ထောင်ဖောက်ခြင်း
Vol. 71 Ch. 1058
ထောင်ထဲတွင် ကျိုးရီ၏ ခန္ဓာကိုယ်ကို သုံးရသည်က အလွန်အဆင်ပြေသည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။
ကျိုးရီ၏ ခန္ဓာကိုယ်နှင့်ဆိုလျှင် ထောင်တွင်းရှိမည်သည့်နေရာကိုမဆို လွတ်လပ်စွာ သွားလာနိုင်၏။
သူ့အနေဖြင့် အထူးအကျဉ်းခန်းများကို သွားရောက်ကြည့်လိုလျှင်ပင် ထောင်အုပ်လျန့်ကို တင်ပြနေစရာမလိုအပ်ပေ။
တရားဝင်ထုတ်ပြန်ချက်များအရ မိစ္ဆာအင်ပါယာကွာဖီနှင့် အခြားသူများကို ဖမ်းဆီးပေးခဲ့သူမှာ ကျိုးရီဖြစ်သည်။
ထို့ကြောင့်ကျိုးရီက ၎င်းတို့ထောင်သို့ လာရောက်လည်ပတ်ခြင်းသည် စိုးရိမ်စရာ အကြောင်းကိစ္စ မဟုတ်ပေ။
ဝမ်လင်းက ဖေဖေကျန့်ကို ဦးစွာသွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။
ဖေဖေကျန့်က ပြဿနာများ ဖြေရှင်းပြီးသွားပြီ ဖြစ်၍ ပြစ်ဒဏ်များကို ကျေကျေနပ်နပ် လက်ခံခဲ့သူ ဖြစ်သည်။
ယခုအခါတွင် ထောင်က ဖေဖေကျန့်အတွက် အလုပ်ရှာပေးထားပြီ ဖြစ်၏။
အလုပ်ကြိုးစားသည်နှင့်အမျှ ထောင်ဒဏ်ကို လျှော့ပေါ့ပြီး ပြင်ပသို့ ထွက်လာနိုင်မည် ဖြစ်သည်။
ဝမ်လင်းက ဖေဖေကျန့် လုပ်အားပေးနေသည့် အကျဉ်းထောင်မှ စက်ရုံတစ်ခုသို့ သွားရောက်ခဲ့ရာ စက်ထဲသို့ စက္ကူပျော့ဖက်များ လောင်းထည့်နေသည့် ဖေဖေကျန့်အား တွေ့လိုက်ရသည်။
ဤသည်က အကျဉ်းသားများကို သီးသန့်အသုံးပြု၍ အစီအရင် စက္ကူများ ထုတ်လုပ်သည့် စက်ရုံ ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် အစီအရင်များသည် မရှိမဖြစ်လိုအပ်ပြီး နေ့စဉ်သန်းနှင့်ချီသော အစီအရင်စက္ကူများကို သုံးစွဲနေကြသည်။
အစီအရင် စက္ကူအများစုကို မြို့ကို သန့်ရှင်းရန်နှင့် အဆိပ်ရှိသောလေများအား စစ်ထုတ်ရာတွင် အသုံးပြုသည်။
အစီအရင်စက္ကူအသုံးပြုမှု များပြားလာသည်နှင့်အမျှ စက္ကူထုတ်လုပ်ခြင်းမှာလည်း အလွန်ပင် အရေးကြီးလာသည်။
ထို့ကြောင့် နေ့စဉ်အသုံးပြုနေသော ၉၀%သော အစီအရင်စက္ကူများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသားများက နေ့ရောညပါ အလုပ်ဆင်း၍ ပြုလုပ်ပေးနေကြခြင်း ဖြစ်သည်။
အစီအရင်စက္ကူ ထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် ကုန်ကျစရိတ် အလွန်နည်းပါသည်။
ယင်းက ကုန်ကျစရိတ်ကို လျှော့ချနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်မည်မဟုတ်ပါလော။
မှန်ပါသည်၊ အစီအရင်စက္ကူစက်ရုံတွင် အလုပ်လုပ်ခြင်း အပြင် ဖေဖေကျန့်၏ နောက်ထပ်အရေးအကြီးဆုံး အလုပ်တစ်ခုမှာ အစီအရင် ရေးဆွဲသော အလုပ်ဖြစ်သည်။
လက်ရှိတွင် ဖေဖေကျန့်သည် ဤအစီအရင်စက္ကူ စက်ရုံတွင် အမြင့်ဆုံး ကျင့်ကြံခြင်းနယ်ပယ်အဆင့် ရှိ၏။
ထို့အပြင် သူသည် အစီအရင်များ ရေးဆွဲရာတွင်လည်း အတွေ့အကြုံတချို့ ရှိ၏။
သူက သန့်ရှင်းရေး အစီအရင်ကဲ့သို့ ရိုးရှင်သော အစီအရင် တစ်ထောင်ကျော်ကို ဆွဲနိုင်ရုံသာမက အခြားအကျဉ်းသားများကိုလည်း သင်ပြပေးနိုင်၏။
ဤသို့ဖြင့် အကျဉ်းထောင်သည် အစီအရင် ပညာရှင်ကို ငှားရမ်းရမည့် ငွေကြေးများအား ချွေတာနိုင်ခဲ့သည်။
ဖေဖေကျန့်က ဤရန်ပုံငွေကို ချွေတာနိုင်အောင် ကူညီပေးခဲ့ရုံသာမက အကျဉ်းသားများအား အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများကိုလည်း သင်ပေးခဲ့သည်။
ထို့ကြောင့် အကျဉ်းသားများက လွတ်မြောက်လာလျှင် အလုပ်ရှာနိုင်တော့မည်မှာ သေချာသလောက်ပင်။
သန့်ရှင်းရေး အစီအရင်ဆွဲနည်းကို သိလျှင် အစီအရင်ထုတ်လုပ်သည့် ကုမ္ပဏီများတွင် အလုပ်ဝင်၍ ဝင်ငွေရှာနိုင်မည်မဟုတ်လော။
လစာမများသော်လည်း သူတို့ကိုယ်တိုင် ရပ်တည်နိုင်သ၍ ပြဿနာ မဟုတ်ပေ။
ထို့အပြင် သင်က အစီအရင် ထုတ်လုပ်သည့် ကုမ္ပဏီတွင် သင်ယူလိုစိတ် ရှိနေသရွေ့ ပိုမို အဆင့်မြင့်သော အစီအရင်များကို ရေးဆွဲနိုင်လာမည် ဖြစ်သည်။
နောက်ပိုင်းတွင် အတွေ့အကြုံများ စုဆောင်းပြီး ရာထူးပင် တိုးလာနိုင်မည် မဟုတ်ပါလော။
ထောင်အုပ်လျန့်က ဖေဖေကျန့်၏ အကူအညီများကြောင့် အလွန်ဝမ်းသာနေခဲ့သည်။
ဝမ်လင်း အစီအရင်စက်ရုံသို့ ရောက်သောအခါတွင် ဖေဖေကျန့်က တက်ကြွစွာ အလုပ်လုပ်နေသည်ကို အဝေးကနေ တွေ့လိုက်ရ၏။
“ဒါရိုက်တာကျိုး.. ကျန့်ထျန်းချမ်းကို မင်းဆီ ခေါ်လာစေချင်တာလား”
အစီအရင်စက္ကူစက်ရုံကို ကြီးကြပ်သည့် ထောင်အရာရှိတစ်ယောက်က မေးလိုက်သည်။
“ဆရာ.. သူ့ကို လက်ဝှေ့ယမ်းပြဖို့ပဲ လိုတယ်”
ကျိုးရီက ဝမ်လင်းကို သတိပေးလိုက်ရာ ဝမ်လင်းက လက်ဝှေ့ယမ်းပြလိုက်သည်။
ဤအပြုအမူက မလိုအပ်ဟု အဓိပ္ပါယ်ရသော အပြုအမူမျိုးဖြစ်သည်။
ထောင်အရာရှိက ဝမ်လင်း ဆိုလိုသောအဓိပ္ပါယ်ကို ချက်ချင်းပင် နားလည်လိုက်ပြီး ခေါင်းညိမ့်ကာ ချက်ချင်းပင် နောက်ဆုတ်သွားလိုက်သည်။
ဝမ်လင်းက ကျန့်ထျန်းချမ်း အနီးသို့ မချဉ်းကပ်ဘဲ သူ၏ ဝိညာဉ်ရေးအာရုံကို အသုံးပြု၍ ကျန့်ထျန်းချမ်းဆီမှ အချက်အလက်များကို ရှာဖွေလိုက်သည်။
ထို့နောက်တွင် ဝမ်လင်းသည် ကျန့်ထျန်းချမ်းထံမှ ရရှိသောသတင်းအချက်အလက်များကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
စင်စစ် ဖေဖေကျန့်ထံမှ နိုးထလာသောစွမ်းအားသည် သူနှင့်မသက်ဆိုင်ပေ။
ဆိုရလျှင် ထိုစွမ်းအားသည် ဝမ်မိသားစုအိမ်ငယ်လေးတွင် မေမေဝမ်၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားမှ ထုတ်လွှတ်သော အော်ရာလှိုင်းလုံးနှင့် အလွန်ဆင်တူသည်။
[ဒီစွမ်းအားကို သူတို့ဆီပို့လွှတ်ခဲ့တာ ဝမ်နွမ်များလား]
ဝမ်လင်းက သူ့ညီမလေးသည် သူထင်ထားသည်ထက် ပိုမိုအားကောင်းနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
မေမေဝမ်က ကိုယ်ဝန်တစ်လပင် မပြည့်သေးသော်လည်း ဝမ်နွမ်က သူ့ကိုယ်ပိုင်အသိစိတ်ရှိနေပြီ ဖြစ်ပြီး အပြင်လူများကိုပင် စွမ်းအားများ ပေးနေခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ဤစွမ်းအားသည် အေးခဲထားသော ဖက်ထုပ်ဘောက်စ်မှတစ်ဆင့် ပျံ့နှံ့သွားခြင်း ဖြစ်၏။
ယင်းမှာ မမျှော်လင့်ထာသော ရလဒ်တစ်ခုပင်။
သူ၏ညီမလေးက အစွမ်းထက်လွန်းနေသည် မဟုတ်ပါလော။
ဝမ်နွမ်က အခြားသူများကို စွမ်းအားများပေးရန် အဘယ်ကြောင့် အေးခဲထားသည့်ဖက်ထုပ်များကို အသုံးပြုခဲ့ရသနည်း။
သူ့အထင် ဝမ်နွမ်၏ လက်ရှိခွန်အားသည် သူတစ်ပါးကို တိုက်ရိုက် စွမ်းအားများ မပေးနိုင်ဘဲ သွယ်ဝိုက်သောနည်းလမ်းဖြင့်သာ ပေးနိုင်ပုံရသည်။
ဥပမာအားဖြင့် သူမသည် ကိုယ်ပိုင်စွမ်းအားများကို အေးခဲထားသော အစားအစာထဲသို့ ထည့်သွင်းပြီး ၎င်းကို စားသုံးသူများက ထိုစွမ်းအားကို အမွေဆက်ခံစေခြင်း ဖြစ်သည်။
ထို့အပြင် ဝမ်လင်းက ဖေဖေကျန့်နှင့် ဝူယွမ်ကျီတို့၏ စွမ်းအားနှစ်ခုလုံးတွင် အရိပ်နှင့် ပတ်သတ်သည့် စွမ်းအားသဲလွန်စ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဆိုရလျှင် ဖေဖေကျန့်နှင့် ဝူယွမ်ကျီတို့သည် စွမ်းအားကိုအသုံးပြု၍ ကွန်ပျူတာဖန်သားပြင်မှ သွားလာနိုင်ကြသည်။
သို့ရာတွင် အရိပ်စွမ်းအားက အာကောင်းသော်လည်း ဖေဖေကျန့်နှင့် ဝူယွမ်ကျီတို့က အပြည့်အဝ ဉာဏ်အလင်း မရသေးသည်မှာ ထင်ရှားနေ၏။
ဆိုရလျှင် ၎င်းတို့သည် အရိပ်စွမ်းအား၏ စစ်မှန်သောအစွမ်းသတ္တိကို မထုတ်ဖော်နိုင်သေးပေ။
ဖန်သားပြင်များကို ဖြတ်သန်းသွားလာရန် အရိပ်စွမ်းအားကိုအသုံးပြုခြင်းသည် အရိပ်စွမ်းအား၏ သာမန်လှည့်ကွက်လေးမျှသာ ဖြစ်သည်။
ထိုအချိန်မှာပင် ထောင်အပြင်ဘက်၌ သတ်ဖြတ်လိုသောအော်ရာများ ပျံ့လွင့်လာခဲ့သည်။
အရိပ်အဖွဲ့မှလူတစ်ဦးက ထောင်တံတိုင်းတစ်ခုကို ဖျက်ဆီးပြီး စုန့်ဟိုင်ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားသော အချိန်မှစ၍ စုန့်ဟိုင်ထောင်သည် လုံခြုံရေးတင်းကြပ်ခဲ့သည်။
ထောင်အုပ်လျန့်က စုန့်ဟိုင်ထောင်တွင် မြင့်မားသောတံတိုင်းနှင့် အစီအရင်များကို ထပ်မံ အဆင့်မြှင့်တင်ခဲ့သည်။
ကျိုးရီကလွဲလျှင် လူတိုင်းသည် စုန့်ဟိုင်ထောင်ထဲကို လွယ်လွယ်ကူကူ ဝင်၍ရမည်မဟုတ်ပေ။
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်သည် တောင်ကုန်းတစ်ခုပေါ်ကနေ စုန့်ဟိုင်ထောင်ကို အကဲခတ်နေခဲ့သည်။
ထိုလူမှာ အခြားသူမဟုတ်ပေ။
ပိုင်ယိုချွမ်သာ ဖြစ်သည်။
သူ၏ အဖြူရောင်ဝတ်ရုံက လေထဲတွင် တလှပ်လှပ်လွင့်ပျံနေခဲ့သည်။
“အားလုံးပဲ.. ဒီတစ်ကြိမ် ငါတို့ရဲ့ တာဝန်က ကျန့်ထျန်းချမ်းနဲ့ ဝူယွမ်ကျီတို့ကို အရှင်လက်ရ ဖမ်းဆီးဖို့ပဲ”
ကြေးမုံနန်းတော်ကမ္ဘာမှ လွတ်မြောက်လာပြီးနောက်တွင် အနက်ရောင်အရိပ် စစ်သည်များသည် အရိပ်အော်ရာအတက်အကျ အတွက် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ကြသည်။
ကနဦးတွင် ၎င်းတို့သည် ဝမ်မိသားစုအိမ်ငယ်လေးတွင် စောင့်ကြည့်ရန် တပ်ဖွဲ့များ စေလွှတ်ထားကြသည်။
သို့ရာတွင် မထင်မှတ်ဘဲ ၎င်းတို့၏ ပစ်မှတ်သည် ဝူယွမ်ကျီနှင့်ကျန့်ထျန်းချမ်းတို့ အပေါ်သို့ အပြောင်းအလဲ ဖြစ်လာကြသည်။
ဤရှာဖွေတွေ့ရှိမှု အတွက် ပိုင်ယိုချွမ်က လုံးဝ ကျေနပ်နေခဲ့သည်။
ခန္ဓာကိုယ်ပေါ်တွင် အရိပ်အော်ရာအတက်အကျ ရှိနေသည့် ဤလူနှစ်ယောက်ကို ဖမ်းဆီး၍ သူတို့၏ စွမ်းအားများကို ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက်များ ရှိနေသည် မဟုတ်လော။
ကံဆိုးစွာဖြင့် ဝူယွမ်ကျီနှင့် ကျန့်ထျန်းချမ်းတို့ နှစ်ယောက်သည် သူတို့ ရရှိထားသည် မယုံနိုင်စရာ အရိပ်စွမ်းအားကို မည်သို့မည်ပုံ အသုံးပြုရမည်ကိုပင် စေ့စေ့စပ်စပ် မသိခဲ့ကြပေ။
ထောင်ဖောက်၍ အကျဉ်းသားများ လုယူခြင်းသည် စစ်ပွဲတစ်ခု စတင်လိုက်ခြင်းနှင့် ဆင်တူသည်။
၎င်းတို့၏ စစ်ဆင်ရေးများကို အချိန်အတော်ကြာ ရပ်တန့်ထားခဲ့သော အနက်ရောင်အရိပ် စစ်တပ်သည် ၎င်းတို့၏ တည်ရှိမှုကို ကမ္ဘာသို့ကြေညာရန်အတွက် သင့်လျော်မည့်အခွင့်အရေးကို အချိန်တိုင်းတွင် စောင့်ဆိုင်းနေခဲ့ကြသည်။
“အခွင့်အရေးက အခုမှပဲ ရောက်လာတော့တယ်.. အရိပ်ဘီလူး.. မင်းတိုက်ရမယ့် အလှည့်ပဲ”
ပိုင်ယိုချွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
အရပ် ၅မီတာမှ ၆မီတာထိ ရှိသော အရိပ်ဘီလူးကြီးက ပိုင်ယိုချွမ်၏ စကားကို နားလည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
သူက ခြေထောက်မျာကို တစ်ချက်ဆောင့်လိုက်ရာ မြေငလျင် လှုပ်သလို မြေကြီးက တုန်ခါသွား၏။
ထိုအနက်ရောင်အရိပ် ဘီလူးကြီးသည် ဦးခေါင်းမှခြေဖျားအထိ အနက်ရောင်အရိပ်များ လွှမ်းခြုံနေပြီး လက်တစ်ဖက်ဆီတွင် အနက်ရောင်အရိပ်ပုစိန်ကို စွဲကိုင်ထားသည်။
ပိုင်ယိုချွမ်၏ အမိန့်ကိုကြားသည်နှင့် အရိပ်ဘီလူးက ပုစိန်ကိုပင့်မြှောက်လိုက်ပြီး ထောင်တံခါးကို ခုတ်ချလိုက်သည်။
အရိပ်ဘီလူးက ဂိတ်တံခါးကို စတင် တိုက်ခိုက်လိုက်သည်နှင့် စုန့်ဟိုင်ထောင်၏ အမြင့်ဆုံး အချက်ပေးသံသည် ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
အပိုင်း(၁၀၅၈) ပြီး၏