ကံကြမ္မာတာအိုနှင့် ပတ်သက်သောအမှန်တရား
Vol. 71 Ch. 1061
ဓားပြခေါင်းဆောင်ကိုဖမ်းလျှင် ဓားပြများ ကျဆုံးလိမ့်မည်ဟူသော ဆိုရိုးစကားအတိုင်းပင်။
ဝမ်လင်းက ပိုင်ယိုချွမ်ကို ဒူးထောက်ကျအောင် ပြုလုပ်လိုက်သည်နှင့် ထောင်အရာရှိများ၏ စိတ်ဓာတ်သည် တမဟုတ်ချင်း မြင့်တက်လာခဲ့သည်။
ဒဏ္ဍာရီလာ ဒါရိုက်တာကျိုးရီက ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ။
အကယ်၍ ကျိုးရီသာ ရှိမနေခဲ့လျှင် ရန်သူသည် ထောင်ဖောက်ပြီး သွားလောက်ပြီ ဖြစ်၏။
ထိုမျှမကသေးဘဲ ထောင်ထဲတွင်လည်း အသေအပျောက်အရေအတွက် အများအပြား ကြုံတွေ့ရလိမ့်မည် ဖြစ်သည်၊။
ဤအတိုင်းသာ ဖြစ်လာခဲ့လျှင် စုန့်ဟိုင်မြို့ရှိ ကျင့်ကြံသူများကို ထိခိုက်စေမည်မှာ သေချာသည်။
အကျဉ်းထောင်ဆိုသည်မှာ မည်သို့သောနေရာ ဖြစ်သနည်း။
၎င်းက စုန့်ဟိုင်မြို့တွင် အစောင့်အကြပ် အထူပြောဆုံးနေရာဖြစ်သည်။
ထိုသို့သောနေရာက ရာဇဝတ်ကောင်များ၏ကျူးကျော်ခြင်းကို ခံခဲ့ရမည်ဆိုလျှင် လူတိုင်း၏ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာလိမ့်မည် ဖြစ်သည်။
ခေတ်မီကျင့်ကြံရေးခေတ်တွင် ငြိမ်းချမ်းရေးသည် ကမ္ဘာကြီး၏ အဓိကကျသော ဥပဒေဖြစ်သည်။
လူအများသည် မည်သည့် ရာဇဝတ်မှုမျိုးကိုမဆို ရှုပ်ချကြသည်။
တစ်ချိန်က တစ်စုံတစ်ယောက် ပြောဖူးသည်။
သင်၏နိုင်ငံ မကောင်းဘူးဟု ယုံကြည်လျှင် ပြန်လည် ထူထောင်ရန် ကြိုးစား၍ ရသည်။
အစိုးရမကောင်း ဟုထင်လျှင် လူထုအင်အားဖြင့် အစိုးရကို ဖြုတ်ချ၍ရသည်။
သင်၏ နိုင်ငံသားများမှာ ယဉ်ကျေးသိမ်မွေ့မှု မရှိလျှင် သင်ကိုယ်တိုင်က ယဉ်ကျေးသိမ်မွေ့သော နိုင်ငံသားအဖြစ် စတင်ပြီး သင့်ပတ်ဝန်းကျင်ရှိ လူများကို လက်တွေ့လုပ်ရပ်များဖြင့် လွှမ်းမိုးနိုင်ရန် ကြိုးစား၍ ရသည်။
အကယ်၍ သင်၏ပတ်ဝန်းကျင်တွင် ပျင်းရိသောလူများ ရှိနေလျှင် သင်ကိုယ်တိုင် ကြိုးစားခြင်းဖြင့် ၎င်းတို့ကိုပါ ပြောင်းလဲရန် လှုံ့ဆော်၍ ရသည်။
သင်အလိုမကျသော ကိစ္စများကို ပြောင်းလဲရန်အတွက် ညီးညူခြင်း၊ ဆဲဆိုခြင်းနှင့် အကြမ်းဖက်မှုများကို မရွေးချယ်သင့်ပေ။
သင်၏ နိုင်ငံအတွက် သင်က မည်သို့သော လူစားမျိုးနည်း။
သင်ကိုယ်တိုင်က ထူးချွန်လျှင် အကျိုးမရှိသော ကောလာဟလများနှင့် မနာလိုသော အတင်းအဖျင်းများကို ဂရုစိုက်နေရန်မလိုပေ။
ရိုင်းစိုင်းသည့် စကားများကို မတုံ့ပြန်ဘဲ လုပ်စရာရှိသည်ကိုသာ လုပ်ရမည် ဖြစ်သည်။
ဆိုရလျှင် သင့်အနေဖြင့် ပိုးစုန်းကြူးတစ်ကောင် ဖြစ်နေလျှင်ပင် အမှောင်ထဲတွင် လင်းလက်နိုင်ပါသေးသည်။
အဆုံးသတ်ဆိုရသော် သင့်တွင် မီးတိုင် မရှိခဲ့လျှင်ပင် သင်ကိုယ်တိုင်သည် တစ်ခုတည်းသော အလင်းရောင် ဖြစ်သည်။
သို့သော် ကံမကောင်းစွာပင် ဤသဘောတရားကို နားမလည်သည့် လူများလည်း ရှိ၏။
၎င်းတို့က ငြိမ်းချမ်းစွာဆန္ဒပြသော လမ်းစဉ်ကို ဆန့်ကျင်၍ ကြမ်းတမ်းသော အပြုအမူများကို ထုတ်ဖော်ပြလေ့ရှိသည်။
ယခုတစ်ကြိမ် ထောင်ဖောက်ရန် ကြိုးစားသောသူများသည် ထိုကဲ့သို့သော လူများ ဖြစ်သည်။
ဝမ်လင်းက ပိုင်ယိုချွမ်၏ စိတ်ဝိညာဉ်ကို ဘုရင်မျက်လုံးစွမ်းအားဖြင့် ပိတ်လှောင်ထားခဲ့သည်။
ပိုင်ယိုချွမ်က အံကို တင်းတင်းကြိတ်ရင်း လွတ်မြောက်ရန်ကြိုးစားနေခဲ့သည်။
သူက ဤတစ်ကြိမ် မစ်ရှင်၏ ဦးစီးသူ ဖြစ်သည်။
ထို့ကြောင့် သူက လွတ်မြောက်ရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သည်။
နောက်ထပ် အခိုက်အတန့်မှာပင် ပိုင်ယိုချွမ်သည် မြေပြင်ပေါ်တွင် တွန့်လိမ်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
ဝမ်လင်းက ဘုရင်မျက်လုံးမှ တဆင့် ပိုင်ယိုချွမ်က သူ၏ စိတ်ဝိညာဉ်ကို ခွဲထုတ်ရန် ကြိုးစားနေကြောင်း ရှင်းရှင်းလင်းလင်းသိခဲ့သည်။
ကံကြမ္မာတာအိုသည် အထူးသီးသန့် တာအိုအမျိုးအစားဖြစ်သည်။
ဆိုရလျှင် ကံကြမ္မာတာအိုသည် အပြိုင် ဒိုင်မန်းရှင်းများကို ထိန်းချုပ်နိုင်သည့် မဟာတာအိုတစ်မျိုး ဖြစ်၏။
ယင်းမှာ ပိုင်ယိုချွမ်က သူ၏ စိတ်ဝိညာဉ်ကို စွန့်လွှတ်လိုက်သည်နှင့် အပြိုင်ဒိုင်မန်းရှင်းရှိ အခြားပိုင်ယိုချွမ်၏ စိတ်ဝိညာဉ်သည် လက်ရှိပိုင်ယိုချွမ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်သွားလိမ့်မည် ဟူသော အဓိပ္ပါယ်ပင်။
ဤသည်မှာ ကံကြမ္မာတာအို၏ အမှန်တရားပင် ဖြစ်သည်။
အစောပိုင်းတွင် ဝမ်လင်းသည် ကံကြမ္မာတာအို၏ အလုပ်လုပ်ပုံကို နားမလည်ခဲ့ပေ။
သို့သော် ယခုအချိန်တွင်မူ အရာအားလုံးက ကွဲပြားသွားပြီဖြစ်သည်။
တကယ်တမ်းပြောရလျှင် ပိုင်ယိုချွမ်၏ အကြံအစည်က မဆိုးပေ။
ဘုရင်မျက်လုံးဖြင့် ပိတ်လှောင်ခံထားရသော သူ၏စိတ်ဝိညာဉ်ကို ခွဲထုတ်၍ အခြားဒိုင်မန်းရှင်းမှ စိတ်ဝိညာဉ်နှင့် လဲလှယ်ရန်သာ လိုအပ်သည်။
“အပြိုင်ဒိုင်မန်းရှင်း တစ်ခုကနေ စိတ်ဝိညာဉ်အသစ်ရဖို့အတွက် ကံကြမ္မာတာအိုကို အသုံးပြုဖို့ ကြိုးစားနေတာလား”
ဝမ်လင်းက ပိုင်ယိုချွမ်ကို စေ့စေ့ကြည့်၍ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ပိုင်ယိုချွမ်က စိတ်ဖတ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
“မင်း…”
သူ၏ရည်ရွယ်ချက်ကို ဖော်ထုတ်ခံလိုက်ရသဖြင့် ပိုင်ယိုချွမ်က မထူးဇာတ်ခင်းကာ မောက်မာစွာ ပြောလိုက်သည်။
“မင်းသိသွားလည်း အလကားပဲ.. မင်းငါ့ကို တားဆီးလို့မရဘူး”
ထိုခဏတွင် ပိုင်ယိုချွမ်သည် လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး နေရာလွတ် ဥမင်လှိုဏ်ခေါင်းကို ထုတ်ဖော်ကာ ထိုဥမင်လှိုဏ်ခေါင်းမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ထိုသို့ ပြေးလာရင်း သူက စိတ်ဝိညာဉ်ကို လွှဲပြောင်းနေခဲ့သည်။
အကယ်၍ ဤသည်က ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုသာ ဖြစ်ခဲ့လျှင် အပြိုင်ဒိုင်မန်းရှင်းမှ ခန္ဓာကိုယ်အသစ် တစ်ခုကို လွတ်လပ်စွာ ယူဆောင်နိုင်မည် ဖြစ်သည်။
ကံကြမ္မာတာအိုသခင်များသည် အနည်းဆုံး အပြိုင်ဒိုင်မန်းရှင်းမှ ခန္ဓာကိုယ် တစ်သောင်းခန့်ကို ထိန်းချုပ်နိုင်သည်။
ထိုအပြိုင် ဒိုင်မန်းရှင်းမှ ခန္ဓာကိုယ်များကို ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ခြင်းသည် အသက်တစ်သောင်း ရှိခြင်းနှင့် ဆင်တူ၏။
ထို့အပြင် ကံကြမ္မာတာအိုသည် လိုအပ်သောအခါတွင် လူတစ်ဦးတည်း၏ စွမ်းအားကနေ လူတစ်သောင်း၏ စွမ်းအားကို မြှင့်တင်နိုင်စွမ်းလည်း ရှိသည်။
သို့သော်လည်း ဤအရာသည် ကံကြမ္မာတာအို၏ အဆုံးစွန်သော လျှို့ဝှက်စွမ်းရည်တစ်ခု ဖြစ်သည်။
ထိုသို့ လုပ်ဆောင်လိုက်သည်နှင့် အပြိုင်ဒိုင်မန်းရှင်းရှိ ခန္ဓာကိုယ်တစ်သောင်းသည် ခန္ဓာကိုယ် တစ်ခုတည်းတွင် စုရုံးလာမည် ဖြစ်သည်။
သို့ရာတွင် ထိုခန္ဓာကိုယ် သေဆုံးသွားလျှင်မူ ထာဝရသေဆုံးခြင်း ဖြစ်သွားပေလိမ့်မည်။
ပိုင်ယိုချွမ်တွင် ထိုကဲ့သို့ သတ္တိမရှိပေ။
ထို့ပြင် သူ၏ကံကြမ္မာ တာအိုစွမ်းအားသည် သူ့အပေါ် အပ်နှင်းထားသည့် စွမ်းအားတစ်ခုသာ ဖြစ်ပြီး သူကိုယ်တိုင်က အပြိုင်ဒိုင်မန်းရှင်းမှ ခန္ဓာကိုယ် တစ်ရာခန့်ကိုသာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။
အကယ်၍ သူက အဆုံးစွန်သော လျှို့ဝှက်စွမ်းရည်ကို အသုံးပြု၍ သေဆုံးသွားခဲ့လျှင် အပြိုင်ဒိုင်မန်းရှင်းရှိခန္ဓာကိုယ် အားလုံးသည် ချက်ချင်းဆိုသလို ကွယ်ပျောက်သွားလိမ့်မည် ဖြစ်၏။
ဆိုရလျှင် စကြာဝဠာတစ်ခုလုံး၌ ပိုင်ယိုချွမ် ဆိုသောလူသည် လုံးဝရှိတော့မည် မဟုတ်ပေ။
ပိုင်ယိုချွမ်က စိတ်ဝိညာဉ်လွှဲပြောင်းခြင်း၏ နာကျင်မှုဒဏ်ကို အသေအလဲ တောင့်ခံနေရသည်။
ထိုခဏတွင် နေရာလွတ်မုန်တိုင်း တိုက်ခက်လာသောအခါ ပိုင်ယိုချွမ်သည် သူ၏ခန္ဓာကိုယ်ကို နေရာလွတ် ဥမင်လှိုဏ်ခေါင်းအတွင်း လွတ်လပ်စွာ လွင့်မျောနေစေခဲ့သည်။
သူ၏စိတ်ဝိညာဉ်အပေါ် သက်ရောက်နေသော နာကျင်မှုနှင့်နှိုင်းစာလျှင် သူ၏ခန္ဓာကိုယ် နာကျင်ခြင်းသည် မပြောပလောက်ပေ။
သို့သော် ပိုင်ယိုချွမ်သည် စိတ်ဝိညာဉ်လွှဲပြောင်းနေစဉ် အတွင်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို လျင်မြန်စွာ သတိပြုမိလိုက်သည်။
ယင်းမှာ အပြိုင်ဒိုင်မန်းရှင်း တစ်ခုနှင့် ဆက်သွယ်မှု မရစေရန် တစ်စုံတစ်ခုက သူ့ကို တားဆီးနေခြင်းပင်။
နောက်ထပ် အခိုက်အတန့်မှာပင် ပိုင်ယိုချွမ်သည် သူ့အောက်ဘက်ရှိ နေရာလွတ်ဥမင်လှိုဏ်ခေါင်းတွင် အက်ကြောင်းတစ်ခု မထင်မှတ်ဘဲ ပေါ်လာသည်ကို သိရှိသွားခဲ့သည်။
ထိုခဏမှာပင် ရွှေရောင်မျက်လုံး တစ်စုံက ထိုအက်ကြောင်းကနေ စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ပိုင်ယိုချွမ်က ချက်ချင်းပင် ထိုအက်ကွဲကြောင်းထဲသို့ နစ်ဝင်သွားခဲ့သည်။
သူသတိပြန်ဝင်လာသောအခါတွင် ဝမ်လင်း၏ ရှေ့၌ နောက်တစ်ကြိမ် ဒူးထောက်လျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ပိုင်ယိုချွမ်က သူ့ကိုယ်သူ လီထောင်ပေါင်းများစွာ ထွက်ပြေးခဲ့သည်ဟု ထင်ခဲ့သော်လည်း ဘုရင်မျက်လုံးသည် တစ်ခဏအတွင်းမှာပင် သူ၏ ဝိညာဉ်ကို ပြန်လည်ဆွဲခေါ်ခဲ့သည်။
ပိုင်ယိုချွမ် အနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးပါစေ ဝမ်လင်း၏ လက်ထဲကနေ လွတ်မြောက်စရာ နည်းလမ်း မရှိတော့ပေ။
“မင်းငါ့ကို တားဆီးလိုက်တာလား”
သူ၏ဝိညာဉ်က သူရည်ရွယ်ထားသည့်အတိုင်း အခြားအပြိုင်ဒိုင်မန်းရှင်းမှ ဝိညာဉ်နှင့် မလဲလှယ်နိုင်ခဲ့ပေ။
သူက ဝမ်လင်းကို မယုံနိုင်စွာဖြင့် ငေးကြည့်နေခဲ့သည်။
“မင်း.. မင်းက ကျိုးရီမဟုတ်ဘူး”
ပိုင်ယိုချွမ်က တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိပြုမိခဲ့သည်။
သို့သော် သူ ထိုသို့ပြောသည့်တိုင် သူလိုလူဆိုး၏ စကားကို မည်သူမျှ ယုံမည်မဟုတ်ပေ။
ဝမ်လင်းက သူ၏လက်ချောင်းများဖြင့် ပိုင်ယိုချွမ်ကို ညွှန်ပြလိုက်သည်။
ထိုခဏတွင် သူ၏အသံက ပိုင်ယိုချွမ်၏ ခေါင်းထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
“မင်းရဲ့ကံကြမ္မာတာအိုကို ငါဝါးမျိုလိုက်ပြီ.. အခုမင်းမှာအသက်တစ်ခုပဲ ရှိတော့တယ်”
“မင်း…မင်းကံကြမ္မာတာအိုကို တတ်ကျွမ်းသွားပြီလား”
ပိုင်ယိုချွမ်က မယုံနိုင်အောင် အံ့ဩသွားခဲ့သည်။
ထိုခဏတွင် ကျိုးရီ၏ ခန္ဓာကိုယ်၌ ပုန်းအောင်းနေသောသူကို သူ ရိပ်စားမိခဲ့သည်။
သို့သော်လည်း အဆုံးသတ်တွင် ထိုလူကို အသံကျယ်ကျယ်ဖြင့်ပင် မပြောရဲခဲ့ပေ။
“ဒါက ဘာများခက်နေလို့လဲ”
ဝမ်လင်းက ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ပိုင်ယိုချွမ်ကို စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ပိုင်ယိုချွမ်၏ အောက်မေးရိုးကို ညှစ်၍ ပြောလိုက်၏။
“မင်းရဲ့ရည်ရွယ်ချက်ကို အခုပြောစမ်း”
အပိုင်း(၁၀၆၁) ပြီး၏