အခန်း (၁၁၆)
Vol. 8 Ch. 116
အဂ္ဂိရပ် ပညာရပ်ဆိုသည်မှာ အလွန်နူးညံ့သိမ်မွေ့သည့် အလုပ်တစ်ခု ဖြစ်သည်။
ယေဘုယျအားဖြင့် ဆေးလုံးသန့်စင်နေသည့် အချိန်အတွင်းမည်သည့်အဂ္ဂိရတ်သခင်ကမျှ အာရုံမပျံ့လွင့်ရဲကြပေ။
သို့မဟုတ်လျှင် အနည်းငယ်လေး လျစ်လျူရှုမိသည်နှင့် ဆေးသန့်စင်ရာတွင် ကျရှုံးသွားနိုင်ပေသည်။
သို့သော် သူ့တို့ရှေ့မှ ကောင်လေးကမူ အလုပ်နှစ်ခုကို တစ်ပြိုင်နက်ထဲ လုပ်နေခဲ့သည်။
၎င်းက ဆေးလုံးသန့်စင်နေရင်း တခြားသူကိုပါ ညွှန်ကြားခဲ့သည်။
"ဒါ.. ဒါက အရမ်း ဆန်းကြယ်တယ်.. ဒီကောင် လူသား အစစ်မှ ဟုတ်ရဲ့လား"
ကျန်းချန်၏ လမ်းညွှန်မှုအောက်တွင် ကျူးမင်ယွမ်သည် တခြားဆေးပစ္စည်း အားလုံးကို ဆေးမီးဖိုထဲကို ချောချောမွေ့မွေ့ ထည့်လိုက်ပြီး ထျန်းရှင်းဝါးနှင့် တိမင်ရှာသာ ထည့်ရန် ကျန်တော့၏။
သို့သော် ကျူးမင်ယွမ်သည် အချိုးအစား မည်မျှ ထည့်ရမလဲ ဆိုသည်ကို ဝေခွဲမရ ဖြစ်နေချိန်တွင် ဆေးမီးဖိုသည် ရုတ်တရက် မငြိမ်မသက် ဖြစ်လာခဲ့သည်။
ဤမြင်ကွင်းက ကျူးမင်ယွမ်ကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။
"မစိုးရိမ်နဲ့.. ထျန်းရှင်းဝါး သုံးပုံနှစ်ပုံနဲ့ တီမင်ရှာ ဆယ်ခုကို ယူပြီး ဆေးမီးဖိုထဲ ထည့်လိုက်"
ထိုအချိန်မှာပင် ကျန်းချန်၏ တိုးညင်းသော အသံသည် သူ့နားထဲကို တစ်ဖန် ဝင်လာခဲ့သည်။
ကျူးမင်ယွမ်က လျစ်လျူမရှုဝံ့ဘဲ အမြန်လုပ်လိုက်သည်။
မကြာခင်မှာပင် မူလက မငြိမ်မသက်ဖြစ်နေသည့် ဆေးမီးဖိုသည် ငြိမ်သက်သွားခဲ့၏။
ဆေးမီးဖိုထဲမှ ဆေးပစ္စည်းများက တဖြည်းဖြည်း ဆေးရည်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လျှင် ကျူးမင်ယွမ်သည် စိတ်လှုပ်ရှားသွားပြီး ဆေးလုံးကို စတင် သိပ်သည်းလိုက်တော့သည်။
မိနစ်အနည်းငယ်အကြာတွင် ကျူးမင်ယွမ်သည် ဟွေ့ထျန်းဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။
ကျူးမင်ယွမ် ဆေးလုံးသန့်စင်ရာတွင် အောင်မြင်ပြီးသည်နှင့် ကျန်းချန်ကလည်း သူ၏ လုပ်ဆောင်နေသည့် အရှိန်ကို မြှင့်တင်လိုက်၏။
မကြာခင်မှာပင် သူသည်လည်း ရှန့်ထျန်းဝိညာဉ်ဆေးလုံးကို သန့်စင်ရာတွင် အောင်မြင်သွားခဲ့သည်။
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ကျောက်စင်မြင့် ပေါ်ရှိ လူငယ်များ၏ အမူအရာများသည် လုံးဝ ငိုင်တိုင်တိုင် ဖြစ်သွားခဲ့၏။
"ဒီကောင်က သာမန်အသိဉာဏ်နဲ့ ဆုံးဖြတ်လို့ရတဲ့လူ မဟုတ်ဘူးပဲ"
"ဆရာကျန်း.. ကျေးဇူးတင်ပါတယ်"
ဆေးလုံးကို သန့်စင်ပြီးနောက်တွင် ကျူးမင်ယွမ်သည် ကျန်းချန်ကို ရိုရိုသေသေ ဦးညွှတ်လိုက်သည်။
သူက ကျန်းချန်ကို သူ၏ ဆရာအဖြစ် ဆက်ဆံနေပုံရ၏။
"ဒီကောင်လေးက အဂ္ဂိရတ် ပညာရပ်မှာ အရည်အချင်းရှိလွန်းတယ်.. ဒီအတိုင်းဆို သိပ်မကြာခင်မှာ ငါတို့ မဟာရှားနိုင်ငံမှာ ပြိုင်ဘက်ကင်း အဂ္ဂိရတ် သခင်တစ်ယောက် ပေါ်လာတော့မှာပဲ"
တန်ရိချန်က မှင်တက်နေရာကနေ ပြန်လည် အသိဝင်လာရန် အချိန် အတော်ကြာမြင့်ခဲ့သည်။
"စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့ အဂ္ဂိရတ် သခင် သုံးယောက်က အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ယူဖို့ ငါ့နဲ့အတူ လိုက်လာခဲ့ပါ.. တခြားလူတွေကတော့ ပြန်လို့ရပါပြီ"
တန်ရိချန်က စကားဆုံးသည်နှင့် ကျန်းချန်တို့ သုံးယောက်ကို ခန်းမထဲသို့ တိုက်ရိုက် ခေါ်သွားခဲ့သည်။
ခရမ်းရောင်ဝတ်စုံဝတ် မိန်းကလေး အပါအဝင် ကျန်ရှိသည့်လူငယ် အားလုံးသည် အဂ္ဂိရတ် အကဲဖြတ် ခန်းမကနေ စိတ်ပျက်အားလျော့စွာဖြင့် ထွက်ခွာသွားကြ၏။
ကျန်းချန်သည် တန်ရိချန်ထံမှ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ကို ရရှိပြီးနောက်တွင် ကျူးမင်ယွမ်၏ ဖိတ်ကြားမှုကြောင့် စားသောက်ဆိုင်တွင် ကျူးမင်ယွမ်နှင့်အတူ စကား လက်ဆုံကျကာ စားသောက်ခဲ့သည်။
ထို့နောက်တွင် ကျူးမင်ယွမ်ကို နှုတ်ဆက်ကာ လင်ယွင်ကျောင်းတော်သို့ ပြန်လာခဲ့၏။
"သခင်လေး.. ဒီနေ့ ကျုံးဝူခန်းမက လူတစ်ယောက် ရောက်လာပြီး ဒီလထဲမှာ သခင်လေးက ကျောင်းတော်ရဲ့ မစ်ရှင်တစ်ခုခုကို ပြီးမြောက်ရမယ်လို့ ပြောခဲ့တယ်.. သခင်လေး ပြန်ရောက်ရင် ကျုံးဝူခန်းမကို လာခဲ့ဖို့လည်း အသေအချာ မှာသွားခဲ့တယ်"
ကျန်းချန်က သူ၏ ခြံဝင်းသို့ ပြန်ရောက်လျှင် အစေခံတစ်ယောက်က သူ့ကို ပြောလိုက်သည်။
"ငါသိပြီ"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူက ကျောင်းတော်၏ မစ်ရှင်နှင့်ပတ်သက်၍ မုန့်ချင်းရွှယ် ပြောပြသည်ကို ကြားဖူး၏။
လင်ယွင်ကျောင်းတော်၏ အတွင်းစည်း ကျောင်းသားများသည် လစဉ် မစ်ရှင်တစ်ခုကို ပြီးမြောက်ရမည် ဖြစ်သည်။
ယင်းမှာ ကျောင်းသားများကို လေ့ကျင့်ပေးဖို့အတွက် ကျောင်းတော်၏ နည်းလမ်းတစ်ခုပင်။
ကျောင်းသားများအနေဖြင့် မစ်ရှင် ပြီးမြောက်ခဲ့လျှင် ကျောင်းသားအမှတ်လည်း အများအပြား ရနိုင်သည်။
လင်ယွင်ကျောင်းတော်တွင် ကိုယ်ခံပညာရပ်ကိုလေ့လာလိုသည်ဖြစ်စေ၊ လေ့ကျင့်ဖို့အတွက် အထူး နေရာတချို့ကို သွားချင်သည်ဖြစ်စေ၊ ကျောင်းသားအမှတ်များ လိုအပ်၏။
ထို့ကြောင့် ကျန်းချန်က ကျောင်းသားအမှတ်တချို့ကို အပျင်းပြေ ရယူရန် စီစဉ်ထားခဲ့သည်။
နောက်တစ်နေ့မနက်တွင် ကျန်းချန်သည် ကျုံးဝူခန်းမကို တန်းတန်းမတ်မတ် သွားခဲ့သည်။
"မင်းက အတွင်းစည်းနန်းတော်မှာ မကြာသေးခင်ကစပြီး နာမည်ကြီးလာတဲ့ ညီလေးကျန်း ဖြစ်မယ်ထင်တယ်.. ညီလေးကျန်းက ဘယ်လို မစ်ရှင်မျိုးကို လိုချင်လဲ"
ကျန်းချန်က ကျုံးဝူခန်းမထဲကို ဝင်သွားသည်နှင့် မစ်ရှင် ခွဲဝေပေးသည့် တာဝန်ခံက ပြုံးရွှင်စွာပင် ဆီးကြိုလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်၏။
"ကျောင်းသားအမှတ် ရက်ရက်ရောရောရတဲ့ မစ်ရှင်မျိုး လိုချင်တယ်"
"ဒါဆို အထူးမစ်ရှင်အမျိုးအစားပေါ့"
တာဝန်ခံက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
"မကြာသေးခင်ကပဲ ကျောင်းသားအမှတ် ၁၀၀,၀၀၀ တန် ကြယ်သုံးပွင့် မစ်ရှင်အသစ်တစ်ခုကို ထုတ်ပြန်လိုက်တယ်"
မစ်ရှင်တာဝန်ခံ၏ စကားမဆုံးခင်မှာပင် ကျန်းချန်သည် ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
"ကြိုက်ပြီ.. ဒီကြယ်သုံးပွင့် မစ်ရှင်ကို ငါယူမယ်"
အခန်း(၁၁၆) ပြီး၏။