← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

လူလတ်ပိုင်းအရွယ်လူက ကျန်းချန်ကို ရုတ်တရက် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး.. အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ် ခံယူဖို့ ဒီကို လာခဲ့တာဆိုရင် မိတ်ဆက်စာကို ပြပေးပါ"

ကျန်းချန်က ခဏမျှ မှင်တက်သွားသည်။

"မိတ်ဆက်စာဆိုတာ ဘာလဲ"

"မင်းက အဂ္ဂိရတ်ပညာရှင်အစည်းအရုံးရဲ့ စည်းမျဉ်းတွေကိုတောင် မသိဘဲ အကဲဖြတ် ခံယူဖို့ ဒီကို လာခဲ့တယ်လို့ ပြောရဲတယ်လား"

"အဂ္ဂိရတ်ပညာရှင် အစည်းအရုံးကို အကဲဖြတ် ခံယူဖို့ လာတဲ့ ဘယ်သူမဆို ဆရာကိုယ်တိုင် မပါလာရင် ဆရာရဲ့ မိတ်ဆက်စာကို တင်ပြရတယ်"

လူလတ်ပိုင်းအရွယ်လူက ရုတ်တရက် မထီမဲ့မြင် ပြောလိုက်၏။

"မိတ်ဆက်စာ မရှိရင် ငါ့ကို အနှောင့်အယှက် မပေးနဲ့တော့.. အမြန်ဆုံး ထွက်သွားပေးပါ"

"ငါ့မှာ မိတ်ဆက်စာတော့ မရှိဘူး.. ဒါပေမဲ့ ငါက အမှန်တကယ် အကဲဖြတ်ခံယူဖို့ ရောက်လာတာပါ"

ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆိုလည်း ယန်ချင်းရွှယ်က ဒီကို လွှတ်လိုက်တယ်လို့ ပြောပေးလို့ရမလား"

"ဟားဟား.. ကောင်လေး.. ဆရာကြီး ယန်ချင်းရွှယ်က မဟာရှားနိုင်ငံတော်ရဲ့ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် သုံးယောက်ထဲက တစ်ယောက်ပဲ.. မင်းကများ ဆရာကြီးယန်ချင်းရွှယ် လွှတ်လိုက်တယ်လို့ ဖြီးဖြန်းရဲသေးတယ်.. ဟက်.. မင်းက ငါ့ကို သောက်ခွက်လာပြောင်နေတာလား"

လူလတ်ပိုင်းအရွယ်လူက ရုတ်တရက် မဲ့ပြုံး ပြုံးလိုက်၏။

"ကောင်လေး.. မင်း ဘာလို့ အဓိပ္ပါယ်မရှိတာတွေ ဒီလောက်ထိ ပြောနေရတာလဲ"

ကျန်းချန်၏ မျက်နှာက အေးစက်သွားပြီး စိတ်မရှည်သောအမူအရာဖြင့် ပြောလိုက်သည်။

"မင်းမှာ အခု ရွေးချယ်စရာ နှစ်ခု ရှိတယ်.. တစ်ခုက ငါ့ကို ဝင်ခွင့်ပေးလိုက် ဒါမှမဟုတ်လဲ တစ်ယောက်ယောက်ကို ထွက်လာခိုင်းလိုက်.. ဒီနေရာမှာ ငါ့အချိန်တွေကို မဖြုန်းနဲ့"

"ကောင်လေး.. အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံးက မင်း ပြဿနာရှာနိုင်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာသည်။

ထို့နောက် သူက ကျန်းချန်ကို အော်ငေါက်လိုက်၏

"ကောင်လေး အမြန်ထွက်သွားစမ်း မဟုတ်ရင် ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"

"မင်းက ငါ့ကို တကယ် မဝင်ခိုင်းဘူးလား"

"မင်းကို ငါ အကြံပေးမယ်.. လူတိုင်းကို အထင်မသေးပါနဲ့"

"မင်းအခု ငါ့ကို မဝင်ခိုင်းရင် မင်းကိုယ်တိုင် ငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့ကို အထဲဝင်ပါလို့ တောင်းပန်ခယစေရမယ် "

ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

သူ့မျက်လုံးထဲတွင် ဒေါသရိပ်လွှမ်းသော အမူအရာတစ်ခု လင်းလက်သွားသည်။

"ကောင်လေး.. မင်းခြိမ်းခြောက်တိုင်း ငါက ကြောက်မယ်လို့ ထင်နေလား.. ငါက မင်းကို ဒူးထောက်ပြီး အထဲဝင်ပါလို့တောင်းပန်ခယမယ် ဟုတ်လား.. မင်းရဲ့အပြောက တကယ်ဟုတ်မဟုတ် ငါကြည့်ချင်သေးတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်၏။

သူက ကျန်းချန်၏ စကားများကို လုံးဝ အလေးအနက်မထားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဆရာကြီး ယန်ချင်းရွှယ်လို ပုဂ္ဂိုလ်ကြီးနှင့် ဤကောင်လေးကို ဘယ်လိုမှ ဆက်စပ်၍မရသောကြောင့်ပင်။

ဤကောင်လေးက ယန်ချင်းရွှယ်နှင့် အမှန်တကယ် ဆက်စပ်မှုရှိလျှင် အဂ္ဂိရတ်ပညာရှင် အစည်းအရုံးသို့ ဝင်ရောက်သည့် မိတ်ဆက်စာကို အဘယ်ကြောင့် မရရှိပါသနည်း။

"ကျန်း.. ဆရာကျန်း"

ထိုအချိန်မှာပင် အဂ္ဂိရတ်ပညာရှင် အစည်းအရုံး၏ တံခါးဝကနေ အံ့အားသင့်စွာ ရေရွတ်လိုက်သည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ဒုတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ရင်ဘတ်တွင် ဆွဲထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် အထဲကို အလျင်အမြန် ဝင်လာခဲ့၏။

ဤဒုတိယအဆင့် အဂ္ဂိရတ်သခင်သည် ကျန်းချန် သို့မဟုတ် လူလတ်ပိုင်းအရွယ် အမျိုးသားအတွက် မစိမ်းပေ။

အကြောင်းရင်းမှာ ထိုလူသည် တခြားသူ မဟုတ်ဘဲ ပေတန်းခန်းမမှ ကျူးမင်ယွမ် ဖြစ်သောကြောင့်ပင်။

ဒုတိယအဆင့် အဂ္ဂိရတ်သခင်ဖြစ်သည့် ကျူးမင်ယွမ်၏ အမူအရာကို မြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခံစားချက် မကောင်းသည့် ရှေ့ပြေးနိမိတ်ကို ရရှိလိုက်သည်။

အဂ္ဂိရတ်ပညာရှင် အစည်းအရုံး တံခါးဝတွင် သူနှင့် ကျန်းချန်ကလွဲ၍ တခြားမည်သူမှ မရှိပေ။

ဆရာကျူးမင်ယွမ် ပြောသည့် ဆရာကျန်းသည် သူ့ရှေ့မှ ကောင်လေးကို ဆိုလိုပါသလော။

"ဆရာကျန်း...ဘယ်လိုဖြစ်ပြီး အဂ္ဂိရတ် ပညာရှင် အစည်းအရုံးကို ရောက်လာခဲ့တာလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားက အလွန်အမင်း စိုးရိမ်နေသည့် အချိန်တွင် ကျူးမင်ယွမ်သည် ကျန်းချန်ဆီသို့ ပျာပျာသလဲ ပြေးလာခဲ့ပြီး ရိုရိုသေသေသေ ပြောလိုက်သည်။

ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ငါက အဂ္ဂိရတ်သခင် တံဆိပ်ပြားအတွက် အကဲဖြတ်ခံယူဖို့ရောက်လာတာပါ.. ဒါပေမဲ့ သူက တံခါးဝမှာ ငါ့ကို တားဆီးနေခဲ့တယ်"

"ဘာ"

ထိုစကားကို ကြားလျှင် ကျူးမင်ယွမ်၏ မျက်လုံးများသည် လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ ရောက်ရှိသွားသည်။

ကျူးမင်ယွမ် ဒေါသထွက်နေသည်ကိုမြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့၏။

ကျူးမင်ယွမ် မပြောခင်မှာပင် သူက ကျန်းချန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။

"ဆရာကျန်း.. ကျွန်တော် မှားသွားပါတယ်...ကျွန်တော့်ရဲ့ ခွေးမျက်လုံးတွေက ကန်းနေလို့ ဆရာ့ကို မသိဘဲ စော်ကားမိခဲ့ပါတယ်.. ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

အခန်း(၁၁၀) ပြီး၏

All Chapters