အခန်း (၁၁၇)
Vol. 8 Ch. 117
"ညီလေးကျန်း ဒီမစ်ရှင်က မင်းအတွက် ဘာမှမဟုတ်လောက်ဘူး.. ဒါပေမဲ့.."
မစ်ရှင်တာဝန်ခံက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
"ကြယ်သုံးပွင့် မစ်ရှင်တွေက ယေဘုယျအားဖြင့် အရမ်းကြီး မခက်ခဲဘူး.. ဒီမစ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်က အရမ်းနည်းတယ်.. မင်း ပြောင်းချင်သေးလား"
ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"မပြောင်းတော့ဘူး...ဒီကြယ်သုံးပွင့် မစ်ရှင်ကိုပဲ လိုချင်တယ်"
"ညီလေးကျန်း...ဒီကြယ်သုံးပွင့် မစ်ရှင်ရဲ့ အကြောင်းအရာက ဖုန်းဟော်မြို့က ဟော်မိသားစုဆီ သွားဖို့ပဲ.. ဟော်မိသားစုက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အကူအညီလိုတယ်လို့ပဲ သိရတယ်"
"ဒါပေမယ့် အခြေအနေအသေးစိတ်ကိုတော့ မဖော်ပြထားဘူး"
ကျန်းချန်က ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပုံရသည်ကို တွေ့လျှင် မစ်ရှင်တာဝန်ခံသည် တားဆီးမနေတော့ဘဲ မစ်ရှင် အခြေအနေကို တိုက်ရိုက် ရှင်းပြလိုက်သည်။
"အဆင်ပြေပါတယ်.. ကျွန်တော် အခုပဲ ဖုန်းဟော်မြို့ကို သွားလိုက်တော့မယ်"
ကျန်းချန်သည် မစ်ရှင်ကို ရွေးချယ်ပြီးနောက်တွင် ကျောင်းတော်၌ အချိန်ဖြုန်းမနေတော့ဘဲ ဖုန်းဟော်မြို့ဆီသို့ အလျင်အမြန် ထွက်လာခဲ့သည်။
လင်ယွင်စီရင်စု၏ စီမံခန့်ခွဲမှုအောက်ရှိ မြို့များထဲမှ တစ်မြို့ ဖြစ်သည့် ဖုန်းဟော်မြို့သည် လင်ယွင်မြို့၏ အနောက်မြောက်ဘက် မိုင်၈၀၀ အကွာတွင် တည်ရှိ၏။
ကျန်းချန်တို့၏ စန်းရှန်မြို့နှင့် မတူသည်မှာ ဖုန်းဟော်မြို့ကို ဟော်မိသားစုက အစဥ်အမြဲ လွှမ်းမိုးထားခြင်း ဖြစ်သည်။
ဆိုရလျှင် ဟော်မိသားစုသည် ဖုန်းဟော်မြို့ကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားသည့် အရှင်သခင်ဟုပင် ပြော၍ရပေသည်။
ထိုသို့ ဖြစ်သော်လည်း ဟော်မိသားစုသည် ယခုတစ်ခါတွင် လင်ယွင်ကျောင်းတော်ထံ အကူအညီ တောင်းခဲ့ရ၏။
ယင်းကိုကြည့်လျှင် ဟော်မိသားစု ဤတစ်ခါ ကြုံတွေ့ရသည့် အခက်အခဲသည် သာမန်ကိစ္စတစ်ခု မဟုတ်မှန်း ထင်ရှားနေသည်။
နာရီဝက်ခန့်အကြာတွင် ကျန်းချန်သည် ဖုန်းဟော်မြို့နှင့် သိပ်မဝေးသော နေရာတွင်ရှိသည့် လွင်ပြင်တစ်ခုဆီ ရောက်လာခဲ့၏။
"ထူးဆန်းတယ်.. ငါသိသလောက် ဖုန်းဟော်မြို့ရဲ့ ကြွယ်ဝမှုက စန်းရှန်မြို့ထက် မနိမ့်ဘူး.. ဒီနေရာက ဖုန်းဟော်မြို့နဲ့လည်း သိပ်မဝေးတော့ဘူး.. ဘာလို့ ဒီလောက်တောင် ခြောက်ကပ်ကပ် ဖြစ်နေရတာလဲ"
ကျန်းချန်က ဖုန်းဟော်မြို့၏ အခြေအနေကို အကြမ်းဖျင်း သုံးသပ်လိုက်သည်။
"ကယ်ကြပါဦး.. ကယ်ကြပါ"
ထိုအချိန်မှာပင် ရုတ်တရက် အကူအညီတောင်းသည့် အော်သံတစ်သံသည် ကျန်းချန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး အသံလာရာ ဘက်သို့ အလျင်အမြန် သွားလိုက်သည်။
ရှေ့မလှမ်းမကမ်းကို ရောက်လျှင် ကျင့်ကြံသူ အတော်များများက အဘိုးအိုတစ်ယောက်အား ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။
၎င်းတို့၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသော အရှိန်အဝါများက ထွက်ပေါ်နေခဲ့သည်။
အဘိုးအိုက ခန္ဓာကိုယ် ယိုင်တိယိုင်တိုင် ဖြစ်နေပြီး ကျောဘက်တွင် စုတ်ပြတ်သတ်နေသည့် အဝတ်အိတ်တစ်လုံးကို လွယ်ကာ လက်တစ်ဖက်က အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို လက်ဆွဲ၍ကိုင်ထား၏။
ထိုမိန်းကလေးက ကြောက်လန့်တကြားဖြင့် မျက်နှာဖြူဖျော့နေသည်။
သူမက အလွန်အမင်း ထိတ်လန့်နေသည်မှာ ထင်ရှား၏။
"ဟားဟား...အဘိုးကြီး.. လိပ်ခေါင်းထွက်တဲ့ထိ အော်နေလည်း အလကားပဲ"
"သိပ်မကြာခင်မှာ ငါတို့ ထျန်းလုံကျိုက်က ဖုန်းဟော်မြို့ကို ဖောက်ထွက်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးတဲ့ အရှင်သခင် ဖြစ်လာတော့မယ်.. မင်းကို ကယ်တင်ဖို့ ဟော်အိမ်က လာမယ်လို့များ မင်းထင်နေလား"
"အခြေအနေကို နားလည်ရင် မင်းရဲ့ မြေးမလေးကို ငါတို့ဆီ ပေးလိုက်.. မင်းကို အသက်ရှင်ခွင့်ပေးဖို့ ငါတို့ စဉ်းစားပေးမယ်"
ကျန်းချန်က သူ့ရှေ့မှ အခြေအနေကို ကြည့်နေစဥ်မှာပင် ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ဝတ်လူ၏ ညစ်ညမ်းသော စကားသံက ကျန်းချန်၏ နားထဲသို့ တိုက်ရိုက် ဝင်လာခဲ့သည်။
"အဘိုး"
အနက်ရောင်ဝတ်စုံဝတ်လူ၏ ရာဂလွှမ်းသော ရယ်သံကို ကြားလျှင် မိန်းကလေးသည် တစ်ကိုယ်လုံး တုန်ယင်သွားသည်။
သူမ၏ လှပသည့် မျက်ဝန်းထဲတွင် စိတ်ပျက်အားလျော့သည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။
"မင်း.. မင်း ယုတ်မာဖို့မစဥ်းစားနဲ့.. ငါ့မြေးမလေးရဲ့ ဆံချည်မျှင် တစ်မျှင်ကို ထိချင်ရင်တောင် ငါ့အလောင်းကို ကျော်သွားမှပဲ ရမယ်"
အဘိုးအိုက မိန်းကလေးကို သူ့နောက်ကျောတွင် ထားလိုက်သည်။
သူ၏ ဇရာထောင်းနေသည့် မျက်လုံးထဲတွင် အလွန်ခိုင်ကြည်သည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
"ဟမ့်.. အဘိုးကြီး.. မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့ပေမယ့် မင်းက တန်ဖိုးမထားခဲ့ဘူး"
"ဒီလိုဆိုမှတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့"
အနက်ရောင်ဝတ်စုံဝတ်လူက အေးစက်စက် အော်ဟစ်လိုက်သည်။
သူ့မျက်လုံးထဲတွင် ထက်မြက်သည့် အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။
သူက လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ အဘိုးအိုကို တိုက်ရိုက် ထိုးချလိုက်သည်။
"ဝှစ်"
အနက်ရောင်ဝတ်စုံဝတ်လူ၏ လက်ထဲမှ ဓားရှည်က အဘိုးအိုကို ထိုးမိတော့မည့်အချိန်တွင် ဓားအလင်းတစ်ခုသည် လေထုကို ချက်ချင်း ဖြတ်ကျော်လာပြီး အနက်ရောင်ဝတ်စုံဝတ်လူ၏ လည်ပင်းကို အလျင်အမြန် ဖြတ်တောက်သွားခဲ့သည်။
ချက်ချင်းဆိုသလို လည်ပင်းကနေ နီစွေးသော သွေးများသည် ပန်းထွက်လာခဲ့၏။
ထို့နောက်တွင် အနက်ရောင်ဝတ်စုံဝတ်လူ၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။
အခန်း(၁၁၇) ပြီး၏