← Chapters

သေချင်ဟန်ဆောင်ခြင်း

Vol. 71 Ch. 1065

သေချင်ဟန်ဆောင်ခြင်း

Vol. 71 Ch. 1065

ဝမ်လင်းက ဤအလုပ်နှင့် ကောင်းစွာ လိုက်ဖက်သည်ဟု ခံစားရသည်။

စင်စစ်ဆယ်ကျော်သက်အရွယ် ဖြတ်လျှောက် သရုပ်ဆောင်အများစုသည် စနစ်တကျ လေ့ကျင့်ထားသော သရုပ်ဆောင်များ မဟုတ်ပေ။

ထိုအတွက် သရုပ်ဆောင်ညံ့ဖျင်းမှုကြောင့် တစ်ခါတစ်ရံ ဝေဖန်ခံရခြင်းသည် အဆန်းမဟုတ်ပေ။

ပျော်ရွှင်သောတုံ့ပြန်မှု = ပိုကာမျက်နှာ + မျက်လုံးပြူးပြူး

ဒေါသတုံ့ပြန်မှု = ပိုကာမျက်နှာ + မျက်လုံးပြူးပြူး

ထိတ်လန့်သောတုံ့ပြန်မှု = ပိုကာမျက်နှာ + မျက်လုံးပြူးပြူး

ဝမ်းနည်းသောတုံ့ပြန်မှု = ပိုကာမျက်နှာ + မျက်လုံးပြူးပြူး

ဤဖော်မြူလာသည် သရုပ်ဆောင်ရန်အတွက် အိုင်ဒေါလ် အချို့၏ ပြီးပြည့်စုံသောအဖြေတစ်ခု ဖြစ်သောကြောင့် ဝမ်လင်းကလည်း လုပ်နိုင်မည်ဟု ထင်ခဲ့သည်။

[ဤဖော်မြူလာကို အသုံးအချဆုံး သရုပ်ဆောင်မှာစိုင်းစိုင်း ဖြစ်သည်]

သို့သော်ယခုအချိန်ထိ ဇာတ်လိုက်မင်းသားက မည်သို့သောပုံစံလဲ ဆိုသည်ကို ဝမ်လင်း မသိရသေးပေ။

သူ့အနေဖြင့်မူ ကော်ဟောက်၏ အကူအညီကြောင့် ဤဇာတ်ကားတွင် ဖြတ်လျှောက်တစ်ဦး အဖြစ် သရုပ်ဆောင်ခွင့်ရ၍ အလွန်ကျေနပ်နေပြီ ဖြစ်၏။

ထိုခဏတွင် အမှုဆောင်ဒါရိုက်တာသည် ဒုတိယဇာတ်ဝင်ခန်းကို မရိုက်ကူးမီ ဝမ်လင်းထံသို့ ချဉ်းကပ်လာခဲ့သည်။

“ကျောင်းသားဝမ်လင်း.. ငါတို့အခုရိုက်မှာက တိုက်ပွဲမြင်ကွင်းတစ်ခုပဲ.. မင်းဘယ်နေရာမှာ သေချင်ယောင်ဆောင်ချင်လဲ”

ဝမ်လင်း “???”

“ဒီလိုပါ ကျောင်းသားဝမ်လင်း.. သေချင်ယောင်ဆောင်တဲ့နေရာပေါ် လိုက်ပြီး သရုပ်ဆောင်ခတွေ မတူကြဘူးလေ”

ထို့နောက်တွင် အမှုဆောင်ဒါရိုက်တာက မြေပုံကိုဖြန့်၍ ဝမ်လင်းအား စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

“ဒီအစိမ်းရောင်ဇုန်ကတော့ အခြေခံအားဖြင့် လုံခြုံမှုရှိတယ်.. တွက်ချက်မှုတွေ အရတော့ တိုက်ပွဲအတွင်းက သရုပ်ဆောင်မှုတွေနဲ့ မှော်စွမ်းအားတွေက ဒီအစိမ်းရောင်ဇုန်ကို ထိခိုက်စေမှာမဟုတ်ဘူး.. ဒီအစိမ်းရောင်ဇုန်မှာ သေချင်ယောင်ဆောင်မယ်ဆိုရင်တော့ တစ်ရက်ကို ယွမ် ၈၀ ကနေ ၁၀၀ အထိ ရမယ်.. ဒီအဝါရောင်ဇုန်ကတော့ နည်းနည်း အန္တရာယ်ရှိတယ်.. ဒီနေရာမှာ သေချင်ယောင်ဆောင်ရင်တော့ ယွမ် ၁၀၀ ကနေ ၅၀၀ အထိရမယ်.. ဒါပေမဲ့ တိုက်ပွဲစက်ဝန်းကနေ ပျံ့လွင့်လာတဲ့ ကြီးမားတဲ့ စွမ်းအင်လှိုင်းလုံးကြီးတွေ ပျံ့လွင့်လာနိုင်တယ်.. တွက်ချက်မှုတွေ အရတော့ အများအားဖြင့် အန္တရာယ်မရှိပါဘူး.. ဒါပေမဲ့ အရေးကြီးတာတစ်ခုက သေချင်ယောင်ဆောင်ပြီ ဆိုတာနဲ့ လုံးဝလှုပ်ရှားလို့ မဖြစ်ဘူး.. ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဆူညံသံတွေ၊ ပေါက်ကွဲသံတွေ ကျယ်လောင်နေပါစေ တစ်လက်မမှ လှုပ်ရှားလို့မဖြစ်ဘူး.. ငွေရေးကြေးရေး အတွက် အဝါရောင်ဇုန်မှာ သေချင်ယောင်ဆောင်ဖို့ ရွေးချယ်တဲ့ သရုပ်ဆောင်တွေ မကြာခဏရှိခဲ့တယ်.. အဆုံးသတ်မှာတော့ သူတို့က စိတ်ပိုင်းဆိုင်ရာဖိအားကို ခံနိုင်ရည်မရှိကြဘူး.. တချို့ဆိုရင် တစ်ဝက်တပျက်မှာပဲ ထရပ်လိုက်တဲ့အတွက် ခြေထောက်တွေက ပြုတ်ထွက်ပြီး လွင့်စင်သွားခဲ့တယ်.. ဒီဇုန်ကို မပြောင်းသရွေ့တော့ မင်းအနေနဲ့ အခြေအနေ ကောင်းပါလိမ့်မယ်”

“..........”

“ဒီအနီရောင်ဇုန်ကတော့ တစ်ရက်ကို ၈၀၀ ကနေ ၁၀၀၀ အထိရတယ်.. ဒါ့အပြင် စွမ်းဆောင်မှုပေါ် မူတည်ပြီး ဘောနပ်လည်း ရသေးတယ်.. ဘာလို့လဲဆိုတော့ ဒီအနီရောင်ဇုန်က အန္တရာယ်အရှိဆုံးနေရာမို့လိုပဲ.. ဒီဇုန်အတွင်းမှာ သေချင်ယောင် ဆောင်တဲ့ သရုပ်ဆောင်တွေက အတော်လေး စိတ်ဓာတ်ခိုင်မာတဲ့ ပရောက်ဖက်ရှင်နယ်ပဲ သရုပ်ဆောင်နိုင်တယ်.. ဒီဇုန်က မှော်စွမ်းအားတွေနဲ့ လွှမ်းခြုံနေမှာဖြစ်လို့ လဲလျောင်းနေတဲ့ အချိန်အတွင်းမှာ အနည်းငယ် ပူလောင်နိုင်တယ်.. ဒါပေမဲ့ ဒီဒဏ်ရာအတွက် အထူးထိရောက်တဲ့ ခရင် တစ်ခု ငါတို့မှာရှိတယ်.. သရုပ်ဆောင်ပြီးပြီးချင်း ဒဏ်ရာပေါ်မှာ လိမ်းပေးလိုက်ရင် အမာရွတ်တွေ မကျန်ရစ်ဘူး.. ဒါပေမဲ့ နာကျင်မှုကိုတော့ ခံနိုင်ရည်ရှိဖို့ လိုလိမ့်မယ်”

ထို့နောက် အမှုဆောင်ဒါရိုက်တာက ဆက်လက် ရှင်းပြလိုက်သည်။

“ဒါ့အပြင် အနီရောင်ဇုန်မှာ သရုပ်ဆောင်မယ့် သူတွေကို အစိမ်းရောင်ဒိုင်းကာတွေလည်း ပေးသေးတယ်.. မှော်စွမ်းအားတွေ သက်ရောက်လာတဲ့အချိန်မှာ အစိမ်းရောင်ဒိုင်းကာက အလိုအလျောက် အသက်ဝင်လာမှာ ဖြစ်တဲ့အတွက် အသက်အန္တရာယ်မရှိဘူး.. ဒါပေမဲ့ အစိမ်းရောင်ဒိုင်းကာကို သေချာ မကိုင်ထားရင်တော့ ခဏအတွင်းမှာ ပြာကျသွားနိုင်တယ်”

ထိုစကားကြောင့် ဝမ်လင်းက အံ့ဩသွားခဲ့သည်။

“ဘာကြောင့် အစိမ်းရောင်ဒိုင်းကာ ဖြစ်ရတာလဲ”

“နောက်ပိုင်းကျရင် တည်းဖြတ်မှုမှာပိုပြီး လွယ်ကူအောင် အစိမ်းရောင်ကို သုံးထားတာပါ”

ကော်ဟောက်က ဝင်၍ ရှင်းပြလိုက်သည်။

ဝမ်လင်း “..........”

အမှုဆောင်ဒါရိုက်တာက ကော်ဟောက်၏ စကားကို ခေါင်းညိမ့်၍ ထောက်ခံလိုက်သည်။

အတိုချုပ်ပြောရရင် ဇုန်သုံးခုလုံးရဲ့ အဓိကအချက်က မလှုပ်နဲ့ဆိုတာပဲ.. မင်းမလှုပ်ရှားသရွေ့ မင်းအသက်အန္တရာယ်ရှိမှာမဟုတ်ဘူး.. ကျောင်းသားဝမ်.. မင်းဘယ်ဇုန်ကို ရွေးမလဲ”

ဝမ်လင်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“အနီရောင်ဇုန်”

သူ၏စကားကြောင့် အမှုဆောင်ဒါရိုက်တာက အလွန်ပင်တုန်လှုပ်ကာ ရေရွတ်လိုက်သည်။

“တကယ်ပဲ အနီရောင်ဇုန်ထဲကို ဝင်ဖို့ ဆန္ဒရှိနေတာလား”

ဝမ်လင်း “..........”

ဝမ်လင်း၏ ဆုံးဖြတ်ချက်ကို ကြားပြီးနောက်တွင် ကောဟောက်ကလည်း အံ့ဩ ထိတ်လန့်သွားခဲ့သည်။

“ဝမ်လင်း.. ဒါက အန္တရာယ်များလွန်းတယ်.. ဘာလို့ ဒီဇုန်ကိုရွေးလိုက်တာလဲ.. အနီရောင်ဇုန်က တကယ့်ကို အန္တရာယ်ဇုန်ပဲ”

“ငါအဆင်ပြေပါတယ်”

ဝမ်လင်း၏ မျက်နှာက ရှေးဟောင်းရေတွင်းတစ်ခု ကဲ့သို့ တည်ငြိမ်မှု ရှိနေသည်။

ဝမ်လင်းက မမွေးဖွားလာရသေးသည့် သူညီမလေး အတွက် လက်ဆောင် ဝယ်ပေးလိုသောကြောင့် ပိုက်ဆံလိုနေသည်ဟု ကော်ဟောက်က ဝမ်လင်းထံမှ ကြားဖူးသည်။

ဝမ်လင်းက သူ့ညီမလေးကို ဤမျှလောက်ချစ်လိမ့်မည်ဟု ကော်ဟောက် မထင်ထားမိပေ။

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် ဝမ်လင်းသည် အနီရောင်ဇုန်၌ အစိမ်းရောင်ဒိုင်းကာ အခုနှစ်ဆယ်ကို ကိုင်၍ လဲလျောင်းနေခဲ့သည်။

တစ်နည်းဆိုရလျှင် သူသည် တိုက်ခိုက်မှု နှစ်ဆယ်နီးပါးကို ခံနိုင်ရည်ရှိရမည် ဖြစ်သည်။

အထက်တန်းကျောင်းသားလေး တစ်ယောက်က မျက်နှာကိုတုန်လှုပ်ခြောက်ခြားစေလောက်သည့် စွမ်းအင်လှိုင်းလုံးများ ရိုက်ခက်လာသည့်အခါတွင် တည်ငြိမ်မှု ရှိနိုင်ပါမည်လော။

ထို့ကြောင့် လူအများအပြားသည် ဝမ်လင်း၏ လုပ်နိုင်စွမ်းကို သံသယဖြစ်လာကြသည်။

“ဒီကလေးက အရမ်းငယ်သေးတယ်.. မွေးကင်းစ နွားငယ်လေးက ကျားမကြောက်ဘူး ဆိုတာ တကယ်မှန်တာပဲ”

“ဒီကလေးက စောစော သေချင်နေတာပဲ”

ဇာတ်ဝင်ခန်းတွင် ပါဝင်မည့် သရုပ်ဆောင်အချို့က တီးတိုးပြောဆိုနေကြသည်။

ဝမ်လင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေသည်ဟု သူတို့ ခံစားမိကြသည်။

သူတို့အားလုံးက ဆယ်နှစ်ကျော်ကြာ သရုပ်ဆောင်ခဲ့ကြသည့် သရုပ်ဆောင်ဟောင်းများ ဖြစ်သော်လည်း စွမ်းအင်လှိုင်းလုံးကြီးများနှင့် ရင်ဆိုင်ရသောအခါတွင် တည်ငြိမ်သော အမူအရာကို ထုတ်ဖော်ရန် အလွန်ခက်ခဲနေပါသေးသည်။

ထိုအချိန်တွင် ဝမ်လင်းသည် မျက်လုံးကိုပြူးကျယ်စွာ ဖွင့်ထားကာ သေဆုံးနေသူတစ်ယောက်လို သရုပ်ဆောင်ခဲ့သည်။

တစ်နည်းဆိုရသော် ဝမ်လင်း၏ မျက်လုံးများသည် တစ်ချိန်လုံး ပြူးနေခဲ့သည်။

သူ အမှန်တကယ်ပဲ သရုပ်ဆောင်နိုင်ပါမည်လော။

“ကဲ.. အားလုံးနေရာယူထားကြ.. မင်းသား.. မင်းလည်းအသင့်ပြင်ထားတော့”

အမှုဆောင်ဒါရိုက်တာ၏ ညွှန်ကြားချက်အရ သရုပ်ဆောင်အားလုံးကို ကြိုတင်သတ်မှတ်ထားသော နေရာများတွင် နေရာချထားပြီးနောက် မင်းသားက စင်မြင့်ပေါ်သို့ တက်လာသည်။

၎င်းက ထုံလင် ဟုခေါ်သော ကလေးမျက်နှာနှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။

တကယ်တမ်းတွင် ထုံလင်သည် အသက်ကြီးနေပြီ ဖြစ်သည်။

သို့သော်လည်း အထူးကျင့်ကြံခြင်း နည်းစနစ်အချို့ကြောင့် ကလေးခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်၍ အသက် ၁၁ နှစ်သို့မဟုတ် ၁၂ နှစ်ခန့်သာ ထင်ရသည်။

ဤအခန်းတွင် အသက် ၁၂ နှစ်အရွယ် ကျိုးရီသည် မိစ္ဆာပုလဲကို စုပ်ယူပြီးနောက်တွင် အခြားသူများ၏ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံခဲ့ရသည်။

အဆုံးသတ်တွင် သူက ဒေါသကိုမထိန်းနိုင်တော့ဘဲ နတ်ဆိုးချီကို ပွင့်ထွက်သွားစေခဲ့သည်။

အခင်းဖြစ်ပွားရာအလယ်တွင် ပေါက်ကွဲသံ အများအပြား ထွက်ပေါ်လာပြီး ထိုပေါက်ကွဲမှုတွင် သေဆုံးသွားသည့်ရွာသားတစ်ဦးအဖြစ် ဝမ်လင်းက သရုပ်ဆောင်ရမည်ဖြစ်သည်။

တကယ်တမ်းတွင် ရွာသားများကို သတ်ခဲ့သူမှာ ကျိုးရီ မဟုတ်ပေ။

ကျိုးရီကို လူအများ ကဲ့ရဲ့အောင် ချောက်ချခဲ့သည့် နတ်ဆိုးလမ်းစဉ်က သူများသာ ဖြစ်သည်။

“မင်းသား ဒီတိုက်ပွဲခန်းအတွက် မင်းကိုအားကိုးမယ်နော်”

အမှုဆောင်ဒါရိုက်တာက ထုံလင်ကို ပြောလိုက်သည်။

ထုံလင်က လက်ထဲမှ ဆေးပြင်းလိပ်ကို ချလိုက်ပြီး လက်ထောက်တစ်ဦး၏ အကူအညီဖြင့် တိုက်ပွဲဝတ်စုံကိုဝတ်ဆင်ကာ သတ်မှတ်နေရာများကို အကဲခတ်ကြည့်လိုက်သည်။

သူက ကြီးမားသောပေါက်ကွဲမှုများကို ဖန်တီးရမည် ဖြစ်၍ အသေးစိတ် အကဲခတ်နေခြင်းပင်။

မှန်၏၊ ထုတ်လုပ်ရေးအဖွဲ့သားများသည် အတုအယောင်များကို အသုံးပြုရန် စဉ်းစားခဲ့ကြသေးသည်။

သို့သော်လည်း ရိုက်ချက်အလုံးစုံက အတုအယောင် ဖြစ်နေလျှင် ကြည့်ရှုသူများက သဘောကျလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် အနီရောင်ဇုန်၌ လဲလျောင်းနေသော အထက်တန်း ကျောင်းသားလေး တစ်ဦးသည် ထုံလင်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

“အဲဒီကလေးက သူ့သဘောနဲ့သူ လုပ်တာလား.. မင်းကအတင်းအကျပ် လုပ်ခိုင်းခဲ့တာလား”

“သူ့သဘောနဲ့သူပါ မင်းသား”

အမှုဆောင်ဒါရိုက်တာက ချွေးများကို သုတ်၍ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ထုံလင်က ရယ်မောလိုက်သည်။

“အဲဒီဇုန်မှာ ပေါက်ကွဲမှု ၂၀ တောင် ရှိမယ်ဆိုတာ သူမသိဘူးလား.. သူတကယ်ပဲ ငြိမ်ငြိမ်လေး နေနိုင်ပါ့မလား.. အာမခံရောဝယ်ပြီးပြီလား.. တစ်စုံတစ်ရာ ထိခိုက်သွားရင် ငါ့ကိစ္စ မဟုတ်ဘူးနော်”

“ငါတို့ သူနဲ့ စာချုပ်ချုပ်ပြီးပါပြီ.. သူ မလှုပ်ရှားသရွေ့ အသက်အန္တရာယ်မရှိဘူးလို့ မှာခဲ့ပြီးသားပါ”

ထုံလင် “ဟားဟား.. ဒါဆိုရင်လည်းပြီးတာပဲ.. မွေးကင်းစနွားတွေက ကျားတွေကို မကြောက်တတ်ဘူးပဲ.. ဒီကောင်လေးက ငွေအမြန် လိုနေတဲ့ပုံပဲ.. တကယ်တမ်းပြောရရင် သရုပ်ဆောင်ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး.. ဖြတ်လျှောက်တောင်မှ အရည်အချင်းရှိမှပဲ ဖြစ်လိမ့်မယ်”

ထို့နောက်တွင် ထုံလင်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ကျောင်းသားလေးက သူ့ကို လာပြောင်နေသည်ဟု သူခံစားနေမိသည်။

အပိုင်း(၁၀၆၅) ပြီး၏

All Chapters