← Chapters

ကံအားလျော်စွာပဲ ကံကြမ္မာတာအိုက အရမ်းကြီး မခက်ခဲနေဘူး

Vol. 71 Ch. 1059

ကံအားလျော်စွာပဲ ကံကြမ္မာတာအိုက အရမ်းကြီး မခက်ခဲနေဘူး

Vol. 71 Ch. 1059

ဤရုတ်တရက်တိုက်ခိုက်မှုကို စုန့်ဟိုင်ထောင်က အလွန်သတိရှိခဲ့သည်။

ပိုင်ယိုချွမ်ကလည်း ဤတိုက်ခိုက်မှုအတွက် စေ့စပ်သေချာစွာ ပြင်ဆင်ထားခဲ့၏။

ကံကြမ္မာတာအို၏ စွမ်းအားကြောင့် အနက်ရောင်အရိပ်စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်ကျင့်ကြံခြင်းနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများထက် ပိုမိုမြင့်မားနေပြီဖြစ်သည်။

အရိပ်ဘီလူးကို ဗဟိုပြု၍ တိုက်ခိုက်သောနည်းဗျူဟာသည် ပိုင်ယိုချွမ် ကိုယ်တိုင် ချမှတ်ခဲ့သော ဗျူဟာဖြစ်သည်။

စင်စစ် အရိပ်ဘီလူးသည် လူသားအစစ် မဟုတ်သော်လည်း ကံကြမ္မာတာအိုမှ ခွဲထွက်သွားသောစွမ်းအားတစ်ခု ဖြစ်၏။

၎င်း၏ အရိပ်နှင့်တူသော ခန္ဓာကိုယ်သည် ဒဏ္ဍာရီပုံပြင်များထဲမှ ဧရာမ သားရဲတစ်ကောင်နှင့် ဆင်တူပြီး ကြီးမားသောဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေမည် ဖြစ်သည်။

အနက်ရောင်အရိပ်၏ လွှမ်းခြုံမှုအောက်တွင်‌ လေပြင်းနှင့်အတူ ဖုန်မှုန့်များပါ လွင့်ပျံလာခဲ့သည်။

“အဖွဲ့၁ မင်းတို့ရဲ့နေရာကို သေချာထိန်းထား.. အဖွဲ့၂ တိုက်ခိုက်ဖို့အသင့်ပြင်”

ယခုအခါတွင် အကျဉ်းထောင်သည် အမြင့်ဆုံး ကာကွယ်ရေးမုဒ်သို့ ဝင်ရောက်နေပြီ ဖြစ်သည်။

“အချုပ်ခန်းတွေကို သေချာသော့ခတ်ထား.. အကျဉ်းသားတွေ ထွက်မပြေးစေနဲ့”

ကျူးကျော်မှုက ရုတ်တရက် ဖြစ်လာသော်လည်း ကံကောင်းထောက်မစွာဖြင့် ထောင်အုပ်လျန့်၏ လမ်းညွှန်မှုအောက်တွင် စုန့်ဟိုင်ထောင်သည် သက်ဆိုင်ရာခုခံကာကွယ်သည့် အစီအရင်များကို စနစ်တကျ လုပ်ဆောင်ခဲ့သည်။

ထောင်စောင့်တစ်ဦးစီသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ပိုင်ယိုချွမ်၏ အနက်ရောင်စစ်တပ်ကို စတင်တုံ့ပြန်နေပြီ ဖြစ်သည်။

အချို့က ထောင်တွင်းအစီအရင်များကို အားဖြည့်ရန် လက်ဟန် စည်းတံဆိပ်များ ပြုလုပ်ခဲ့ကြပြီး အချို့ကမူ အနက်ရောင်အရိပ်စစ်တပ်ကို ရင်ဆိုင်ရန်အတွက် လျှို့ဝှက်တံခါးမှ ထွက်လာကြသည်။

သူတို့က တစ်ဖက်အဖွဲ့အစည်း၏ ဆိုးရွားသောရည်ရွယ်ချက်များကို တစ်ခါတည်း အမြစ်ဖြတ်ပစ်ရန် ရည်ရွယ်ထားကြသည်။

တစ်ဖက်အဖွဲ့အစည်း၏ ရည်ရွယ်ချက်က ထောင်ဖောက်ရန်မှလွဲ၍ အခြားမဖြစ်နိုင်ပေ။

ထို့အပြင် ရန်သူသည် ဤအချိန်မှ အဘယ်ကြောင့် ထောင်ဖောက်ချင်သလဲ ဆိုသည်မှာ ရှင်းလင်းနေသည်။

၎င်းတို့က နတ်ဆိုးရှေ့နေ ဝူယွမ်ကျီနှင့် ဖေဖေကျန့်(ဝါ) ကျန့်ထျန်းချမ်း အတွက် ဖြစ်နိုင်ချေများ၏။

အခြေအနေက ဆိုးရွားနေမှန်း သိသောကြောင့် ထောင်အုပ်လျန့်သည် ရှေ့တန်းစစ်မျက်နှာပြင်သို့ ချက်ချင်းပင် အလျင်အမြန်ပြေးသွားခဲ့သည်။

ထောင်အဝင်ဝသို့ ရောက်သည်နှင့် သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သူဝတ်ဆင်ထားသည် ထောင်မှူးဝတ်စုံသည် တိုက်ပွဲဝင်ဝတ်စုံ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ရန်သူအရေအတွက် ဘယ်လောက်လဲ အတည်ပြုပြီးပြီလား”

“ဆရာ.. သူတို့မှာ လူအရမ်းများတယ်.. အားလုံးပေါင်း တစ်ရာကျော်လောက် ရှိမယ်”

“ဒါဆို သူတို့က ထောင်ဖောက်ဖို့ သေချာ ပြင်ဆင်ထားတဲ့ပုံပဲ”

ထောင်အုပ်လျန့်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“မြို့နယ်ရုံးကို ချက်ချင်းသတင်းပို့ပြီး အနီးစပ်ဆုံးမှာ ရှိတဲ့ အင်မော်တယ် ရွေ့လျားကင်းလှည့်အဖွဲ့ကို အရံအင်အားအဖြစ် အကူအညီတောင်းလိုက်”

“အမိန့်အတိုင်းပါ”

ထို့နောက် ထောင်အုပ်လျန့်သည် ထောင်အစီအရင်ကို ဖြိုဖျက်ရန် ကြိုးစားနေသည့် ဧရာမအရိပ်ဘီလူးကြီးကို လှည့်ကြည့်လိုက်သည်။

အတွေ့အကြုံရင့် ထောင်မှူးတစ်ယောက် ဖြစ်သည့် ထောင်အုပ်လျန့်က အရိပ်ဘီလူးကို မြင်သည်နှင့် ဤနေရာတွင် ကိုင်တွယ်ရအခက်ခဲဆုံး ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။

“လာလေရော့.. ငရဲကမ္ဘာချိန်းကြိုး”

ထိုခဏမှာပင် သူ့လက်ထဲသို့ ချိန်းကြိုးနှစ်ချောင်းက ရောက်ရှိလာသည်။

သူက ထိုချိန်းကြိုးနှစ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ ၎င်းတို့က လေထုထဲ တိုးဝင်သွားခဲ့သည်။

ထို့နောက်တွင် ထိုချိန်းကြိုးများသည် ထောင်အုပ်လျန့်၏ဆန္ဒအရ ရွေလျားသွားပြီး အရိပ်ဘီလူးကြီး၏ခြေလက်များကို တင်းကျပ်စွာ ချုပ်နှောင်လိုက်သည်။

“ဒါမှ ငါတို့ ထောင်အုပ်လျန့်ကွ”

“ထောင်အုပ်လျန့် ရောက်လာပြီဟေ့”

ထောင်အုပ်လျန့်၏ ပူးပေါင်းပါဝင်လာမှုကြောင့် တိုက်ပွဲဝင်နေသော ထောင်အရာရှိများ အားလုံးသည် တမဟုတ်ချင်း စိတ်ဓာတ် မြင့်တက်လာခဲ့သည်။

ထောင်အုပ်လျန့်၏လက်နက်ဖြစ်သည့် ငရဲကမ္ဘာချိန်းကြိုးမှ ငရဲကမ္ဘာမီးလျံသည် စိတ်ဝိညာဉ်ချီကိုပင် ဝါးမြိုနိုင်စွမ်း ရှိသည်။

ဝိညာဉ်လက်ထိပ်များသည်ပင် ထိုငရဲကမ္ဘာမီးလျံကို မှီငြမ်း၍ တီထွင်ခဲ့သည်ဟု ကောလာဟလ ရှိ၏။

“ဒီကောင်ကြီး လွတ်နိုင်တော့မှာ မဟုတ်ဘူး”

တစ်စုံတစ်ဦးက ပြောလိုက်သည်။

“အားလုံးပဲ တက်ညီလက်ညီ ဒီကျူးကျော်လာတဲ့ ရန်သူတွေကို တိုက်ထုတ်ကြ”

ထောင်အုပ်လျန့်နှင့် အတူ ထောင်အရာရှိများသည် ဤအနက်ရောင်အရိပ် စစ်သည်များကို အစွမ်းကုန် ကြိုးစားတိုက်ခိုက်နေကြသည်။

သို့သော် တိုက်ပွဲအစကနေ အဆုံးထိ ဤတိုက်ပွဲ၏ နောက်ကွယ်မှ ထိန်းချုပ်သူ ပိုင်ယိုချွမ်ကို မည်သူမှနားမလည်ခဲ့ကြပေ။

အပေါ်ယံတွင် အနက်ရောင်အရိပ် စစ်တပ်သည် ရှုံးနိမ့်လုနီးပါးဖြစ်နေပုံရသည်။

သို့သော် တကယ်တမ်းတွင် ဤအရာအားလုံးသည် ပိုင်ယိုချွမ်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။

ထောင်အရာရှိများသည် နယ်မြေအသီးသီးမှ အကျဉ်းထောင်အရာရှိများဖြင့် ဖွဲ့စည်းထားသူများ ဖြစ်သောကြောင့် ၎င်းတို့သည် အင်မော်တယ် ရွေ့လျားကင်းလှည့်အဖွဲ့မှ လူများထက် ပိုမိုရင့်ကျက်၍ အတွေ့အကြုံရှိကြသည်။

၎င်းတို့က အထူးလက်နက်ကိုင် တပ်ဖွဲ့များမှ လွဲလျှင် ဟွာရှို့မဟာမိတ် တပ်ဖွဲ့၏ အင်အားအကောင်းဆုံး တိုက်ခိုက်ရေးအဖွဲ့လည်း ဖြစ်သည်။

စင်စစ် ပိုင်ယိုချွမ်သည် တစ်ဖက်အဖွဲ့၏ ခွန်အားကို ကနဦးစမ်းသက်ခဲ့ခြင်း ဖြစ်ပြီး ရလဒ်မှာ သူထင်ထားသည်ထက်ပင် ပိုမို၍ စိတ်ပျက်စရာကောင်းနေသည်။

သူက သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုး ညီးညူလိုက်သည်။

“ငါ့မှာ မင်းတို့နဲ့ ကစားဖို့အချိန်မရှိဘူး.. အရိပ်ဘီလူး…”

သူ့အသံက အကျယ်ကြီး မဟုတ်သော်လည်း အရိပ်ဘီလူးနှင့်အနက်ရောင်အရိပ် စစ်သည်များကို တပ်လှန့်သလို ဖြစ်သွားစေခဲ့သည်။

ထိုခဏမှာပင် ထောင်အုပ်လျန့်၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။

“ငရဲကမ္ဘာချိန်းကြိုးက တောင့်မခံနိုင်တော့ဘူး.. မကြာခင် ကွဲထွက်တော့မယ်”

အနိုင်ရလဒ်ကို ဆုပ်ကိုင်နိုင်ပြီဟု ထင်မှတ်နေသော အချိန်မှာပင် ချက်ချင်းဆိုသလို အခြေအနေ ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ဝုန်း”

အရိပ်ဘီလူးက ငရဲကမ္ဘာချိန်းကြိုးများကို သူ၏ ကြီးမားသောအင်အားဖြင့် ခွဲထုတ်ပစ်လိုက်သည်။

ထို့နောက်တွင် အရိပ်ဘီလူးက ပေါက်ကွဲစေနိုင်သည့် စွမ်းအားများကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး မရေမတွက်နိုင်သော ထောင်အရာရှိများကို ပုရွက်ဆိတ်များကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံသန်းစေခဲ့သည်။

အနက်ရောင်အရိပ်စစ်တပ်က သူတို့၏ မစ်ရှင်ကို အထစ်အငေါ့မရှိ ဆက်လက် လုပ်ဆောင်နေသော်လည်း နောက်ကွယ်ကနေ တိုက်ပွဲကို လျှို့ဝှက်စွာ စောင့်ကြည့်နေသူတစ်ဦးကို သတိမထားမိခဲ့ပေ။

ထိုသူမှာ ဝမ်လင်း ဖြစ်သည်။

ပိုင်ယိုချွမ်သည် နောက်ဆုံးအကြိမ်က လွတ်မြောက်သွားခဲ့သည်။

ယခုတစ်ဖန် ထပ်မံ ပေါ်ထွက်လာသောအခါတွင် ဝမ်လင်းသည် ဤအခွင့်အရေးကို လက်လွတ်မခံတော့မည်မှာ သေချာသလောက်ပင်။

မှန်၏၊ ကံကြမ္မာတာအိုသည် ဝမ်လင်း ဆုပ်ကိုင်၍မရသေးသော မဟာတာအိုအမျိုးအစား ဖြစ်သည်။

သူက နတ်တာအိုကို သင်ယူရန်ပင် မျက်စိတစ်မှိတ် အချိန်ထက် ပိုမယူခဲ့ရပေ။

သို့သော် ကံကြမ္မာတာအိုက နတ်တာအိုထက် ပိုမိုထူးခြားပြီး နားလည်ရန်အချိန် လိုအပ်၏။

ကံကြမ္မာတာအိုကို နားလည်မှုရရှိရန် အကောင်းဆုံး နည်းလမ်းမှာ ကံကြမ္မာတာအို ကျင့်ကြံသူများကို အနီးကပ် စောင့်ကြည့်ရန်ပင် ဖြစ်သည်။

ထို့ကြောင့် နှစ်မိနစ်ခန့် ငြိမ်သက်စွာ စောင့်ကြည့်ပြီးနောက်တွင် ဝမ်လင်း၏ မျက်မှောင်ကြုတ်နေသော အမူအရာသည် အဆုံးသတ်၌ ပြေလျော့သွားခဲ့သည်။

ထို့ပြင် ကံကြမ္မာတာအိုဟု လူသိများသော မဟာတာအိုနှင့်ပတ်သတ်၍ သူ့တွင် ကိုယ်ပိုင် မှတ်ချက်တစ်ခုပင် ရှိလာခဲ့သည်။

“ကံအားလျော်စွာပဲ ကံကြမ္မာတာအိုက အရမ်းကြီးလည်း ခက်ခဲမနေပါဘူး”

“ဆရာ.. အခြေအနေ မကောင်းတော့ဘူး”

ဝမ်လင်း ကံကြမ္မာတာအိုကို လေ့လာနေသောအချိန်တွင် ကျိုးရီသည် စိုးရိမ်သောက ရောက်နေခဲ့သည်။

ထောင်၏ အစီအရင် ဖြိုခွင်းခံရတော့မည်ကို မြင်ရသောအခါတွင် ကျိုးရီသည် စိတ်ခံစားမှု အမျိုးမျိုး ဖြစ်ပေါ်နေခဲ့သည်။

“စိတ်အေးအေးထားပါ”

ဝမ်လင်းက ကျိုးရီကို နှစ်သိမ့်လိုက်သည်။

ထို့နောက်တွင် သူက တည်နေရာ ရွှေ့ပြောင်းသည့် ခြေလှမ်းတစ်လှမ်းတည်းဖြင့် စစ်မျက်နှာပြင်သို့ ရောက်ရှိလာသည်။

သို့သော် သူ ပထမဆုံး လုပ်ခဲ့သည့်အရာမှာ ရန်သူများကို သတ်ဖြတ်ခြင်းမဟုတ်ပေ။

သူက ထောင်အရာရှိများကို အကာအကွယ်ပေးရန် အတွက် ဦးစွာ လုပ်ဆောင်ခဲ့သည်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်၍ လက်ချောင်းများ ကွေးလိုက်ရာ နေရာအနှံ့ ပျံ့ကျဲနေသော ဒဏ်ရာရ ထောင်အရာရှိများသည် တစ်နေရာထဲတွင် စုရုံးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက မဟာကုသရေး တာအိုကိုအသုံးပြု၍ ၎င်းတို့ထံမှ ဒဏ်ရာများကို ချက်ချင်းပင် ကုသပေးလိုက်၏။

အဝေးကနေ စောင့်ကြည့်နေသည့် ပိုင်ယိုချွမ်သည် ကျိုးရီ၏ စွမ်းရည်ကိုမြင်လျှင် အံ့ဩသွားခဲ့သည်။

ကျိုးရီထံတွင် ဤမျှ အစွမ်းထက်သည့် မှော်အစွမ်းရှိလိမ့်မည်ဟု သူ မထင်ထားမိပေ။

ပိုင်ယိုချွမ် တွေးနေစဉ်မှာပင် ဝမ်လင်းသည် သူ၏လက်ဝါးကို လေထဲတွင် တဖန် ဖြန့်လိုက်ပြန်သည်။

တစ်ခဏအချိန်မှာပင် သူ့လက်ဖဝါးထဲမှ အစီအရင်မျဉ်းကြောင်းများ ထွက်ပေါ်လာပြီး တိုက်ခိုက်ရေးအရာရှိအားလုံးကို ဖုံးအုပ်လွှမ်းခြုံထားသည့် မှော်အစီအရင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤမှော်အစီအရင်ကို ယခင်က မည်သူမှ မမြင်ဖူးပေ။

ထိုအစီအရင်ပေါ်ရှိ အစီအရင် သင်္ကေတများသည် အလွန်အဆင့်မြင့်သောကြောင့် ထောင်အုပ်လျန့်ပင် အံ့ဩထိတ်လန့်သွားခဲ့သည်။

ကျိုးရီက ဤမျှ လျှို့ဝှက်နက်နဲသော ပညာရပ်များကို တတ်ကျွမ်းလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

“ဒါရိုက်တာကျိုး.. ဒါက ဘယ်လိုမှော်အစီအရင်လဲ”

ထောင်အုပ်လျန့်က မေးခွန်းထုတ်လိုက်သည်။

“အဆုံးမဲ့ကျန်းမာရေး အစီအရင်”

ဝမ်လင်းက ကျိုးရီ၏ လေသံဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။

ထောင်အုပ်လျန့်က ဤမှော်အစီအရင် အကြောင်း ကြားဖူးမည်ဟု သူ မထင်ပေ။

ထိုအချိန်မှာပင် အရိပ်ဘီလူး၏ ချွန်ထက်သော လက်သည်းတစ်ချောင်းသည် ထောင်အုပ်လျန့်၏ ဗိုက်ကို ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။

ထိုခဏမှာပင် ထောင်အုပ်လျန့်၏ ဝမ်းဗိုက်၌ သွေးထွက်သံယိုအပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုဒဏ်ရာကနေ သွေးများစီးကျနေပြီး အတွင်းကလီစာများပင် မြင်နေရသဖြင့် သေဆုံးမည်မှာ သေချာသလောက်ပေ။

သို့သော် ထူးဆန်းသည်မှာ ထောင်အုပ်လျန့်သည် နာကျင်မှုကို လုံးဝမခံစားခဲ့ရပေ။

အပိုင်း(၁၀၅၉) ပြီး၏

All Chapters