အခန်း (၁၁၅)
Vol. 8 Ch. 115
ကျန်းချန်၏ အထက်စီးဆန်သော စကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
လူတိုင်းက ကျန်းချန်ကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
"မင်းက အဂ္ဂိရတ်ပညာရပ်မှာ အရမ်းတော်ပြီး ပထမအဆင့်၊ ဒုတိယအဆင့် နဲ့ တတိယအဆင့် ဆေးလုံးတွေကို စိတ်ကြိုက် သန့်စင်နိုင်တယ်လို့ ပြောရင်တောင် ငါတို့ လက်ခံပါတယ်"
"ဆယ်ကျော်သက်သာ ရှိသေးတဲ့ တတိယအဆင့် အဂ္ဂိရတ်သခင်ဆိုတဲ့ ဂုဏ်ပုဒ်က ပုံမှန်မဟုတ်ပေမယ့်လည်း လက်ခံနိုင်ပါသေးတယ်"
"ဒါပေမယ့် ဆရာတန်ဘေးက ဒုတိယအဆင့် အဂ္ဂိရတ်သခင်ကို တတိယအဆင့်ထိ မြှင့်တင်ပေးမယ် ဆိုတာကတော့ နည်းနည်း မများလွန်းဘူးလား
"ဒီကောင် ငါတို့ကို အခွက်လာပြောင်နေတာတော့ မဟုတ်လောက်ပါဘူးနော်"
"တတိယအဆင့် အဂ္ဂိရတ်သခင် အဖြစ် သတ်မှတ်ခံရဖို့ ကူညီချင်တိုင်း ကူညီလို့ ရလို့လား"
"တကယ်လို့သာ ဒီလောက် လွယ်ကူနေခဲ့ရင် ဒီကမ္ဘာပေါ်မှာ ဒုတိယအဆင့် အဂ္ဂိရတ်သခင်တွေက ခွေးတွေလောက် များပြီး တတိယအဆင့် အဂ္ဂိရတ်သခင်တွေကို လမ်းဘေးမှာတောင် တွေ့နေရမှာ သေချာတယ်"
"အခုလိုမျိုး ရှားပါးနေစရာ ဘာအကြောင်းမှမရှိဘူး"
ကျန်းချန်၏ စကားကို ကျူးမင်ယွမ်က ငြင်းဆန်လိမ့်မည်ဟု လူတိုင်း ထင်နေချိန်တွင် ကျူးမင်ယွမ်သည် ဝမ်းသာအားရဖြင့် ကျန်းချန်ဘေးရှိ ကျောက်စင်မြင့် တစ်ခုဆီသို့ အလျင်အမြန် ပြေးသွားသည်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် ကျောက်စင်မြင့် ပေါ်ရှိ လူငယ်များသည် ပါးစပ်ရွဲ့မလို့ပင် ဖြစ်သွားကြသည်။
"ဒီဒုတိယအဆင့် အဂ္ဂိရတ်သခင်က ဒီကောင့် ပါးစပ်က ပေါက်ပန်းလေးဆယ် ထွက်လာတဲ့ တတိယအဆင့်ကို မြှင့်တင်ပေးမယ် ဆိုတဲ့စကားကို တကယ်ကြီး ယုံကြည်နေတာလား"
"ဒါ.. ဒါက တကယ်ပဲ အဓိပ္ပါယ်မရှိဘူး"
"ဆရာတန်...ကျွန်တော့်အတွက်ပါ တတိယအဆင့်အတွက် အကဲဖြတ်ပေးလို့ရမလား"
ကျူးမင်ယွမ်က သူ့ပတ်ဝန်းကျင်ရှိ လူငယ်များ၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုပြီး တန်ရိချန်ကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ယခင်ကသာဆိုလျှင် သူ့ရှေ့တွင် ဤကဲ့သို့ ပြောပါက ကျူးမင်ယွမ်သည် အရူးကောင်ဟု ဆဲချင်ဆဲမိမည်မှာ သေချာ၏။
သို့သော် ယခုအခါတွင် ထိုစကားသည် ကျန်းချန်၏ နှုတ်မှထွက်လာခြင်း ဖြစ်၍ ကျူးမင်ယွမ် အဖို့ မယုံကြည်စရာ ဘာအကြောင်းမှ မရှိချေ။
ကျန်းချန်ကို စသိလာကတည်းကပင် ကျူးမင်ယွမ်သည် ကျန်းချန်ဆီကနေ ဤကဲ့သို့ ရူးသွပ်လောက်ဖွယ် စကားများကို မရေမတွက်နိုင်အောင် ကြားဖူးခဲ့သည်။
လူတိုင်းက ကျန်းချန်၏ စကားများကို မယုံကြည်ကြသည့် အခါတိုင်းတွင် ကျန်းချန်သည် ထိုမဖြစ်နိုင်တာကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်နိုင်အောင် လုပ်ပြခဲ့သည်။
ယခု ကျန်းချန်က သူ့ကို တတိယအဆင့် အဂ္ဂိရတ်သခင် အဖြစ် မြှင့်တင်ပေးမည်ဟု ပြောခဲ့ရာ ကျူးမင်ယွမ်သည် မည်ကဲ့သို့ မိုက်မိုက်မဲမဲ ငြင်းဆန်နိုင်ပါမည်နည်း။
မည်သို့ပင်ဖြစ်စေ ကျူးမင်ယွမ်သည် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
အဆုံးသတ်တွင် မအောင်မြင်ခဲ့လျှင်ပင် ကြီးကြီးမားမား ပြဿနာ မဟုတ်ပေ။
အကယ်၍ ဤတစ်ခေါက်တွင် အောင်မြင်ခဲ့လျှင်မူ သူမ၏ ရည်မှန်းချက် ဖြစ်သည့် တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာနိုင်မည် မဟုတ်ပါလား။
တန်ရိချန်က ထိုမြင်ကွင်းကို ကြည့်ပြီး မျက်ဝန်းထဲတွင် အံ့အားသင့်သည့် အရိပ်အယောင် တစ်ခု ပေါ်ထွက်လာ၏။
သူက အရေးမပါသည့်စကားများ ပြောမနေတော့ဘဲ ကျန်းချန်နဲ့ ကျူးမင်ယွမ် အတွက် တတိယတန်းအဆင့် အဂ္ဂိရတ်သခင်အဖြစ် စစ်ဆေးမည့် အကြောင်းအရာအတွက် လိုအပ်သည့်ပစ္စည်းများကို ပြင်ဆင်ခိုင်းလိုက်သည်။
သူက အဂ္ဂိရတ် ပညာရပ်တွင် မွန်းစတားဆန်လွန်းသောလူငယ်ကို မည်မျှအထိ ပါရမီရှိမှန်း သိချင်နေခဲ့၏။
ဤတစ်ခေါက် စစ်ဆေးမှုအတွက် တန်ရိချန်သည် ကျူးမင်ယွမ်ကို တတိယအဆင့် အခြေခံ ဆေးလုံး ဖြစ်သည့် ဟွေ့ထျန်းဆေးလုံးကို သန့်စင်ခိုင်းလိုက်သည်။
ကျန်းချန်အတွက်မူ တန်ရိချန်သည် တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးဖြစ်သည့် ရှန့်ထန်း ဆေးလုံးကို သန့်စင်ခိုင်းလိုက်သည်။
ဆေးလုံးအဆင့်အတန်းကို ကြည့်လိုက်သည်နှင့် တန်ရိချန်က မကောင်းဆိုးဝါး ဆန်လွန်းသော ကျန်းချန်၏ အကန့်အသတ်က မည်မျှအထိရှိမှန်း စမ်းချင်နေသည်မှာ ထင်ရှားနေ၏။
ကျူးမင်ယွမ်က တန်ရိချန်ထံမှ ခွင့်ပြုချက်ကို ရရှိပြီးနောက်တွင် ပစ္စည်းများကို အလျင်အမြန် ကိုင်တွယ်၍ ဆေးလုံးကို စတင် သန့်စင်ခဲ့သည်။
ကျန်းချန်က ဆေးလုံးသန့်စင်နေရင်း ကျူးမင်ယွမ်၏ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့၏။
မကြာခင်မှာပင် ကျူးမင်ယွမ်သည် ဆေးပစ္စည်းများကို ဆေးအိုးထဲသို့ စတင် ထည့်သွင်းလိုက်သည်။
ကျူးမင်ယွမ်က ဆေးပစ္စည်း အတော်များများကို ကျွမ်းကျင်စွာ ထည့်ပြီးနောက်တွင် ဆေးမီးဖိုထဲကို ထည့်ရန် တစ်ပေခန့်ရှည်သည့် အခေါင်းပေါက် ရှိသော ဝါးတုတ်တစ်ချောင်းကို လက်ထဲ၌ ဆုပ်ကိုင်ထားခဲ့သည်။
"ထျန်းရှင်းဝါးနဲ့ တိမင်ရှာကို နောက်ဆုံးမှ ဆေးမီးဖိုထဲ ထည့်ပါ"
ထိုအချိန်မှာပင် ကျန်းချန်၏ တိုးညင်းသော အသံသည် သူ့နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ထိုစကားကို ကြားလျှင် ကျူးမင်ယွမ်က ထျန်းရှင်းဝါးကို အလျင်မြန် ပြန်ချလိုက်ပြီး ဆေးမီးဖိုထဲကို တခြား ဆေးပစ္စည်းများ အရင်ထည့်လိုက်၏။
ကျန်းချန်က ဆေးလုံးသန့်စင်နေရင်း နံဘေးမှ ကျူးမင်ယွမ်အား ညွှန်ကြားနေသည်ကို တွေ့ရလျှင် လူတိုင်းသည် တစ်ဖန် ထပ်ပြီး အံ့အားသင့်သွားကြသည်။
"ဒီကောင်က အဂ္ဂိရတ်လုပ်နေရင်း အလုပ်နှစ်ခုကို တကယ်ပဲလုပ်နိုင်တာလား...အံ့သြစရာပဲ"
"ဒါက အရမ်းကို အံ့သြစရာကောင်းတာပဲ"
အခန်း(၁၁၅) ပြီး၏