အခန်း (၁၀၉)
Vol. 8 Ch. 109
ကျန်းချန်သည် အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံးသို့ ဦးတည်သည့် လမ်းပေါ်တွင် စိတ်လက်ပေါ့ပါးစွာ လမ်းလျှောက်လာခဲ့သည်။
"ခွပ် ခွပ် ခွပ်"
ရုတ်တရက် သူ့နောက်ကနေ မြင်းခွာသံကို ကြားလိုက်ရ၏။
မကြာခင်မှာပင် ကျန်းချန်သည် သူ့ အနောက်ဘက်ရှိ လမ်းပေါ်တွင် အနည်းငယ် ရှုပ်ထွေးသွားသည်ကို ခံစားလိုက်ရသည်။
ကျန်းချန်က လှည့်ကြည့်လိုက်ရာ အနီရောင်မြင်းကို အလောတကြီး စီးလာသည့် ခရမ်းရောင် အရိပ်တစ်ခုကို တွေ့လိုက်ရ၏။
လမ်းတစ်လျှောက်ရှိ လူအများအပြားသည် ဘေးနှစ်ဖက်သို့ အလျင်စလို ရှောင်ရှားလိုက်ကြ၏။
မီးလျှံကဲ့သို့ ရဲရဲနီနေသော မြင်းသည် အဝေးကနေကြည့်လျှင် မီးတောက်ကဲ့သို့ တောက်ပနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းနီကြီးသည် ကျန်းချန်နှင့် ပေအနည်းငယ် အကွာသို့ ရောက်လာခဲ့၏။
"ခွေးကောင်းက လမ်းဖယ်ပေးရမှာ နားမလည်ဘူးလား.. ဖယ်လိုက်စမ်း"
အဝေးမှ မလှုပ်မယှက် ရပ်နေသည့် ကျန်းချန်ကို ကြည့်ပြီး ခရမ်းရောင်ဝတ် မိန်းကလေး၏ မျက်ခုံးများက ရုတ်တရက် တွန့်သွားခဲ့၏။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
သူက ခရမ်းရောင်ဝတ် မိန်းကလေးကို လျစ်လျူရှုပြီး ဘာမှ မဖြစ်သကဲ့သို့ ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။
"ဟွန့်...သေချင်နေပြီလား"
ကျန်းချန်က သူမ၏ တည်ရှိမှုကို လျစ်လျူရှုလိုက်သည်ကို မြင်လျှင် ခရမ်းရောင်ဝတ် မိန်းကလေးသည် ရုတ်တရက် နှာခေါင်းရှုံ့လိုက်ပြီး သူမ လက်ထဲရှိ သားရေကျာပွတ်ဖြင့် ကျန်းချန်ကို ရိုက်နှက်လိုက်သည်။
တခဏအတွင်းမှာပင် နီရဲသော ကျာပွတ်သည် လေထုကို ထိုးခွဲပြီး ကျန်းချန်၏ ခေါင်းဆီသို့ တိုက်ရိုက် ကျရောက်လာခဲ့၏။
သူ၏ ကျောဘက်ကနေ တိုက်ခိုက်လာသည်ကို ခံစားလိုက်ရလျှင် ကျန်းချန်သည် ရုတ်တရက် မျက်နှာအမူအရာ အေးစက်သွားခဲ့သည်။
သူက လှည့်၍ပင်မကြည့်ဘဲ သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျာပွတ်ကို ဖမ်းကာ ဆောင့်ဆွဲလိုက်၏။
ကျန်းချန်က အားအနည်းငယ် ထည့်ထား၍ ခရမ်းရောင်ဝတ် မိန်းကလေးသည် မြင်းပေါ်ကနေ ပြုတ်ကျသွားခဲ့သည်။
"အိုး.. အမလေး"
ခရမ်းရောင်ဝတ် မိန်းကလေးက ရုတ်တရက် လန့်ဖြန့်ကာ အော်ဟစ်လိုက်သည်။
"လူယုတ်မာ.. နင် ငါ့ကို ပြုတ်ကျအောင် လုပ်ဝံ့တယ်လား"
သူမ၏ တင်ပါးက မြေကြီးနှင့် မိတ်ဆက်သွား၍ ခရမ်းရောင်ဝတ် မိန်းကလေးသည် ကျန်းချန်ကို ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူမပုံစံက ဒေါသထွက်နေသည့် ကျားမလေး တစ်ကောင်နှင့် ဆင်တူ၏။
ကျန်းချန်က ခရမ်းရောင်ဝတ် မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး ခနဲ့လိုက်သည်။
"မင်းတောင် ငါ့ကို ကျာပွတ်နဲ့ ရိုက်ဖို့ လုပ်သေးတာပဲလေ.. ငါက မင်းကို ဘာလို့ မလုပ်နိုင်ရမှာလဲ"
"နင်က ဘာကောင်မို့ ငါ့ကို လုပ်ရဲတာလဲ"
ကျန်းချန်၏ ခနဲ့တဲ့တဲ့ စကားလုံးများသည် ခရမ်းရောင်ဝတ် မိန်းကလေးကို လုံးဝ ဒေါသထွက်စေခဲ့သည်။
သူမက သူမ နောက်ကနေ လိုက်လာသည့် လူလတ်ပိုင်းအရွယ် ချောမောသည့် အမျိုးသမီးကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
"ဒေါ်လေးလန်.. သူ့ကို သမီးအတွက် သတ်ပေးပါ"
"ကျိလွမ်.. နင်ကတော့လေ.. အရေးထဲ ပြဿနာရှာနေပြန်ပြီ"
လူလတ်ပိုင်းအရွယ် ချောမောသည့် အမျိုးသမီးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"မင်းကို လမ်းခရီးမှာ ပြဿနာ မရှာပါနဲ့လို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ.. ငါတို့ ခရီးရဲ့ ရည်ရွယ်ချက်ကို မမေ့ပါနဲ့"
လူလတ်ပိုင်း အရွယ် အမျိုးသမီး ပြောသည်ကို ကြားလျှင် ခရမ်းရောင်ဝတ် မိန်းကလေးသည် လင်ယွင်မြို့သို့ ရောက်လာသည့် အကြောင်းရင်းကို တွေးမိပြီး ဤနေရာတွင် အချိန်မဖြုန်းသင့်ကြောင်း တွေးမိလိုက်သည်။
"ဟွန့်... နင် အရမ်း ကံကောင်းသွားတယ်...နောက်တစ်ခေါက်ထပ်တွေ့ရင် ငါ့အကြောင်း နင်ကောင်းကောင်းကြီး သိစေရမယ်"
ခရမ်းရောင်ဝတ် မိန်းကလေးက ထွက်မသွားခင် ကျန်းချန်ကို ခါးခါးသီးသီး စိုက်ကြည့်လိုက်သေး၏။
ကျန်းချန်က ထွက်သွားသည့် အမျိုးသမီး နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး အဂ္ဂိရတ်ပညာရှင် အစည်းအရုံးသို့ ခြေလှမ်း ဆက်လိုက်သည်။
ဆယ်မိနစ်ခန့် အကြာတွင် ကျန်းချန်သည် လင်ယွင်မြို့၏ အလယ်ဗဟိုရှိ ခမ်းနားထည်ဝါသော အဆောက်အအုံဆီ ရောက်လာခဲ့၏။
ကျန်းချန်က အနည်းငယ် မော့ကြည့်လိုက်ရာ အဆောက်အအုံ၏ တံခါးအထက်မှာ အဂ္ဂိရတ်ပညာရှင် အစည်းအရုံးဟု ရေးထားသည့် ဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။
အဂ္ဂိရတ်ပညာရှင်အစည်းအရုံး။
ကျန်းချန်က ခဏမျှ ရပ်တန့်နေပြီးမှ အဂ္ဂိရတ်ပညာရှင် အစည်းအရုံး၏ တံခါးဝဆီသို့ လျှောက်သွားခဲ့၏။
"ကောင်လေး.. ဒါက အဂ္ဂိရတ်ပညာရှင် အစည်းအရုံးပဲ.. မင်း ဒီကို ဘာလာလုပ်တာလဲ"
ထိုအချိန်မှာပင် အဂ္ဂိရတ်ပညာရှင် အစည်းအရုံး၏ တံခါးဝရှိ အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ကျန်းချန်ကို တိုက်ရိုက် အော်ငေါက်လိုက်သည်။
ကျန်းချန်က မထီမဲ့မြင် ပြန်ဖြေလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး.. ကျွန်တော်က အဂ္ဂိရတ်သခင် တံဆိပ်ပြားကို အပျင်းပြေ လာယူချင်ရုံပါပဲ"
"အဂ္ဂိရတ်သခင် တံဆိပ်ပြားကို အပျင်းပြေလာယူဖို့ ရောက်လာရအောင် ဒီတံဆိပ်ပြားက မင်းလိုချင်တိုင်း ရနိုင်တဲ့အရာလို့ ထင်နေလား"
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။
အခန်း(၁၀၉) ပြီး၏