ဝမ်လင်း၏ အပိုင်စီးခြင်း
Vol. 71 Ch. 1057
မှော်ရတနာဒီဇိုင်း ခိုးယူသောကိစ္စနှင့် ပတ်သတ်နေသည့်ပြဿနာများက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ယင်းက ကျိုးရီ၏ မစ်ရှင် အဆုံးသတ်သွားသည်ဟု မဆိုလိုပေ။
ကြေးမုံနန်းတော်မှ လွတ်မြောက်လာခဲ့သော အနက်ရောင်အရိပ် စစ်တပ်သည် ကျိုးရီ၏ အဓိကပစ်မှတ် ဖြစ်သည်။
ဟွာရှို့မဟာမိတ်အဖွဲ့အစည်းသည် ဤမစ်ရှင်ကို မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသို့ လျှို့ဝှက်စွာ လွှဲပြောင်းပေးခဲ့ပြီး ကျိုးရီသည် အနက်ရောင်အရိပ် စစ်တပ်ကို သဲလွန်စရှာဖွေရာတွင် မဟာဗျူဟာ လှည့်ဖြားမှုရုံးကို ကိုယ်စားပြုသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ထိုအနက်ရောင် အရိပ်စစ်တပ်သည် ကျိုးရီ ထင်ထားသည်ထက်ပင် များစွာ သာလွန်ကောင်းမွန်သော အဖွဲ့အစည်း ဖြစ်သည်။
ဤကာလအတွင်း ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့က အင်အားစုများနှင့် ပူးပေါင်းကာ အနက်ရောင်အရိပ်စစ်တပ်၏ ဌာနချုပ်ကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ လျှို့ဝှက်ထောက်လှမ်းရေးဌာန ဖြစ်သော မော့အင်မော်တယ်ရဲတိုက်၏ ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီ တို့ပင် အနက်ရောင်အရိပ်စစ်တပ်၏ သဲလွန်စကို စုံစမ်း၍မရခဲ့ချေ။
ထို့ကြောင့် အနက်ရောင်အရိပ်စစ်တပ်တွင် စုံစမ်းထောက်လှမ်းရေးများကို တားဆီးနိုင်သည့် တင်းကျပ်သောအစီအမံများ ရှိနေသည်မှာ ထင်ရှားနေသည်။
ထိုကဲ့သို့ တင်းကျပ်သော စီမံခန့်ခွဲမှု ရှိနေသည်ကပင် ပြောမပြနိုင်သည့် ကြီးမားသော လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားသည်မှာ သေချာသလောက်ပင် ဖြစ်၏။
ဝမ်လင်းက ကျိုးရီ၏ ခန္ဓာကိုယ်ကို အပိုင်စီးပြီးနောက်တွင် သူ၏ မူလခန္ဓာကိုယ်သည် အသင့်အနေအထားမုဒ်သို့ ရောက်ရှိသွားခဲ့သည်။
သူ၏ မူလဝိညာဉ် ရှိမနေသည့်အချိန်တွင် ခန္ဓာကိုယ်သည် နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို AI ထည့်သွင်းထားသကဲ့သို့ လုပ်ဆောင်သွားမည် ဖြစ်၏။
၎င်းက နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေသည့် စမတ်အက်ပ် နှင့်ပင် ဆင်တူနေသည်။
ပို၍ အဆင်ပြေသွားစေသည်မှာ ဝမ်လင်းသည် များသောအားဖြင့် စကားပြောလေ့မရှိပေ။
ထို့ကြောင့် သူ၏ မူလဝိညာဉ် ရှိမနေသည့် အခြေအနေမျိုးမှာပင် သူ၏ ပုံမှန်ပုံစံနှင့် ကွာခြားနေမည် မဟုတ်ပေ။
အသင့်အနေအထားမုဒ်တွင် အန္တရာယ် ကြုံတွေ့ရလျှင် ဝမ်လင်း၏ ခန္ဓာကိုယ်သည် တိုက်ခိုက်နေမည် မဟုတ်ဘဲ ခုခံကာကွယ်ရေးမုဒ်သို့ အလိုအလျောက် ဝင်ရောက်သွားမည် ဖြစ်သည်။
နားလည်လွယ်အော င်ပြောရလျှင် တုံ့ပြန်ခြင်းမရှိဘဲ ရိုက်နှက်ခြင်းကို ခံနိုင်ရည်ရှိစေမည် ဖြစ်၏။
ဝမ်လင်းက သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ခဏမျှထားခဲ့ခြင်းက ပြဿနာ မဖြစ်လောက်ဟု တွက်ဆခဲ့သည်။
ဤသည်မှာ ဝမ်လင်းက ကျိုးရီ၏ ခန္ဓာကိုယ်ကို ပထမဆုံး အပိုင်စီးခြင်း ဖြစ်သည်။
ကျိုးရီသည် ဝမ်လင်းထက် အနည်းငယ် အရပ်မြင့်ပြီး အရွယ်ရောက်ပြီးသူ၏ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထား၏။
ဝမ်လင်းက ကျိုးရီ၏ ခန္ဓာကိုယ်ကို အပိုင်စီးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ နောက်ကျောတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုနာကျင်မှုက ခါးမှ ဖုဖောင်းနေသည့် အကြောတစ်ခုကြောင့်ဖြစ်၏။
ဤသည်မှာ ကျောင်းပေါင်း တစ်ရာ အထွေထွေအုပ်ချုပ်ရေးမှူး ဖြစ်လာပြီးနောက်တွင် ကျိုးရီ ရရှိခဲ့သည့် ရောဂါ ဖြစ်သည်။
ကျင့်ကြံသူများသည် ခါးအဆစ်လွဲခြင်းကို ခံစားရလျှင် အမြစ်ပြတ် ကုသရန် ခက်ခဲလေ့ရှိသည်။
အကြောင်းအရင်းမှာ ကျင့်ကြံသူများသည် သာမန်လူများထက် အရိုးသိပ်သည်းဆ မြင့်မားသောကြောင့် ဖြစ်၏။
ဖုဖောင်းနေသော အကြောကို ပုံမှန်အနေအထားသို့ရောက်အောင် လက်ဖြင့် နှိပ်နှယ်ခြင်းသည် အလွန်ပင် နာကျင်လှ၏။
ခါးဆစ်နာကျင်ခြင်း ဝေဒနာကို အချိန်အတော်ကြာ ခံစားနေရသော ကျိုးရီသည် ဝမ်လင်း သူ့ခန္ဓာကိုယ်ကို အပိုင်စီးထားသည့် အခိုက်တွင် ယာယီအားဖြင့် တုံ့ပြန်မှု ရရှိခဲ့သည်။
ဝမ်လင်းက သက်ပြင်းချလိုက်ပြီး သူ၏ဝိညာဉ်ဖြင့် ကျိုးရီ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်လိုက်သည်။
ကျိုးရီက သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှု လုံးဝ ပျောက်ဆုံးသွားပြီးနောက်တွင် နာကျင်မှုကို မခံစားရတော့ပေ။
“ဆရာ.. ကျွန်တော့်အထဲကို ရောက်နေပြီလား”
ဝမ်လင်း “..........”
“”ဆရာ.. ဆရာ.. ကျွန်တော်ပြောတာကြားလား”
ကျိုးရီက အဆက်မပြတ် မေးလိုက်သည်။
ဝမ်လင်းက ကူကယ်ရာမဲ့စွာဖြင့် “အင်း” ဟုသာ ဖြေနိုင်တော့သည်။
“ဟားဟား.. ဒါဆို ကျွန်တော့်ရင်ထဲမှာ နေရတာ အဆင်ပြေလား ဆရာ”
ကျိုးရီက သက်ပြင်းချ၍ မေးလိုက်သည်။
ဝမ်လင်း “???”
ကျိုးရီ “စကားမှားသွားလို့ တောင်းပန်ပါတယ်ဆရာ.. ကျွန်တော် ဆိုလိုချင်တာက ကျွန်တော့်ခန္ဓာကိုယ်ကို သုံးတဲ့အချိန်မှာ ဆရာစိတ်ကြိုက်ဖြစ်ရဲ့လား”
ကျိုးရီက ဝမ်လင်း သူ့ခန္ဓာကိုယ်ကို အသုံးပြုနေသည့်အချိန်တွင် ကျင့်သားမရ ဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။
သူက သူ၏ခန္ဓာကိုယ်အကြောင်းကို အသိဆုံးပင် မဟုတ်ပါလော။
ကျိုးရီသည် ဤကာလ တစ်လျှောက်လုံးတွင် ခါးကိုက်ဝေဒနာကို အသေအလဲ ခံစားခဲ့ရသည်။
သူက ခါးကိုက်သည့်နေရာကို အေးစက်သည့် ကျောက်စိမ်းပြားကပ်၍ ကုသလေ့ရှိသည်။
ဤသို့ နာရီဝက်မျှ ကုသလိုက်လျှင် နာကျင်မှုများသည် သိသိသာသာ သက်သာလာလေ့ ရှိသည်။
ဝမ်လင်းက ကိစ္စများကို နှောင့်နှေး၍ မဖြစ်တော့ကြောင်း သတိပြုမိလိုက်သည်။
သူက ကျိုးရီ၏ခန္ဓာကိုယ်ကို အသုံးပြု၍ ချက်ချင်းပင် စုန့်ဟိုင်ထောင်အနီးရှိ တောအုပ်ထဲသို့ တည်နေရာ ရွှေ့ပြောင်းလိုက်သည်။
ထို့နောက်တွင် တောအုပ်ထဲမှ ထွက်လာပြီး စုန့်ဟိုင်ထောင်ထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့၏။
ကျိုးရီ ရောက်လာသည်ကို တံခါးစောင့်များက မြင်လျှင် အိုင်ဒီကိုပင် မစစ်ဆေးတော့ဘဲ တံခါးကို ဖွင့်ပေးလိုက်သည်။
အကျဉ်းထောင်ကို ခိုးဝင်သူများအား ကာကွယ်ရန် တံခါးတွင် စကင်န်ဖတ်စက်တစ်ခု ရှိ၏။
ထိုစကင်န်ဖတ်စက်သည် ပကတိ အင်မော်တယ်များကိုပင် သိရှိနိုင်သည်။
ထို့ကြောင့် လူတစ်ဦးဦးက ကျိုးရီ အဖြစ် ရုပ်ဖျက်ပြီး ထောင်ထဲသို့ စိမ့်ဝင်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ပေ။
ဝမ်လင်းကဲ့သို့ ကောင်းကင်တာအို ကော်မတီ လူကြီးများပင် ကြောက်ရွံ့ရသည့် အနန္တတန်ခိုးရှင်ကမူ ခြွင်းချက် ဖြစ်သည်။
“ဒါရိုက်တာကျိုး.. မင်းဒီကို ရောက်လာပြန်ပြီပေါ့.. မင်းအတွက် အခန်းတစ်ခန်း ပြင်ဆင်ပြီးသားပဲ.. အဲဒီမှာ တစ်ညလုံးအလုပ်လုပ်ပြီး နေလို့ရတယ်”
“..........”
ထိုစကားကြောင့် ဝမ်လင်း အံ့ဩသွားသည်။
ထောင်ထဲတွင် ကျိုးရီအတွက် သီးသန့်အခန်းပင် ရှိနေသည်မဟုတ်လော။
ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် ထောင်အုပ်လျန့်နှင့် ကျိုးရီတို့က အလွန် ထူးဆန်းသော ဆက်ဆံရေးရှိမှန်း သိသာနေသည်။
တကယ်တမ်းတွင် ထောင်အုပ်လျန့်သည် ကျိုးရီကို အလွန်လေးစားသူ ဖြစ်သည်။
စင်စစ် ကျိုးရီ၏ စွမ်းဆောင်မှုများသည် စုန့်ဟိုင်ထောင်၏ အောင်မြင်မှုများနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိနေ၏။
အကယ်၍သာ ဒဏ္ဍာရီလာ ရာဇဝတ်ကောင်များကို ထပ်မံ ဖမ်းမိခဲ့လျှင် ထောင်အုပ်လျန့်နှင့် ထောင်၏ဂုဏ်သတင်းသည် ယခုထက်ပို၍ ကျော်ကြားလာမည် ဖြစ်သည်။
ထိုအခါ ထောင်ဝန်ထမ်းများသည်လည်း များပြားလှသောလစာများကို ရရှိမည် ဖြစ်သည်။
ထို့ကြောင့် ကျိုးရီ ရောက်လာသည်ကိုမြင်လျှင် အားလုံးက ပြုံးရွှင်စွာ ကြိုဆိုခဲ့ကြသည်။
ဝမ်လင်းက ပင်ကိုအားဖြင့် မပြုံးရယ်တတ်သော်လည်း ကျိုးရီ၏ ခန္ဓာကိုယ်ကို အသုံးပြုသောအခိုက်တွင် အတတ်နိုင်ဆုံးဟန်ဆောင်၍ ပြုံးပြနေရ၏။
သူ၏အပြုံးက ဟန်ဆောင်အပြုံးဟု ထင်ရသော်လည်း အနည်းဆုံးတော့ ထောင်ဝန်ထမ်းများအား လှည့်စားရန်လုံလောက်၏။
မိစ္ဆာအင်ပါယာ ကွာဖီ၊ အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရား တို့သည် အထူးအချုပ်ခန်းထဲတွင် အတူတကွ ချုပ်နှောင်ထားခံရခြင်း ဖြစ်သည်။
မကြာသေးမီက အကျဉ်းကျခံထားရသော ဖေဖေကျန့်နှင့် ဝူယွမ်ကျီတို့သည် ထောင်ထဲရှိ လုံခြုံရေးအမြင့်ဆုံး အကျဉ်းခန်းများတွင် အသီးသီး ပိတ်လှောင်ခံထားရသည်။
စုန့်ဟိုင်ထောင်က ၎င်းတို့နှစ်ဦးကို အန္တရာယ်များသောအကျဉ်းသားများ အဖြစ် သတ်မှတ်ခဲ့ကြသည်။
အမှုကို စစ်ဆေးပြီးနောက်တွင် ဖေဖေကျန့်သည် ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရသည်။
ဤသည်မှာ ပေါ့ပါးသောပြစ်ဒဏ်ဟုပင် ယူဆနိုင်ပေသည်။
သို့ရာတွင် ဖေဖေကျန့်က နောင်တရကြောင်း တရားရုံးတွင်ပြသခဲ့၍ သူ၏ ပတ်ဝန်းကျင်အခြေအနေသည် အလွန်ဆိုးရွားခြင်းမရှိပေ။
ဝူယွမ်ကျီအတွက်မူ ကြေကွဲစရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
၎င်းက လုံခြုံရေးအမြင့်ဆုံး အကျဉ်းခန်းထဲတွင် ရှိနေသော်လည်း အချုပ်ခန်း တဝိုက်တွင် လက်နက်ကိုင်အစောင့်များ အချိန်ပြည့် စောင့်ကြပ်နေကြသည်။
ဤနတ်ဆိုးရှေ့နေသည် တစ်ချိန်က ကြီးလေးသောပြစ်ဒဏ်များ ချမှတ်ခံရသော အကျဉ်းသားများကို သူ၏ကိုယ်ပိုင်ခွန်အားကို အသုံးပြု၍ ကူညီပေးခဲ့ဖူးသည်။
ထို့ကြောင့် စုန့်ဟိုင်ထောင်ရှိ ထောင်အရာရှိများသည် ဤနှစ်များ တစ်လျှောက်လုံးတွင် ဝူယွမ်ကျီကို ပြင်းထန်သောအာဃာတ တရားများ ထားခဲ့ကြသည်။
ထို့ကြောင့် ဝူယွမ်ကျီသည် ထောင်ကျသောအခါတွင် အထူးကြပ်မတ် စောင့်ကြည့်ခြင်းကို ခံခဲ့ရ၏။
“ဝူယွမ်ကျီ”
ထောင်အရာရှိ တစ်ယောက်က ဝူယွမ်ကျီ၏ အချုပ်ခန်းနားသို့ လျှောက်လာ၍ ပြောလိုက်သည်။
“အထူးအကျဉ်းခန်းထဲက အကျဉ်းသားသုံးဦးရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် မင်းက သူတို့နဲ့အတူ နေ့စဉ် တစ်နာရီလောက် မာကျောက်ကစားပေးဖို့ လိုအပ်တယ်”
ဝူယွမ်ကျီ “..........”
ထို့နောက်တွင် ဝူယွမ်ကျီက ထောင်အရာရှိနှင့် အတူ လိုက်ပါလာခဲ့ပြီး အထူးအကျဉ်းခန်း၏ တံခါးဝနားသို့ ရောက်လာခဲ့သည်။
တံခါးဝနားသို့ ရောက်လာသောအခါတွင် အဖြူရောင်အဝတ်ဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အကျဉ်းသားတစ်ဦးအား ထောင်အရာရှိနှစ်ဦးက အရေးပေါ် ဆေးကုသနေသည်ကို တွေ့လိုက်ရသည်။
ဝူယွမ်ကျီ “ဒါက..”
ထောင်အရာရှိ “ဒီလူက အထူးအကျဉ်းခန်းထဲက လူသုံးယောက်နဲ့ မာကျောက်ကစားခဲ့တဲ့ နောက်ဆုံးလူပဲ”
ဝူယွမ်ကျီ “..........”
ထောင်အရာရှိ “မာကျောက် ကစားတဲ့အချိန်မှာ မင်းဖင်ယားပြီး လှည့်ကွက်တွေ မသုံးမိစေနဲ့.. မဟုတ်ရင် နောက်တစ်ယောက်က မင်းဖြစ်သွားလိမ့်မယ်”
ဝူယွမ်ကျီ “...........”
အပိုင်း(၁၀၅၇) ပြီး၏