အေးခဲဖက်ထုပ် လျှို့ဝှက်ချက်
Vol. 71 Ch. 1056
ဒုတိယရုံးချိန်း၌ ဖူဖူရှန့်သည် အရာအားလုံးကို ဝန်ခံခဲ့သည်။
သူ၏လုပ်ငန်းပါတနာ လျူရီသည် ကျောင်းသားကျန့်ကျင်းရွှယ်၏ မှော်ရတနာဒီဇိုင်းကို ခိုးယူသောကိစ္စမှ အစပြုကာ ဤပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ လျူရီက သေဆုံးသွားပြီဖြစ်ပြီး သေဆုံးသူများသည် ၎င်းတို့၏ ရာဇဝတ်မှုအတွက် တာဝန်ယူရန်မလိုအပ်ပေ။
သို့သော်လည်း ယင်းက နစ်နာကြေးပေးဆောင်ရန် မလိုအပ်ဟု မဆိုလိုချေ။
ဖေဖေကျန့်၏ တောင်းဆိုချက်က အလွန်ပင် ရိုးရှင်းသည်။
လျူရီနှင့် ဖူဖူရှန့်လက်အောက်ရှိ ရာဗန်စတူဒီယို အနေဖြင့် ကျောင်းသားကျန့်ကျင်းရွှယ်၏ မှော်ရတနာဒီဇိုင်းများကို တရားမဝင် အသုံးပြုရာမှ ရရှိထားသည့် စုစုပေါင်းအမြတ်ငွေ ယွမ်၃၆၅ သန်းကို လျော်ကြေးပေးရန်နှင့် ကွယ်လွန်သူကျန့်ကျင်းရွှယ်၏ ဂုဏ်သိက္ခာအတွက် ရာဗန်စတူဒီယိုမှ လူသိရှင်ကြား ပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖေဖေကျန့်သည် သူရရှိသည့်လျော်ကြေးငွေကို မှော်ရတနာဒီဇိုင်းပြိုင်ပွဲတွင် အပိုဆုအဖြစ် ပေးအပ်ပြီး "ကျင်းရွှယ်ဆု"ဟု သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။
တရားရုံးက သူ၏တောင်းဆိုမှုကို အတည်ပြုပေးခဲ့သည်။
ထို့နောက်တွင် တရားသူကြီးလျန့်ရှင်းသည် တူငယ်လေးဖြင့်ထု၍ အမှုကို အဆုံးသတ်လိုက်သည်။
ထို့ကြောင့် လွန်ခဲ့သည့်သုံးနှစ်က မှော်ရတနာဒီဇိုင်း ခိုးယူသောကိစ္စသည် စက်တင်ဘာလ ၂၁ ရက် နွေရာသီအားလပ်ရက်၏ ၃၈ ရက်မြောက်နေ့တွင် လုံးဝ အဆုံးသတ်သွားခဲ့သည်။
ထို့ပြင် ယခင်က ထိုအမှု၌ ပါဝင်ခဲ့သော ရဲအရာရှိများ၊ တရားသူကြီးများနှင့် ဂျူဒီလူကြီးများသည် စည်းကမ်းပိုင်းဆိုင်ရာ သတိပေးချက်များ ရရှိခဲ့သည်။
အကြောင်းအရင်းမှာ အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်းဖြစ်ပြီး အထောက်အထား ကင်းမဲ့နေသောအချိန်တွင် ၎င်းတို့သည် ကျန့်မိသားစုကို မှားယွင်းစွာ စီရင်ချက်ချခြင်းဖြင့် ဒုက္ခရောက်စေခဲ့သောကြောင့်ပင်။
တစ်ဖက်တွင်လည်း တရားစီရင်ရေးမဏ္ဍိုင်သည် တရားမျှတကြောင်း သက်သေပြနိုင်ခဲ့ပြီး တာဝန်ယူမှု တာဝန်ခံမှုနှင့် အမှန်တရားကို ဖော်ထုတ်နိုင်သည့် အစွမ်းသတ္တိရှိကြောင်း သက်သေပြနိုင်ခဲ့သည်။
ဤသို့ဖြင့်ပင် ဖေဖေကျန့်၏ လွန်ခဲ့သည့်သုံးနှစ်က ပြဿနာများကို ဖြေရှင်း၍ ပြီးသွားခဲ့သည်။
သို့သော် ဝမ်လင်းတို့ မိသားစု၏ ပြဿနာကမူ ယခုမှပင် စတင်ခဲ့သည်။
သူက ကျိုးရီထံမှ မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။
ယင်းမှာ ဖေဖေကျန့်နှင့် နတ်ဆိုးရှေ့နေ ဝူယွမ်ကျီတို့ နှစ်ဦးစလုံး ပြောဆိုခဲ့သည့် အေးခဲထားသော ဖက်ထုပ်နှင့် ပတ်သက်နေသည်။
ရဲဗျူရိုဌာန၏ အကြီးအကဲ ကျိုးကျွီသည် ဖက်ထုပ်ထဲတွင် မူးယစ်ဆေးဝါးတစ်မျိုး ထည့်သွင်းထားသည်ဟု သံသယရှိနေပြီး ၎င်း၏ဇစ်မြစ်ကို အလေးအနက် ထားနေခဲ့သည်။
ယခုအချိန်တွင် ဝမ်လင်းအတွက် သေချာသောအရာမှာ ယခင်က သူ၏မိခင်သည် ကိုယ်ဝန်ဆောင်မိခင်များ အတွက် သင့်လျော်သည့် အေးခဲထားသော ဖက်ထုပ်အချို့ကို ဝယ်ယူခဲ့သော်လည်း ဒိတ်လွန်နေသည့် ဖက်ထုပ်အချို့ကို စတိုးဆိုင်သို့ ပြန်သွင်းခဲ့သည်။
ဝမ်လင်း၏ မဟာဉာဏ်အလင်းပေး တာအိုသည် သာမန်အရာဝတ္ထုများကိုပင် အံ့ဖွယ်အဖြစ်သို့ ပြောင်းလဲပေးနိုင်သော စွမ်းအားရှိသည်။
သူက သုံးဘီးဆိုင်ကယ်၊ မိုက်ခရိုဝေ့ နှင့် အိမ်သာကိုပင် ဉာဏ်အလင်းပေးခဲ့ဖူးသည်။
ဆိုရလျှင် မကြာသေးမီက သူ၏ အိပ်ခန်းတံခါးကိုပင် ဉာဏ်အလင်းပေးခဲ့သေးသည် မဟုတ်ပါလော။
သို့ရာတွင် ဝမ်လင်းသည် အေးခဲထားသောဖက်ထုပ်ကို ဉာဏ်အလင်းပေးသည်အထိ အားယားမနေခဲ့ပေ။
ဖက်ထုပ်တွင် ဘာပြဿနာမှမရှိဘဲ အဘယ်ကြောင့် သူက ဉာဏ်အလင်းပေးရပါမည်နည်း။
ဉာဏ်အလင်းပေးခဲ့လျှင် ခေါက်ဆွဲအကြွပ်ကြော်များကဲ့သို့ ကြွပ်ကြွပ်ရွရွ ဖြစ်လာမည်လော။
သို့မဟုတ် ရေစာဟီးရိုးကတ်များ အထုပ်ထဲတွင် ပါဝင်လာမည်လော။
ထိုသို့ မဟုတ်ဘဲ သူက အဘယ်ကြောင့် ဉာဏ်အလင်း ပေးရပါမည်နည်း။
ထို့ကြောင့် ဝမ်လင်းသည် ထိုအေးခဲထားသော ဖက်ထုပ်၏ ဇစ်မြစ်ကို အထူး စိတ်ဝင်စားခဲ့သည်။
သူ့အိမ်ကနေ ပြန်သွင်းလိုက်သည့် အေးခဲထားသောဖက်ထုပ်နှင့် ပတ်သတ်၍ သေချာစုံစမ်းစစ်ဆေးရမည်ဟု ဝမ်လင်း ဆုံးဖြတ်လိုက်သည်။
အေးခဲထားသော ဖက်ထုပ်များကို စားသုံးပြီးနောက်တွင် ဖေဖေကျန့်နှင့် ဝူယွမ်ကျီတို့၏ အပြောင်းအလဲများကို အနှစ်ချုပ်လိုက်လျှင် ပထမအချက်မှာ ၎င်းတို့၏ နယ်ပယ်များသည် ပုံမှန်မဟုတ်စွာ တိုးတက်လာခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက ဖက်ထုပ်ကို စားသုံးပြီးနောက်တွင် အခြေတည်စိတ်ဝိညာဉ် အဆင့်ကို ရောက်လုနီးနီး ဖြစ်သွားခဲ့သည်။
ယင်းမှာ အဓိကနယ်ပယ်ကြီး တစ်ခုကို တိုက်ရိုက် ခုန်တက်သွားခြင်း ဖြစ်၏။
ပုံမှန်အခြေအနေအရ ကျင့်ကြံသူသည် နှစ်ရာပေါင်းများစွာကျင့်ကြံခြင်း မရှိဘဲ ရွှေအမြုတေအဆင့်မှ အခြေတည်စိတ်ဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်မည်မဟုတ်ပေ။
ဒုတိယနှင့် အရေးအကြီးဆုံးအချက်မှာ ကျန့်ထျန်းချမ်းနှင့် ဝူယွမ်ကျီတို့ နှစ်ဦးစလုံးသည် အရိပ်နှင့် ပတ်သတ်သည့်စွမ်းအားများ ရရှိနေကြ၍ ပတ်သတ်မှုအချို့ ရှိနေနိုင်ခြင်းပင်။
ထိုခဏတွင် ဝမ်လင်းသည် ဖြစ်နိုင်ချေတစ်ခုကို အလျင်အမြန် စဉ်းစားမိလိုက်သည်။
သူက သူ၏ခံစားချက်ကို အတည်ပြုနိုင်ရန်အတွက် ကျိုးရီကိုဆက်သွယ်ခဲ့သည်။
စစ်ဆေးရန်အတွက်မူ ဝူယွမ်ကျီနှင့် ကျန့်ထျန်းချမ်းတို့ကို အနီးကပ်မြင်ရမှ ဖြစ်မည်။
သို့သော် ဝမ်လင်းအနေဖြင့် လူကိုယ်တိုင်သွားကြည့်ရန် မဖြစ်နိုင်ပေ။
သူက အသက် ၁၆ နှစ်သာရှိသေးသော အထက်တန်းကျောင်းသား တစ်ဦးသာ ဖြစ်သည်မဟုတ်ပါလော။
ကျိုးရီက သူ့ရာထူးကို အသုံးချပြီး သူ့ကို ထောင်ထဲသို့ ခေါ်လာလျှင်ပင် ကောလာဟလများ ထွက်ပေါ်လာပါက သူ့အပေါ်တွင် ဆိုးဆိုးရွားရွား သက်ရောက်မှုများ ရှိလာနိုင်ပေသည်။
ထို့ကြောင့် ဝမ်လင်းက ပုံမှန်မဟုတ်သည့် နည်းလမ်းတစ်ခုကို အသုံးပြုရန် စဉ်းစားလိုက်သည်။
တစ်ဖက်တွင်လည်း ကျိုးရီသည် ဖုန်းစခရင်ပေါ်ရှိ ဝမ်လင်း၏ အံ့အားသင့်ဖွယ် တုံ့ပြန်မှုကိုကြည့်ကာ အံ့ဩနေခဲ့သည်။
“ခန္ဓာကိုယ်အပိုင်စီးဖို့လား”
မှန်၏၊ ဝူယွမ်ကျီနှင့် ကျန့်ထျန်းချမ်းတို့ကို အနီးကပ် စစ်ဆေးရန်အတွက် ဝမ်လင်းသည် အဝေးကနေ ခန္ဓာကိုယ်အပိုင်စီးသည့် နည်းလမ်းဟောင်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
ဤသည်မှာ ကောင်းကင်တာအိုထဲတွင် ပါဝင်သည့် လူတစ်ဦး၏ ခန္ဓာကိုယ်ကို လွတ်လပ်စွာ အပိုင်စီးနိုင်သော မဟာဝိညာဉ် အကူးအပြောင်း မှော်စွမ်းရည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤမှော်စွမ်းရည်သည် သွေးရင်းသားရင်း သို့မဟုတ် အလွန်နီးစပ်သူတစ်ဦး မဟုတ်ခဲ့လျှင် အလွန်ပင် အန္တရာယ်များသည်။
ဝမ်လင်းအတွက်မူ ကျိုးရီ မဟုတ်ဘဲ အခြားတစ်ဦး၏ ခန္ဓာကိုယ်ကို အပိုင်စီးပါက အလွန်အန္တရာယ်များ၏။
အဘယ်ကြောင့်ဆိုသော် ဝမ်လင်း၏ ဝိညာဥ်က သန်မာလွန်းသောကြောင့် ဖြစ်ပြီး အပိုင်စီးခံရသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အပိုင်စီးခံရသူ၏ ခန္ဓာကိုယ်သည် ဝမ်လင်း၏ ဝိညာဉ်နှင့် သဟဇာတ မဖြစ်လျှင် ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်ပေသည်။
ဝမ်လင်းအနေဖြင့် ကျိုးရီကို ရွေးချယ်ရသည့် အကြောင်းအရင်းမှာ အလွန်ရိုးရှင်းသည်။
ကျိုးရီက သူ့တပည့် ဖြစ်နေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပြီး သူတို့နှစ်ဦးသည် အလွန်ရင်းနှီးသော ဆရာတပည့် ဆက်ဆံရေး ရှိကြသည်။
အရေးအကြီးဆုံးအချက်မှာ ကျိုးရီ ယခု သင်ယူနေသည့် ကျင့်ကြံခြင်းနည်းစနစ် အားလုံးသည် ဝမ်လင်းထံမှ ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းက အခြားသူများနှင့် ယှဉ်လျှင် ကျိုးရီ၏ ခန္ဓာကိုယ်က အန္တရာယ်နည်းပါးကြောင်း ခန့်မှန်းနိုင်ခဲ့သည်။
ထို့အပြင် အန္တရာယ်တစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် ဝမ်လင်းသည် ကျိုးရီ၏ ခန္ဓာကိုယ်ကို ပြန်လည်မွေးဖွားပေးနိုင်စွမ်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ကျိုးရီက သူ့လူရင်းတစ်ဦး ဖြစ်သောကြောင့် တစ်စုံတစ်ရာ မှားသွားလျှင်ပင် ကိစ္စ ကြီးကြီးမားမားရှိမည်မဟုတ်ပေ။
သို့သော် ဝမ်လင်းအနေဖြင့် အခြားတစ်ယောက်ကို ခန္ဓာကိုယ်အပိုင်စီးလျှင်မူ မတူတော့ပေ။
တစ်စုံတစ်ရာ မှားယွင်းသွားလျှင်ပင် ဝမ်လင်းက ပြဿနာကို ဖြေရှင်းနိုင်သော်လည်း တစ်ဖက်သားကို ထိခိုက်နစ်နာစေနိုင်သည် မဟုတ်ပါလော။
ဤသည်မှာ ဝမ်လင်း၏ ပထမဆုံးသော တစ်စုံတစ်ဦး၏ ခန္ဓာကိုယ်ကို အပိုင်စီးခြင်းလုပ်ရပ် ဖြစ်သည်။
ကျိုးရီ၏ ခန္ဓာကိုယ်ကို နောက်ဆုံးအကြိမ်က အပိုင်စီးသူမှာ ကျင့်ခယ် ဖြစ်၏။
တကယ်တမ်းတွင် ကျင့်ခယ်၏ ခန္ဓာကိုယ်အပိုင်စီးမှုသည် ရိုးရှင်းသည့် ခန္ဓာကိုယ်ထိန်းချုပ်ရေး မှော်စွမ်းရည်မျှသာ ဖြစ်သည်။
ထို့ပြင် ကျင့်ခယ် အပိုင်စီးထားသော အခိုက်တွင် ကျိုးရီသည်အသိဉာဏ် ရှိနေသေး၏။
သို့သော် ဝမ်လင်း၏ ခန္ဓာကိုယ်အပိုင်စီးမှုကမူ ကျင့်ခယ်နှင့် မတူပေ။
ကျိုးရီအနေဖြင့် ဝမ်လင်းအပိုင်စီးသည့် အချိန်ကို မှတ်မိနေမည် မဟုတ်ချေ။
ထို့ကြောင့် ဝမ်လင်းက ခန္ဓာကိုယ်အပိုင်စီးခြင်းနှင့် ပတ်သတ်သည့် အချက်များကို ကျိုးရီထံ ပေးပို့လိုက်သည်။
ဤထူးခြားသော ဘေးထွက်ဆိုးကျိုးများကို ကျိုးရီ ကြောက်ရွံ့လိမ့်မည်ဟု သူထင်၏။
ဤအရာသည် ခန္ဓာကိုယ်အပိုင်စီးခြင်း ဖြစ်သည်။
အတိအကျဆိုရလျှင် လူသားများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို တစ်ပါးသူ ဝင်ရောက်ခြင်းအား မခံနိုင်ကြပေ။
ထိုသို့ ခန္ဓာကိုယ် အပိုင်စီးခံရသော လူများသည် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်မြင့်ခြင်း၊ ဝမ်းလျှောခြင်းနှင့် စိတ်တိုခြင်း စသည့် လက္ခဏာများကို အချိန်အတော်ကြာ ခံစားရတတ်သည်။
မှန်ပါသည်၊ ဤလက္ခဏာများသည် အစောပိုင်းကိုယ်ဝန်ဆောင်ချိန် လက္ခဏာများနှင့် ဆင်တူသည်။
ဝမ်လင်းက ကျိုးရီကိုယ်တိုင် ဆုံးဖြတ်၍ ရစေရန် ဘေးထွက်ဆိုးကျိုး အားလုံးကို ပြောပြခဲ့သည်။
သို့သော် မည်သူ သိနိုင်မည်နည်း။
ကျိုးရီက ဤကိစ္စအတွက် အလွန်ပင် တက်ကြွနေခဲ့သည်။
“ဆရာ ဘယ်အချိန် ခန္ဓာကိုယ်အပိုင်စီးမှာလဲ”
“..........”
“မြန်မြန်လေးဆရာ.. ကျွန်တော် မစောင့်နိုင်တော့ဘူး.. ဆရာ့ရဲ့အချစ်ဆုံးတပည့် တစ်ယောက်အနေနဲ့ ဆရာ့အတွက် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အမြဲတမ်းနေရာ တစ်ခု ရှိနေမယ်ဆိုတာ ဆရာ အမြဲသတိရ နေရမယ်”
“..........”
အပိုင်း(၁၀၅၆) ပြီး၏