အခန်း (၁၁၂)
Vol. 8 Ch. 112
ကျန်းချန်၏ စကားကို ကြားလျှင် ခန်းမတစ်ခုလုံးသည်အပ်ကျသံ ကြားရလောက်သည်အထိ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
အထူးသဖြင့် ကျန်းချန်နှင့် ရွယ်တူလောက်ရှိသည့် ကျောက်စင်မြင့် ပေါ်မှ ဆယ်ကျော်သက် ရှစ်ယောက်သည် ကျန်းချန်ကို မထီမဲ့မြင် ကြည့်နေခဲ့ကြ၏။
ခဏအကြာတွင် သူတို့သည် ကျန်းချန်ကို လှောင်ပြောင်လိုက်ကြသည်။
"တတိယအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်မှု ခံယူဖို့အတွက် ရောက်လာတယ်တဲ့လား.. ဒီကောင်က ဦးနှောက်ပျက်နေမှာကို ငါစိုးရိမ်မိတယ်"
"ဒီလောက် လေလုံးထွားနေတာ လျှာခေါက်မှာ မကြောက်ဘူးလား မသိဘူး.. တတိယအဆင့် မပြောနဲ့.. ပထမအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်မှုကိုတောင် အောင်မြင်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပဲ"
ဟုတ်ပါသည်၊ ကျန်းချန်၏ အထက်စီးဆန်သော စကားလုံးများသည် တန်ရိချန်ကိုပင် ခဏမျှ အံ့အားသင့်စေခဲ့သည်။
သူက ကျန်းချန်ဘေးတွင် ရိုကျိုးစွာ ရှိနေသည့် ကျူးမင်ယွမ်ကို ကြည့်လိုက်ပြီး အံ့သြမှုကို မထိန်းချုပ်နိုင်တော့ပေ။
[ဖြစ်နိုင်မလား.. ကျူးမင်ယွင် ရှေ့က ကောင်လေးမှာ တတိယအဆင့် အဂ္ဂိရတ်သခင် စွမ်းရည်မျိုး တကယ်ပဲ ရှိနေတာလား]
[တကယ်သာဖြစ်ခဲ့ရင် အရမ်း အံ့သြဖို့ကောင်းမှာပဲ]
"ကောင်လေး.. မင်းက တတိယအဆင့် အဂ္ဂိရတ်သခင် အဖြစ် တကယ်ပဲ အကဲဖြတ် ခံချင်တာလား"
တန်ရိချန်က မှင်တက်နေရာက သတိပြန်ဝင်လာပြီးနောက် ကျန်းချန်ကို ကြည့်နေသည့် သူ၏ အိုမင်းသော မျက်လုံးများတွင် ထူးဆန်းသော အမူအရာများ ပေါ်လာခဲ့သည်။
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
"ဒီနေရာမှာ စတုတ္ထအဆင့် အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ်မှု ခံယူလို့ရရင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ်မှုကိုပါ တစ်ခါထဲ ခံယူဖို့ ကျွန်တော့်အတွက် အဆင်သင့်ပဲ"
"............"
ကျန်းချန်၏ စကားက ခန်းမတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
"လခွမ်း.. ဒီကောင်က အတော် မာန်တက်နေတာပဲ"
"ဟားဟား... စတုတ္ထအဆင့် အဂ္ဂိရတ်သခင်အဖြစ်တောင် အကဲဖြတ်မှု ခံယူချင်တယ် ဆိုပါလား.. ဒီကောင် လေလုံးထွားချက်က အံ့မခန်းပဲ"
"သူသာ စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာနိုင်ရင် ငါက ဆရာယန်ချင်းရွှယ်ထက်တောင် ပိုထူးချွန်သွားမှာ စိုးရိမ်မိတယ်"
စတုတ္ထအဆင့် အဂ္ဂိရတ်သခင်။
[ဆရာကျန်းက တကယ်ပဲ စတုတ္ထအဆင့် အဂ္ဂိရတ် သခင်အဖြစ် အကဲဖြတ်မှုကို ခံယူချင်နေတာလား]
ဤတစ်ခေါက်တွင် ကျူးမင်ယွမ်ပင် ကျန်းချန်၏ စကားကြောင့် အံ့အားသင့်သွားခဲ့၏။
တတိယအဆင့်က ကျန်းချန်၏ အကန့်အသတ်ဟု မူလက သူ ထင်ခဲ့သည်။
သို့သော်လည်း စတုတ္ထအဆင့်ကိုပါ အကဲဖြတ်မှု ခံယူရန်အသင့် ဖြစ်နေပြီဟု မည်သူသိနိုင်ပါမည်နည်း။
ဤအချိန်အတောအတွင်း ကျန်းချန်ကို သူနားလည်ထားသည့် နားလည်မှုအရ ဤကောင်လေးသည် စတုတ္ထအဆင့် ဆေးလုံးများကို အမှန်တကယ် သန့်စင်နိုင်သည်ဟု သူယုံကြည်ခဲ့သည်။
ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်။
ယင်းက လုံးဝ ပုံမှန်ဖြစ်ရပ် မဟုတ်ပေ။
"ညီငယ်လေး.. ဒီမှာက တတိယအဆင့် အဂ္ဂိရတ်သခင် အဆင့်ထိပဲ အကဲဖြတ်ပေးနိုင်တယ်"
တန်ရိချန်၏ မျက်လုံးများက လင်းလက်သွားပြီး ကျန်းချန်ကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"မင်းက အခု ဘယ်အဆင့် တံဆိပ်ပြားကို ရပြီးပြီလည်း ဆိုတာ ငါသိပါရစေ"
ကျန်းချန်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"ကျွန်တော် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို မရသေးပါဘူး"
"ဟားဟား... ဒီကောင်က ပထမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားတောင် မရသေးဘဲ စတုတ္ထအဆင့် အဂ္ဂိရတ် သခင်အဖြစ် အကဲဖြတ်မှုကို ခံယူချင်နေသေးတယ်.. ဟက်.. တကယ့်ဟာသပဲ"
ကျန်းချန်၏ စကားကြောင့် ခန်းမထဲရှိ ဆယ်ကျော်သက် အုပ်စုသည် မရယ်မောဘဲ မနေနိုင်တော့ပေ။
"ကောင်လေး.. ငါတို့ အဂ္ဂိရတ်ပညာရှင် အစည်းအရုံးရဲ့ စည်းမျဥ်းအရ တစ်ဆင့်ချင်းစီပဲ အကဲဖြတ်လို့ရတယ်.. ပထမအဆင့်ကို အောင်မြင်မှ ဒုတိယအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်နိုင်မယ်"
တန်ရိချန်က ပြုံးရွှင်သော မျက်နှာထားဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
"ကောင်လေး.. သူတို့နဲ့ အတူ တစ်ခါထဲ အကဲဖြတ်မှုကို ခံယူလိုက်ပါလား"
ဤကောင်လေးဟာ စကားကြီးစကားကျယ် ပြောတတ်သည့်လူလား သို့မဟုတ် စစ်မှန်သည့် တုနှိုင်းမဲ့ ပါရမီရှင်လား ဆိုသည်ကို သူသိချင်မိသည်။
"ဟုတ်ကဲ့.. တစ်ဆင့်ပြီး တစ်ဆင့် အကဲဖြတ်မှုကို ခံယူပါ့မယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပင် သူ၏ ပုံရိပ်သည် ကျောက်စင်မြင့် တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။
သူရွေးချယ်လိုက်သည့် ကျောက်စင်မြင့်သည့် သူနှင့် ထိပ်တိုက်တွေ့ခဲ့သည့် ခရမ်းရောင်ဝတ် မိန်းကလေး၏ ဘေးတွင် ဖြစ်၏။
"ဟွန့်...ဒီနေရာမှာ နင့်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး"
"နင့်လို လူကများ စတုတ္ထအဆင့် အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ်မှုကို ခံယူဖို့ ပြောရဲသေးတယ်လား"
"နင် ဒီကနေ ထွက်သွားတာ ပိုကောင်းမယ်လို့ ငါထင်တယ်.. ခဏနေလို့ ပထမအဆင့် ဆေးလုံးတောင် မသန့်စင်နိုင်ရင် နင်ဘယ်လို အဆုံးသတ်မလဲဆိုတာ ငါကြည့်ပါဦးမယ်"
ခရမ်းရောင်ဝတ် မိန်းကလေးက ကျန်းချန်ကို အထင်သေးစွာ ကြည့်၍ ပြောလိုက်သည်။
"ငါ ဘယ်လိုပဲ အဆုံးသတ်သတ် မင်းနဲ့ ဘာဆိုင်လို့လဲ"
ကျန်းချန်၏ အထက်စီးဆန်သောအသံသည် ခန်းမထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"ဒါ့အပြင်... ငါက သုံးမိနစ်အတွင်း ဆေးလုံး တစ်လုံးကို သန့်စင်နိုင်တယ်"
အခန်း(၁၁၂) ပြီး၏