အခန်း (၁၁၄)
Vol. 8 Ch. 114
"ငါ အဂ္ဂိရတ် လုပ်ရင် မင်းတို့ရဲ့ စိတ်ကို ထိခိုက်စေမယ်လို့ ပြောခဲ့သားပဲလေ.. မင်းတို့ ငါ့ကို မယုံတာတော့ ငါလည်းမတတ်နိုင်ဘူး"
ကျန်းချန်က မဲ့ပြုံး ပြုံး၍ ခရမ်းရောင်ဝတ် မိန်းကလေးကို ကြည့်လိုက်သည်။
"မင်း အခု ကျေနပ်ပြီ မဟုတ်လား"
ခရမ်းရောင်ဝတ် မိန်းကလေး၏ မျက်နှာလှလှလေးသည် ချက်ချင်းပင် နီရဲသွားခဲ့သည်။
သူမက တွင်းတစ်ခုကို ရှာပြီး ပုန်းချင်စိတ်ပင် ပေါက်လာ၏။
ကျန်းချန်က သုံးမိနစ်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံးကို အမှန်တကယ် သန့်စင်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမက ကျန်းချန်၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် စွမ်းဆောင်ရည်ကြောင့် မှင်တက်သွားသော အချိန်မှာပင် သူမ၏ ဆေးမီးဖိုက ပေါက်ကွဲသွားခဲ့သည်။
ဆိုရလျှင် ဆေးလုံးဖော်စပ်ရာ၌ စိတ်ပျံ့လွင့်ခြင်းသည် ဆေးမီးဖို၏ ပေါက်ကွဲနိုင်ခြေ ရာခိုင်နှုန်းကို မြင့်တက်စေ၏။
သူမဘေးရှိ အနက်ရောင်ဝတ် ကောင်လေးကမူ ဆေးမီးဖိုပေါက်ကွဲမှုမဖြစ်ခဲ့ပေ။
ခရမ်းရောင်ဝတ် မိန်းကလေး၏မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
ဤတစ်ခေါက် လင်ယွင်မြို့ကို လာခဲ့သည့် အကြောင်းရင်းမှာ သူမနှင့် သူမ၏ မိသားစုအတွက် တန်ရိချန်၏ တပည့် ဖြစ်ရန် အလွန် အရေးကြီးသောကြောင့် ဖြစ်သည်။
သူမ၏ လက်ရှိ စွမ်းဆောင်ရည်အရ သူမသည် တန်ရိချန်၏ တပည့် မည်သို့ ဖြစ်လာနိုင်ပါမည်နည်း။
နောက်ထပ် မိနစ်အနည်းငယ် အကြာတွင် အနက်ရောင်ဝတ် ကောင်လေးသည် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။
အနက်ရောင်ဝတ် ကောင်လေးက ကျန်းချန်က လွဲလျှင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည့် တစ်ဦးတည်းသော သူလည်း ဖြစ်၏။
"ဒီကောင်လေးက အရည်အချင်း မဆိုးဘူးပဲ.. ဒါပေမဲ့ သူက နတ်ဆိုးဆန်တဲ့ အထိတော့ ပါရမီ မရှိဘူး"
အနက်ရောင်ဝတ် ကောင်လေး၏ စွမ်းဆောင်ရည်ကို မြင်လျှင် တန်ရိချန်သည် တိတ်တဆိတ် ကောက်ချက်ချလိုက်သည်။
ကျန်းချန်အတွက်မူ တန်ရိချန်သည် သုံးသပ်စရာ မလိုလောက်သည်အထိ လုံးဝ လျစ်လျူရှုထားလိုက်တော့သည်
တန်ရိချန်သည် ကျန်းချန်ရဲ့ လက်ဆကို ယခုလေးတင် သိရှိခဲ့သည် မဟုတ်ပါလော။
ဤကောင်လေး၏ ယခင်က အထက်စီးဆန်သော စကားလုံးများသည် လုံးဝကြွားဝါခြင်း မဟုတ်ခဲ့ပေ။
ဆိုရလျှင် ကောင်လေး၏ အဂ္ဂိရတ်ပညာရပ်သည် သူ့ထက် မနိမ့်ကျချေ။
တပည့်အဖြစ် လက်ခံရအောင်ကလည်း ဤကဲ့သို့ မကောင်းဆိုးဝါး ဆန်သော ပါရမီရှင်မျိုးသည် သူ သင်ပေးနိုင်သည့် သူမျိုး မဟုတ်ပေ။
"ဥက္ကဋ္ဌတန်.. ကျွန်တော် ဒုတိယအဆင့် အတွက် အကဲဖြတ်မှုကို ခံယူဖို့ ဆက်လုပ်လို့ရပြီလား"
တန်ရိချန်က အတွေးထဲ နစ်မြောနေသောအချိန်တွင် ကျန်းချန်၏ တိုးညင်းသော အသံသည် တန်ရိချန်ကို နိုးထစေခဲ့သည်။
"သိပ်ရတာပေါ့"
"ဒုတိယအဆင့် အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ်တဲ့ အချိန်ကစပြီး ဆေးလုံးသန့်စင်ရာမှာ အနှောင့်အယှက် မဖြစ်အောင် ငါတို့မှာ အထူး အခန်းတစ်ခန်း ရှိတယ်"
"ညီငယ်လေးက ဒီမှာပဲ ဆက်လုပ်မှာလား ဒါမှမဟုတ် အထူး အခန်းကို သွားမှာလား ဆိုတာ သိပါရစေ"
တန်ရိချန်က ပြုံး၍ ကျန်းချန်ကို ကြည့်လိုက်သည်။
ကျန်းချန်က သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
"ဒီလောက်ထိ ဒုက္ခမရှာပါနဲ့.. ဒီမှာပဲ စလိုက်ကြတာပေါ့"
"ဒုတိယအဆင့် အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ်ဖို့အတွက် ဒုတိယအဆင့် အားဖြည့်ဆေးလုံးကို ငါကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ထားတယ်.. ဒါကြောင့် ညီငယ်လေးက အားဖြည့်ဆေးလုံးကို သန့်စင်ရမယ်"
တန်ရိချန်က အပိုစကားတွေ မပြောတော့ဘဲ သိုလှောင်လက်စွပ်ကနေ ဒုတိယအဆင့် အားဖြည့်ဆေးလုံးကို အလျင်အမြန် ထုတ်ယူကာ ကျန်းချန်ရှေ့တွင် ချထားလိုက်သည်။
ဒုတိယအဆင့်၊ အခြေခံ ဆေးလုံး ဖြစ်သည့် အားဖြည့်ဆေးလုံး။
၎င်းက ဒုတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးထက် နှစ်ဆင့် နိမ့်သော ဆေးလုံး ဖြစ်သည်။
ထိုကဲ့သို့ ဆေးလုံးမျိုးကို ကျန်းချန်သည် အားစိုက်ထုတ်စရာပင် မလိုဘဲ သန့်စင်နိုင်၏။
ဆယ်မိနစ်ကျော် အတွင်းမှာပင် ကျန်းချန်သည် အားဖြည့်ဆေးလုံးကို အပြည့်အဝ သန့်စင်နိုင်ခဲ့သည်။
"ဒုတိယအဆင့် အဂ္ဂိရတ်သခင် အကဲဖြတ်မှုကို သူတကယ်ပဲ အောင်မြင်သွားတာလား"
သူတို့ရှေ့မှ အံ့သြဖွယ်ရာ မြင်ကွင်းကို မြင်လျှင် ကျောက်စင်မြင့် ပေါ်ရှိ လူငယ်များသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဤကောင်လေးက လေလုံးထွားရုံ သက်သက် မဟုတ်ဘဲ တကယ်ကို လက်ဖျားခါလောက်စရာ ပါရမီရှင်မှန်း သူတို့ နားလည်လာကြသည်။
"အဂ္ဂိရတ် ပညာရပ်မှာ ညီငယ်လေးလောက် ပါရမီရှိတဲ့သူမျိုးဒီအဘိုးကြီး တစ်သက်မှာ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ"
တန်ရိချန်က မချီးကျူးဘဲ မနေနိုင်တော့ပေ။
ထို့နောက် သူက ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
"ညီငယ်လေးကို မေးပါရစေ.. တတိယအဆင့် အဂ္ဂိရတ်သခင် အကဲဖြတ်မှုကိုရော ဒီမှာပဲ ဆက်လုပ်ချင်သေးလား"
"သေချာတာပေါ့"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ့ဘေးမှ ကျူးမင်ယွမ်ကို ကြည့်လိုက်သည်။
"ဆရာကျူး.. မင်းလည်း ငါနဲ့ တစ်ခါထဲ အကဲဖြတ်မှုကို ခံယူလိုက်ပါလား"
ကျူးမင်ယွမ်က ခဏမျှ အံ့အားသင့်သွားပြီးမှ ခါးသီးစွာ ပြုံးလိုက်သည်။
"ငါ မလုပ်နိုင်မှာ စိုးရိမ်မိတယ်.. စောနကပဲ အကဲဖြတ်မှုမှာ ငါ ကျရှုံးသွားပြီးပြီ ဆရာကျန်း"
ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ထို့နောက် သူ၏ မာနကြီးသော အသံသည် လူတိုင်း၏ နားထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"စိတ်မပူပါနဲ့.. မင်းက အကဲဖြတ်မှုမှာ ပါဝင်ဖို့ပဲ လိုအပ်တယ်"
"ငါ့နဲ့ အတူ အကဲဖြတ်မှု ခံယူရင် မင်းအနေနဲ့ ဒီနေ့မှာပဲ တတိယအဆင့် အဂ္ဂိရတ်သခင် အဖြစ် သတ်မှတ်ခံရမယ်လို့ ငါ အာမခံတယ်"
အခန်း(၁၁၄) ပြီး၏