ဝမ်လင်း အလုပ်သို့စတင်ရောက်ရှိသောနေ့
Vol. 71 Ch. 1063
အတိုချုပ်ပြောရလျှင် ဝမ်လင်းအတွက် ယခုပြဿနာသည် အချိန်ပိုင်းအလုပ် ဖြစ်သည်။
ကောင်းကင်တာအိုကို အသုံးမပြုနိုင်၍ ငွေရှာဖို့ အနည်းငယ်ခက်ခဲလိမ့်မည် ဖြစ်၏။
သို့မဟုတ်လျှင် သူ၏အကြားအာရုံ စွမ်းရည်ကို အသုံးပြု၍ အခြား အပြိုင်ကမ္ဘာများနှင့် ချိတ်ဆက်ကာ ဂီတသံစဉ်အချို့ကို ရောင်းချခြင်းဖြင့် မိနစ်ပိုင်းအတွင်း ယွမ်ထောင်ပေါင်းများစွာကို ရှာဖွေနိုင်မည် ဖြစ်၏။
သို့သော် ဂီတသံစဉ်ကို ကူးယူခြင်းသည်လည်း တကယ်တမ်းတွင် ကောင်းမွန်သော အစီအစဉ် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အခန်းများကို ဆွဲဆန့်ရန်အတွက် ဖြစ်လောက်သည်ဟု စာဖတ်သူများက သံသယဝင်ကြမည် ဖြစ်သောကြောင့်ပင်။
ဝမ်လင်းက ကောင်းကင်တာအိုစွမ်းရည်ကို အသုံးမချနိုင်သော်လည်း သူ၏ခန္ဓာကိုယ်စွမ်းရည်ကို အားကိုး၍ အခြားသူတစ်ဦး၏ သဲအိတ်ကဲ့သို့ သူ့ကိုယ်သူ အသုံးချရန် စိတ်ကူးမိခဲ့သည်။
သူ့အနေဖြင့် မည်သို့ပင် ရိုက်နှက်ခံရသည်ဖြစ်စေ မထိခိုက်နိုင်ပေ။
သို့သော် ပြဿနာမှာ သူ့ခန္ဓာကိုယ်၏ တန်ပြန်တုံ့ပြန်မှုစွမ်းအားသည် အခြားသူ တစ်ဦးဦးကို မတော်တဆ သေဆုံးနိုင်သောကြောင့် ဖြစ်သည်။
အရိပ်အဖွဲ့အစည်းမှ လုပ်ကြံသူများသည် အမှတ် ၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်ခဲ့သောအချိန်တွင် အရိပ်လူသတ်သမား တစ်ယောက်သည် သူ၏ တန်ပြန်တုံ့ပြန်မှုစွမ်းအားဖြင့် ချက်ချင်း သေဆုံးခဲ့သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။
ယခုဆိုလျှင် ထိုလူ၏ သင်္ချိုင်းမှ မြက်ပင်သည်ပင် ဆယ်မီတာခန့်မြင့်မားနေပြီဖြစ်၏။
ဝမ်လင်းက လေးလေးနက်နက် စဉ်းစားပြီးနောက်တွင် ချက်ဂရုထဲ၌ ချန်းချောင်တို့ကို အကြံဉာဏ်တောင်းလိုက်သည်။
“အချိန်ပိုင်း အလုပ်လုပ်မလို့လား”
ချက်ဂရုထဲတွင် ရှိနေသော ချန်းချောင်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ဒါဆို ဝမ်လင်း.. စားပွဲထိုး အလုပ်ဆိုရင်ရော ဘယ်လိုလဲ”
“???”
“မင်းက နည်းနည်လေးမှ မပြုံးတတ်ဘူးဆိုတော့ ဒီလိုအလုပ်မျိုးကို မင်းလုပ်နိုင်မှာမဟုတ်ဘူး.. အခန့်မသင့်ရင် စားသုံးသူတွေရဲ့ တိုင်ကြားမှုကိုတောင် ခံရနိုင်တယ်.. ဒီလိုနေရာမျိုးတွေမှာ တိုင်ကြားမှုတစ်ခု တက်လာတာနဲ့ လစာလျှော့ခံရတယ်လို့ ငါကြားဖူးတယ်.. မင်းရဲ့ မျက်နှာပေးနဲ့ဆိုရင် တိုင်ကြားစာတွေကြောင့် လစာမရတဲ့အပြင် သူဌေးဆီမှာ ယွမ်ရာနဲ့ချီပြီး အကြွေးတောင် တင်သွားလိမ့်မယ်”
“..........”
“ဝမ်လင်းရဲ့ပုံစံနဲ့ အဆင်ပြေနိုင်မယ့် အလုပ်တစ်ခုကို ငါတွေးမိပြီ”
ကော်ဟောက်က ရုတ်တရက်ဝင်ပြောလိုက်သည်။
“အဲဒါက ဘာအလုပ်လဲ”
မြေပဲလေးက စပ်စုလိုက်သည်။
“ကျင့်ကြံခြင်း ရုပ်ရှင်စတူဒီယိုမှာ မင်း ဖြတ်လျှောက် သရုပ်ဆောင် လုပ်လို့ရတယ်.. ခက်ခဲပေမဲ့လည်း မင်း ပိုက်ဆံဖောဖောသီသီ ရနိုင်မယ့်အလုပ်ပဲ.. အဲဒီမှာ ကျောင်းသားသရုပ်ဆောင်တွေ လိုအပ်လေ့ရှိတယ်.. တခြားအတန်းကကောင်တွေကို ငါ အဲဒီအလုပ်နဲ့ မိတ်ဆက်ပေးဖူးပေမဲ့ တစ်ယောက်မှ အဆင်မပြေခဲ့ဘူး”
“ဘာဖြစ်လို့လဲ”
“ဘာလို့လဲဆိုတော့ သူတို့က သရုပ်ဆောင်စွမ်းရည်ကို အစမ်းစစ်ဆေးသေးလို့ပဲ.. ဒါပေမဲ့ ဝမ်လင်း အတွက်ကတော့ အဆင်ပြေလိမ့်မယ်လို့ ငါထင်တယ်.. ဘာလို့လဲဆိုတော့ သူတို့စစ်ဆေးတဲ့ သရုပ်ဆောင်ပြကွက်တွေက အသက်ကင်းမဲ့တဲ့ အမူအရာမျိုးကို အဓိကလုပ်ပြရတဲ့ သရုပ်ဆောင်ချက်တွေမို့ပဲ”
ကော်ဟောက်၏ စကားအဆုံးတွင် ဝမ်လင်းက ချက်ချင်းပြန်ဖြေလိုက်သည်။
“ငါမင်းကို အားကိုးလိုက်ပြီ”
ဝမ်လင်းက ကော်ဟောက်၏စကားအတိုင်းဆိုလျှင် ဖြတ်လျှောက်တစ်ဦးအဖြစ် သရုပ်ဆောင်သည်က သူနှင့် သင့်လျော်သည်ဟု ခံစားခဲ့ရသည်။
ထို့အပြင် ဤအလုပ်က ပုံမှန်အလုပ်ထက် ပို၍ ဝင်ငွေရရှိသည် မဟုတ်လော။
သရုပ်ဆောင်တစ်ဦး၏ ဝင်ငွေသည် အချိန်အကြာကြီး အလုပ်မလုပ်လျှင်ပင် ထိုင်စား၍ရသည်ဟု သူကြားဖူးသည်။
ထို့ကြောင့် နာမည်မရှိသည့် သရုပ်ဆောင်အသစ်များသည် ရုပ်ရှင်စတူဒီယို၏ အပြင်ဘက်လမ်းတွင် ထုတ်လုပ်ရေးအဖွဲ့များကို စောင့်ဆိုင်းနေတတ်ကြသည်။
အကြောင်းအရင်းမှာ ထုတ်လုပ်သူများက ထိုနေရာတွင် သရုပ်ဆောင် အသစ်များကို လာရောက် ရှာဖွေတတ်သောကြောင့်ပင်။
မွန်းလွဲပိုင်းတွင် ဝမ်လင်းသည် စုန့်ဟိုင် ရုပ်ရှင်စတူဒီယိုတွင် ကော်ဟောက်နှင့် တွေ့ဆုံရန် စီစဉ်လိုက်သည်။
ယနေ့ခေတ်တွင် ရုပ်ရှင်စတူဒီယိုများသည် မှိုကဲ့သို့ ပေါများနေပြီ ဖြစ်သည်။
သို့သော်လည်း စုန့်ဟိုင်မြို့၏ ရုပ်ရှင်စတူဒီယိုများသည် နိုင်ငံတကာက လက်ခံသည်အထိ အောင်မြင်မှုများကို ရရှိခဲ့သည်။
ဆိုရလျှင် စုန့်ဟိုင်မြို့သည် နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ရာ အချက်အချာ နေရာတစ်ခုဖြစ်၍ ၎င်း၏ ရုပ်ရှင်စတူဒီယိုကို ပြည်တွင်းနှင့်နိုင်ငံတကာမှ ထုတ်လုပ်ရေးအဖွဲ့များနှင့် နာမည်ကျော် ဒါရိုက်တာများစွာ တို့က နှစ်သက်အားပေးခဲ့ကြသည်။
ဤခေတ်တွင် ကျင့်ကြံခြင်းရုပ်ရှင်များကို ရိုက်ကူးသည့်အခါ၌ အထူး ပြုလုပ်ချက်များကို အလွန်အကျူး အားကိုးရန် မလိုအပ်တော့ပေ။
တိုက်ပွဲဇာတ်ဝင်ခန်းများကို သရုပ်ဆောင်လျှင် သရုပ်ဆောင်များသည် ပေါက်ကွဲသံများကို ၎င်းတို့ကိုယ်တိုင် ဖန်တီးနိုင်နေပြီ ဖြစ်သည်။
အဓိကအချက်မှာ ယင်းက ဈေးပေါသော အထူးပြုလုပ်ချက်များထက် များစွာ ပို၍ လက်တွေ့ကျသောကြောင့်ပင်။
ယင်းက ထုတ်လုပ်ရေး ကုန်ကျစရိတ်ကိုလည်း သက်သာစေသည်။
ထို့ကြောင့် ယခုအခါ ဈေးကွက်ထဲမှ ရုပ်ရှင် အများအပြားသည် တိုက်ပွဲခန်းများကို ရိုက်ကူးရာတွင် တကယ့် တိုက်ပွဲနှင့် အထူးပြုလုပ်ချက်များကို ရောနှောကာ ဖန်တီးကြလေ့ရှိသည်။
ဤသို့ဖြင့် အထူးပြုလုပ်ချက်များတွင် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံရန် မလိုအပ်တော့ပေ။
တိုက်ပွဲဇာတ်ဝင်ခန်းများတွင် ပို၍ ရုပ်လုံးကြွလာစေရန်အတွက် အထူးပြုလုပ်ချက်များဖြင့် အနည်းငယ် ချိန်ညှိရန်သာ လိုအပ်တော့၏။
အမှတ် ၆၀ အထက်တန်း ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော ဝမ်လင်းသည် စုန့်ဟိုင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယို ဟူသော ဆိုင်းဘုတ် ရှေ့တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။
မကြာမီမှာပင် ကော်ဟောက်သည် သူ့ကို အဝေးမှလက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။
ကော်ဟောက်က သူ့ကို အဘယ်ကြောင့် ကျောင်းယူနီဖောင်းဝတ်လာခိုင်းရသည့် ကိစ္စနှင့် ပတ်သတ်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့ရာတွင် ငွေရှာ၍ရသရွေ့ ဤကိစ္စက ကြီးကြီးမားမား မဟုတ်ချေ။
ထို့ပြင် ကော်ဟောက် ကိုယ်တိုင်လည်း ကျောင်းဝတ်စုံကိုသာဝတ်ဆင်လာသည် မဟုတ်လော။
“သွားစို့.. ငါမင်းကို လိုက်ပို့ပေးမယ်”
ကော်ဟောက်က သူယူလာသည့် သရုပ်ဆောင်အိုင်ဒီနှင့် ပတ်သက်သည့် ရင်ထိုးကို ရင်ဘတ်ပေါ်တွင် တပ်ထားလိုက်၏။
ဝမ်လင်းက ထိုရင်ထိုးကို လှမ်းကြည့်ရင်း အနည်းငယ် မှင်တက်သွားခဲ့သည်။
“စိတ်မပူနဲ့ဝမ်လင်း.. အားလုံးအဆင်ပြေသွားမှာပါ.. အထဲရောက်ရင် သရုပ်ဆောင်စွမ်းရည်ကို စစ်ဆေးလိမ့်မယ်.. ဒါပေမဲ့ မင်းစိတ်မပူပါနဲ့.. အဲဒီမှာ အလုပ်လုပ်နေတဲ့ ငါ့ဦးလေးတစ်ယောက် ရှိတယ်.. အစမ်းသရုပ်ဆောင်မှုကို ကျော်ဖြတ်ပြီးတာနဲ့ သရုပ်ဆောင်အိုင်ဒီ ရင်ထိုးကို ရပြီ.. ရင်ထိုးရပြီ ဆိုတာနဲ့ တစ်ယောက်ယောက်ကို အကြံပြု ခေါ်ဆောင်လာနိုင်တယ်”
ကော်ဟောက်က ဝမ်လင်းကို စတူဒီယိုနှင့် မိတ်ဆက်ပေးပြီး တစ်ချိန်တည်းတွင် စည်းမျဉ်းစည်းကမ်းများကိုပါ ရှင်းပြလိုက်သည်။
ထို့နောက်တွင် ဝမ်လင်းသည် ကော်ဟောက်ကို အဘယ်ကြောင့် ကျောင်းဝတ်စုံ ဝတ်ဆင်ခိုင်းရသလဲ ဟူသော မေးခွန်းကို မေးလိုက်သည်။
“ငါ့ဦးလေးက ကျောင်းနဲ့ ပတ်သက်တဲ့ အပြင်အဆင်တွေ အဓိကပါဝင်တဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးဖို့ပြင်ဆင်နေတယ်.. အဲဒီအတွက် လူနှစ်ယောက် လိုအပ်တယ်.. ဒါကြောင့် သူက ငါ့သူငယ်ချင်းထဲက တစ်ယောက်ယောက်ကို အတူခေါ်လာဖို့ ငါ့ကိုခိုင်းခဲ့တယ်.. မင်းက အချိန်ပိုင်း အလုပ်တစ်ခုရှာနေတော့ ကွက်တိ ဖြစ်သွားတာပေါ့.. ဟားဟား”
“ကျောင်းနဲ့ပတ်သတ်တဲ့ အပြင်အဆင် ဟုတ်လား”
ဝမ်လင်းက မေးလိုက်သည်။
“ဟုတ်တယ်.. ဒီဇာတ်ကားက အရမ်းမိုက်တယ်.. ပြောရရင် ရုပ်ရှင်ထဲမှာပါမယ့် ကျောင်းက ငါတို့ရဲ့ကျောင်းကို အခြေခံထားတာပဲ.. ဒါက စီနီယာကျိုးရီနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ.. ခဏလေး ငါမင်းကို ဇာတ်ညွှန်းပေးမယ်”
“..........”
လျှို့ဝှက်သဘောတူညီမှုကြောင့် ဇာတ်ညွှန်းကို လက်တလောတွင် လူသိရှင်ကြား ထုတ်မပြနိုင်၍ ကော်ဟောက်သည် သူတို့သူငယ်ချင်းများ၏ ချက်ဂရုထဲတွင် ပေးပို့၍မရပေ။
သို့သော် ဝမ်လင်းသည် ယခုအခါတွင် စတူဒီယို၏တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့် ဇာတ်ညွှန်းကို ကြို၍ ပေးလိုက်သည်က အဆင်ပြေလောက်သည်ဟု ကော်ဟောက် ယူဆခဲ့သည်။
ထို့နောက် သူက သူနှင့်ဝမ်လင်း အတွက် သီးသန့်ချက်ဂရု တစ်ခုဖန်တီးပြီး ဇာတ်ညွှန်းဖိုင်အား ပေးပို့လိုက်သည်။
ဝမ်လင်းက ကော်ဟောက် ပေးပို့လိုက်သည့်ဖိုင်ကို ဖွင့်ကြည့်လိုက်ရာ ရုပ်ရှင်၏ ခေါင်းစဉ်က သူ့နှလုံးကို ခုန်ထွက်လုမတတ် ဖြစ်စေခဲ့သည်။
ထို့နောက် ဝမ်လင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ရုပ်ရှင်၏ခေါင်းစဉ်က “နတ်ဆိုးကလေးကျိုးရီ မွေးဖွားလာခြင်း” ဖြစ်သောကြောင့်ပင်။
ဝမ်လင်း “..........”
ဤကိစ္စနှင့်ပတ်သတ်၍ ထုတ်လုပ်ရေးအဖွဲ့က ကျိုးရီထံ မဆက်သွယ်ခဲ့ကြောင်း ကော်ဟောက်ထံမှ ဝမ်လင်း ကြားသိခဲ့ရသည်။
သို့သော် ထိုအစား ရုပ်ရှင်ရိုက်ကူးခွင့်အတွက် ကျောင်းအုပ်ကြီးချန်းကို တိုက်ရိုက် တောင်းဆိုခဲ့သည်။
အမှတ် ၆၀ အထက်တန်းကျောင်းက မကြာတော့သည့် ကာလအတွင်း အဓိကမြို့ပြ အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ခံရတော့မည်ဟု ယူဆသဖြင့် ကျောင်းအုပ်ကြီးချန်းက ကျောင်း၏ဂုဏ်ကို မြှင့်တင်ရန်အတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားသည့် အနေဖြင့် သဘောတူလိုက်သည်။
အရေးအကြီးဆုံး အချက်မှာ ဤဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာက နာမည်ကျော်ဒါရိုက်တာ ဖုန်းယိဝေ့ ဖြစ်နေသောကြောင့်ပင်။
ဝမ်လင်းကို အမှန်တကယ် အံ့အားသင့်သွားစေသည်မှာ ရုပ်ရှင်ခေါင်းစဉ် သို့မဟုတ် ဒါရိုက်တာ၏ အမည်ကြောင့် မဟုတ်ပေ။
ရုပ်ရှင်၏ အကြောင်းအရာကြောင့်သာ ဖြစ်သည်။
ဝမ်လင်းက ဖိုင်ကိုဖွင့်၍ ရုပ်ရှင်အကျဉ်းချုပ်ကို ဖတ်ကြည့်လိုက်သောအခါ လုံးဝ အံ့ဩသွားခဲ့သည်။
ရုပ်ရှင်၏ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
လွန်ခဲ့သော ၆နှစ်က ကမ္ဘာခြားဂိတ် ဆင်းသက်လာသောအခါတွင် ပျက်စီးခြင်းပုလဲ ထွက်ပေါ်လာခဲ့သည်။
ထိုပျက်စီးခြင်းပုလဲကို ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများအားလုံး ပူးပေါင်းပါဝင်၍ နတ်ဆိုးပုလဲ အဖြစ် ပြန်လည်သန့်စင်ခဲ့သည်။
ထို့နောက် သုံးနှစ်အကြာတွင် ကျင့်ကြံခြင်းလောကရှိ နံပါတ်တစ် ဂိုဏ်းကြီးဖြစ်သော ၆၀ဂိတ်သည် နတ်ဆိုးပုလဲကိုဖျက်ဆီးရန်အတွက် အစီအစဉ်တစ်ခု ချမှတ်ခဲ့သည်။
ထိုအစီအစဉ်အရ ၆၀ ဂိတ်၏ ခေါင်းဆောင်သည် သူ၏ ပင်မတပည့် သူရဲကောင်းကော်ကို ကျိုးရီ၏ ခန္ဓာကိုယ်ထဲ၌ နတ်ဆိုးပုလဲကို ထည့်ထားရန် အမိန့်ပေးခဲ့သည်။
သို့သော် အဆုံးသတ်တွင် မထင်မှတ်ထားသော ဖြစ်ရပ်များဖြစ်ပေါ်လာပြီး ကျိုးရီ၏ ခန္ဓာကိုယ်ထဲတွင် ထည့်ထားသည့်နတ်ဆိုးပုလဲထံမှ နတ်ဆိုးတစ်ကောင် မွေးဖွားလာခဲ့သည်။
သို့သော် ကျိုးရီသည် သူ့ကံကြမ္မာကို နတ်ဆိုးအား ထိန်းချုပ်ခွင့်မပေးခဲ့ပေ။
သူက ၆၀ဂိတ်၏ မကောင်းသူပယ် ဒဿနကို ဆွဲကိုင်ထားသော်လည်း နတ်ဆိုးပုလဲကြောင့် နားလည်မှု လွဲခံခဲ့ရသည်။
ဆိုရလျှင် ကျိုးရီသည် ရက်စက်ကြမ်းကြုတ်မှုမျိုးစုံကို ကျူးလွန်ခဲ့သော နတ်ဆိုးတစ်ဦး အနေဖြင့် ကြိမ်ဖန်များစွာ ကြားဝင် အချောင်ခံခဲ့ရသည်။
တကယ့်လက်တွေ့ ဘဝတွင်သာ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံခဲ့လျှင် ကျိုးရီအနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်မလဲဆိုသည်ကို ဝမ်လင်း သိချင်မိသည်။
အပိုင်း(၁၀၆၃) ပြီး၏