ဝမ်လင်း၏သရုပ်ဆောင်စကေးလ်
Vol. 71 Ch. 1064
ဤဇာတ်ညွှန်းကို ချန်းချောင် သို့မဟုတ် ၎င်း၏ ဆွေမျိုးတစ်ဦးဦးမှ ရေးသားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဝမ်လင်း တွေးတောမိသည်။
အကြောင်းအရင်းမှာ ဇာတ်ညွှန်းအတွင်း၌ ဇာတ်ကွက်များကိုစုံလင်စွာ ထည့်သွင်းထားသောကြောင့်ဖြစ်သည်။
ယင်းက အစစ်အမှန် ဖြစ်လွန်းလှ၏။
သရုပ်ဆောင်အိုင်ဒီ တစ်ခုရရန် အတွက် စစ်ဆေးမှုတစ်ခုကို ဖြတ်ကျော်ရမည် ဖြစ်သည်။
စစ်ဆေးသူက သရုပ်ဆောင်စွမ်းရည်ကို အကဲခတ်ကာရွေးချယ်မည်ဖြစ်၏။
ကော်ဟောက်က ဝမ်လင်းကို ခေါ်ဆောင်လာသောအခါတွင် အုပ်စုခွဲပြီးသွားပြီ ဖြစ်သည်။
အုပ်စုတစ်စုစီတွင် လူ ၆ ယောက်ရှိပြီး ဝမ်လင်းက ဒုတိယအုပ်စု ဖြစ်သည်။
သူ့အလှည့်တွင် စစ်ဆေးမည့်ပုံစံကို ကော်ဟောက်က ကြိုပြောပြထား၍ အတော်လေး ရိုးရှင်းသည်ဟု ဝမ်လင်းခံစားမိသည်။
စစ်ဆေးသူက ဟာသပြောလျှင် မရယ်မိသူများသာ အောင်မြင်လိမ့်မည် ဖြစ်သည်။
ဤအကဲဖြတ်မှုသည် သူ့အတွက် အံကိုက်ဖြစ်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။
ဤအရာက သူ့ကိုပြဿနာဖြစ်စေမည် မဟုတ်ပေ။
ပထမအုပ်စုအလှည့်တွင် စစ်ဆေးရေးမှူးသည် ၎င်းတို့အဖွဲ့အတွက် သရုပ်ဆောင်ရမည့် ဆောင်ပုဒ်ကို ကြေညာခဲ့သည်။
သရုပ်ဆောင်များက ဟာရီကိန်းမုန်တိုင်း တိုက်ခတ်သည့် ပတ်ဝန်းကျင်ကိ သရုပ်ဆောင်ရမည် ဖြစ်၏။
ပထမလူက သစ်ပင်ကဲ့သို့ သရုပ်ဆောင်ခဲ့သည်။
သူက ပါးစပ်ကနေ တဟူးဟူး အော်ဟစ်ကာ လက်နှစ်ဖက်ကိုပင့်မြှောက်၍ ခန္ဓာကိုယ်ကို ဟိုယိမ်းသည်ယိမ်း လုပ်ပြလိုက်သည်။
ဒုတိယ၊ တတိယ၊ စတုတ္ထလူများက သူ၏ သရုပ်ဆောင်ပုံကို အတုယူခဲ့ကြရာ စာမေးပွဲစစ်မေးသည့် တာဝန်ခံကို စိတ်ပျက်စေခဲ့သည်။
သရုပ်ဆောင်ချက်သည် ပထမလူသာ ဖြစ်လျှင်ကောင်းသည်။
သရုပ်ဆောင် စစ်ဆေးပွဲတွင် သရုပ်ဆောင်ချက်ကို ကူးချခြင်းသည် စင်စစ် အဓိပ္ပါယ်မရှိပေ။
ဆိုရလျှင်သရုပ်ဆောင်ခြင်းသည် တီထွင်ဖန်တီးနိုင်စွမ်းကို အလေးပေးသော အနုပညာတစ်ခု ဖြစ်သည်။
စစ်မေးသည့်လူက သက်ပြင်းချလိုက်ပြီး အခြားအကဲဖြတ်သူများနှင့်အတူ နောက်ဆုံးလူ ဆီသို့ လှည့်ကြည့်လိုက်သည်။
ထိုလူက ကိုယ်အလေးချိန် ၂၆၀ ကျော် ရှိဟန်တူသော ဖက်တီးတစ်ယောက်ဖြစ်ပြီး တောင်ကြီးတစ်လုံး ကဲ့သို့ မလှုပ်မယှက်ရပ်နေခဲ့သည်။
စစ်ဆေးသူ “မင်းအဲဒါက ဘာလုပ်နေတာလဲ”
ဖက်တီးက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ရှန်ဟိုင်းခံတပ်”
စစ်ဆေးသူ “..........”
[ဒါတော့နည်းနည်းလွန်တာပေါ့]
ဝမ်လင်းနှင့်ကော်ဟောက် “..........”
အဆုံးသတ်တွင် ဝမ်လင်းတို့ အလှည့်သို့ ရောက်ရှိလာပြီဖြစ်သည်။
သူက သရုပ်ဆောင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ၅ဦးနှင့်အတူ စစ်ဆေးရေးခန်း ထဲသို့ ဝင်လာခဲ့သည်။
သူက အခြားလူများကိုကြည့်လိုက်ရာ အားလုံးက သူ့ထက် အနည်းငယ်လောက် ငယ်မည်ဟု ထင်ရသည်။
ဆိုရလျှင် ၎င်းတို့အားလုံးသည် အလွန် ငယ်ရွယ်နေပုံ ပေါက်၏။
ယခုခေတ်တွင် လူငယ် ၆၀% ကျော်သည် တိုက်ရိုက် ထုတ်လွှင့်သူများ ဖြစ်လာရန်သာ ရွေးချယ်ခဲ့ကြသည်။
၎င်းတို့က ပေါ်ပြူလာဖြစ်ရန်အတွက် မည်သည့်အရာကို မဆို ပြုလုပ်ရဲကြသည်။
သရုပ်ဆောင်ဖြစ်ဖို့က အလွန်ခက်ခဲသော်လည်း အနည်းဆုံးတော့ အသက်မွေးဝမ်းကျောင်းပြုရန်အတွက် သင်၏ အရည်အချင်းများကို အားကိုးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။
သရုပ်ဆောင်စွမ်းရည်သည် အချိန်ကြာလာသည်နှင့် အမျှ တောက်ပြောင်လာနိုင်၍ တစ်နေ့နေ့တွင် ဒါရိုက်တာအချို့က သင့်ကို ရွေးချယ်ပြီး သင့်ဘဝကို အပြောင်းအလဲဖြစ်စေနိုင်သည့် အခွင့်အရေးများကို ပေးလာနိုင်ပေသည်။
“မင်းတို့ကို ဟာသတစ်ခု ပြောပြမယ်.. ဒါပေမဲ့ မင်းတို့တွေ ရယ်ချင်စိတ်ကို ထိန်းထားရမယ်.. ဒါက အကဲဖြတ်မှုအတွက် တစ်ခုတည်းသော လိုအပ်ချက်ပဲ.. ရှင်းရှင်းပြောရရင် မရယ်သရွေ့ စစ်ဆေးမှုကို အောင်မြင်မယ်”
စစ်ဆေးရေးမှူးက ပြောလိုက်သည်။
“ဒါဆို ဟာသတွေပြောနေရင်း ဆရာကိုယ်တိုင် ရယ်နေရင် ဘယ်လိုလုပ်မလဲ”
လူငယ်တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
“ငါတို့ကလား.. ငါတို့က ပရော်ဖက်ရှင်နယ်တွေလေ.. ဘယ်လောက်ပဲ ရယ်စရာကောင်းနေပါစေ အူလှိုက်သဲလှိုက်ရယ်မှာ မဟုတ်ဘူး”
ထိုခဏတွင် စစ်ဆေးရေးမှူး၏ အကြည့်များသည် သူ့ကိုလွှမ်းမိုးသွားခဲ့သည်။
ထို့နောက်တွင် စစ်ဆေးရေးမှူးသည် စာရွက်ထဲမှ ပြက်လုံးများကို ဖတ်ပြလိုက်သည်။
“တစ်ခါတုန်းက ဘုရားကျောင်းတစ်ကျောင်းရှိတယ်.. အဲဒီကျောင်းမှာ ငတုံးဘုန်းကြီးတစ်ပါး ကျောင်းထိုင်တယ်.. ဟားဟားဟား.. ဟားဟားဟား”
“..........”
စစ်ဆေးရေးမှူးက ပြက်လုံးကို ဖတ်ပြရင်း ရယ်မောလိုက်ကာ သူထိုင်နေသောထိုင်ခုံမှ နောက်သို့ လန်ကျသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် အခြားအကဲဖြတ်သူများက ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
“အဖိုးကြီးချန်ရဲ့သရုပ်ဆောင်မှုက နည်းနည်းလေး အိုဗာ ဖြစ်လွန်းတယ်လို့ မထင်ဘူးလား”
“အင်း.. ထင်လို့ပါ.. တကယ်တော့ သူသရုပ်ဆောင်တာ ကွက်တိပဲ.. မင်းကြည့်စမ်း.. အဖိုးကြီးချန်ရဲ့ တုန်လှုပ်နေမှုက လက်တွေ့ဆန်လွန်းတယ်.. သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေတယ်.. သရုပ်ဆောင်တွေထဲမှာ အဖိုးကြီးချန်လို ခန္ဓာကိုယ်ကို တဆတ်ဆတ်တုန်အောင် လုပ်နိုင်တဲ့လူ မရှိလောက်ဘူး မဟုတ်လား”
“ဒါဟာသလား.. ဘာမှရယ်စရာလည်း မရှိဘူး.. ဒါပေမဲ့လည်း အဖိုးကြီးချန်က လူတိုင်းရှေ့မှာ ဒီလိုမျိုး သရုပ်ဆောင်နိုင်တယ်ဆိုတော့ သရုပ်ဆောင်ကောင်းတဲ့သူ တစ်ယောက်ပဲ.. ကြည့်စမ်း သူ့ပါးစပ်မှာ ပွက်ပွက်ဆူနေပုံပဲ.. သူက ပါးစပ်ကနေ အမြှုပ်တောင် ထွက်အောင် လုပ်နိုင်တယ်ဟ.. ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သရုပ်ဆောင်ချက်လဲ.. မင်းမြင်လား သူက မျက်ဖြူတောင် လန်ပြနေပြီ.. ဘယ်လောက်တောင်အသေးစိတ်ကျလိုက်လဲ.. သေချာတာက ဒီလို သရုပ်ဆောင်နိုင်တဲ့လူက အဖိုးကြီးချန် တစ်ယောက်ပဲ ရှိလိမ့်မယ်”
“ဒါပေမဲ့ ငါ နားမလည်တာ ရှိသေးတယ်”
“ဘာကို နားမလည်တာလဲ”
“မျက်ဖြူစိုက်ပြဖို့က အရမ်းကြီး မခက်ခဲပါဘူး.. ဒါပေမဲ့ သူ့မျက်လုံးတွေက သွေးပါ ထွက်နေတယ်.. သူဒါကို ဘယ်လိုလုပ်လိုက်တာလဲ.. အဖိုးကြီးချန်က သရုပ်ဆောင်နေတာ မဟုတ်လောက်ဘူး.. သူက ရယ်နေရင်းနဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တာ ဖြစ်မယ်”
စာမေးပွဲစစ်ဆေးသူများက ထိုသို့ ပြောလိုက်သောအခါတွင် ဒုတိယအဖွဲ့မှ ဖြေဆိုသူ အချို့သည် သည်းမခံနိုင်တော့ဘဲ တဝါးဝါး ရယ်မောလိုက်ကြသည်။
သူတို့အတွက် စာမေးပွဲစစ်ဆေးရေးမှူး အလိုရှိသည်မှာ ဟာသပြောသည့် အခါတွင် မရယ်မိစေဖို့ဖြစ်သည်။
သို့သော်လည်း အဆုံးသတ်တွင် သူတို့ကိုယ်တိုင် မသိလိုက်ဘဲ ရယ်မောမိသွားခဲ့သည်။
ဤသည်မှာ သူတို့ကို အပြစ်တင်၍မရပေ။
ယခုထက် ရယ်စရာပိုကောင်းသည့် ပြက်လုံး ရှိပါသလော။
ဒုတိယအုပ်စုရှိလူ ၆ ဦးတွင် ဝမ်လင်းကသာ ဘာတုံ့ပြန်မှုမှ မဖော်ပြခဲ့ပေ။
ဤစစ်ဆေးမှုအတွက် ဒုတိယအုပ်စုရှိ စာမေးပွဲဖြေသူများကို အပြစ်မတင်နိုင်ပေ။
အကြောင်းအရင်းမှာ စာမေးပွဲခန်း အပြင်ဘက်ရှိ တန်းစီစောင့်ဆိုင်းနေသူများပင် ဤပြက်လုံးကြောင့် ဝါးလုံးကွဲ ရယ်မောခဲ့ကြသည် မဟုတ်ပါလော။
တချို့ဆိုလျှင် ဗိုက်ကိုနှိပ်ရင်း အသက်ရှူ မဝလောက်သည်အထိ ရယ်မောခဲ့ကြသည်။
လူအားလုံးထဲတွင် မျက်နှာအမူအရာ အနည်းငယ်မှ ပြောင်းလဲမှု မရှိသူမှာ ဝမ်လင်းတစ်ယောက်သာ ရှိသည်။
ယင်းက ဒဏ္ဍာရီဆန်သော ပိုကာမျက်နှာဟုပင် ဆိုရမည်။
ကော်ဟောက်က ဝမ်လင်း၏ တည်ငြိမ်မှုကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။
သူမှန်းဆထားသလိုပင် ဝမ်လင်းကို ဤအလုပ်တွင် လုပ်ကိုင်ရန် အကြံပြုလိုက်သည်က မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် စစ်ဆေးရေးမှူးများသည် သရုပ်ဆောင်အိုင်ဒီ တံဆိပ်ကို ဝမ်လင်းအား ပေးအပ်ခဲ့သည်။
ထိုတံဆိပ်ကို ရရှိခဲ့သူမှာ ဒုတိယအုပ်စုတွင် သူတစ်ဦးတည်းသာ ဖြစ်၏။
သူ့ကို သရုပ်ဆောင်အိုင်ဒီ တံဆိပ်ပေးအပ်သောအချိန်တွင် အကဲဖြတ်သူ တစ်ဦးက ချီးကျူးစကား ဆိုခဲ့သေးသည်။
“ကျောင်းသားလေး မင်းက အရမ်းတော်တာပဲ.. ငါတို့လို ပရော်ဖက်ရှင်နယ်တွေတောင် ရယ်မောဖို့ ဘယ်လိုမှ မအောင့်အီးနိုင်ခဲ့ဘူး”
“သူက ကျောင်းမှာလည်း ဒီလိုပဲ”
ကော်ဟောက်က ဝမ်လင်း၏ပုခုံးကို ဖက်၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဒီကျောင်းသားလေးက မင်းရဲ့ အတန်းဖော်ပေါ့ ဟုတ်လား”
အကဲဖြတ်သူက ပျော်ရွှင်သွားခဲ့သည်။
သူက ဝမ်လင်းကိုမသိသော်လည်း ကော်ဟောက်ကိုသိသည်။
ဤနေရာမှ ဒါရိုက်တာအနည်းစုသည် သူ၏ဦးလေးများ ဖြစ်သောကြောင့် ကော်ဟောက်သည် များသောအားဖြင့် မုန့်ဖိုးမရှိသည့်အခါမျိုးတွင် ဤနေရာသို့ လာ၍ သရုပ်ဆောင်လေ့ရှိသည်။
တစ်ခါတစ်ရံတွင် မြေကြီးပေါ်၌ လဲလျောင်း၍အိပ်နေရုံဖြင့် တစ်နေ့ကို HNY ရာနှင့်ချီ၍ ရခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ကော်ဟောက်အတွက် ကံကောင်းသည်ဟု ယူဆရမည်။
အကြောင်းအရင်းမှာ အမှတ် ၆၀ အထက်တန်းကျောင်းနှင့်ပတ်သက်သည့် ဇာတ်လမ်းတွင် ကော်ဟောက်သည် ဇာတ်ရံတစ်ဦးအဖြစ် ရွေးချယ်ခံရသောကြောင့်ပင်။
ဤဇာတ်ဝင်ခန်းအတွက် စာကား သုံးခွန်းလောက်သာ ပါရှိသော်လည်း ကော်ဟောက်အတွက်မူ အံ့ဩဖွယ်ရာ ဖြစ်နေပြီဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သူ၏မျက်နှာက ကင်မရာတွင် ပါသွားမည် ဖြစ်သည်။
ကော်ဟောက်က ဤအခွင့်အရေးဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုကို စတင်ရန် စိတ်ကူးယဉ်ခဲ့ရာ မည်ကဲ့သို့ မပျော်ရွှင်ဘဲ နေပါမည်နည်း။
ထိုအချိန်သို့ ရောက်လျှင် သူက ဒုတိယရှောင်ကျန့် သို့မဟုတ် ဝမ်ယိပေါ်လည်း ဖြစ်သွားနိုင်သည် မဟုတ်လော။
“သွားရအောင် ဝမ်လင်း.. ငါမင်းကို စတူဒီယိုထဲ ခေါ်သွားပေးမယ်”
အဆုံးသတ်တွင် ကော်ဟောက်က ဝမ်လင်းကို မိစ္ဆာကလေးကျိုးရီမွေးဖွားလာခြင်း ဇာတ်ကားရိုက်ကူးနေသည့် စတူဒီယိုထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ဤသည်က ဇာတ်ကားရိုက်ကူးရာတွင် ဝမ်လင်း၏ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ကော်ဟောက်က ဝမ်လင်းကို စတူဒီယိုအနှံ့ လိုက်ပြလိုက်သည်။
တကယ်တော့ ရိုက်ကူးနေစဉ်အတွင်း စတူဒီယိုထဲ လျှောက်သွားနေခြင်းသည် အလွန်ဆိုးရွားသော အပြုအမူ ဖြစ်သည်။
အကယ်၍ ကင်မရာဘောင်ထဲ မတော်တဆ ဝင်သွားလျှင် ရိုက်ကူးထားသော အရာများသည် အသုံးမဝင်နိုင်တော့ပေ။
သို့သော် လူဟောင်းတစ်ယောက် အနေဖြင့် ကော်ဟောက်သည် ထိုအကြောင်းများကိုသိသည်။
ဝမ်လင်းကို နေရာအနှံ့လိုက်ပြပြီးနောက်တွင် အမှုဆောင်ဒါရိုက်တာ ထံသို့ ခေါ်ဆောင်သွားခဲ့သည်။
“ဒါ မင်းပြောတဲ့ အတန်းဖော်လား”
“ဟုတ်ကဲ့ဦးလေး”
ကော်ဟောက်က ခေါင်းညိမ့်လိုက်သည်။
“မဆိုးပါဘူး.. သူ့အကြည့်က သောက်ရမ်းကွက်တိပဲ”
အမှုဆောင်ဒါရိုက်တာက ခေါင်းညိမ့်၍ပြောလိုက်သည်။
“ဒါဆိုကျွန်တော့်အတန်းဖော်က ဘယ်ဇာတ်ဝင်ခန်းထဲမှာ ပါရမှာလဲ”
“နောက်တစ်ခန်းက တိုက်ခိုက်တဲ့အခန်းပဲ.. အဲဒီအခန်းမှာ သူက သေချင်ယောင်ဆောင်ပြရုံပါပဲ”
အမှုဆောင်ဒါရိုက်တာက ပြောလိုက်သည်။
အပိုင်း(၁၀၆၄) ပြီး၏