← Chapters

အခန်း (၁၁၁)

Vol. 8 Ch. 111

အခန်း (၁၁၁)

Vol. 8 Ch. 111

လူလယ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ သိက္ခာတရားကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျန်းချန်ကို အလျင်အမြန် တောင်းပန်လိုက်သည်။

်လေးယအဆင့် အဂ္ဂိရတ်သခင် ကျူးမင်ယွမ်ပင် ဤကောင်လေးရှေ့တွင် ရိုကျိုးသော အမူအရာဖြင့် ရှိနေ၏။

ဤကောင်လေးသာ သူ့ကို အမှန်တကယ် သတ်ချင်လျှင် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသည်ထက်ပင် ပိုလွယ်သည် မဟုတ်ပါလော။

ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို ခနဲ့၍ ပြောလိုက်သည်။

"ငါအခု ဝင်လို့ရပြီလား"

"ရပါပြီ.. ရပါပြီ"

ကျန်းချန်က သူ့ကို အပြစ်ပေးရန် ရည်ရွယ်ချက် မရှိပုံရသည်ကို မြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။

သူက ကျန်းချန်ကို ပျာပျာသလဲ အမူအရာဖြင့် ပြောလိုက်သည်။

"ဆရာကျန်း ကြွပါ"

"ဆရာကျန်းက အဂ္ဂိရတ်ပညာရှင် အစည်းအရုံးကို ပထမဆုံးအကြိမ် လာတာဆိုတော့ ရင်းနှီးနေမှာ မဟုတ်ဘူး.. ကျနော် ဆရာကျန်းကို အဂ္ဂိရတ် အကဲဖြတ် ခန်းမဆီ ခေါ်သွားပေးရမလား"

ထိုအချိန်တွင် နံဘေးတွင်ရှိနေသည့် ကျူးမင်ယွမ်က ဝင်ပြောလိုက်၏။

"ကောင်းတာပေါ့"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ကျူးမင်ယွမ်နှင့်အတူ လျှောက်ဝင်လာခဲ့သည်။

"ဆရာကျူးက ဘာလို့ အဂ္ဂိရတ်ပညာရှင် အစည်းအရုံးမှာ ရှိနေတာလဲ"

ကျန်းချန်က အဂ္ဂိရတ် အကဲဖြတ်ခန်းမသို့ လျှောက်လာရင်း ကျူးမင်ယွမ်ကို စူးစမ်းစွာ မေးလိုက်သည်။

ကျူးမင်ယွမ်က ခါးသီးစွာ ပြုံးလိုက်၏။

"ငါ ဒီကိုလာခဲ့တာက တတိယအဆင့် အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ်မှု ခံယူဖို့အတွက်ပဲ.. ဒါပေမဲ့ ငါကျရှုံးသွားခဲ့တယ် ဆရာကျန်း"

သူတို့ နှစ်ယောက် စကားတပြောပြောဖြင့် လျှောက်လာရင်း မကြာခင်မှာပင် အဂ္ဂိရတ် အကဲဖြတ်ခန်းမသို့ ရောက်လာခဲ့သည်။

အကဲဖြတ် ခန်းမထဲကို ဝင်လိုက်သည်နှင့် သင်းပျံ့သော ဆေးရနံ့သည် မျက်နှာဆီသို့ တိုးဝှေ့လာပြီး လူကို အနည်းငယ် သက်သောင့်သက်သာ ဖြစ်စေခဲ့၏။

ကျန်းချန်က အကဲဖြတ် ခန်းမတစ်ခုလုံးကို အကဲခတ် ကြည့်လိုက်ရာ ခန်းမရဲ့ အလယ်ဗဟိုတွင် အမျိုးအမည်မသိသော ပစ္စည်းဖြင့် လုပ်ထားသည့် ကျောက်စင်မြင့် ဆယ်ခုကျော် ရှိသည်ကို တွေ့လိုက်ရ၏။

ကျောက်စင်မြင့် တစ်ခုစီတွင် ဆေးမီးဖိုနှင့် ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုးလည်း ရှိနေသည်။

လက်ရှိအချိန်တွင် ကျောက်စင်မြင့် ပေါ်၌ ဆယ်ကျော်သက် ရှစ်ယောက်သည် စိတ်လှုပ်ရှားသော အမူအရာဖြင့် ရှိနေကြ၏။

ကျန်းချန်ကို အံ့အားသင့်စေခဲ့သည်မှာ လမ်းပေါ်တွင် သူ့နှင့် ပြဿနာတက်ခဲ့သည့် ခရမ်းရောင်ဝတ် မိန်းကလေးသည်လည်း ထိုအထဲတွင် ပါဝင်နေခြင်းပင်။

ထို့အပြင် ခန်းမထဲ၌ ဆံဖြူ အဘိုးအိုတစ်ယောက်လည်း ရှိနေခဲ့သည်။

ထိုဆံဖြူ အဘိုးအို၏ ရင်ဘတ်တွင် ကြယ်လေးပွင့်သင်္ကေတပါဝင်သည့် ငွေရောင် အဂ္ဂိရတ်သခင် တံဆိပ်ပြား တစ်ခုကို ချိတ်ဆွဲထား၏။

"ဆရာကျန်း.. ဒီအဘိုးကြီးက လင်ယွင်မြို့ရဲ့ အဂ္ဂိရတ်ပညာရှင် အစည်းအရုံး ဥက္ကဋ္ဌ တန်ရိချန်ပဲ.. သူက လင်ယွင်မြို့ရဲ့ တစ်ဦးတည်းသော စတုတ္ထအဆင့် အဂ္ဂိရတ်သခင်လည်း ဖြစ်တယ်"

ယင်းအချိန်မှာပင် ကျူးမင်ယွမ်သည် ကျန်းချန် ကြားလောက်ရုံ ခပ်တိုးတိုးလေး ပြောလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ကျောက်စင်မြင့် ပေါ်ရှိ ဆယ်ကျော်သက်များကို ကြည့်လိုက်သည်။

"ဒီလူတွေအားလုံးက အကဲဖြတ်မှု ခံယူဖို့ ဒီကို လာခဲ့ကြတာလား"

"ဟုတ်လည်းဟုတ်တယ်...မဟုတ်လည်း မဟုတ်ဘူး"

"ပုံမှန်အခြေအနေ ဆိုရင်တော့ တတိယအဆင့် အဂ္ဂိရတ်သခင် အကဲဖြတ်မှု မဟုတ်ရင် ဆရာတန်ရိချန်က ကိုယ်တိုင် ကြီးကြပ်ဖို့ လာလေ့ မရှိဘူး"

"ဒါပေမဲ့ မကြာသေးခင်ကစပြီး ဆရာတန်က တပည့် လက်ခံဖို့ ရည်ရွယ်ထားတယ်လို့ သတင်းထွက်ခဲ့တယ်.. ဒီလူတွေက ဒီအတွက် လာကြတာ ဖြစ်နိုင်တယ်"

ကျူးမင်ယွမ်က ခပ်တိုးတိုး ရှင်းပြလိုက်၏။

"ဆရာကျူး.. မင်းက မင်းရဲ့ တပည့်လေးကို ငါ့ဆီမှာ အကဲဖြတ်မှု ခံယူဖို့ ခေါ်လာတာလား"

နှစ်ယောက်သား ခပ်တိုးတိုး ပြောနေစဥ်မှာပင် တန်ရိချန်၏ ရယ်မော၍ ပြောလိုက်သော စကားသံသည် သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

အဘိုးအို တန်ရိချန်၏ စကားသံက ကျောက်စင်မြင့် ပေါ်မှ ဆယ်ကျော်သက် ရှစ်ယောက်၏ မျက်လုံးများကို ကျန်းချန်ဆီ ရောက်ရှိသွားစေခဲ့၏။

"ဘယ်လိုလုပ်ပြီး သူက ဒီရောက်လာတာလဲ"

ရုတ်တရက် သူ့အမြင်အာရုံထဲတွင် ပေါ်လာသည့် ကျန်းချန်ကို မြင်လိုက်ရလျှင် ခရမ်းရောင်ဝတ် မိန်းကလေး၏ မျက်နှာပေါ်၌ အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်လာခဲ့သည်။

"ဆရာတန်က ကျွန်တော့်ကို အထင်ကြီးနေပါပြီ.. ကျွန်တော်က ဆရာကျန်းရဲ့ ဆရာလုပ်ဖို့ အရည်အချင်း မရှိပါဘူး"

ကျူးမင်ယွမ်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

"အိုး.. ဟုတ်လား"

တန်ရိချန်၏ အိုမင်းသော မျက်လုံးထဲတွင် အံ့သြသည့် အမူအရာများ ရုတ်တရက် ပေါ်ထွက်လာ၏။

"ဒီက ညီငယ်လေးက အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ်ခံယူဖို့ ဒီကို ရောက်လာတာလား"

"ဟုတ်ပါတယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်တော်က တတိယအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်မှု ခံယူဖို့အတွက် ဒီကို လာခဲ့တာပါ"

အခန်း(၁၁၁) ပြီး၏

All Chapters