← Chapters

ဝမ်လင်း၏စိုးရိမ်မှု

Vol. 71 Ch. 1062

ဝမ်လင်း၏စိုးရိမ်မှု

Vol. 71 Ch. 1062

ပိုင်ယိုချွမ်က လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း ဝမ်လင်း၏ လက်မှ လွတ်မြောက်ရန်အတွက် သူ့တွင် အစွမ်းအစမရှိကြောင်း နားလည်သွားခဲ့သည်။

ဤသည်က သာမန်အခြေအနေတစ်ခုသာ ဆိုလျှင် ဝမ်လင်းသည် သူ၏မေးခွန်းကို ငြင်းဆန်သည့် တစ်ဖက်လူ၏ မှတ်ဉာဏ်ကို အတင်းအကြပ်ရှာဖွေရန် ရွေးချယ်နိုင်မည်ဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် ဝမ်လင်းက ပိုင်ယိုချွမ်ပေါ်တွင် ထိုနည်းဗျူဟာကို အသုံးမချနိုင်ခဲ့ပေ။

ဝမ်လင်းက ပိုင်ယိုချွမ်၏ ကံကြမ္မာတာအိုကို သိမ်းပိုက်ထားပြီးပြီ ဖြစ်သော်လည်း ပိုင်ယိုချွမ်ထံ၌ ကံကြမ္မာတာအိုအနည်းငယ် ကျန်ရှိနေသေးသည်။

အကယ်၍ ဝမ်လင်းသာ ပိုင်ယိုချွမ်ကို စိတ်ဖတ်လိုက်လျှင် ပိုင်ယိုချွမ်၏ စိတ်သည် အခြားဒိုင်မန်ရှင်းများမှ ပိုင်ယိုချွမ်၏ မှတ်ဉာဏ်များနှင့် ရောထွေးသွားပြီး ရှုပ်ထွေးသွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက ပိုင်ယိုချွမ်ကို စစ်ဆေးမေးမြန်းရန်အတွက် အလျင်စလို မဖြစ်ခဲ့ပေ။

သူ့တွင်တပည့်ကျော် ကျိုးရီ ရှိနေ၍ ဤကဲ့သို့ အလုပ်မျိုးကို သူ့တပည့်ဖြင့် လွှဲထားလိုက်သည်က ပို၍ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်၏။

ပိုင်ယိုချွမ်ကို ထိန်းသိမ်းပြီးနောက်တွင် ဝမ်လင်းသည် သူ၏ မူလခန္ဓာကိုယ်ဆီသို့ ပြန်သွားခဲ့သည်။

လက်ရှိအချိန်တွင် ပိုင်ယိုချွမ်သည် အနက်ရောင်အရိပ်စစ်တပ်၏ အကြီးအကဲဖြစ်သည့် သူ၏ရာထူးကြောင့် မာကျောက်တပ်ဖွဲ့မှ သုံးယောက်နှင့်အတူ အထူးအကျဉ်းခန်းထဲတွင် အကျဉ်းချခံရလိမ့်မည် ဖြစ်သည်။

ယင်းမှာ အထူးအကျဉ်းခန်းတွင် လူလေးယောက် ရှိလာမည့် ပထမဆုံးအကြိမ် ဖြစ်သည်။

ကွာဖီတို့အနေဖြင့် မာကျောက်ကစားရန် အတွက် အခြားအကျဉ်းခန်းမှ လူများကို ချောဆွဲရန် မလိုအပ်တော့ပေ။

ပိုင်ယိုချွမ်ကို စစ်ဆေးမေးမြန်းရန်အတွက် လော၍မဖြစ်ဘဲ အချိန်ယူရပေမည်။

သို့သော် ဝမ်လင်းက အကျဉ်းထောင်ကို ဝင်ရောက်ကျူးကျော်ခဲ့သော ပိုင်ယိုချွမ်၏ ရည်ရွယ်ချက်ကို မှန်းဆနေခဲ့သည်။

ဤကိစ္စက သူ့ညီမလေး ဝမ်နွမ်နှင့် သက်ဆိုင်နေသည်မှာ ထင်ရှားနေသည်။

ကျန့်ထျန်းချမ်း နှင့် ဝူယွမ်ကျီတို့သည် ဝမ်နွမ်၏ အထူးစွမ်းအားများ အပ်နှင်းခံထားရသောကြောင့် ၎င်းတို့၏ ပစ်မှတ်ထားခြင်းကို ခံရခြင်း ဖြစ်ပေမည်။

ဝမ်မိသားစု၏ မျိုးဗီဇကို အခြေခံ၍ ဝမ်နွမ်ထံ၌ ကောင်းကင်တာအို၊ နတ်တာအို၊ ကံကြမ္မာတာအိုတို့နှင့် တူညီသည့် ထူးခြားသော တာအိုစွမ်းအင်မျိုး ရှိကောင်းရှိနိုင်သည်ဟု ဝမ်လင်း ယုံကြည်ခဲ့သည်။

ထို့အပြင် ဝမ်နွမ်၏ စွမ်းရည်သည် ကံကြမ္မာတာအိုနှင့် ဆင်တူသည့် သဘာဝ၏ လက်ဆောင်တစ်ခု ဖြစ်သည်။

ထိုစွမ်းအားက အရိပ်ကို လှုံ့ဆော်နိုင်ပြီး လူတစ်ဦးအား အချိန်တိုအတွင်း အလျင်အမြန် အားဖြည့်ပေးနိုင်သည်။

တစ်ချိန်တည်းမှာပင် အရိပ်စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းအား ရရှိစေမည် ဖြစ်သည်။

သို့သော် ဝူယွမ်ကျီ နှင့် ကျန့်ထျန်းချမ်းတို့သည် အရိပ်စွမ်းအားကို အခြေခံကျဆုံး အဆင့်တွင်သာ ထိန်းချုပ်နိုင်သည်မှာ ထင်ရှားနေသည်။

ထိုအတွက်ကြောင့် ဝမ်လင်းက အလွန်ပင် အံ့ဩထိတ်လန့်သွားခဲ့သည်။

သူ့ညီမလေးက မိခင်၏ ဝမ်းဗိုက်တွင် တစ်လခွဲသာ ရှိသေးသော်လည်း ပြဿနာကို ရှာတတ်နေပြီ မဟုတ်ပါလား။

သူမ မွေးဖွားလာပြီးနောက်တွင် သူမသည် မီးလျှံနီ အရူးမိစ္ဆာမော့ရှောင်ပိုင် ကဲ့သို့ ဖြစ်လာမည်မှာ သေချာသည်။

စက်တင်ဘာ ၂၂ ရက်နေ့သည် နွေရာသီအားလပ်ရက်၏ ၃၉ ရက်မြောက်နေ့ ဖြစ်သည်။

စုန့်ဟိုင်ထောင်ကို အမည်မသိ တပ်ဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည့် ဒါရိုက်တာ ကျိုးရီသည် ထောင်အုပ်လျန့်နှင့် အတူ ဦးဆောင်ကာ ကျူးကျော်သူများကို ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းတို့က ထောင်တိုက်ခိုက်ရေး အရာရှိအားလုံးကို ကယ်တင်နိုင်ခဲ့ပြီး အမည်မသိတပ်ဖွဲ့မှ အဖွဲ့ဝင် ၁၀၀ နှင့်အတူ ခေါင်းဆောင်တစ်ဦးကိုပင် ဖမ်းဆီးနိုင်ခဲ့သည်။

ဤသတင်းက အွန်လိုင်းတွင် တစ်ဟုန်ထိုး ပျံ့နှံ့သွားပြီး ကျိုးရီသည်လည်း မူလထက် ပိုမို ကျော်ကြားလာခဲ့သည်။

ယမန်နေ့ညက တိုက်ပွဲဝင်နေသည့် ကျိုးရီ၏ ပုံရိပ်များကို ထောင်ရှိ ကင်မရာများက ကောင်းစွာ မှတ်တမ်းတင်ထားခဲ့သည်။

ကင်မရာထဲမှ ကျိုးရီ၏ အဆုံးမဲ့ ကျန်းမာရေး မှော်အစီအရင်ကို မြင်လျှင် လူတိုင်းသည် အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။

အထူးသဖြင့် ကျိုးရီကို သဘောမကျသူများ ဖြစ်သည်။

ကျိုးရီက အလကားကျော်ကြားနေသူသာ ဖြစ်ပြီး တကယ် အရည်အချင်း အစစ်အမှန်မရှိဟု ၎င်းတို့က အွန်လိုင်းတွင် ပြောဆိုလေ့ ရှိကြသည်။

အမှန်တကယ်လည်း တိုက်ပွဲ ဖြစ်ချိန်တိုင်းတွင် ယုံကြည်စိတ်ချရသော ဗီဒီယို အထောက်အထား မရှိ၍ ၎င်းတို့ကိုအပြစ်တင်၍ မရပေ။

သို့သော် ယမန်နေ့ညက ကျိုးရီပြသခဲ့သည့် တိုက်ခိုက်ရေးစွမ်းအားသည် ဆန့်ကျင်ဘက် ပရိသတ်များကို ဆွံ့အကာ ပါးစပ်ပေါက်များကို ပိတ်စေခဲ့သည်။

သူ၏ တိုက်ပွဲဝင်စွမ်းရည်ကို ထည့်မပြောလျှင်ပင် သူ၏လုပ်ရပ်သည် မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်သည်။

ထို့ကြောင့် ကျိုးရီသည် "သိုသိုသိပ်သိပ် သင်ခန်းစာပေးတတ်သူ"ဟူသည့် နာမည်ပြောင်အသစ်ကို ပေးခံရသည်အထိ ဂုဏ်သိက္ခာအရ တိုးတက်မှု ရှိလာခဲ့သည်။

ဝမ်လင်းက စစ်ဆေးမေးမြန်းမှုကို အလွန် စိတ်ဝင်စားနေ၍ တိုးတက်မှု တစ်စုံတစ်ရာ ရှိလာသည်နှင့် ချက်ချင်း သတင်းပို့ရန် ကျိုးရီအား မှာကြားခဲ့သည်။

ဝူယွမ်ကျီ နှင့် ကျန့်ထျန်းချမ်းတို့က အရိပ်စွမ်းအားများကို ရရှိခဲ့သော်လည်း ဝမ်နွမ်က ၎င်းတို့ကို မရည်ရွယ်ဘဲ ပေးအပ်ခဲ့ခြင်းသာ ဖြစ်နိုင်သည်ဟု ဝမ်လင်း ကောက်ချက်ချခဲ့သည်။

ဤအတိုင်းသာဆိုလျှင် ဝမ်နွမ် မမွေးဖွားခင် ဆယ်လအတွင်း သန္ဓေသားထံမှ လှုပ်ရှားမှု အများအပြား ရှိလာနိုင်ဖွယ်ရှိသည်။

ဝမ်လင်းက တာအိုစည်းတံဆိပ်များ ဆွဲရာတွင် ကျွမ်းကျင်နေပြီ ဖြစ်သောကြောင့် ဝမ်နွမ်အတွက် ရေးဆွဲသင့်သလားဟု တွေးလိုက်မိသည်။

တာအိုစည်းတံဆိပ်ဖြင့်သာ ဆိုလျှင် ဗိုက်ထဲမှ စွမ်းအားများ မတော်တဆ အပြင်သို့ ပေါက်ကြားခြင်းမှ ကာကွယ်နိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် ထိုနေ့မနက်မှာပင် ဝမ်လင်းသည် ဝမ်နွမ်နှင့် ပတ်သတ်သည့် ကိစ္စအား ဖေဖေဝမ်ကို ပြောပြခဲ့သည်။

တာအိုစည်းတံဆိပ် ရေးဆွဲရန်အတွက် လိုအပ်သော အစီအရင်စက္ကူနှင့် အထူးပစ္စည်းများ၏ ကုန်ကျစရိတ်သည် ယွမ်တစ်ထောင်ခန့် ရှိသည်။

ဤသည်မှာ များပြားသော ငွေပမာဏတော့ မဟုတ်ပေ။

တကယ်တမ်းတွင် ဝမ်လင်းအနေဖြင့် လင်းကျန်းရန်ဟူသည့်အထောက်အထားကို ချက်ဂရုထဲတွင် အသုံးပြုသရွေ့ သူအလိုရှိသည့် ပိုက်ဆံကို မည်သူမှ ငြင်းဆန်နိုင်မည် မဟုတ်ချေ။

သို့သော် ဝမ်လင်းထံတွင် အပြင်လူများထံမှ ပိုက်ဆံတောင်းသည့် အလေ့အထ မရှိခဲ့ပေ။

မိသားစုကိစ္စ ဆိုသည်မှာ အတွင်ရေးကိစ္စ ဖြစ်၍ မိသားစုများသာ ကိုင်တွယ်သင့်ပေသည်။

ဤသည်ကလည်း ဝမ်လင်းအတွက် ဖေဖေဝမ် နှင့် မေမေဝမ်တို့ ချမှတ်ထားသည့် မိသားစု စည်းမျဉ်းများထဲမှ တစ်ခု ဖြစ်သည်။

ဝမ်လင်း၏ ပြောဆိုမှုများကို နားထောင်ပြီးနောက်တွင် ဖေဖေဝမ်သည် မျက်မှန်ကို ပင့်တင်လိုက်ပြီး ကော်ဖီခွက်ကို ချလိုက်သည်။

“ဒါက ကောင်းတဲ့ အကြံပဲ လင်းလင်း.. ဒါပေမဲ့ ပိုက်ဆံကတော့ မင်းကိုယ်တိုင် ရှာရမယ်.. သတိပြုရမှာက မင်းအနေနဲ့ ပုံမှန်ကျင့်ကြံခြင်း အထက်တန်းကျောင်းသား တစ်ယောက်ရဲ့ စွမ်းရည်နဲ့ပဲ ငွေရှာရမယ်.. ငါဆိုလိုတာက မင်းရဲ့ခွန်အားကို အခြေခံတည်ထောင်ခြင်း နှောင်းပိုင်းအဆင့်ထက် မပိုစေရဘူး.. ဒီနယ်ပယ်အဆင့်ထက် ကျော်လွန်ခဲ့ရင် မင်းရဲ့မုန့်ဖိုးကနေ ယွမ်နှစ်ရာ နုတ်ယူရလိမ့်မယ်”

“..........”

ဝမ်လင်းက ဖေဖေဝမ် ချက်ချင်း သဘောတူလိမ့်မည်ဟု ထင်ခဲ့သော်လည်း ကိုယ်တိုင် ပိုက်ဆံရှာဖို့ ပြောလိမ့်မည်ဟု မထင်ခဲ့ပေ။

“ဒီပိုက်ဆံက မများပါဘူး.. ငါမင်းကို ပေးနိုင်ပါတယ်.. ဒါပေမဲ့လင်းလင်း.. မင်းစဉ်းစားကြည့်စမ်း.. ဒါက ညီမလေး တစ်ယောက်အပေါ်မှာ အစ်ကိုကြီးတစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြတာပဲ.. မင်းညီမလေး အတွက်‌ ရေးဆွဲပေးမယ့် တာအိုမှော်အစီအရင်ကို မင်းကြိုးစားပမ်းစား ရှာဖွေထားတဲ့ ပိုက်ဆံနဲ့ ဖန်တီးပေးမယ်ဆိုရင် ဝမ်နွမ်လေး မွေးဖွားလာပြီးတဲ့နောက်မှာ မင်းကို အရမ်းချစ်သွားမယ်လို့ ငါယုံကြည်တယ်”

ဖေဖေဝမ်က အကြံဉာဏ်ပေးပြီးနောက်တွင် ဝမ်လင်း၏ ပုခုံးကို ပုတ်လိုက်သည်။

“ပိုက်ဆံဘယ်လိုရှာမလဲ ဆိုတာ အရင်စဉ်းစားလိုက်ဦး.. မင်းတကယ် မရှာနိုင်ရင်လည်း အဖေက မင်းကို ပိုက်ဆံပေးမှာပါ”

ဤသည်မှာ အပြစ်ကင်းစင်သော အမိန့်တစ်ခု ဖြစ်သည်။

အဆုံးသတ်တွင် ဝမ်လင်းသည် ပိုက်ဆံတောင်းရန် ဆင်‌ခြေကို မရှာဖွေနိုင်ခဲ့ပေ။

ဖေဖေဝမ်က လှေကားထစ်များကို တက်သွားသည့် ဝမ်လင်းကိုကြည့်ရင်း ကျေနပ်မှုကို ခံစားလိုက်ရသည်။

မေမေဝမ်က ဝမ်နွမ်ကို ကိုယ်ဝန်ဆောင်ထားသော အချိန်ကတည်းက ဖေဖေဝမ်သည် မောင်နှမနှစ်ယောက် တစ်ဦးအပေါ် တစ်ဦး ချစ်ချစ်ခင်ခင် ရှိစေရန် ဆုံးဖြတ်ထားပြီ ဖြစ်သည်။

ဤသို့ဖြင့် ဝမ်လင်းအတွက် အရေးတကြီး လိုအပ်သောအရာသည် အချိန်ပိုင်း အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

သူက အသက် ၁၆ နှစ်အရွယ်သာရှိသေးသည့် အထက်တန်းကျောင်းသား ဖြစ်၍ အချိန်ပိုင်း အလုပ်တစ်ခုအတွက် သူ့ကို တစ်စုံတစ်ယောက်က ငှားရမ်းပါမည်လော။

ဝမ်လင်းက အလွန်သံသယ ဖြစ်နေမိသည်။

ထို့နောက်တွင် ဝမ်လင်းသည် အချိန်ပိုင်း အလုပ်အတွက် ဝမ်မိသားစု စည်းမျဉ်းများနှင့်အညီ ဦးစွာ စဉ်းစာရန် ဆုံးဖြတ်လိုက်သည်။

အဓိကအချက်မှာ သူ၏ မွေးရာပါ ကောင်းကင်တာအို စွမ်းရည်ကို အသုံးပြု၍ ငွေရှာရန် ခွင့်မပြုထားခြင်း ဖြစ်သည်။

ထို့ကြောင့် ထူးထူးခြားခြား အလုပ်များကို ဘေးချိတ်ထားလျှင် မည်ကဲ့သို့သော အလုပ်သည် သူနှင့် သင့်တော်နိုင်ပါမည်နည်း။

စတိုးဆိုင်တွင် အချိန်ပိုင်း အလုပ်သမားအဖြစ် အလုပ်လုပ်သင့်သလော။

လမ်းပေါ်တွင် လက်ကမ်းစာစောင်များ ဝေသင့်ပါသလော။

သို့မဟုတ် KFC တွင် အလုပ်လုပ်သင့်သလော။

အပိုင်း(၁၀၆၂) ပြီး၏

All Chapters