုးကို အသုံးပြုနေခြင်း ဖြစ်နိုင်ပါသလော။

ကျင့်ကြံခြင်းလောကတွင် အရိပ်နှင့် ပတ်သတ်သော နည်းစနစ်များစွာရှိသည်။

ဟွာရှို့မဟာမိတ် အဖွဲ့အစည်းတွင် တရားဝင် မှတ်ပုံတင်ကာ အရိပ်နည်းစနစ် (ဝါ) အရိပ်မှော်ပညာကို အထူးပြုသင်ကြားသည့် သင်တန်းများပင် ရှိကြသည်။

အဆိုပါ ကျင့်ကြံသူများသည် အရာဝတ္တုများကို ဖမ်းမိရန်နှင့် တိုက်ပွဲဝင်ရန်အတွက် အရိပ်များကို အသုံးချနိုင်သည်။

သို့ရာတွင် အီလက်ထရောနစ် ဖန်သားပြင်များကို ဖြတ်သန်း၍ လူအများကို သတ်ဖြတ်ရန်အတွက် အရိပ်များကို အသုံးပြုခြင်းမျိုး မည်သူမှမကြားဖူးပေ။

ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် အရိပ်မှော်ပညာ(ဝါ) အရိပ်နည်းစနစ်ကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ရန် လိုအပ်သည်။

“အရိပ်မှော်ပညာက ကျင့်ကြံဖို့ မလွယ်ကူတဲ့ ပညာရပ်တစ်မျိုးပဲ.. အလင်းရဲ့အရှိန်နဲ့ ဖန်သားပြင်ကို ဖြတ်သန်းသွားလာဖို့ဆိုရင် ခန္ဓာကိုယ်ကလည်း အာကာပြင်ရဲ့ စုတ်ဖြဲမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ လိုအပ်တယ်.. ဒါပေမဲ့ ငါသိသလောက်တော့ အရိပ်ဂိုဏ်း ခေါင်းဆောင်တောင် ဒါမျိုး မလုပ်နိုင်ဘူး.. သူ့ရဲ့အရိပ်ခွဲထုတ် မှော်နည်းစနစ်က အနည်းဆုံး ၁၆ စက္ကန့်လောက်ပဲ ကြာမြင့်နိုင်တယ်”

ရဲဗျူရိုဌာနမှ အကြီးအကဲကျိုးက သံသယရှိစွာဖြင့် ပြောလိုက်သည်။

ဤနေရာတွင် မေးစရာတစ်ခု ရှိလာသည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ဝူယွမ်ကျီသည် ဤကဲ့သို့ စွမ်းရည်မျိုးကို မည်ကဲ့သို့ ရရှိခဲ့ပါသနည်း။

“သူလည်း ကျန့်ထျန်းချမ်းလို အေးခဲထားတဲ့ ဖက်ထုပ်တွေ စားဖူးလို့များ ဖြစ်နေမလား”

အပိုင်း(၁၀၅၃) ပြီး၏

All Chapters