အခန်း (၁၀၈)
Vol. 8 Ch. 108
ကျန်းချန်၏ ဓားဆန္ဒ ကောင်းကင်ကို တက်သွားသည့် အချိန်တွင် ခြံဝင်းတစ်ဝိုက်ရှိ ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါများသည် ဓားဆန္ဒတွင် လျင်မြန်စွာ စုစည်းသွားခဲ့သည်။
အရပ်မျက်နှာအနှံ့မှ အရှိန်အဝါများ စုစည်းပြီးနောက်တွင် ကျန်းချန်၏ ဦးခေါင်းထက်၌ ဧရာမဓားရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
"ခုတ်"
ကျန်းချန်၏ အေးစက်စက် အသံနှင့်အတူ ဦးခေါင်းထက်ရှိ ဧရာမဓားရိပ်ကြီးသည် တိုးဝင်လာသည့် ဓားအလင်းကို ခုတ်ချလိုက်သည်။
ဧရာမဓားရိပ်သည် မုန့်ရှင်းယွီ၏ ဓားအလင်းကို အလွယ်တကူ ချိုးဖျက်ပြီးနောက် မန်းရှင်းယွီ၏ ကိုယ်ပေါ်သို့ တည့်မတ်စွာ ကျရောက်သွား၏။
"ဝုန်းး"
"အားး.."
တခဏလေး အတွင်းမှာပင် မုန့်ရှင်းယွီသည် မိုးကြိုး အပစ်ခံရသကဲ့သို့ ဖြစ်သွားခဲ့ပြီး အော်ဟစ်သံနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်သွားခဲ့သည်။
ခဏအကြာတွင် မုန့်ရှင်းယွီ၏ ခန္ဓာကိုယ်သည် ပေအနည်းငယ်အကွာရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူ၏ ရင်ဘတ်ကနေ ဘယ်ဘက်လက်မောင်း အထိ အံ့သြဖွယ်ရာ အမာရွတ်တစ်ခု ရှိနေခဲ့၏။
ဘယ်ဘက်လက် တစ်ခုလုံးသည် အားပျော့စွာဖြင့် တွဲလောင်းကျနေပြီး နီစွေးသော သွေးများသည်လည်း စမ်းချောင်းကဲ့သို့ စဥ်ဆက်မပြတ် စီးကျနေသည်။
"ဓားဆန္ဒပါလား"
"မင်း.. မင်းက တကယ်ပဲ ဓားဆန္ဒကို နားလည်နေပြီလား"
မုန့်ရှင်းယွီသည် ကျန်းချန်၏ ဓားဆန္ဒဖြင့် ဖြတ်တောက်ခံလိုက်ရသည့် သူ၏ ဘယ်ဘက်လက်မောင်းကို ဆုပ်ကိုင်ထားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သူ့ရှေ့မှ ကောင်လေးသည် မူလဘူတ နယ်ပယ်အဆင့်ကို ရောက်ရှိရုံတင်မကဘဲ ဓားဆန္ဒကိုပါ နားလည်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤအသက်အရွယ်တွင် ကျန်းချန်သည် မူလဘူတ နယ်ပယ်အဆင့်ကို ဖောက်ထွက်ပြီး ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် ဖြစ်သည့် ဓားဆန္ဒကိုလည်း နားလည်ခဲ့သည်။
ယင်းကဲ့သို့ ပါရမီရှင်သည် ယန်ဟွမ်ကျောင်းတော်မှာပင် အလွန်ရှားပါးသည့် တုနှိုင်းမဲ့ ပါရမီရှင် ဖြစ်လာနိုင်၏။
"ထွက်သွားစမ်း"
"ချင်းရွှယ်ရဲ့ မျက်နှာကိုထောက်ပြီး မင်းရဲ့ ခွေးအသက်ကို ငါ ချမ်းသာပေးလိုက်မယ်"
"နောက်တစ်ကြိမ် ဆိုရင်တော့ ငါ ညှာနေမှာ မဟုတ်တော့ဘူး"
မုန့်ရှင်းယွီက စိတ်နှလုံးထဲကနေ နက်ရှိုင်းစွာ ကြောက်လန့်နေသော အချိန်မှာပင် ကျန်းချန်၏ အေးစက်စက် အသံသည် သူ့နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်.. ငါ မင်းကို မှတ်ထားမယ်"
မုန့်ရှင်းယွီက သုန်မှုန်သော မျက်နှာထားဖြင့် ကျန်းချန်ကို တစ်ချက်ကြည့်ပြီးနောက် ထွက်သွားခဲ့သည်။
"တော်လိုက်တဲ့ ကောင်လေး... ရက်အနည်းငယ်လောက် မတွေ့တာနဲ့ မူလဘူတ အဆင့်ကို ရောက်ရှိသွားခဲ့ပြီ"
"ဒီကောင်လေးရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် စီရင်စုကိုးခု ပြိုင်ပွဲမှာ ထိပ်တန်း ပါရမီရှင်တွေကို ယှဉ်ပြိုင်ဖို့ လုံလောက်နေပြီ"
"သုံးလအတွင်း ငါတို့ လင်ယွင်ကျောင်းတော်က စီရင်စုကိုးခုပြိုင်ပွဲမှာ တကယ်ကို တောက်ပလာတော့မှာပဲ"
မူလဘူတ ပထမအဆင့်ကို ရောက်နေသည့် မုန့်ရှင်းယွီကို ကျန်းချန်က ဓားကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို ပေပေါင်း ရာချီဝေးသည့် ကောင်းကင်အလယ်ကနေ စောင့်ကြည့်နေသည့် ယန်စန်းမင်သည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ကျန်းချန်...တောင်းပန်ပါတယ်"
"ငါက မဟာရှားနိုင်ငံရဲ့ မိသားစုကြီး လေးစုထဲက တစ်စု ဖြစ်တဲ့ မုန့်မိသားစုကပဲ.. အကြောင်းအမျိုးမျိုးကြောင့် ငါမုန့်မိသားစုကို ပြန်ရဦးမယ်"
"ဒါပေမဲ့ စိတ်မပူပါနဲ့.. ခြောက်လအတွင်း ငါတို့ရဲ့ သဘောတူညီချက်ကို ဖြည့်ဆည်းဖို့ ပြန်လာခဲ့ပါ့မယ်"
မုန့်ရှင်းယွီ ထွက်သွားပြီးနောက်တွင် မုန့်ချင်းရွှယ်သည် ကျန်းချန်ကို တောင်းပန်သည့် အနေဖြင့် ပြောလိုက်သည်။
သူမက မုန့်မိသားစုကို သေချာပေါက် ပြန်ရပေမည်။
သို့မဟုတ်လျှင် မုန့်မိသားစုသည် သူမကို ပြန်ခေါ်ရန်အတွက် ပိုမို အားကောင်းသည့် လူကို စေလွှတ်လိမ့်မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် ကျန်းချန်ဆီသို့ အဆုံးမရှိသည့် ပြဿနာများ ယူဆောင်လာမိမည်ကို သူမ စိုးရိမ်မိသည်။
"ကောင်းပြီလေ.. မင်းရဲ့ မုန့်မိသားစုဆီ ပြန်လို့ရပါတယ်"
ကျန်းချန်က ရယ်မောပြီး ပြောလိုက်သည်။
"သုံးလနေရင် မဟာရှားနိုင်ငံတော်ရဲ့ စီရင်စုကိုးစုပြိုင်ပွဲကို အင်ပါယာမြို့မှာ ကျင်းပမှာဆိုတော့ ငါမြို့တော်ကို လာခဲ့မယ်"
"ကောင်းပြီလေ.. ဒါဆို မြို့တော်မှာ နင့်ကို စောင့်နေမယ်"
မုန့်ချင်းရွှယ်က ခေါင်းညိတ်ပြီး လှည့်ထွက်သွားခဲ့သည်။
မုန့်ချင်းရွှယ် ထွက်သွားပြီးနောက်တွင် ကျန်းချန်သည်လည်း လင်ယွင်ကျောင်းတော်ကနေ တိုက်ရိုက် ထွက်သွားခဲ့၏။
သူ၏ မီးလျှံသားရဲကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်သည်ကို တားဆီးရန်အတွက် ကျန်းချန်သည် သားရဲ ကုန်သွယ်ရေးခန်းမသို့ သွားကာ သားရဲအိတ်ကို ဝယ်ယူပြီး မီးလျှံသားရဲကို သားရဲအိတ်ထဲသို့ ထည့်လိုက်သည်။
သူ့တွင် လုပ်စရာ မရှိတော့၍ ကျန်းချန်သည် လင်ယွင်မြို့ရှိ အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံးသို့ တိုက်ရိုက် သွားခဲ့၏။
လက်ရှိတွင် ကျန်းချန်သည် အဂ္ဂိရတ်ပညာရပ်၊ အစီအရင်ပညာရပ်နှင့် သားရဲပညာရပ်တို့တွင် အားမနည်းသော်လည်း သူ့တွင် မည်သည့် အထောက်အထားမှ မရှိပေ။
ထို့ကြောင့် ကျန်းချန်သည် အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံးကို အရင်သွားပြီး အဂ္ဂိရတ်သခင် တံဆိပ်ပြား တစ်ခု သွားယူရန် ဆုံးဖြတ်လိုက်သည်။
အခန်း(၁၀၈) ပြီး၏