အခန်း (၁၀၇)
Vol. 8 Ch. 107
"ဟားဟား.. ကျန်းချန်.. မင်းက ငါ့အသက်ကို ယူဖို့ အရည်အချင်းရှိလို့လား"
"မင်းက မူလဘူတ နယ်ပယ်အဆင့်ထိ ကျင့်ကြံနိုင်တာ တကယ်ကို အံ့သြစရာပဲ.. ဒါပေမဲ့ အဲဒီလောက်နဲ့ ငါ့ရှေ့မှာ မာန်တက်ပြဖို့ အရည်အချင်း မပြည့်မီသေးဘူး"
မုန့်ရှင်းယွီက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
သိပ်မကြာခင်မှာပင် ရုန့်ရင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လွှတ်နေသည့် သွေးရောင် ဓားရှည်တစ်လက်သည် သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။
"မုန့်ရှင်းယွီ.. နင်ဒီကို ဘာလာလုပ်တာလဲ"
မုန့်ရှင်းယွီက တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် အေးစက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
တခဏအတွင်း မုန့်ချင်းရွှယ်သည် ကျန်းချန်၏ ဘေးတွင် ပေါ်လာခဲ့သည်။
သူမက သူမ၏ မျက်လုံးလှလှလေးများဖြင့် တစ်ဖက်မှ မုန့်ရှင်းယွီကို စိုက်ကြည့်လိုက်၏။
သူမ၏ အမူအရာသည် အလွန်တရာ အေးစက်စက် ဖြစ်နေခဲ့သည်။
"ငါက သခင်လေးရဲ့ အမိန့်နဲ့ မင်းကို မုန့်အိမ်တော်ဆီ ပြန်ခေါ်ဖို့ လာခဲ့တာပဲ"
မုန့်ရှင်းယွီက ဓားရှည်ဖြင့် ကျန်းချန်ကို ချိန်ရွယ်၍ မထီမဲ့မြင် ပြောလိုက်သည်။
"မင်းက ဒီကောင်လေးရဲ့ အစေခံအဖြစ် သဘောတူလိုက်တယ်လို့ ကြားတယ်"
"ငါ့ကိစ္စကို နင် ဝင်ရောက်စွက်ဖက်စရာ မလိုဘူး"
မုန့်ချင်းရွှယ်က အေးစက်စွာ ပြောလိုက်သည်။
"ပြန်သွားပြီး မုန့်ထျန်းဟန်ကို ပြောလိုက်. ငါ ဆယ်ရက်အတွင်း မုန့်အိမ်တော်ကို ပြန်လာခဲ့မယ်.. နင်အခု ထွက်သွားလို့ရပြီ.. ကျန်းချန်ကို ပြဿနာ မရှာနဲ့တော့"
"ဆယ်ရက်.. ကောင်းပြီလေ.. သခင်လေးဆီ ပြန်အကြောင်းကြားပေးမယ်"
"ဒါပေမဲ့.. မင်းက မုန့်မိသားစုရဲ့ မြင့်မြတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး မင်းရဲ့ အဆင့်အတန်းကိုတောင် မထောက်ဘဲ ဒီကောင်လေးရဲ့ အစေခံ လုပ်နေတယ်.. မင်းကြောင့် မုန့်မိသားစုက မျက်နှာတောင် ထားစရာနေရာ မရှိတော့ဘူး"
"ငါသာ ဒီကောင်လေးကို သတ်လိုက်ရင် ငါတို့ မုန့်မိသားစုရဲ့ ဂုဏ်သိက္ခာကို အလိုအလျောက် ကာကွယ်ပြီးသား ဖြစ်သွားလိမ့်မယ်"
မုန့်ရှင်းယွီက သူ့လက်ထဲမှ ဓားရှည်ကို မြှောက်ကာ ကျန်းချန်ကို သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လိုက်သည်။
"မုန့်ရှင်းယွီ.. နင်ကိုယ်နင် ဟုတ်နေပြီ မထင်နဲ့.. ငါ နင့်ကို ပြဿနာ မရှာခိုင်းတာက နင်ကောင်းဖို့အတွက်ပဲ"
"နင်တကယ်ပဲ သူ့ကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားရင် အဆုံးသတ်မှာ နောင်တရမယ့်သူက နင်ပဲဆိုတာ ငါသေချာပေါက် ပြောရဲတယ်"
မုန့်ချင်းရွှယ်က မုန့်ရှင်းယွီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူမ၏ မျက်နှာလှလှလေးက ရေခဲကဲ့သို့ အေးစက်သောအမူအရာ ဖြစ်နေခဲ့၏။
မုန့်ရှင်းယွီက မထီမဲ့မြင် ပြောလိုက်သည်။
"ဒါဆိုလည်း သူက ငါ့ကို နောင်တရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ငါကြည့်ချင်တယ်"
"နင်က ဒီလောက်တောင် အရိုက်ခံချင်နေမှတော့ ငါနင့်ကို မတားတော့ဘူး"
မုန့်ချင်းရွှယ်က မုန့်ရှင်းယွီကို မထီမဲ့မြင် ကြည့်လိုက်ပြီးနောက် ကျန်းချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"နင် သင်ခန်းစာပေးလိုက်တော့.. သူ့အသက်ကို ချန်ထားပေးရင် ရပြီ"
မဟာရှားနိုင်ငံတော်၏ ကြီးမြတ်သည့် မိသားစုလေးစုထဲမှ တစ်စု ဖြစ်သည့် မုန့်မိသားစုသည် ကိုယ်ခံပညာတွင် ကျော်ကြားသော မိသားစု ဖြစ်သည်။
ဤကောင်လေးက ကျန်းချန်၏ လက်ထဲတွင် တကယ်ပဲ သေသွားလျှင် ကျန်းချန်ကို ပြဿနာ အများအပြား ဖြစ်စေမည်ကို သူမ စိုးရိမ်မိသည်။
"ကောင်းပြီ"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူက မုန့်ရှင်းယွီကို မထီမဲ့မြင် စိုက်ကြည့်လိုက်သည်။
သူ၏ အေးစက်သော အသံသည် မုန့်ရှင်းယွီ၏ နားထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"စိတ်ချ.. ချင်းရွှယ်ရဲ့ မျက်နှာနဲ့ ငါ ဒီနေ့ မင်းကို မသတ်ဘူး"
"သေဒဏ်ကို ခွင့်လွှတ်ပေမဲ့ ပြစ်ဒဏ်ကနေတော့ လွတ်မြောက်ခွင့်မပေးနိုင်ဘူး"
"မင်းက ငါ့ရဲ့ နေရာမှာ ငါ့လူကို နာကျင်အောင် လုပ်ခဲ့တယ်.. ဒါကြောင့် မင်းရဲ့ လက်တစ်ဖက်ကို ချန်ထားခဲ့ရမယ်"
"ဟားဟားး"
မုန့်ရှင်းယွီက အော်ရယ်လိုက်သည်။
သူ့လက်ထဲမှ သွေးရောင်ဓားရှည်တွင် ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး စွမ်းအားများ စုဝေးလာခဲ့၏။
"ငါမုန့်ရှင်းယွီရဲ့ လက်မောင်းက မင်း လိုချင်တိုင်း ယူလို့ရတဲ့အရာ မဟုတ်ဘူး"
"ကျန်းချန်.. မုန့်ချင်းရွှယ်ကို မင်းရဲ့ အစေခံ ဖြစ်စေခဲ့တာက ငါတို့ မုန့်မိသားစုကို သိက္ခာကျဆင်းစေတယ်.. ငါ မင်းကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်နိုင်မှာလဲ"
"ဒီနေ့ ငါတို့ မုန့်မိသားစုရဲ့ ဂုဏ်သိက္ခာ အတွက် မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ်"
သွေးရောင်ဓားရှည်ကနေ အလျား ဆယ်ပေရှိသည့် သွေးရောင် ဓားအလင်းက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြီး မကောင်းဆိုးဝါး ဆန်သည့် ထူးဆန်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"သွေးမိစ္ဆာရူးခါဓားကွက်.. သေစမ်း"
မုန့်ရှင်းယွီက မာန်သွင်း၍ ကြုံးဝါးလိုက်ပြီး ဓားရှည်ကို ဝှေ့ရမ်းလိုက်သည်။
ကြီးမားသော သွေးရောင်ဓားအလင်းသည် ချက်ချင်းပင် လေထုကို ထိုးခွဲ၍ ကျန်းချန်ဆီသို့ ရောက်လာခဲ့၏။
နက်နဲမှု အလယ်အလတ်အဆင့် ကိုယ်ခံပညာ၊ သွေးမိစ္ဆာရူးခါဓားကွက်။
မုန့်ရှင်းယွီ၏ ဓားချက်သည် ကျန်းချန်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားသည်မှာ သိသာနေသည်။
ဆိုရလျှင် မုန့်ရှင်းယွီသည် သူ၏ အားအကောင်းဆုံး ဓားကွက်ကို တိုက်ရိုက် အသုံးပြုလိုက်ခြင်းပင်။
"ငါ့အတွက် မင်းရဲ့ လက်မောင်းကို ထားခဲ့ဖို့ အချိန်တန်ပြီ"
ကျန်းချန်၏ မျက်နှာက အေးစက်သွား၏။
သူ၏ ယန်လုံဓားကို ကိုင်ထားတဲ့ လက်ဖဝါးသည် ရုတ်တရက် တင်းကျပ်သွားပြီးနောက်တွင် အံ့သြဖွယ်ကောင်းသည့် ဓားဆန္ဒသည် သူ့ခန္ဓာကိုယ်ကနေ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။
အခန်း(၁၀၇) ပြီး၏