← Chapters

အခန်း (၁၁၃)

Vol. 8 Ch. 113

အခန်း (၁၁၃)

Vol. 8 Ch. 113

"သုံးမိနစ်အတွင်း ဆေးလုံးတစ်လုံး သန့်စင်နိုင်တယ်တဲ့လား"

ကျန်းချန်ရဲ့ ဝင့်ကြွားသော လေသံသည် ကျောက်စင်မြင့် ပေါ်မှ ဆယ်ကျော်သက်များကို လုံးဝ ဆွံ့အသွားစေခဲ့သည်။

သူတို့က ကျန်းချန်ကို ကြည့်ကာ ခေါင်းခါရမ်းလိုက်ကြသည်။

သုံးမိနစ်ဆိုသည်မှာ ဆေးမီးဖိုကို ပူနွေးအောင် လုပ်ရန်ပင် အချိန်မလုံလောက်ပေ။

သို့သော် သည်ကောင်က သုံးမိနစ်အတွင်း ဆေးလုံးပင် သန့်စင်နိုင်သည်ဟု ပြောနေခဲ့သည်။

"တကယ်ကို လေလုံးထွားတဲ့ကောင်ပဲ"

"ကောင်းပြီလေ.. အချိန်က နီးကပ်လာပြီဆိုတော့ စလိုက်ကြရအောင်"

"ပထမအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်မှုက အရမ်းကို ရိုးရှင်းတယ်.. မင်းတို့အားလုံး ကိုယ်အားသန်တဲ့ ပထမအဆင့် ဆေးလုံးတစ်လုံးကို သန့်စင်နိုင်ရင် အကဲဖြတ်မှု အောင်မြင်ပြီ"

ထိုအချိန်တွင် တန်ရိချန်၏ အသံသည် လူတိုင်း၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

တန်ရိချန် စကားဆုံးသည်နှင့် ကျောက်စင်မြင့် ပေါ်ရှိ ဆယ်ကျော်သက် ရှစ်ယောက်သည် ဆေးလုံးကို သန့်စင်ရန် စတင်လိုက်ကြသည်။

ကျန်းချန်က အကဲခတ် ကြည့်လိုက်ရာ ဤဆယ်ကျော်သက် အများစုသည် ကုသရေးဆေးလုံး နှင့် စွမ်းအင်စုဆောင်းခြင်း ဆေးလုံးကို သန့်စင်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရ၏။

ကျန်းချန်ဘေးရှိ ခရမ်းရောင်ဝတ် မိန်းကလေးနှင့် အနက်ရောင်ဝတ် ကောင်လေးကမူ ခန္ဓာကိုယ်ကို အားကောင်းစေသည့် ပထမအဆင့်၊ အဆင့်မြင့် ဆေးလုံးကို သန့်စင်ရန် ပြင်ဆင်နေခဲ့ကြသည်။

နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ခန့် အကြာတွင် ကျန်းချန်မှ လွဲ၍ ကျောက်စင်မြင့် ပေါ်ရှိ လူတိုင်းသည် ပစ္စည်းများကို အဆင်သင့် ပြင်ဆင်ပြီး၍ ဆေးမီးဖိုကို စတင် အပူပေးလိုက်ကြသည်။

တခဏအတွင်း ဆေးမီးဖို ရှစ်လုံးသည် ပြင်းထန်သော မီးလျှံများဖြင့် လောင်ကျွမ်းနေခဲ့သည်။

ခန်းမထဲရှိ လေထုပင် ရုတ်တရက် အနည်းငယ် ပူလာခဲ့၏။

ဤလူငယ်များ၏ လှုပ်ရှားမှုများသည် စနစ်တကျ ရှိပြီး အမှားအယွင်း မရှိသလောက်ပင်။

အထူးသဖြင့် ခရမ်းရောင်ဝတ် မိန်းကလေးနှင့် အနက်ရောင်ဝတ် ကောင်လေး၏ လှုပ်ရှားမှုများသည် ချောမွေ့နေခဲ့သည်။

သိပ်မကြာခင်မှာပင် သူတို့သည် ဆေးဖက်ဝင် ပစ္စည်းများကို ဆေးမီးဖိုထဲသို့ ထည့်ရန် စတင်လိုက်ကြသည်။

"နင်က ဘာလို့ အခုထိမစသေးတာလဲ"

"ဘယ်လိုစရမလဲတောင် မသိတာတော့ မဟုတ်ပါဘူးနော်"

ခရမ်းရောင်ဝတ် မိန်းကလေးက ဆေးဖက်ဝင်ပစ္စည်းတွေကို ဆေးမီးဖိုထဲကို ထည့်လိုက်ပြီးနောက် သူ့ဘေးမှ ကျန်းချန်ကို ကြည့်ကာ ခနဲ့လိုက်သည်။

သူမက မလှုပ်မယှက် ငြိမ်သက်နေသည့် ကျန်းချန်ကို ကြည့်ကာ အထင်သေးစွာကြည့်၍ ပြုံးလိုက်သည်။

"မင်းက မင်းရဲ့ ဆေးလုံးသန့်စင်တဲ့ အပေါ်မှာပဲ အာရုံစိုက်ထားသင့်တယ်... ငါအခုနေ စတင်လိုက်ရင် မင်းရဲ့ စိတ်ကို ထိခိုက်စေပြီး မင်းရဲ့ ဆေးမီးဖို မတော်တဆ ပေါက်ကွဲမှာကို စိုးရိမ်မိလို့ပဲ"

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဟွန့်.. ရယ်စရာကောင်းလိုက်တာ...ငါ့ရဲ့ ဆေးလုံးသန့်စင်တဲ့ လုပ်ငန်းစဥ်က ပြီးစီးလုနီးပါး ဖြစ်နေပြီ...ငါက မကြာခင်မှာ ဆေးလုံးကို သိပ်သည်းနိုင်တော့မယ်.. ငါက ဘာလို့ မီးဖိုပေါက်ကွဲရမှာလဲ"

ခရမ်းရောင်ဝတ် မိန်းကလေးက မထီမဲ့မြင် ပြုံးလိုက်ပြီး ကျန်းချန်ကို လှောင်ရိပ်သန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါ့ရဲ့ ဆေးမီးဖိုကို ပေါက်ကွဲစေတဲ့အထိ နင့်ကိုယ်နင် အရမ်းတော်တယ် ထင်နေတယ်ပေါ့.. ဒါဆိုလည်း ငါအမြင်ကျယ်သွားအောင် ပြစမ်းပါ"

"မင်းက ဆေးလုံးသန့်စင်တာ မအောင်မြင်ချင်ဘူး ဆိုမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

"ငါ့အတွက် ဆေးလုံးသန့်စင်တာက ရေသောက်သလောက်ကို လွယ်ကူတယ်"

ကျန်းချန်က စကားဆုံးသည်နှင့် သူ့ရှေ့ရှိ ဆေးမီးဖိုကို အပူပေးလိုက်သည်။

သူက မီးဖိုကို ပူနွေးအောင်လုပ်ရန် အတွက် စက္ကန့်သုံးဆယ်ပင် မကြာလိုက်ပေ။

ထို့နောက် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး သန့်စင်ရန်အတွက် လိုအပ်သည့် ဆေးဖက်ဝင် ပစ္စည်းအားလုံးကို ဆေးအိုးထဲ ပစ်ထည့်လိုက်သည်။

နှစ်မိနစ်မပြည့်ခင်မှာပင် ကျန်းချန်သည် ဆေးလုံးကို မြန်ဆန်စွာ သိပ်သည်းလိုက်ပြီး ဆေးအိုး၏ အဖုံးကို ဖွင့်ကာ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ လူအများ ရှေ့တွင် ပြသလိုက်သည်။

သုံးမိနစ်။

ဤကောင်လေးက ပထမအဆင့်၊ အဆင့်မြင့် ဆေးလုံး ဖြစ်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံးကို သန့်စင်ရန်အတွက် သုံးမိနစ်ပင် မကြာလိုက်ပေ။

ဤမြင်ကွင်းသည် ကျောက်စင်မြင့် ပေါ်ရှိ ဆယ်ကျော်သက် ရှစ်ယောက်ကို ချက်ချင်းဆိုသလို ကျောက်ရုပ်သဖွယ် ဖြစ်သွားစေခဲ့သည်။

သူတို့က ဆေးသန့်စင်နေသည်ကိုပင် မေ့လျော့သွားကြ၏။

သူတို့ အသိပြန်ဝင်လာသောအချိန်တွင် ပေါက်ကွဲသံများသည် တစ်သံပြီးတစ်သံ ဆင့်ကဲ ထွက်ပေါ်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ခရမ်းရောင်ဝတ် မိန်းကလေးအပါအဝင် ဆယ်ကျော်သက် အများစု၏ ဆေးမီးဖိုများသည် လုံးဝ ပေါက်ကွဲသွားကြ၏။

"နင်.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ခရမ်းရောင်ဝတ် မိန်းကလေးက ကျန်းချန်၏ လက်ထဲမှ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံးကို ကြည့်လိုက်၊ သူမ ရှေ့တွင် ပေါက်ကွဲသွားသည့် ဆေးမီးဖိုကို ကြည့်လိုက်ဖြင့် မယုံနိုင်စွာ ရေရွတ်လိုက်သည်။

အခန်း(၁၁၃) ပြီး၏

All Chapters