ဝမ်လင်းက သူ့ညီမလေးကို ချစ်ခင်သူတစ်ဦးဟု သင်ထင်ပါသလား
Vol. 71 Ch. 1060
အဆုံးမဲ့ကျန်းမာရေးအစီအရင်..
ဤသည်မှာ ဝမ်လင်း တတ်ကျွမ်းသော ကောင်းကင်တာအို ၃၀၀၀၀ ထဲမှ အကိုင်းအခက်တစ်ခု ဖြစ်သည်။
ဤအစီအရင်ကို ထုတ်ဖော်ရန်အတွက် ဝမ်လင်းအနေဖြင့် သူ၏လက်ဖဝါးကို ဖြန့်ရန်သာ လိုအပ်သည်။
အရိပ်ဘီလူးသည် ကံကြမ္မာတာအို၏ သရုပ်သကန်တစ်ခုဖြစ်၍ ကိုင်တွယ်ရ အလွန်ခက်ခဲသည်။
၎င်းက စစ်မှန်သော တိုက်ပွဲဝင်စွမ်းအား ရှိသော်လည်း ဝမ်လင်း၏ ပြိုင်ဘက်တော့ မဟုတ်သေးပေ။
စုန့်ဟိုင်ထောင်တွင် တိုက်ခိုက်ရေးအရာရှိ အများအပြားရှိသည်။
၎င်းတို့ကို ကိုယ်ပွားနည်းပညာ အသုံးပြု၍ တစ်ဦးချင်းကယ်တင်နေလျှင် အများအမြင်၌ မျက်စိကျစရာ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် ဝမ်လင်းက ဤအဆုံးမဲ့ကျန်းမာရေး အစီအရင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
အခြားသော ကျန်းမာရေး မှော်အစီအရင်များသည် ဤအဆုံးမဲ့ကျန်းမာရေး အစီအရင်ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။
တစ်ခုတည်းသော အားနည်းချက်မှာ အဆုံးမဲ့ကျန်းမာရေး အစီအရင်သည် ဝိညာဉ်ချီသုံးစွဲမှု အလွန်များပြားသောအစီအရင် ဖြစ်နေခြင်းပင်။
သို့သော်လည်း ဝမ်လင်းသည် သူ၏ကမ္ဘာဦးချီကြောင့် ဝိညာဉ်ချီသုံးစွဲမှုကို ဂရုစိုက်စရာမလိုအပ်ပေ။
ခြုံငုံ၍ပြောရလျှင် ဤကဲ့သို့ ဝိညာဉ်ချီ ကုန်ဆုံးမှုကို လျစ်လျူရှုနိုင်သည့် ဝမ်လင်းလို မွန်းစတား အနည်းငယ်သာရှိမည် ဖြစ်၏။
ယခုအခါတွင် ထောင်အရာရှိများ၏ ကျန်းမာရေးသည် အဆုံးမဲ့ဖြစ်ပြီး မည်သည့်နာကျင်မှုကိုမှ မခံစားရတော့ပေ။
“ဒီအခွင့်အရေးကို အသုံးချပြီး ကျူးကျော်သူတွေ အားလုံးကို ဖမ်းကြစမ်း”
ထောင်အုပ်လျန့်၏ အမိန့်ပေးသံ အဆုံးတွင် ထောင်အရာရှိများ၏ ကျဆင်းနေသော တိုက်ခိုက်ရေးစိတ်ဓာတ်သည် ချက်ချင်းပင် မြင့်တက်လာ၏။
ဝမ်လင်းက လေထုထဲကနေ အဝေးမှ ပိုင်ယိုချွမ်၏ ရုပ်သွင်ကို စူးစိုက်ကြည့်နေခဲ့သည်။
ဤတစ်ခေါက်တွင် သူက ကျိုးရီ၏ခန္ဓာကိုယ်ကို အသုံးပြုထားသောကြောင့် သူ၏ ဝိသေသလက္ခဏာ ပေါ်ပေါက်သွားမည်ကို စိတ်ပူနေစရာ မလိုအပ်ပေ။
ထို့အပြင် ၎င်းသည် ကျိုးရီ ကိုယ်တိုင်အတွက်လည်း အကျိုးရှိသည်။
ဝမ်လင်း၏ ခန္ဓာကိုယ်အပိုင်စီးခြင်းကို ခံထားရသည့် ကာလအတွင်း ကျိုးရီသည် ဝမ်လင်း၏ တိုက်ပွဲဝင်စွမ်းရည်များကို အမှန်တကယ် သင်ယူနိုင်မည် ဖြစ်၏။
ပုံမှန်အားဖြင့် ကျိုးရီသည် ဝမ်လင်း၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ထို့ကြောင့် ဤတစ်ကြိမ်သည် ဝမ်လင်း၏ လှုပ်ရှားမှုများကို အနီးကပ် တွေ့ကြုံခံစားနိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်၏။
ကျိုးရီကလည်း ဝမ်လင်း၏ လှုပ်ရှားမှုများကို အနီးကပ်လေ့လာခွင့်ရနေသဖြင့် စိတ်လှုပ်ရှားနေခဲ့သည်။
သူ၏ အားနည်းသောခန္ဓာကိုယ်က ဤမျှ အစွမ်းထက်သော ကောင်းကင်တာအိုများကို ထုတ်ဖော်နိုင်မည်ဟု သူ မထင်ထားမိပေ။
“ဒီကျိုးရီက သတင်းထဲမှာ ဖော်ပြထားတာထက်တောင် ပိုပြီးအစွမ်းထက်နေပါလား”
ပိုင်ယိုချွမ်က ကျိုးရီ၏ စွမ်းရည်ကိုမြင်ပြီး အံ့အားသင့်သွားခဲ့သည်။
သူယခင်က ကျိုးရီကို စုံစမ်းစစ်ဆေးခဲ့ပြီးပြီ ဖြစ်၏။
ရလဒ်မှာ ကျိုးရီသည် ရွှေအမြုတေ အဆင့်မှာသာ ရှိနေသည့်ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။
လက်တွေ့ကျကျပြောရလျှင် ကျိုးရီအနေဖြင့် ဤမျှလောက်အစွမ်းထက်သော ကောင်းကင်တာအိုကို ထုတ်ဖော်ရန် မဖြစ်နိုင်ပေ။
သို့သော် တကယ်ပဲ ကျိုးရီက အစွမ်းထက်နေသည်ဆိုလျှင် ဤတစ်ကြိမ် တိုက်ခိုက်မှုသည် အလဟဿ မဖြစ်တော့ပေ။
အနည်းဆုံးတော့ တစ်ဖက်လူ၏ ခွန်အားကို ရှင်းရှင်းလင်းလင်း သိနိုင်ခဲ့သည် မဟုတ်ပါလော။
ထို့ပြင် အံ့ဩစရာကောင်းလောက်အောင်ပင် အစောပိုင်းက ကျိုးရီ၏ အော်ရာကို သူမခံစားခဲ့ရပေ။
ဝမ်လင်းက ကျိုးရီ၏ ခန္ဓာကိုယ်ကို အပိုင်စီးပြီးနောက်တွင် အနည်းငယ် ဖုထွက်နေသည့် ခါးရိုးကို ပြုပြင်လိုက်ပြီး ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။
ကျိုးရီ၏ ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ထက် ပိုမိုနိမ့်ကျသော်လည်း မည်သို့ပင်ဆိုစေကာမူ သူ့ခန္ဓာကိုယ်သည် သူ့တပည့်၏ ခန္ဓာကိုယ်ဖြစ်၍ ဝမ်လင်း ထင်ထားသလောက် မဆိုးရွားပေ။
“ဘုရင်မျက်လုံး”
ဝမ်လင်းက သူ၏လက်ချောင်းများကို သူ၏ မျက်လုံးများပေါ် ပွတ်ဆွဲလိုက်သည်။
သူ၏ ဘယ်ဘက်မျက်လုံးက ချက်ချင်းပင် မီးလျံကဲ့သို့ နီရဲလာပြီး ပွင့်ချပ်သုံးချပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဝမ်လင်းသည် ကျိုးရီ၏ ခန္ဓာကိုယ်က ဘုရင်မျက်လုံး စွမ်းအားကို အပြည့်အဝ ခံနိုင်ရည် မရှိမည်အား စိုးရိမ်သောကြောင့် အစွမ်းတစ်ဝက်သာ အသုံးပြုခဲ့သည်။
သို့သော်လည်း ဤတစ်ဝက်ကပင် အလွန်အစွမ်းထက်နေပြီဖြစ်သည်။
မျက်လုံးမှ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်း တစ်ခုက ပိုင်ယိုချွမ်ကို လွှမ်းခြုံသွားခဲ့သည်။
“ရွှီး”
ဘုရင်မျက်လုံး၏ စွမ်းအားကြောင့် ကောင်းကင်ပေါ်ကနေ ပိုင်ယိုချွမ် ထံသို့ ကျဆင်းလာသည်။
ထိုရွှေရောင်အလင်းက ကြီးမားသော အဖျက်စွမ်းအားဖြင့် လှိမ့်ဝင်လာ၍ လေထု ပွတ်တိုက်မှုများကို ဖန်တီးလိုက်သည်။
ဤပြင်းထန်းသော အဖျက်စွမ်းအားကိုမြင်လျှင် ပိုင်ယိုချွမ်က ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သို့သော်လည်း သူက သာမန်လူတစ်ဦး မဟုတ်ပေ။
ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ထိမိလုဆဲဆဲတွင် ပိုင်ယိုချွမ်သည် အရိပ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ဤသည်မှာ အရိပ်၏စွမ်းအား ဖြစ်၏။
ဤမြင်ကွင်းကိုကြည့်၍ ပိုင်ယိုချွမ်သည် သူ၏ ညီမလေးဝမ်နွမ်နှင့် ဆက်စပ်မှု ရှိနေမည်မှာ ရာနှုန်းပြည့်သေချာနေပြီ ဖြစ်ကြောင်း ဝမ်လင်း ရိပ်မိလိုက်သည်။
ကြေးမုံနန်းတော်ကမ္ဘာတွင် အနက်ရောင်အရိပ် စစ်တပ်သည် သဲလွန်စပင် လုံးဝ မကျန်ရှိဘဲ ဆုတ်ခွာသွားခဲ့သည်။
ထိုအချိန်မှာပင် မေမေဝမ်သည် ဝမ်နွမ်အား ရုတ်တရက်ကိုယ်ဝန်ရှိလာသည်ကို ဝမ်လင်း တွေးမိခဲ့သည်။
ဤကမ္ဘာတွင် ယင်းကဲ့သို့ တိုက်ဆိုင်မှုမျိုး အမှန်တကယ် ရှိနေပါသလော။
ဤကိစ္စက မည်မျှ အရေးကြီးသည်ကို ဝမ်လင်း သတိပြုမိခဲ့သည်။
ထိုလူစုက သူ့ညီမလေးကို အန္တရာယ်ပေးရန် အစီအစဉ်ရှိနေပုံရ၏။
“ဒီလူတွေက တကယ်ကို အတင့်ရဲလွန်းတာပဲ”
အစ်ကိုကြီးတစ်ယောက် အနေဖြင့် ညီမလေးကို ကာကွယ်ရန်မှာ သူ၏တာဝန်သာ ဖြစ်သည်မဟုတ်ပါလော။
ထို့ကြောင့် သူက ပိုင်ယိုချွမ်ကို ဖမ်းပြီး အရာအားလုံး၏ နောက်ကွယ်မှ ဘော့စ်ကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏မျက်နှာနှင့် ဆင်တူသည် လူတစ်ဦးက သူ၏ နောက်ကွယ်ကနေ အရာအားလုံးကို ထိန်းချုပ်နေသည့်အိပ်မက်ကို မက်ခဲ့ဖူးသည်ဟု ဝမ်မင် ပြောခဲ့ဖူးသည်ကို ဝမ်လင်း အမှတ်ရမိသည်။
ထိုလူက ဥက္ကဌပိုင်နှင့် မိစ္ဆာအူမှိုတက်သခင် တို့ကို ပြန်လည်ရှင်သန်စေရုံမက ဥက္ကဌပိုင်၏ သား ပိုင်ယိုချွမ်ကိုပင် အရေးပါသော ရာထူးတစ်ခု ပေးအပ်ခဲ့သည်။
သို့ရာတွင် ထိုလူ၏စစ်မှန်သောပစ်မှတ်က သူ၏ညီမလေး ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
“မင်းငါ့ကို ဘယ်လိုမှဒုက္ခမပေးနိုင်ဘူး”
အရိပ်မုဒ်သို့ ရောက်ရှိနေသော အခြေအနေတွင် ပိုင်ယိုချွမ်သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လုံးဝ ခုခံနိုင်စွမ်းရှိနေခဲ့သည်။
ထိုခဏတွင် ဝမ်လင်းသည် ပိုင်ယိုချွမ်၏ မောက်မာနေသော မျက်နှာထားကို ကြည့်၍ ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ကြည့်ပါဦးလေ”
ဝမ်လင်း၏ စကားကိုကြားလျှင် ပိုင်ယိုချွမ်က ချက်ချင်းပင်စစ်ဆေးလိုက်ရာ သူ၏ စိတ်ဝိညာဉ်တွင် အမှတ်အသားပြုခံထားရသည်ကို သိလိုက်ရ၍ အံ့ဩသွားခဲ့သည်။
အစောပိုင်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် အယောင်ပြသာ ဖြစ်ပုံရသည်။
ဆိုရလျှင် သူ့ရှေ့မှလူငယ်သည် အစကတည်းကပင် သူ၏ စိတ်ဝိညာဉ်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ဘုရင်မျက်လုံးဖြင့် စိတ်ဝိညာဉ်အမှတ်အသားပြုခြင်း..
ဝမ်လင်းထံမှ စိတ်ဝိညာဉ်အမှတ်အသား ပြုခံရသူ တစ်ဦးသည် ကမ္ဘာမြေအစွန်းသို့ ထွက်ပြေးသွားလျှင်ပင် ဝမ်လင်းအလိုရှိသရွေ့ ချက်ချင်းဆိုသလို ပြန်လည် ထိန်းသိမ်းခံရမည်သာ ဖြစ်သည်။
ဝမ်လင်းက တစ်ဖက်လူ ထွက်ပြေးမည်ကို အလွန်စိုးရိမ်၍ ထိုစွမ်းရည်ကို ထုတ်သုံးခဲ့ခြင်း ဖြစ်၏။
အကယ်၍ ပိုင်ယိုချွမ်သာ လွတ်မြောက်သွားလျှင် နောက်ထပ်အခွင့်အရေးကို မည်မျှကြာကြာ စောင့်စားရမည်မှန်း မည်သူသိနိုင်မည်နည်း။
ပိုင်ယိုချွမ်က ဝမ်လင်း၏ ခွန်အားကို အလွန်အမင်း တွေးတောနေခဲ့သည်။
ထိုခဏမှာပင် ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေးမှူးသည် သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို သူ မြင်လိုက်ရသည်။
“ဒူးထောက်စမ်း”
ဝမ်လင်းက ပိုင်ယိုချွမ်ကို စိုက်ကြည့်၍ ရေရွတ်လိုက်သည်။
ပိုင်ယိုချွမ်အနေဖြင့် သူ၏အမိန့်ကို ခုခံနိုင်စရာ အကြောင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကောင်းကင်တာအိုစွမ်းရည် ဖြစ်သည့် မှော်စကားလုံးစွမ်းရည် ဖြစ်သောကြောင့်ပင်။
စကားတစ်ခွန်းတည်းနှင့်ပင် ပိုင်ယိုချွမ်၏ ဒူးများသည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ကွေးညွတ်သွားပြီး မြေပြင်နှင့်ထိစပ်သွားခဲ့သည်။
အပိုင်း(၁၀၆၀) ပြီး၏